ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင်က ဆင်းရဲဒုက္ခတွေကို ဘာကြောင့် ခွင့်ပြုထားတာလဲ
ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင်က ဆင်းရဲဒုက္ခတွေကို ဘာကြောင့် ခွင့်ပြုထားတာလဲ
လူတချို့က ဆုသာ တောင်းနေကြပေမဲ့ ဘုရားသခင် ရှိမှရှိရဲ့လားဆိုပြီး သံသယဝင်နေကြတယ်။ သူတို့ ဘာကြောင့် သံသယဝင်နေကြတာလဲ။ အကြောင်းကတော့ ဒီလောကမှာ များပြားလှတဲ့ ဆင်းရဲဒုက္ခတွေကို သူတို့ တွေ့မြင်နေရလို့ ဖြစ်နိုင်ပါတယ်။ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတယ်ဆိုတာကို သင် စဉ်းစားဖူးပါသလား။
ဘုရားသခင်က လူတွေကို ချို့ယွင်းအားနည်းချက်တွေရှိပြီး ဆင်းရဲဒုက္ခခံစားစေဖို့ ရည်ရွယ်ချက်နဲ့ ဖန်ဆင်းခဲ့တာလား။ လုံးဝမဖြစ်နိုင်ပါဘူး။ လူသားတွေကို ဆင်းရဲဒုက္ခခံစားစေချင်တဲ့ ဘုရားသခင်တစ်ပါးကို ကျွန်ုပ်တို့ ကြည်ညိုလေးစားနိုင်မှာမဟုတ်ပါဘူး။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– ကားသစ်တစ်စီးကို သင် သဘောကျစွာ ပတ်ကြည့်နေတုန်း တစ်နေရာမှာ အပျက်အစီးတစ်ခုကို တွေ့လိုက်ရတယ်ဆိုပါစို့။ ထုတ်လုပ်သူက တမင်တကာ အဲဒီလိုပြုလုပ်ထားတာလို့ သင် ယူဆမှာမဟုတ်ပါဘူး။ ထုတ်လုပ်သူက ကားသစ်ကို အပြစ်အနာအဆာမရှိအောင် ထုတ်လုပ်ထားတာဖြစ်ပြီး တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကြောင့် ပျက်စီးသွားတာလို့ သင် ကောက်ချက်ချမှာဖြစ်တယ်။
အဲဒီလိုပါပဲ၊ သဘာဝလောကကြီးရဲ့ စည်းစနစ်ကျနမှုကို သင် တအံ့တဩဖြစ်နေတုန်း တစ်ဖက်မှာ လူ့မိသားစုကြီးကို ထိခိုက်စေတဲ့ ပရမ်းပတာဖြစ်မှုတွေ၊ အကျင့်ပျက်မှုတွေကို သတိပြုမိလိုက်တဲ့အခါ သင် ဘယ်လိုကောက်ချက်ချမလဲ။ ပထမဆုံးလူသားမောင်နှံကို အပြစ်ကင်းတဲ့သူတွေအဖြစ် ဘုရားသခင် ဖန်ဆင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ ထိခိုက်ပျက်စီးအောင် ပြုလုပ်ခဲ့ကြတယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ (တရားဟောရာ ၃၂:၄၊ ၅) ဝမ်းသာစရာက ဘုရားသခင်ဟာ အဲဒီပျက်စီးယိုယွင်းမှုကို ပြန်လည်ပြုပြင်ဖို့၊ နာခံမှုရှိတဲ့သူတွေကို အပြစ်ကင်းတဲ့သူတွေဖြစ်အောင် ပြန်လည်လုပ်ဆောင်ပေးဖို့ ကတိပြုထားပါတယ်။ ဒါဆိုရင် ဘုရားသခင်က ဘာကြောင့် ဒီလောက်ကြာတဲ့အထိ စောင့်နေရတာလဲ။
စောင့်နေရတဲ့ အကြောင်းရင်း
အကြောင်းရင်းက လူသားတွေကို ဘယ်သူ အုပ်ချုပ်သင့်သလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်နေလို့ပါပဲ။ ဘုရားသခင်က လူသားတွေကို ကိုယ့်ဘာသာကိုယ်အုပ်ချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဖန်ဆင်းခဲ့ပါဘူး။ ဘုရားသခင်ရဲ့ အုပ်ချုပ်မှုအောက်မှာ လူတွေနေထိုင်ဖို့ ဖြစ်တယ်။ ကျမ်းစာမှာလည်း ဒီလိုပြောထားတယ်– “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) ဝမ်းနည်းစရာက ပထမဆုံးလူသားမောင်နှံဟာ ဘုရားသခင့်အုပ်ချုပ်မှုကို ပုန်ကန်ဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့ရဲ့ပုန်ကန်မှုကြောင့် အပြစ်ပြုတဲ့သူတွေ ဖြစ်လာကြတယ်။ (၁ ယောဟန် ၃:၄) အဲဒီလိုနဲ့ သူတို့ဟာ အပြစ်ကင်းစင်တဲ့ဘဝကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး သူတို့ကိုယ်တိုင်ရော၊ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကပါ ထိခိုက်ယိုယွင်းခဲ့ရတယ်။
လူသားတွေကို ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ဖို့ ယေဟောဝါဘုရားသခင် ခွင့်ပြုထားတာ နှစ်ပေါင်းထောင်နဲ့ချီ ရှိနေပါပြီ။ ဒါပေမဲ့ လူသားတွေဟာ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်နိုင်စွမ်းမရှိဘူးဆိုတာ သမိုင်းက သက်သေထူခဲ့ပါပြီ။ လူ့အုပ်စိုးရှင်အားလုံးကြောင့် ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်လာရတယ်ဆိုတာ ရှင်းနေပါတယ်။ ဘယ်အုပ်စိုးရှင်ကမှ စစ်မှု၊ ရာဇဝတ်မှု၊ မတရားမှု၊ ကပ်ရောဂါတွေကို မဖယ်ရှားပေးနိုင်ခဲ့ပါဘူး။
ဘုရားသခင်က ပျက်စီးယိုယွင်းမှုကို ဘယ်လို ပြုပြင်ပေးမလဲ
ဖြောင့်မတ်မှုရှိတဲ့ ကမ္ဘာသစ်ကို မကြာခင် ဘုရားသခင် ဆောင်ကြဉ်းပေးတော့မယ်လို့ ကျမ်းစာမှာ ကတိပြုထားပါတယ်။ (၂ ပေတရု ၃:၁၃) ကိုယ့်ရဲ့လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အသုံးပြုပြီး လူသားချင်းကိုရော၊ ဘုရားသခင်ကိုပါ မေတ္တာပြတဲ့သူတွေသာ ကမ္ဘာသစ်မှာ နေထိုင်ခွင့်ရကြပါလိမ့်မယ်။—တရားဟောရာ ၃၀:၁၅၊ ၁၆၊ ၁၉၊ ၂၀။
အလျင်အမြန် ချဉ်းကပ်လာနေတဲ့ “တရားစီရင်ရာနေ့” မှာ ဘုရားသခင်ဟာ ဆင်းရဲဒုက္ခတွေနဲ့ အဲဒီအရာတွေကို ဖြစ်ပေါ်စေတဲ့သူတွေကို ဖယ်ရှားပစ်မယ်ဆိုပြီးတော့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ပေတရု ၃:၇) အဲဒီနောက် ဘုရင်အဖြစ် ဘုရားသခင် ခန့်အပ်ထားတဲ့ ယေရှုခရစ်က နာခံမှုရှိတဲ့သူတွေကို အုပ်ချုပ်ပါလိမ့်မယ်။ (ဒံယေလ ၇:၁၃၊ ၁၄) ယေရှု အုပ်ချုပ်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ။ ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– ‘စိတ်နှိမ့်ချသောသူတို့မူကား မြေကြီးကို အမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။’—ဆာလံ ၃၇:၁၁။
ကောင်းကင်ကနေ အုပ်ချုပ်မယ့် ယေရှုဟာ “အသက်၏ပင်ရင်း” ဖြစ်တဲ့ ယေဟောဝါဘုရားသခင်ကို လူသားတွေ ပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖျားနာမှု၊ အိုမင်းရင့်ရော်မှုနဲ့ သေခြင်းအပါအဝင် ပျက်စီးယိုယွင်းမှုတွေကို ဖယ်ရှားပစ်ပါတော့မယ်။ (ဆာလံ ၃၆:၉၊ ကဘ) ယေရှုရဲ့ မေတ္တာနဲ့အုပ်ချုပ်မှုကို လက်အောက်ခံတဲ့သူအားလုံး ကျန်းမာပျော်ရွှင်လာပါလိမ့်မယ်။ ယေရှုအုပ်ချုပ်တဲ့အခါ အောက်မှာဖော်ပြထားတဲ့ ကျမ်းစာကတိတွေ အမှန်ပြည့်စုံလာပါလိမ့်မယ်–
▪ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။ ထိုမြို့၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။”—▪ “[ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာဒိတ် ၂၁:၄။
ဆင်းရဲဒုက္ခတွေအားလုံးကို အဆုံးတိုင်ပေးမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော် မကြာခင် ပြည့်စုံလာတော့မယ်ဆိုတာ သိရတဲ့အခါ နှစ်သိမ့်မှုခံစားရတယ် မဟုတ်ဘူးလား။ ဒီအတောအတွင်း ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို ခေတ္တခဏ ခွင့်ပြုထားပေမဲ့လည်း ဆုတောင်းချက်တွေကို နားထောင်ပေးနေတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။
ဘုရားသခင် တကယ်တည်ရှိနေပါတယ်။ သင့်ရဲ့ဆုတောင်းသံကို ဘုရားသခင် ကြားနိုင်တယ်၊ သင် ဝမ်းနည်းကြေကွဲနေတာကိုတောင် ကိုယ်တော် ခံစားသိရှိနိုင်ပါတယ်။ သံသယနဲ့ ဝမ်းနည်းကြေကွဲမှုမှန်သမျှ မရှိတော့မယ့် ကမ္ဘာသစ်မှာ သင့်ကို ဘုရားသခင် နေထိုင်စေချင်ပါတယ်။