မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးအချိန်က အသုံးပြုခဲ့ကြတဲ့ အရောင်များနဲ့ အထည်အလိပ်များအကြောင်း တစေ့တစောင်း

ရှေးအချိန်က အသုံးပြုခဲ့ကြတဲ့ အရောင်များနဲ့ အထည်အလိပ်များအကြောင်း တစေ့တစောင်း

ရှေးအချိန်က အသုံးပြုခဲ့ကြတဲ့ အရောင်များနဲ့ အထည်အလိပ်များအကြောင်း တစေ့တစောင်း

သမ္မာကျမ်းစာမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတို့ဝတ်စားဆင်ယင်ရာမှာ အသုံးပြုခဲ့ကြတဲ့ ပစ္စည်းတွေ၊ အရောင်တွေနဲ့ ဝတ်စားဆင်ယင်ပုံတွေအကြောင်း ဖော်ပြထားပါတယ်။

သမ္မာကျမ်းစာဟာ ဖက်ရှင်မဂ္ဂဇင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဝတ်အစားနဲ့ပတ်သက်ပြီး ကျမ်းစာမှတ်တမ်းတွေမှာ အသေးစိတ် ဖော်ပြလိုက်တဲ့အခါ စာဖတ်သူတွေရဲ့ စိတ်ထဲမှာ တကယ်ပဲ အသက်ဝင်လာပါတယ်။

ဥပမာ၊ အာဒံနဲ့ဧဝတို့ အရှက်လုံအောင် ဖုံးဖို့ သင်္ဘောသဖန်းရွက်တွေကို သီပြီး ဝတ်ဆင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါဘုရားသခင်က သူတို့ဝတ်ဖို့အတွက် ပိုပြီးတာရှည်ခံတဲ့ “သားရေ” နဲ့ချုပ်ထားတဲ့ အဝတ်အစားတွေ ပေးဝတ်ခဲ့တယ်။—ကမ္ဘာဦး ၃:၇၊ ၂၁

ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၈ နဲ့ ၃၉ မှာ ရှေးခေတ်က အစ္စရေးယဇ်ပုရောဟိတ်မင်း ဝတ်ဆင်တဲ့ ဝတ်ရုံတွေအကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။ သူတို့ရဲ့အဝတ်အစားတွေထဲမှာ ချည်ချောနဲ့ ရက်လုပ်ထားတဲ့ ပိတ်အတွင်းခံ၊ ဝတ်လုံဖြူ၊ ခါးစည်း၊ အပြာရောင် လက်ပြတ်ဝတ်လုံ၊ ပန်းထိုးသင်တိုင်းနဲ့ ရင်ဖုံး၊ ခေါင်းပေါင်းနဲ့ ရွှေသင်းကျစ်တွေ ပါဝင်ပါတယ်။ အဲဒီအဝတ်အစားတွေကို အဖိုးတန်ပိတ်သားတွေနဲ့ ချုပ်လုပ်ထားတာကို ဖတ်ကြည့်လိုက်ရုံနဲ့ အဲဒီအဝတ်အစားတွေက သာမန်အဝတ်အစားတွေနဲ့ မတူဘဲ ထူးခြားဆန်းပြားနေတယ်ဆိုတာ သိရတယ်။—ထွက်မြောက်ရာ ၃၉:၁-၅၊ ၂၂-၂၉

ပရောဖက် (ကြိုဟောသူ) ဧလိယရဲ့ အဝတ်အစားတွေလည်း အရမ်းကို ထူးခြားပါတယ်။ “အမွေးနှင့်ရက်သောအဝတ်ကို ဝတ်သောသူ၊ သားရေခါးပန်းကို စည်းသောသူ” လို့ ပြောလိုက်တာနဲ့ သူ့ရဲ့အသွင်အပြင်ကို လူတွေ တန်းသိသွားကြတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ တချို့သောသူတွေက နှစ်ခြင်းဆရာယောဟန်ကို ဧလိယလို့ ထင်ခဲ့ကြတယ်။ အကြောင်းကတော့ ယောဟန်ရဲ့ဝတ်စားပုံက ဧလိယရဲ့ဝတ်စားပုံနဲ့ တူနေလို့ ဖြစ်နိုင်ပါတယ်။—၄ ရာ. ၁:၈သမ္မာ။ မဿဲ ၃:၄။ ယောဟန် ၁:၂၁

အထည်အလိပ်များနဲ့ အရောင်များ အဝတ်အစား၊ အရောင်နဲ့ ဆိုးဆေးတွေ ပြုလုပ်ရာမှာ၊ ချည်ငင်တာ၊ အထည်ရက်တာနဲ့ ချုပ်လုပ်တဲ့နေရာတွေမှာ အသုံးပြုတဲ့ ပစ္စည်းအမျိုးအမည်တွေကို ကျမ်းစာမှာ အများကြီး ဖော်ပြထားပါတယ်။ * အဓိက ဖော်ပြထားတာကတော့ လျှော်ပင်တစ်မျိုးကနေရတဲ့ အမျှင်တွေနဲ့လုပ်တဲ့ ပိတ်ချောထည်၊ တိရစ္ဆာန်တွေကနေရတဲ့ အမွေးတွေနဲ့ ရက်လုပ်တဲ့ အထည်အလိပ်တွေပါ။ အာဗေလလို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ကို ကျမ်းစာမှာ “သိုးထိန်း” ဆိုပြီး ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၄:၂) အာဗေလ သိုးမွေးမြူတာက သိုးမွေးရဖို့ ဟုတ်မဟုတ်ဆိုတာကိုတော့ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ ခရစ်သက္ကရာဇ် နှစ်မတိုင်မီ ၁၈ ရာစုမှာ အသက်ရှင်ခဲ့တဲ့ ယောသပ်ဆိုတဲ့ ပုဂ္ဂိုလ်ကို ရှေးအီဂျစ်ဘုရင် ဖာရော ဆင်မြန်းပေးတဲ့ ဝတ်ရုံတွေက ပိတ်ချောနဲ့ ရက်လုပ်ထားတာဆိုပြီး ရှေးအကျဆုံး ကျမ်းစာဖော်ပြချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၄၁:၄၂) ရှေးခေတ်ဂျူးတွေ အထည်ရက်လုပ်ရာမှာ ဝါဂွမ်းကို အသုံးပြုခဲ့ကြတယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတာ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ဝါဂွမ်းတွေကို အရှေ့အလယ်ပိုင်းဒေသတွေမှာ ရှေးအချိန်ကတည်းက အသုံးပြုခဲ့ကြပါတယ်။

လျှော်ပင်တွေကရတဲ့ အမျှင်တွေနဲ့ တိရစ္ဆာန်အမွေးတွေကို ချည်လုံးအကြီးအသေးဖြစ်အောင် ဗိုင်းငင်ရပါတယ်။ ပြီးတဲ့နောက်မှာ အဲဒီချည်မျှင်တွေကို ပိတ်အပိုင်းအစတွေအဖြစ် ရက်လုပ်ပါတယ်။ ချည်မျှင်တွေနဲ့ ရက်လုပ်ထားတဲ့ ပိတ်တွေကို အရောင်အမျိုးမျိုးနဲ့ ဆေးဆိုးရပါတယ်။ အဲဒီနောက် ရလာတဲ့ပိတ်သားကို ဝတ်ဆင်မယ့်သူရဲ့ ကိုယ်ခန္ဓာနဲ့ကိုက်အောင် ညှပ်လိုက်ပါတယ်။ တစ်ခါတလေ ပိတ်သားတွေမှာ အလှပန်းထိုးထားတတ်သလို အရောင်အမျိုးမျိုးရှိတဲ့ ချည်မျှင်တွေနဲ့ ရောယှက်ရက်လုပ်ထားတဲ့ အထည်အလိပ်တွေလည်း ရှိပါတယ်။ အဲဒီပိတ်တွေနဲ့ ချုပ်လုပ်ထားတဲ့ ဝတ်ရုံတွေဟာ အရမ်းကြည့်ကောင်းပြီး တန်ဖိုးလည်းကြီးတယ်။—တရားသူကြီး ၅:၃၀

အပြာရောင်၊ ခရမ်းရောင်နဲ့ ကြက်သွေးရောင်တွေကို ဆိုးဆေးတွေအဖြစ် သမ္မာကျမ်းစာမှာ မကြာခဏ ဖော်ပြထားတတ်ပါတယ်။ ရှေးခေတ်အစ္စရေးလူတွေဟာ ယေဟောဝါဘုရားသခင်နဲ့ အထူးဆက်ဆံရေးရှိတဲ့ လူမျိုးဖြစ်တယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ သူတို့ဝတ်ဆင်တဲ့ ဝတ်ရုံရဲ့အောက်အနားစွန်းမှာ “ပန်းပွားတို့ကိုလုပ်၍ ပြာသောကြိုးနှင့်ချည်တွဲ” ထားဖို့ မိန့်မှာခံရပါတယ်။ (တောလည်ရာ ၁၅:၃၈-၄၀) ဟီဘရူးစကားလုံး တာခလတ် က အပြာရောင်နုနုကို ပြောပြီး အာဂမန်ကိုတော့ အများအားဖြင့် “ခရမ်းရောင်” လို့ ပြန်ဆိုကြပါတယ်။ အဲဒီအရောင်နှစ်မျိုးကို ယဇ်ပုရောဟိတ်မင်းကြီးရဲ့ ဝတ်ရုံ၊ ဝတ်ပြုရာတဲတော်နဲ့ ဝတ်ပြုရာအိမ်တော်က အလှဆင်ပစ္စည်းတွေမှာ အသုံးပြုတတ်ကြပါတယ်။

ဝတ်ပြုရာတဲတော်နဲ့ ဝတ်ပြုရာအိမ်တော်က အသုံးအဆောင်များ တောကန္တာရထဲက ဝတ်ပြုရာတဲတော်နဲ့ နောက်ပိုင်းမှာ ဂျေရုဆလင်မြို့က ဝတ်ပြုရာအိမ်တော်တို့ဟာ အစ္စရေးလူတွေရဲ့ အဓိကဝတ်ပြုရာနေရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဝတ်ပြုရာတဲတော်နဲ့ ရှောလမုန်ဝတ်ပြုရာအိမ်တော်အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ပြင်ဆင်ပုံတွေကို ကျမ်းစာမှာ အသေးစိတ် ဖော်ပြထားခြင်းဖြစ်ပါတယ်။ အထည်အလိပ်နဲ့ အရောင်တွေအပြင် တဲတော် ကန့်လန့်ကာတွေအတွက် အထည်ရက်လုပ်တာ၊ ဆေးဆိုးတာ၊ ချုပ်လုပ်တာနဲ့ ပန်းထိုးတာတွေကိုလည်း အသေးစိတ်ဖော်ပြထားပါတယ်။

ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအောက်မှာ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေဖြစ်ကြတဲ့ ဗေဇလေလနဲ့ အဟောလျဘတို့အပြင် တခြားအမျိုးသား အမျိုးသမီးတွေဟာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့အတွက် သင့်တော်တဲ့ တဲတော်တစ်ခုကို သစ္စာရှိရှိ ဆောက်လုပ်နိုင်ခဲ့ကြပါတယ်။ (ထွက်မြောက်ရာ ၃၅:၃၀-၃၅) ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၆ မှာ တဲတော်တစ်ခုလုံးအတွက် အသုံးအဆောင်တွေနဲ့ တည်ဆောက်ပုံတွေကို အသေးစိတ် ဖော်ပြထားပါတယ်။ ဥပမာ၊ တဲတော် ကန့်လန့်ကာတွေဖြစ်တဲ့ ရောင်စုံ အနံကြီးပိတ်ထည်တွေကို အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ရက်လုပ်ထားတာဖြစ်တယ်။ ပိတ်ထည်အများစုကို အီဂျစ်ပြည်ကနေ ထွက်လာတဲ့အချိန်မှာ ယူလာခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ တဲတော်ရဲ့ အတွင်းပိုင်းဖြစ်တဲ့ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းတွေကို ပိုင်းခြားထားပြီး ခေရုဗိမ်အရုပ်တွေ ထိုးထားတဲ့ ရောင်စုံကန့်လန့်ကာထူကြီးကိုတော့ အထူးဂရုစိုက်ရပါတယ်။ (ထွက်မြောက်ရာ ၂၆:၁၊ ၃၁-၃၃) ဂျေရုဆလင်မြို့က ဝတ်ပြုရာအိမ်တော်အတွက် အထည်အလိပ်တွေကို ရက်လုပ်ရတဲ့သူတွေလည်း ရှောလမုန်ဘုရင်ရဲ့ ညွှန်ကြားချက်အတိုင်း ထပ်တူအသေးစိတ်ကျအောင် လုပ်ဆောင်ခဲ့ရပါတယ်။—၆ ရာ. ၂:၁၊

သမ္မာကျမ်းစာမှာ အသေးစိတ် ဖော်ပြထားတာတွေကိုကြည့်ရင် ရှေးခေတ်က အစ္စရေးလူတွေဟာ ပင်ကိုအရည်အချင်းနဲ့ တီထွင်ဉာဏ်ကို ပေါင်းစပ်ပြီး သူတို့ခေတ်မှာ ရနိုင်သမျှပစ္စည်းတွေကို ကောင်းကောင်း အသုံးချခဲ့ကြတယ်ဆိုတာ သိနိုင်ပါတယ်။ ဒီအချက်အရ ရှေးခေတ်အစ္စရေးလူတွေဟာ ရိုးစင်းတဲ့ပိတ်သားတွေပဲ ချုပ်လုပ်တတ်ပြီး အရောင်မွဲမွဲတွေပဲ ဝတ်စားဆင်ယင်တတ်တဲ့ ခြိုးခြံချွေတာတဲ့သူတွေ မဟုတ်ဘူး၊ အချိန်အခါအလိုက်၊ ရာသီအလိုက် ရရှိနိုင်တဲ့ အရောင်အသွေးစုံလင်တဲ့ အဝတ်အစားတွေကို ကိုယ့်အတိုင်းအတာနဲ့ကိုယ် ဝတ်စားဆင်ယင်တတ်တဲ့သူတွေ ဖြစ်ကြတယ်ဆိုတာ သိနိုင်ပါတယ်။

ယေဟောဝါဘုရားသခင်ဟာ ရှေးခေတ်အစ္စရေးလူတွေ နေထိုင်ဖို့ “နို့နှင့်ပျားရည်စီးတတ်သောပြည်” ကို ပေးအပ်ခဲ့ပါတယ်။ (ထွက်မြောက်ရာ ၃:၈။ တရားဟောရာ ၂၆:၉၊ ၁၅) သူတို့ဟာ ဘုရားသခင်ကို ဝတ်ပြုတဲ့အတွက် အဲဒီပြည်မှာ နေထိုင်ခွင့်ရခဲ့တာ ဖြစ်တယ်။ သူတို့ရဲ့ဘဝဟာ ကောင်းစားခဲ့ပြီး ကျေနပ်ပျော်ရွှင်ခဲ့ကြတယ်။ ဥပမာ၊ သူတို့နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– ‘[ရှောလမုန်] လက်ထက်တော်ကာလပတ်လုံး ယုဒအမျိုးနှင့် အစ္စရေးအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီး မိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။’—၃ ရာ. ၄:၂၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အထည်ရက်လုပ်ပုံနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင် ပူးတွဲပါ လေးထောင့်ကွက်တွေမှာ ဖတ်ကြည့်ပါ။

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံများ]

သိုးမွေးနဲ့ ချည်ချော

ရှေးအချိန်က လူတွေဟာ သိုးတွေကို နို့နဲ့သိုးမွေးအတွက် အဓိကထားပြီး မွေးမြူခဲ့ကြပါတယ်။ လယ်သမားတစ်ဦးဟာ မိသားစုဝတ်ဆင်ဖို့ အဝတ်အထည်အတွက် သိုးတချို့ရဲ့အမွေးတွေကို ညှပ်ယူမှာ ဖြစ်တယ်။ သိုးအများကြီး မွေးမြူထားတယ်ဆိုရင်တော့ လယ်သမားဟာ ပိုလျှံနေတဲ့သိုးမွေးတွေကို ကိုယ့်ဒေသမှာရှိတဲ့ အထည်အလိပ်လုပ်ငန်းရှင်တွေဆီမှာ ရောင်းချတတ်ပါတယ်။ မြို့ရွာတချို့မှာ အထည်အလိပ်အသင်းအဖွဲ့တွေ ရှိကြတယ်။ ရှေးအချိန်ကတည်းက သိုးမွေးညှပ်ခြင်းဟာ တစ်နှစ်တာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေထဲမှာ ပါဝင်ပါတယ်။—ကမ္ဘာဦး ၃၁:၁၉။ ၃၈:၁၃။ ၁ ရာ. ၂၅:၄၊ ၁၁

ပိတ်ချောထည်ကို လျှော်ပင်က ထုတ်ယူရရှိတဲ့ အမျှင်တွေနဲ့ ရက်လုပ်ထားတာဖြစ်ပါတယ်။ (ထွက်မြောက်ရာ ၉:၃၁) လျှော်ပင်ကို အပင်ရင့်ခါနီးမှာ ခုတ်ယူရပါတယ်။ ရိုးတံတွေကို နေပူထဲ အခြောက်လှန်းပြီးတဲ့နောက် ပျော့ပျောင်းသွားအောင် ရေထဲစိမ်ရပါတယ်။ ရေစိမ်ပြီးသား ရိုးတံတွေကို ပြန်အခြောက်လှန်းပြီး ထုရိုက်ရတယ်။ ပြီးတော့ အမျှင်တွေဖြစ်အောင် ဖွပေးရတယ်။ ပြီးရင် အထည်ရက်ဖို့ ချည်မျှင်ဖြစ်အောင် ဗိုင်းငင်ရပါတယ်။ ပိတ်ချောထည်တွေကို မင်းမျိုးမင်းနွယ်တွေ ကြိုက်နှစ်သက်ကြပါတယ်။

[ရုပ်ပုံ]

လျှော်ပင်ကို ရေမစိမ်ခင် အခြောက်လှန်းထား

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံ]

ဗိုင်းငင်ခြင်း

လျှော်မျှင်၊ သိုးမွေး၊ ဆိတ်မွေးတွေလိုမျိုး အမျှင်တွေဟာ အမျှင်တစ်မျှင်တည်းဆိုရင် ပျက်စီးလွယ်တဲ့အတွက် အသုံးပြုလို့မရပါဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ ချည်မျှင်အထူအပါး၊ အတိုအရှည်ကိုရဖို့ အမျှင်အတော်များများကိုယူပြီး ကျစ်ရပါတယ်။ အရည်အချင်းရှိတဲ့ ဇနီးကောင်းတစ်ယောက်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “လက်နှင့် ရစ်ကိုကိုင်လျက် ဝင်ရိုးဖြင့် ဗိုင်းငင့်တတ်၏။” (သု. ၃၁:၁၀၊ ၁၉သမ္မာ) ဒီအချက်က ချည်ရစ်တံနှစ်ချောင်းကို အသုံးပြုပြီး ဗိုင်းငင်နေတာကို ဖော်ပြပါတယ်။

အမျိုးသမီးတစ်ဦးဟာ သူ့လက်ထဲမှာ အမျှင်တွေကို ဖွဖွလေး ရစ်ထားတဲ့ ချည်ရစ်တံကို ကိုင်ထားပါတယ်။ ကျန်တဲ့လက်တစ်ဖက်က အမျှင်တွေကိုဆွဲထုတ်၊ ချည်ဖြစ်အောင် ကျစ်ပြီး ဗိုင်းလိပ်တံ (ဝင်ရိုးတံ) ရဲ့အစွန်းတစ်ဖက်မှာရှိတဲ့ ချိတ်မှာ တွဲချည်လိုက်တယ်။ ဗိုင်းလိပ်တံရဲ့ တခြားတစ်ဖက်မှာတော့ ရစ်ဘီးရှိနေပါတယ်။ ဗိုင်းလိပ်တံကို ဒေါင်လိုက်ထောင်ထားပြီး လှည့်ပေးရပါတယ်။ ပြီးရင် အမျှင်တွေကို အတော်အတန်ထူတဲ့ ချည်မျှင်ဖြစ်အောင် ကျစ်ပေးရပါတယ်။ ကျစ်ပြီးသား ချည်ကို ရစ်လုံးတစ်ခုမှာ ရစ်ပတ်ထားတယ်။ ချည်ရစ်တံမှာရှိတဲ့ အမျှင်အားလုံး ရှည်လျားတဲ့ ချည်မျှင်ဖြစ်လာတဲ့အထိ အကြိမ်ကြိမ် ကျစ်ပြီးရင် ဆေးဆိုးဖို့ ဒါမှမဟုတ် အထည်ရက်ဖို့ အသင့်ဖြစ်သွားပါပြီ။

[စာမျက်နှာ ၂၈၊ ၂၉ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံများ]

ဆေးဆိုးခြင်း

ချည်ငင်တာ၊ သန့်စင်တာတွေကို ပြုလုပ်ပြီးတဲ့နောက် သိုးမွေးချည်တွေနဲ့ လျှော်ချည်တွေ ဒါမှမဟုတ် ရက်ပြီးသား ပိတ်တွေကို အရောင်အမျိုးမျိုးနဲ့ ဆေးဆိုးလိုက်ပါတယ်။ အရောင်ရင့်ရင့်ရဖို့အတွက် ချည်မျှင်တွေနဲ့ ပိတ်သားတွေကို ဆိုးဆေးထည့်ထားတဲ့ စည်ထဲ အကြိမ်ကြိမ် နှစ်ပေးရပါတယ်။ ဆိုးဆေးတွေက ဈေးကြီးတဲ့အတွက် စိမ်ထားတဲ့အရာကို စည်ထဲကနေ ထုတ်ပြီးတဲ့နောက် ညှစ်လိုက်တယ်။ အဲဒီအခါ ညှစ်ပြီးကျန်တဲ့ ဆိုးဆေးကို ပြန်အသုံးပြုလို့ရပါတယ်။ အဲဒီနောက် ဆေးဆိုးထားတဲ့ ချည်မျှင် ဒါမှမဟုတ် ပိတ်ကို နေပူလှန်းပါတယ်။

ရှေးခေတ်က လူတွေဟာ ဓာတုနည်းနဲ့ အရောင်တုတွေ မဖော်စပ်တတ်တဲ့အတွက် ကိုယ်လိုချင်တဲ့ အရောင်အနုအရင့် အမျိုးမျိုးရရှိအောင် တိရစ္ဆာန်တွေ၊ အပင်တွေကနေ တာရှည်ခံတဲ့ ဆိုးဆေးတွေ ထုတ်ယူကြရပါတယ်။ ဥပမာ၊ အဝါရောင်ဆိုးဆေးကို ဗာဒံရွက်နဲ့ သလဲသီးအခွံတွေကနေ ထုတ်ယူကြပြီး အနက်ရောင်ဆိုးဆေးကို သလဲသီးပင်ရဲ့အခေါက်ကနေ ထုတ်ယူကြတယ်။ အနီရောင်ဆိုးဆေးကို နီပါးဆေးပင် ဒါမှမဟုတ် အနီရောင်အင်းဆက်ပိုးတစ်မျိုးကနေ ထုတ်ယူကြပါတယ်။ အပြာရောင်ဆိုးဆေးကို မဲနယ်ပင်ရဲ့ အပွင့်တွေကနေ ထုတ်ယူရရှိပါတယ်။ ပင်လယ်ခရုတွေမှာ အရောင်ထွက်စေတဲ့ ပစ္စည်းတွေရှိတယ်။ ခရမ်းရောင်ကနေ အပြာရောင်၊ အပြာရောင်ကနေ ကြက်သွေးရောင်စသည်ဖြင့် အရောင်အနုအရင့်အမျိုးမျိုးကို အဲဒီခရုတွေကနေ ထုတ်ယူရရှိနိုင်ပါတယ်။

ဝတ်ရုံတစ်ထည်ကို ဆေးဆိုးဖို့ ပင်လယ်ခရု ဘယ်နှစ်ကောင် လိုအပ်ပါသလဲ။ ပင်လယ်ခရုတစ်ကောင်က ရောင်ခြယ်ပစ္စည်းပမာဏ အနည်းငယ်ပဲ ထုတ်လုပ်ပေးနိုင်ပါတယ်၊ ဒါကြောင့် ဝတ်ရုံတစ်ခု ဒါမှမဟုတ် ခြုံထည်တစ်ထည်ကို ခရမ်းရောင်ဆေးဆိုးဖို့ ပင်လယ်ခရု ၁၀,၀၀၀ လောက်လိုအပ်တယ်ဆိုပြီး လေ့လာမှုတစ်ရပ်က ဖော်ပြပါတယ်။ ရှေးခေတ်ဗာဗုလုန်ဘုရင် နဗိုနိုက်ဒက်စ် အုပ်စိုးစဉ်က ခရမ်းရောင်ဆိုးထားတဲ့ သိုးမွေးချည်က တခြားအရောင်ဆိုးထားတဲ့ သိုးမွေးချည်တွေထက် အဆ ၄၀ ဈေးပိုကြီးတယ်လို့ ဆိုပါတယ်။ ရှေးခေတ်က တုရုဆိုတဲ့ မြို့ကြီးဟာ ဒီဈေးကြီးတဲ့ ဆိုးဆေးထုတ်လုပ်ရာမြို့အဖြစ် ကျော်ကြားပါတယ်။ တုရုမြို့ထွက် ခရမ်းရောင်လို့တောင် ထင်ရှားကျော်ကြားလာတဲ့အထိ ဖြစ်ခဲ့ပါတယ်။

[ရုပ်ပုံများ]

ပင်လယ် ခရုခွံ

ခရစ်တော်မပေါ်ခင် ဒုတိယ ဒါမှမဟုတ် တတိယရာစုက အစ္စရေးနိုင်ငံ၊ တယ်လ် ဒိုရ်မှာ တွေ့ ရှိခဲ့တဲ့ ခရမ်းရောင်ဆိုးဆေးထည့်တဲ့ စည်

[Credit Line]

တယ်လ် ဒိုရ်စီမံကိန်း

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံ]

အထည်ရက်ခြင်း

ဝတ်ရုံတွေ၊ အဝတ်အစားတွေ ချုပ်လုပ်ဖို့အတွက် လိုချင်တဲ့ ပိတ်အရွယ်အစားရအောင် ချည်မျှင်တွေကို ရက်ကန်းစင်မှာ ရက်လုပ်ကြရပါတယ်။ ချည်မျှင်စုတွေကို တိုင်ချည်နဲ့ဖောက်ချည်အဖြစ် အလျားလိုက် လိမ်ယှက်ထားကြတယ်။ ဖောက်ချည်တွေကို တိုင်ချည်တွေရဲ့ အပေါ်နဲ့အောက်မှာ တစ်လှည့်စီထည့်ပြီး ရက်လုပ်ရပါတယ်။

ရှေးခေတ်က အသုံးပြုခဲ့ကြတဲ့ ရက်ကန်းစင်တွေမှာ ကြမ်းပြင်ပေါ် အလျားလိုက် လှဲချထားတဲ့ အမျိုးအစားနဲ့ ဒေါင်လိုက် ထောင်ထားတဲ့ အမျိုးအစားဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ဒေါင်လိုက် ထောင်ထားတဲ့ ရက်ကန်းစင်တချို့က တိုင်ချည်တွေရဲ့ အောက်စွန်းပိုင်းတွေမှာ အလေးပြားတွေ ချိတ်ဆွဲထားကြပါတယ်။ ရှေးခေတ်က ရက်ကန်းစင်မှာ အသုံးပြုတဲ့ အလေးပြားတွေကို အစ္စရေးနိုင်ငံ နေရာအတော်များများမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အထည်ရက်ခြင်းဟာ အိမ်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ နေရာဒေသတချို့မှာတော့ ရောင်းဝယ်ဖောက်ကားဖို့အတွက် အထည်ရက်လုပ်ခြင်းကို စုပေါင်းလုပ်ကိုင်ကြပါတယ်။ ဥပမာ၊ ‘ပိတ်ချောကို ရက်တတ်သော အဆွေအမျိုး’ အကြောင်း ကျမ်းစာမှာ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် အထည်ရက်လုပ်ငန်းကို အဖွဲ့လိုက် လုပ်ဆောင်ကြတယ်ဆိုတာ သိသာပါတယ်။။—၅ ရာ. ၄:၂၁

[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံများ]

‘အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး’ —ထွက်မြောက်ရာ ၂၆:၁