မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုန်းကွယ်နေတဲ့ ကမ္ဘာ့အုပ်စိုးရှင် ဖော်ထုတ်ခံရ

ပုန်းကွယ်နေတဲ့ ကမ္ဘာ့အုပ်စိုးရှင် ဖော်ထုတ်ခံရ

ပုန်းကွယ်နေတဲ့ ကမ္ဘာ့အုပ်စိုးရှင် ဖော်ထုတ်ခံရ

‘ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်း ခံရလိမ့်မည်’ လို့ယေရှုက လူတွေကို အဖြစ်အပျက်တစ်ခုမှာ ပြောခဲ့တယ်။ နောက်ပိုင်းမှာလည်း ‘ဤလောကကို အစိုးရသောမင်းသည် ငါ့ကို မချုပ်ကိုင်နိုင်၊’ “ဤလောကကို အုပ်စိုးသူသည် တရားစီရင်ခြင်းကိုခံရပြီ” လို့ ထပ်ပြောခဲ့ပါသေးတယ်။ (ယောဟန် ၁၂:၃၁; ၁၄:၃၀; ၁၆:၁၁) ဘယ်သူ့အကြောင်း ယေရှု ပြောနေတာလဲ။

“ဤလောကကို အစိုးရသောမင်း” အကြောင်း ယေရှုပြောဆိုရာကို သုံးသပ်ကြည့်လိုက်တဲ့အခါ မိမိခမည်းတော် ယေဟောဝါဘုရားသခင်ကို ရည်ညွှန်းနေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။ ဒါဆိုရင် “ဤလောကကို အစိုးရသောမင်း” က ဘယ်သူလဲ။ သူဟာ ဘယ်လိုနည်းနဲ့ “ပြင်သို့ နှင်ထုတ်ခြင်းခံရ” ပြီး “တရားစီရင်ခြင်းကို ခံရ” မှာလဲ။

“ဤလောကကို အစိုးရသောမင်း” က သူ့အကြောင်းသူ ဖော်ပြ

ရာဇဝတ်ခေါင်းဆောင်တစ်ဦးဟာ သူ့ရဲ့ ဩဇာအာဏာနဲ့ပတ်သက်ပြီး ကြွားလုံးထုတ်တတ်သလို စာတန်လည်း ဘုရားသခင့်သားတော် ယေရှုကို သွေးဆောင်ချိန်မှာ သူ့ရဲ့ ဩဇာအာဏာကို ထုတ်ကြွားခဲ့တယ်။ စာတန်ဟာ ယေရှုကို ကမ္ဘာပေါ်က “တိုင်းနိုင်ငံရှိသမျှ” ပြသပေးပြီးတဲ့နောက် ဒီလိုကမ်းလှမ်းခဲ့တယ်– ‘ဤအခွင့်အာဏာရှိသမျှနှင့် ထိုနိုင်ငံများ၏ ဘုန်းစည်းစိမ်ကို သင့်အား ငါပေးမည်။ ထိုအရာများကို ငါ့အား လွှဲအပ်ထားပြီးဖြစ်၍ ငါပေးလိုသူအား ပေးနိုင်၏။ သို့ဖြစ်၍ သင်သည် ငါ့ကို တစ်ကြိမ်သာ ကိုးကွယ်လျှင် ဤအရာရှိသမျှသည် သင်၏ဥစ္စာ ဖြစ်လိမ့်မည်။’—လုကာ ၄:၅-၇

လူတချို့ ယူမှတ်ခဲ့တဲ့အတိုင်း စာတန်ဟာ မကောင်းတဲ့ စိတ်ထားတစ်ခုပဲ ဖြစ်တယ်ဆိုရင် ယေရှုကို စာတန် သွေးဆောင်ခဲ့တာကို ဘယ်လိုရှင်းပြရပါ့မလဲ။ ယေရှုဟာ နှစ်ခြင်းခံပြီးတဲ့နောက်မှာ မကောင်းတဲ့အတွေး ဒါမှမဟုတ် စိတ်ကယောက်ကယက်ဖြစ်မှုကြောင့် သွေးဆောင်ခံရတာလား။ အဲဒီလိုဆိုရင် “ကိုယ်တော်၌ အပြစ်မရှိ” ဆိုတဲ့စကားကို ဘယ်လိုလုပ် ပြောနိုင်တော့မလဲ။ (၁ ယောဟန် ၃:၅) လူသားတွေအပေါ်မှာ စာတန် ဩဇာညောင်းနေတာကို ယေရှု မငြင်းခဲ့ပါဘူး။ အဲဒီအစား စာတန်ကို “ဤလောကကို အစိုးရသောမင်း” လို့ပြောဆိုပြီး “လူ့အသက်ကို သတ်သောသူ၊” ‘လိမ်လည်သူ’ လို့ ဖော်ပြခြင်းအားဖြင့် သူ့ရဲ့ ဩဇာအာဏာကို ကိုယ်တော် အသိအမှတ်ပြုခဲ့ပါတယ်။—ယောဟန် ၁၄:၃၀; ၈:၄၄

စာတန်ရဲ့သွေးဆောင်မှုကို ခရစ်တော် ကြုံခဲ့ရပြီးတဲ့နောက် အနှစ် ၆၀ ကျော်အကြာမှာ တမန်တော်ယောဟန်က “တစ်လောကလုံးသည် ဆိုးညစ်သူ၏ ဩဇာအောက်တွင် ရှိနေ” တယ်လို့ ခရစ်ယာန်တွေကို ပြောပြီး စာတန်ရဲ့အစွမ်းထက်တဲ့ ဩဇာကို သတိရစေတယ်။ စာတန်ဟာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နေတယ်လို့လည်း ယောဟန်က ပြောခဲ့ပါသေးတယ်။ (၁ ယောဟန် ၅:၁၉; ဗျာ. ၁၂:၉) မမြင်နိုင်တဲ့ ဝိညာဉ်သားတစ်ဦးကို “ဤလောကကို အစိုးရသောမင်း” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ စာတန်ဟာ လူသားတွေအပေါ် ဘယ်လောက်အတိုင်းအတာအထိ ဩဇာလွှမ်းမိုးထားသလဲ။

ကမ္ဘာ့အုပ်စိုးရှင်က သူ့ရဲ့ဘက်တော်သားတွေကို အာဏာလွှဲအပ်ထား

ခရစ်ယာန်တွေဟာ ယုံကြည်ခြင်းအတွက် တိုက်လှန်နေရတဲ့အကြောင်း တမန်တော်ပေါလု ရေးသားပြီး သူတို့ရဲ့ ကြောက်စရာအကောင်းဆုံး ရန်သူတွေကို ခွဲခြားဖော်ပြခဲ့တယ်။ ‘ငါတို့သည် အသွေးအသားဖြစ်သော လူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်နေကြသည်မဟုတ်။ အစိုးရများ၊ အာဏာပိုင်များနှင့်လည်းကောင်း၊ ဤမှောင်မိုက်လောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း၊ ကောင်းကင်အရပ်ရှိ နတ်ဆိုးများနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်နေကြ၏’ ဆိုပြီး ပေါလု ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ (ဧဖက် ၆:၁၂) ဒါကြောင့် “အသွေးအသားဖြစ်သော လူတို့” နဲ့မဟုတ်ဘဲ လူ့ဘောင်ထဲမှာမရှိတဲ့ “နတ်ဆိုး”တွေနဲ့ ဆိုင်ပြိုင်တိုက်လှန်နေရပါတယ်။

“နတ်ဆိုးများ” ဆိုတဲ့ အသုံးအနှုန်းက အကောင်အထည်မဲ့ မကောင်းတဲ့စိတ်ထားမဟုတ်ဘဲ တန်ခိုးကြီးတဲ့ ဝိညာဉ်ဆိုးတွေကို ရည်ညွှန်းပါတယ်။ ဒါကြောင့် စာတန်ဟာ “နေသင့်ရာအရပ်” ဖြစ်တဲ့ ကောင်းကင်ကို စွန့်ခွာခဲ့တဲ့ တခြားပုန်ကန်သူ နတ်ဆိုးနာမ်ဝိညာဉ်ဆိုးတွေကနေတစ်ဆင့် မိမိရဲ့ ဩဇာအာဏာကို အသုံးပြုနေပါတယ်။—ယုဒ ၆

‘ဤလောက၏ အုပ်စိုးရှင်’ တွေဟာ ရှေးခေတ်ကတည်းက ကမ္ဘာတစ်ခုလုံးကို ဘယ်လိုချုပ်ကိုင်လာခဲ့တယ်ဆိုတာကို ဒံယေလကျမ်းထဲမှာ ဖော်ပြထားတယ်။ ဗာဗုလုန်ပြည်မှာ နယ်နှင်ခံနေရာကနေ ဘီစီအီး ၅၃၇ မှာ ဂျေရုဆလင်မြို့ကို ပြန်လာခဲ့ကြတဲ့ ဂျူးတွေအတွက် ဒံယေလ အလွန်စိုးရိမ်ခဲ့တယ်။ ဒါကြောင့် သူတို့အကျိုးအတွက် သုံးပတ်ကြာအောင် သူဆုတောင်းခဲ့တယ်။ ဘုရားသခင်က ဒံယေလကို နှစ်သိမ့်ပေးဖို့ ကောင်းကင်တမန်တစ်ဦး စေလွှတ်လိုက်တယ်။ ကောင်းကင်တမန်က ဒံယေလကို သူဘာကြောင့် နောက်ကျရတယ်ဆိုတာကို ဒီလိုရှင်းပြခဲ့တယ်– “ပေရသိ [ပါရှား] နိုင်ငံကို အစိုးရသောမင်းမူကား အရက်နှစ်ဆယ့်တစ်ရက်ပတ်လုံး ငါ့ကို ဆီးတား၏။”—ဒံယေလ ၁၀:၂၊ ၁၃

“ပေရသိနိုင်ငံကို အစိုးရသောမင်း” က ဘယ်သူလဲ။ အဲဒီမင်းဟာ ပါရှားဘုရင် ဆိုင်းယပ်စ်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက ပါရှားဘုရင်ဟာ ဒံယေလနဲ့ သူ့ရဲ့လူမျိုးကို မျက်နှာသာပေးနေတဲ့သူ ဖြစ်လို့ပါပဲ။ ဒါ့အပြင် ကောင်းကင်တမန်တစ်ဦးဟာ စစ်သူရဲ ၁၈၅,၀၀၀ ကို တစ်ညတည်းမှာပဲ ကွပ်မျက်နိုင်တယ်ဆိုရင် လူသားဘုရင်တစ်ဦးက ဝိညာဉ်သားတစ်ဦးကို သုံးပတ်ကြာတဲ့အထိ ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲ။ (ဟေရှာယ ၃၇:၃၆) အဲဒီရန်လိုတဲ့ “ပေရသိနိုင်ငံကို အစိုးရသောမင်း” ဟာ စာတန်ရဲ့ ကိုယ်စားလှယ် နတ်ဆိုးတစ်ဦးပဲ ဖြစ်နိုင်ပါတယ်။ အဲဒီနတ်ဆိုးနာမ်ဝိညာဉ်ဆိုးဟာ ပါရှားအင်ပါယာတစ်ခုလုံးကို ကြီးစိုးခွင့်ရထားတဲ့သူ ဖြစ်တယ်။ ဒီအဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် ဘုရားသခင့်ကောင်းကင်တမန်က “ပေရသိနိုင်ငံကို အစိုးရသောမင်း” နဲ့ “ဟေလသ [ဂရိ] မင်း” ဖြစ်တဲ့ နောက်နတ်ဆိုးတစ်ဦးနဲ့ ထပ်ပြီး ဆိုင်ပြိုင်တိုက်လှန်ရဦးမယ်လို့ ပြောခဲ့သေးတယ်။—ဒံယေလ ၁၀:၂၀

ဒီအချက်ကနေ ဘာကောက်ချက်ချနိုင်သလဲ။ မမြင်နိုင်တဲ့ ‘ဤလောကရဲ့ အုပ်စိုးရှင်တွေ’ ဖြစ်တဲ့ နတ်ဆိုးတွေ တကယ်ရှိနေပါတယ်။ သူတို့တွေဟာ နတ်ဆိုးစာတန်ရဲ့လက်အောက်မှာ ဤလောကကို လက်ဝေခံ အုပ်ချုပ်နေတဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ ကနေ့အချိန်အထိ သူတို့ ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ။

ဤလောကရဲ့အုပ်စိုးရှင်က သူ့ရဲ့ဇာတိရုပ် အမှန်ကို ဖော်ပြ

ကောင်းကင်တမန်မင်း မိက္ခေလဖြစ်တဲ့ ယေရှုဟာ စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေကို ဘယ်လိုအနိုင်ရရှိတဲ့အကြောင်း၊ ကောင်းကင်ကနေ သူတို့ကို နှင်ချလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေအကြောင်းကို သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းမှာ တမန်တော်ယောဟန်က ဖော်ပြထားတယ်။ ကျမ်းစာမှာ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– ‘မြေကြီးသည်အမင်္ဂလာရှိ၏။ အကြောင်းမူကား စာတန်သည် မိမိအချိန် တိုတောင်းသည်ကို သိ၍ ဒေါသအမျက်ကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။’—ဗျာ. ၁၂:၉၊ ၁၂

စာတန် အကြီးအကျယ်ဒေါသထွက်နေတယ်ဆိုတာကို ဘယ်လိုဖော်ပြသလဲ။ ရက်စက်ကြမ်းတမ်းတဲ့ ရာဇဝတ်ခေါင်းဆောင်တွေဟာ ‘အုပ်စိုးရရင် အုပ်စိုး၊ မအုပ်စိုးရရင် ဖျက်ဆီးမယ်’ ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးသလိုပဲ စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေကလည်း ကမ္ဘာမြေကြီးနဲ့ လူတွေကို သူတို့နဲ့အတူ ဖျက်ဆီးခံရဖို့ သန္နိဋ္ဌာန်ချထားပြီးပါပြီ။ မိမိရဲ့အချိန် တစ်ခဏပဲ ကျန်တော့တယ်ဆိုတာကို သိထားတဲ့ စာတန်ဟာ သူ့ရဲ့လက်အောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အသုံးပြုပြီး များများထုတ် များများသုံးဆိုတဲ့ဝါဒကို ဖြန့်နေတယ်။ အဲဒီဝါဒကြောင့် သဘာဝသယံဇာတတွေ ပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးနေပြီဖြစ်တယ်။ ဒါကြောင့် လူသားထုတစ်ရပ်လုံးဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပါတယ်။—ဗျာ. ၁၁:၁၈; ၁၈:၁၁-၁၇

လူ့သမိုင်း အစကတည်းက စာတန်ဟာ ဩဇာအာဏာ ငမ်းငမ်းတက်လိုချင်နေတာကို နိုင်ငံရေးနဲ့ ဘာသာရေးမှာ အထင်အရှား တွေ့မြင်နိုင်တယ်။ ကျမ်းစာရဲ့နောက်ဆုံးကျမ်းမှာ နိုင်ငံရေးအာဏာစက်တွေကို သားရဲအဖြစ် ပုံဖော်ထားတယ်။ စာတန်က သူတို့ကို “ကြီးမားသောအာဏာ” ပေးအပ်ထားတယ်။ ဘာသာရေးက နိုင်ငံရေးမှာ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပါဝင်ရောယှက်နေတယ်ဆိုတာကိုလည်း အဲဒီကျမ်းထဲမှာ ဖော်ပြထားတယ်။ (ဗျာ. ၁၃:၂; ၁၇:၁၊ ၂) ရာစုနှစ်တွေတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖိနှိပ်မှု၊ ကျွန်ပြုမှု၊ စစ်ပွဲနဲ့ လူမျိုးစုမပြေလည်မှုတွေကြောင့် သန်းနဲ့ချီတဲ့လူတွေ သေဆုံးသွားတာကို စဉ်းစားကြည့်ပါ။ လူ့သမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ ထိတ်လန့်ကြောက်မက်ဖွယ် အဖြစ်အပျက်တွေက လူတွေကြားမှာ မထူးဆန်းပါဘူးဆိုပြီး တစ်ဦးတစ်ယောက်က ရိုးရိုးသားသား ပြောနိုင်မလား။ ဒါမှမဟုတ် အဲလိုဖြစ်ပျက်ရတာက မမြင်နိုင်တဲ့ နတ်ဆိုးတွေရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကြောင့်လား။

လူ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့အာဏာစက်တွေကို ကြိုးကိုင်ပြီး အကွက်ဆင်ကစားနေတဲ့သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သမ္မာကျမ်းစာက ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဖော်ထုတ်ပြတယ်။ အဲဒီအကွက်ဆင်ကစားနေတဲ့သူကို သိတာပဲဖြစ်ဖြစ်၊ မသိတာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းကတော့ သူ့ရဲ့စရိုက်နဲ့ သဘောထားတွေအပြင် ‘အုပ်စိုးရရင် အုပ်စိုး၊ မအုပ်စိုးရရင် ဖျက်ဆီးမယ်’ ဆိုတဲ့ ပေါ်လစီကို ထင်ဟပ်ပြနေပါတယ်။ စာတန်ရဲ့အုပ်ချုပ်မှုအောက်မှာ လူသားတွေဟာ ဆင်းရဲခက်ခဲမှုတွေကို ဘယ်လောက်ကြာကြာ ခံစားနေရဦးမှာလဲ။

စာတန်ရဲ့ ဇာတ်သိမ်းခန်း

ပထမရာစုတုန်းက ကမ္ဘာပေါ်မှာ ခရစ်တော်လုပ်ဆောင်ခဲ့တာတွေက မကြာခင် စာတန်နဲ့ သူ့ရဲ့နတ်ဆိုးတွေ ကွပ်မျက်ခံရတော့မယ်ဆိုတာကို အရိပ်အယောင်ပြခဲ့တယ်။ မမြင်ရတဲ့ နတ်ဆိုးတွေကို နှင်ထုတ်နိုင်ခဲ့တဲ့အကြောင်း တပည့်တွေ ပြန်ပြောပြတဲ့အခါ ယေရှုက “စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှ ကျသည်ကို ငါမြင်ပြီ” လို့ဆိုခဲ့တယ်။ (လုကာ ၁၀:၁၈) ယေရှုဟာ ဒီစကားကိုပြောပြီး ဝမ်းသာနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်တစ်ချိန်မှာ ကောင်းကင်ပြန်ရောက်ပြီး ကောင်းကင်တမန်မင်း မိက္ခေလအနေနဲ့ ဒီလောကရဲ့အုပ်စိုးရှင်အပေါ် အောင်ပွဲခံတော့မှာမို့လို့ပါ။ (ဗျာ. ၁၂:၇-၉) ကျမ်းစာကြိုဟောချက်တွေကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် အဲဒီအောင်ပွဲဟာ ၁၉၁၄ ခုနှစ် ဒါမှမဟုတ် အဲဒီနောက်မကြာခင် ကောင်းကင်မှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုသိနိုင်တယ်။ *

အဲဒီအချိန်ကစပြီး စာတန်ဟာ သူဖျက်ဆီးခံရမယ့်အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိနေတယ်။ ‘တစ်လောကလုံးသည် စာတန်၏ဩဇာအောက်’ မှာရှိနေပေမဲ့ ယနေ့ခေတ် သန်းနဲ့ချီတဲ့လူတွေကိုတော့ ချုပ်ကိုင်လှည့်စားဖို့ သူ ကြိုးစားလို့မရခဲ့ပါဘူး။ စာတန် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုရော၊ သူ့ရဲ့ အကြံအစည်တွေကိုပါ သူတို့သိမြင်နိုင်ဖို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ (၂ ကောရိန္သု ၂:၁၁) “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် စာတန်ကို သင်တို့ခြေအောက်၌ မကြာမီ ချေမှုန်းတော်မူလိမ့်မည်” ဆိုပြီး ခရစ်ယာန်တွေဆီ ပေါလုရေးသားခဲ့တဲ့ စကားတွေကနေ သူတို့ ခွန်အားရရှိခဲ့တယ်။ *ရောမ ၁၆:၂၀

မကြာခင် စာတန်ရဲ့ ဇာတ်သိမ်းခန်း ရောက်လာပါတော့မယ်။ ခရစ်တော်အုပ်ချုပ်ချိန်မှာ ဖြောင့်မတ်တဲ့သူတွေဟာ ကမ္ဘာမြေကြီးကို သာယာလှပတဲ့ ပရဒိသုဥယျာဉ်အဖြစ် ပြုပြင်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု၊ မုန်းတီးမှုနဲ့ တပ်မက်မှုတွေ လုံးဝရှိတော့မှာမဟုတ်ဘူး။ “အရင်ဖြစ်ဖူးသောအရာများကို သတိမရ၊ မှတ်မိတော့မည်မဟုတ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဟေရှာယ ၆၅:၁၇သမ္မာ) ဒါကြောင့် ဒီလောကကို ပုန်းလျှိုးကွယ်လျှိုး အုပ်ချုပ်နေသူ စာတန်နဲ့ သူ့ရဲ့သြဇာအာဏာအောက်ကနေ လွတ်မြောက်မယ့်သူတွေအားလုံးဟာ တကယ့်ကို စိတ်သက်သာရာရရှိကြမှာ သေချာပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 အဲဒီခုနှစ်ကို အသေးစိတ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာ ၂၁၅ ကနေ ၂၁၈ မှာ ဖတ်ကြည့်နိုင်ပါတယ်။

^ အပိုဒ်၊ 21 ပေါလုရဲ့စကားတွေက ကမ္ဘာဦး ၃:၁၅ မှာ မှတ်တမ်းတင်ထားတဲ့ ပထမဦးဆုံး ကျမ်းစာကြိုဟောချက်ကို ပြန်အမှတ်ရစေပါတယ်။ အဲဒီကြိုဟောချက်ထဲမှာ စာတန်ဟာ နောက်ဆုံးကျရင် ဖျက်ဆီးခံရမယ်လို့ ဖော်ပြထားတယ်။

[စာမျက်နှာ ၉ ပါအကျဉ်းဖော်ပြချက်]

ခရစ်တော်အုပ်ချုပ်ချိန်မှာ ဖြောင့်မတ်တဲ့သူတွေဟာ ကမ္ဘာမြေကြီးကို သာယာလှပတဲ့ ပရဒိသုဥယျာဉ်အဖြစ် ပြုပြင်ပြောင်းလဲပေးမှာဖြစ်