မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးတွေကို ဘုရားသခင်အကြောင်း ဘယ်သူ သင်ပေးသင့်သလဲ

ကလေးတွေကို ဘုရားသခင်အကြောင်း ဘယ်သူ သင်ပေးသင့်သလဲ

ကလေးတွေကို ဘုရားသခင်အကြောင်း ဘယ်သူ သင်ပေးသင့်သလဲ

“တပည့်သည် ဆရာထက်မသာ။ ပြီးပြည့်စုံစွာ သွန်သင်ခံရသူတိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။”—လုကာ ၆:၄၀

တချို့မိဘတွေဟာ ကိုယ့်ရဲ့ကလေးတွေကို ဘုရားသခင်အကြောင်း သင်ပေးဖို့ အရည်အချင်းမရှိဘူးဆိုပြီး ယူမှတ်ကြတယ်။ ကလေးတွေကို သင်ပေးနိုင်ဖို့ သူတို့မှာ ပညာအရည်အချင်း သိပ်မရှိဘူး ဒါမှမဟုတ် ဘာသာရေးအကြောင်း သိပ်မသိဘူးဆိုပြီး သူတို့ ထင်ကောင်းထင်နိုင်တယ်။ ဒါကြောင့် အဲဒီအရေးကြီးတဲ့ တာဝန်ကို ဆွေမျိုးတစ်ယောက်ယောက် ဒါမှမဟုတ် ဘာသာရေးဆရာတစ်ယောက်ယောက်ရဲ့ လက်ထဲ ထိုးအပ်မိနိုင်တယ်။

ဒါပေမဲ့ ကလေးတွေကို ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေ၊ ကျင့်ဝတ်မူတွေအကြောင်း အကောင်းဆုံးသင်ပေးနိုင်တဲ့သူက ဘယ်သူလဲ။ ဒီကိစ္စမှာ ကျမ်းစာဖော်ပြချက်တွေကို သုံးသပ်ပြီး သုတေသီတွေ သိရှိခဲ့ရာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

ဖခင်ရဲ့တာဝန်က ဘာလဲ

သမ္မာကျမ်းစာ သွန်သင်ရာ– ‘ဖခင်တို့၊ သားသမီးများကို စိတ်မဆိုးစေကြနှင့်။ သခင်ဘုရား၏ လေ့ကျင့်မှုနှင့်လမ်းညွှန်မှုအတိုင်း သူတို့ကို ဆုံးမသွန်သင်ပါ။’—ဧဖက် ၆:၄“Holman Christian Standard Bible.”

သုတေသီတို့ တွေ့ရှိခဲ့ရာ– ဖခင်တွေဟာ ခိုင်မာတဲ့ ဘာသာရေးယုံကြည်ချက်တွေ ဖော်ပြမယ်ဆိုရင် ဘယ်လိုအကျိုးရရှိမလဲ။ ၂၀၀၉ ခုနှစ်ထုတ် ဆောင်းပါးတစ်ပုဒ် (Fathers’ Religious Involvement and Early Childhood Behavior) မှာ ဒီလိုဖော်ပြထားတယ်– “ဘာသာရေးယုံကြည်ချက်ချင်းတူတဲ့ အသင်းအဖွဲ့ထဲမှာ ပါဝင်တဲ့ အမျိုးသားတွေဟာ ဖခင်ကောင်းတွေ ဖြစ်လာနိုင်စရာအကြောင်းရှိတယ်။ ဘာသာတရားက လူတစ်ဦးချင်းစီကို ဖေးမပေးတယ်လို့ ခံစားရစေတယ်။ ဘယ်လိုအသက်ရှင် နေထိုင်ရမလဲဆိုတာကိုလည်း သွန်သင်ပေးပြီး လမ်းညွှန်ပေးခြင်းအားဖြင့် စိတ်ချုပ်တည်းစေတယ်။”

သားသမီးတွေကို ပြုစုစောင့်ရှောက်ပြီး လေ့ကျင့်ပေးရာမှာ ဖခင်ရဲ့တာဝန်က အရေးကြီးတယ်ဆိုတာကို သမ္မာကျမ်းစာမှာ အထူးအလေးပေး ဖော်ပြထားတယ်။ (သု. ၄:၁သမ္မာ; ကောလောသဲ ၃:၂၁; ဟေဗြဲ ၁၂:၉) ဒါပေမဲ့ အဲဒီအချက်က ကနေ့ခေတ်နဲ့ သက်ဆိုင်ရဲ့လား။ ၂၀၀၉ ခုနှစ်မှာ ဖလော်ရီဒါတက္ကသိုလ်က ထုတ်ဝေခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖခင်တွေဟာ သားသမီးတွေအတွက် အရေးပါတယ်ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားတယ်။ ဖခင်တွေရဲ့ ပြုစုစောင့်ရှောက်မှုကို ကောင်းကောင်း ခံစားခဲ့ရတဲ့ ကလေးတွေဟာ စာနာထောက်ထားတတ်သူ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်သူတွေအဖြစ် ကြီးပြင်းလာဖို့အကြောင်း ပိုများတယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ သားယောက်ျားလေးတွေက ဆိုးပေတေဖို့အကြောင်း ပိုနည်းသွားပြီး သမီးမိန်းကလေးတွေကလည်း စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်ကောင်းမွန်ဖို့အကြောင်း ပိုများတယ်။ ကျမ်းစာအကြံပြုချက်က ကနေ့ထက်ထိ သက်ဆိုင်နေတုန်းပဲဆိုတာ သေချာပါတယ်။

မိခင်ရဲ့တာဝန်က ဘယ်လောက်အရေးပါသလဲ

သမ္မာကျမ်းစာ သွန်သင်ရာ– “အမိ၏သွန်သင်ခြင်းကိုလည်း မပယ်နှင့်။”—သု. ၁:၈၊ သမ္မာ။

သုတေသီတို့ တွေ့ရှိခဲ့ရာ– ၂၀၀၆ ခုနှစ်ထုတ် လက်စွဲစာအုပ်တစ်အုပ် (Handbook of Child Psychology) မှာ ဒီလိုဖော်ပြထားတယ်– “မိခင်တွေဟာ ကလေးတွေနဲ့ အပြန်အလှန် ပြောဆိုဆက်ဆံဖို့အတွက် အချိန်ပေးရာမှာ ပျမ်းမျှအားဖြင့် ၆၅% နဲ့ ၈၀% အကြားမှာရှိပြီး ဖခင်တွေ အချိန်ပေးတာထက် ပိုများတယ်။ နိုင်ငံအတော်များများမှာလည်း အဲဒီအချိုးအတိုင်းပါပဲ။” အဲလောက် အချိန်များများပေးတဲ့အတွက် မိခင်ရဲ့ ပြုမူပြောဆိုပုံနဲ့ သဘောထားတွေက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အများကြီး အကျိုးသက်ရောက်တယ်။

သားသမီးတွေကို ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း သင်ပေးရာမှာ မိဘနှစ်ပါးစလုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကလေးတွေဟာ အကျိုးကျေးဇူး အနည်းဆုံး နှစ်ခု ရရှိမှာဖြစ်တယ်။ ပထမ၊ ကလေးတွေဟာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖွဲ့ခွင့်ရပြီး အဲဒါက သူတို့ရဲ့ဘဝတစ်လျှောက်လုံးကို အကျိုးပြုမှာဖြစ်တယ်။ ဒုတိယ၊ အရေးကြီးတဲ့ပန်းတိုင်ကို ရောက်ရှိအောင် ဇနီးမောင်နှံနှစ်ယောက်စလုံး ဘယ်လိုပူးပေါင်းဆောင်ရွက်တယ်ဆိုတာကို ကလေးတွေက မျက်မြင်ကိုယ်တွေ့ သိရှိလာမယ်။ (ကောလောသဲ ၃:၁၈-၂၀) မိဘတွေကို တခြားသူတွေ အကူအညီပေးနိုင်ပေမဲ့လည်း ဘုရားသခင်အကြောင်း၊ မိသားစုကို ဘုရားသခင် ဘယ်လိုနေထိုင်စေချင်တဲ့အကြောင်း သားသမီးတွေကို သင်ပေးဖို့ မိဘတွေမှာပဲ တာဝန်ရှိပါတယ်။

ဒါပေမဲ့ မိဘတွေက သားသမီးတွေကို ဘယ်လိုသင်ပေးရင် ကောင်းမလဲ။ ဘယ်နည်းစနစ်က အထိရောက်ဆုံး ဖြစ်နိုင်မလဲ။