‘ဆုတောင်းစကားကို နားညောင်းတော်မူသောအရှင်’
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့
‘ဆုတောင်းစကားကို နားညောင်းတော်မူသောအရှင်’
၁ ရာဇဝင်ချုပ် ၄:၉၊ ၁၀ (သမ္မာ)
မိမိထံ အပ်နှံထားတဲ့ ဝတ်ပြုကိုးကွယ်သူတွေရဲ့ စိတ်ရင်းမှန်နဲ့ တောင်းတဲ့ဆုကို ယေဟောဝါဘုရားသခင် တကယ်ပဲ ဖြေကြားပေးပါသလား။ ယေဟောဝါဘုရားသခင်ဟာ တကယ်ပဲ ‘ဆုတောင်းစကားကို နားညောင်းတော်မူသောအရှင်’ ဖြစ်တယ်ဆိုတာကို ယာဗက်အမည်ရှိ မထင်မရှားလူတစ်ယောက်နဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းက ဖော်ပြပါတယ်။ (ဆာလံ ၆၅:၂၊ သမ္မာ) ရာဇဝင်ချုပ်ပထမစာစောင်ရဲ့ ဆွေစဉ်မျိုးဆက်စာရင်းတွေထဲမှာ မဆီမဆိုင် သူ့အကြောင်းအကျဉ်းချုပ်ကို ကြားဖြတ်ဖော်ပြထားတာက ထူးဆန်းနေတယ်။ ၁ ရာဇဝင်ချုပ် ၄:၉၊ ၁၀ ကို ဆန်းစစ်ကြည့်ကြပါစို့။
ယာဗက်အကြောင်းကို အဲဒီအခန်းငယ် နှစ်ခုကလွဲရင် တခြားဘယ်နေရာမှာမှ မတွေ့ရဘူး။ အခန်းငယ် ၉ အရ သူ့ရဲ့မိခင်က “‘ငါသည် ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကိုဖွားမြင်ရပြီ’ ဟုဆိုလျက် ယာဗက်အမည်ဖြင့်မှည့်၏။” * ဘာကြောင့် အဲဒီနာမည်မှည့်ခဲ့တာလဲ။ ဒီသားကို မွေးဖွားတုန်းက သာမန်ထက်ပိုပြီး သားဖွားဝေဒနာခံစားခဲ့ရလို့လား။ လူ့လောကကြီးထဲ ရောက်လာတဲ့ သားလေးကို ကြိုဆိုမယ့် ခင်ပွန်းသည်မရှိလို့ ဝမ်းနည်းပူဆွေးနေတဲ့ မုဆိုးမဖြစ်နေလို့လား။ ကျမ်းစာမှာ ဘာမှမပြောထားပါဘူး။ ဒါပေမဲ့ မိခင်ဖြစ်သူဟာ ဒီသားအတွက် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဂုဏ်ယူစရာအကြောင်း ပေါ်လာပါလိမ့်မယ်။ ယာဗက်ရဲ့ မွေးချင်းတွေဟာ ဖြောင့်မတ်သူတွေ ဖြစ်နိုင်တယ်။ အကြောင်းက ယာဗက်ဟာ “ညီအစ်ကိုချင်းတို့ထက်သာ၍ ဂုဏ်အသရေရ၏” လို့ဆိုထားလို့ပါ။
ယာဗက်ဟာ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတတ်တဲ့ အလေ့အထရှိသူ ဖြစ်တယ်။ သူ့ရဲ့ဆုတောင်းချက်ကို ဘုရားသခင့်ကောင်းချီး အသနားခံခြင်းနဲ့ အစပြုခဲ့တယ်။ အဲဒီနောက် သူ့မှာ ခိုင်ခံ့တဲ့ယုံကြည်ခြင်းရှိကြောင်း ပြသတဲ့အနေနဲ့ အချက်သုံးချက်ကို ဆက်တောင်းခံခဲ့တယ်။
ပထမဆုံး ဘုရားသခင်ကို ယာဗက်က “အကျွန်ုပ်မြေနယ်ကို ကျယ်ဝန်းစေတော်မူပါ” လို့တိုးလျှိုးတောင်းပန်ခဲ့တယ်။ (အခန်းငယ် ၁၀) ဂုဏ်အသရေရှိတဲ့ ဒီပုဂ္ဂိုလ်ဟာ သူတစ်ပါးပိုင်ဆိုင်ရာကို ငမ်းငမ်းတက်လိုချင်နေတဲ့ နယ်မြေလုယူသူတော့မဟုတ်ဘူး။ ထက်ထက်သန်သန် တောင်းလျှောက်နေတဲ့ သူ့ရဲ့ဆုတောင်းချက်က နယ်မြေထက် လူတွေနဲ့ ပိုပြီးသက်ဆိုင်နေတာ ဖြစ်ရမယ်။ စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူ ပိုများလာဖို့ သူရဲ့အရပ်ဒေသကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျယ်ဝန်းစေတော်မူပါလို့ တောင်းလျှောက်တာဖြစ်နိုင်တယ်။ *
ဒုတိယ၊ ဘုရားသခင့် “လက်တော်” သူနဲ့အတူရှိဖို့ ယာဗက် အသနားခံခဲ့တယ်။ ပုံဆောင်သဘောအရ ဘုရားသခင့်လက်တော်ဆိုတာ ကိုယ်တော်ရဲ့တန်ခိုးစွမ်းအားဖြစ်ပြီး ကိုယ်တော်အား ဝတ်ပြုကိုးကွယ်တဲ့သူတွေကို ကူညီရာမှာ အသုံးပြုလေ့ရှိတယ်။ (၁ ရာဇဝင်ချုပ် ၂၉:၁၂၊ သမ္မာ) ယာဗက်ဟာ ဇွဲနဲ့တောင်းတဲ့ သူ့ရဲ့ဆုတောင်းချက်တွေ တုံ့ပြန်ခံရဖို့ ဘုရားသခင်ကို အားကိုးတကြီး မျှော်လင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ မိမိအပေါ် ယုံကြည်ခြင်းရှိတဲ့သူတွေကို အစွမ်းခွန်အားပေးလို့ပါပဲ။—ဟေရှာယ ၅၉:၁။
တတိယ၊ ‘အကျွန်ုပ်သည် ဒုက္ခမခံရအောင် ဘေးဥပဒ်နှင့်ကင်းလွတ်ပါမည်အကြောင်း ကွယ်ကာစောင်မတော်မူပါ’ ဆိုပြီး ယာဗက်ဆုတောင်းခဲ့တယ်။ “ဒုက္ခမခံရအောင်” ဆိုတဲ့အသုံးအနှုန်းက ဘေးဥပဒ်နဲ့ကင်းလွတ်စေဖို့မဟုတ်ဘဲ မကောင်းမှုတွေကြောင့် ဝမ်းနည်းပက်လက်မဖြစ်အောင် ဒါမှမဟုတ် မျှော်လင့်ချက်ပျောက်ဆုံးပြီး ဘာမှမလုပ်ချင် မကိုင်ချင်တဲ့စိတ်မရှိအောင် ဆုတောင်းတာကို ပြောနေခြင်းဖြစ်တယ်။
ယာဗက်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးကို စိတ်ဝင်စားတယ်၊ ဆုတောင်းစကားကို နားညောင်းတဲ့အရှင်အပေါ် ယုံကြည်ကိုးစားတယ်ဆိုတာ သူ့ရဲ့ဆုတောင်းချက်က ဖော်ပြခဲ့တယ်။ ယေဟောဝါဘုရားသခင် ဘယ်လိုတုံ့ ပြန်ခဲ့သလဲ။ “တောင်းသောဆုကိုလည်း ဘုရားသခင်ပေးသနားတော်မူ၏” ဆိုပြီး မှတ်တမ်းအကျဉ်းကို နိဂုံးချုပ်ထားတယ်။
ဆုတောင်းစကားကို နားညောင်းတဲ့ဘုရားသခင်က မပြောင်းလဲပါဘူး။ မိမိကို ဝတ်ပြုကိုးကွယ်တဲ့သူတွေရဲ့ ဆုတောင်းချက်တွေကို ကိုယ်တော် နှစ်သက်ပါတယ်။ ကိုယ်တော်ကို ယုံကြည်အားထားတဲ့သူတွေဟာ ဒီကတိတော်ကို ယုံကြည်စိတ်ချနိုင်ပါတယ်- ‘အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူ၏။’—၁ ယောဟန် ၅:၁၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ယာဗက်ဟူသောအမည်သည် “နာကျင်မှုဝေဒနာ” ဟူ၍ အဓိပ္ပာယ်ရှိနိုင်သည့် ဝေါဟာရရင်းမြစ်မှ ဆင်းသက်လာသည်။
^ အပိုဒ်၊ 7 တာဂွမ်ဟုခေါ်သော ဂျူးတို့၏စကားပြေကျမ်းတွင် ယာဗက်၏စကားကို ဤသို့ပြန်ဆိုထားသည်– “ကျွန်ုပ်ကို ကလေးများဖြင့် ကောင်းချီးပေးတော်မူပါ၊ ကျွန်ုပ်၏နယ်မြေကို တပည့်များဖြင့် ကျယ်ဝန်းစေတော်မူပါ။”