မိသားစုပျော်ရွှင်မှုအတွက် သော့ချက်များ
အိမ်ထောင်သက် ပထမနှစ်ကို အောင်မြင်စွာ ဖြတ်သန်းခြင်း
ခင်ပွန်းသည်– “ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ဆီနဲ့ရေလို တခြားစီပဲ။ ဥပမာ၊ ကျွန်တော်က အိပ်ရာ စောစောထတဲ့ အကျင့်ရှိတယ်။ သူကတော့ အိပ်ပုပ်ကြီးတယ်။ သူ့စိတ် အပြောင်းအလဲမြန်တာကို ကျွန်တော် နားမလည်နိုင်ဘူး။ ပြီးတော့ ကျွန်တော် မီးဖိုချောင်ဝင်တိုင်း အရမ်းအပြစ်ရှာတယ်။ အထူးသဖြင့် ပန်းကန်သုတ်အဝတ်နဲ့ လက်သုတ်တာကို သူ မကြိုက်ဘူး။”
ဇနီးသည်– “ကျွန်မယောက်ျားက အရမ်းစကားနည်းတယ်။ ကျွန်မကတော့ စကားအရမ်းပြောတဲ့ မိသားစုနောက်ခံက လာတာ။ ကျွန်မရဲ့မိသားစုက အထူးသဖြင့် ထမင်းစားချိန်မှာ စကားပြောလိုက်ကြတာ ညံနေတာပဲ။ ကျွန်မယောက်ျား မီးဖိုချောင်ဝင်ချိန်မှာ ပန်းကန်သုတ်အဝတ်နဲ့ သူ့လက်ကို သုတ်တယ်။ အဲဒါကို ကျွန်မ လုံးဝမကြိုက်ဘူး။ ယောက်ျားတွေကို နားလည်ရခက်ပါဘိ။ သူများတွေရဲ့ အိမ်ထောင်ရေးကျတော့ အဆင်ပြေနေလိုက်ကြတာ။”
သင်သည် လက်ထပ်ပြီးခါစဆိုရင် အဲဒီလို အခက်အခဲမျိုး ကြုံတွေ့နေရပြီလား။ လက်ထပ်ပြီးမှ သူ့ဆီမှာ အရင်က မတွေ့ခဲ့ရတဲ့ အားနည်းချက်တွေ ဗြုန်းစားကြီး ပေါ်လာနေပြီလား။ “အိမ်ထောင်သည်များ နေ့စဉ် ကြုံတွေ့ကြရမည့် အိမ်ထောင်ရေးပြဿနာများကို” ဘယ်လို လျော့နည်းစေနိုင်သလဲ။—၁ ကောရိန္သု ၇:၂၈၊ Today’s English Version.
အိမ်ထောင်ပြုလိုက်တာနဲ့ အိမ်ထောင်သည်ဘဝကို သင်အောင်မြင်စွာ ထူထောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ အိမ်ထောင်မပြုခင်က လူတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ခဲ့ပြီး သင်တို့ ပိုးပန်းနေချိန်မှာလည်း နှစ်ဦးသား ဆက်ဆံရေး ပြေလည်ခဲ့ကြမှာပဲ။ ဒါပေမဲ့ အိမ်ထောင်သည်ဘဝကို ရောက်တဲ့အခါ အရင်ကအတိုင်း မဟုတ်ဘဲ ပုံစံတစ်မျိုးနဲ့ ပြုမူဆက်ဆံရတော့မယ့်အပြင် ဆက်ဆံရေးနည်းသစ်တွေလည်း သင်ယူဖို့လိုမှာ ဖြစ်ပါတယ်။ အမှားတွေ သင် လုပ်မိနိုင်သလား။ လုပ်မိမှာ သေချာတာပေါ့။ အိမ်ထောင်ရေးကို တိုးတက်စေမယ့် နည်းလမ်းအသစ်တွေ ရရှိနိုင်သလား။ ရရှိနိုင်ပါတယ်။
သင့်အိမ်ထောင်ရေးကို တိုးတက်စေမယ့် အကောင်းဆုံးနည်းကတော့ အိမ်ထောင်ရေးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး သူပေးတဲ့ အကြံဉာဏ်တွေကို လိုက်နာကျင့်သုံးဖို့ဖြစ်တယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကျွမ်းကျင်ဆုံး ပုဂ္ဂိုလ်ကတော့ ယေဟောဝါဘုရားသခင်ပါ။ ဘုရားသခင်က အိမ်ထောင်ပြုလိုတဲ့ဆန္ဒနဲ့ ကျွန်ုပ်တို့ကို ဖန်ဆင်းထားတယ်။ (ကမ္ဘာဦး ၂:၂၂-၂၄) အခက်အခဲတွေကို အောင်မြင်စွာ ကျော်ဖြတ်ပြီး သင့်အိမ်ထောင်ကို သေတစ်ပန်သက်တစ်ဆုံး ခိုင်မြဲအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။
နည်းလမ်း ၁။ အတူတကွ တိုင်ပင်ဆွေးနွေးတတ်ဖို့ သင်ယူပါ
အခက်အခဲတွေက ဘာလဲ။
တစ်ခါတလေ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေက ဇနီးသည်ကို စိတ်ထိခိုက်စေတယ်ဆိုတာ ဂျပန်လူမျိုး * မေ့သွားတယ်။ “ကျွန်တော့်ဇနီးနဲ့ မတိုင်ပင်ဘဲ ဖိတ်ကြားချက်တွေကို လက်ခံတတ်တယ်။ အဲလိုလက်ခံတာက သူ့အတွက် အဆင်မပြေဘူးဆိုတာကို နောက်ပိုင်းမှ သိလာရတယ်” လို့ကေဂျီက ပြောပြတယ်။ ဩစတြေးလျနိုင်ငံက အယ်လန်ဆိုတဲ့ ခင်ပွန်းသည်က ဒီလိုပြောပြတယ်– “ဘာပဲလုပ်လုပ် ကိုယ့်ဇနီးနဲ့ တိုင်ပင်ဖို့ဆိုတာ ယောက်ျားတွေရဲ့အလုပ် မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။” ၎င်းရဲ့နောက်ခံကြောင့် အဲသည်လို ယူဆခြင်းဖြစ်နိုင်တယ်။ ဗြိတိန်နိုင်ငံက ဒိုင်ယမ်းကလည်း အဲသည်လို ယူဆတယ်။ “ကျွန်မမိသားစုဆီက ကျွန်မ အကြံဉာဏ်တောင်းနေကျ။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာကို ခင်ပွန်းနဲ့ မတိုင်ပင်ဘဲ ကျွန်မမိသားစုနဲ့ အရင်ဆုံး တိုင်ပင်တယ်” လို့ဒိုင်ယမ်းက ပြောပြတယ်။
ဖြစ်တဲ့ ကေဂျီဖြေရှင်းနည်းက ဘာလဲ။
လက်ထပ်ထားတဲ့ ဇနီးမောင်နှံက “တစ်သားတစ်ကိုယ်တည်း” ဖြစ်တယ်လို့ ယေဟောဝါဘုရားသခင် ရှုမြင်တယ်။ (မဿဲ ၁၉:၃-၆) ဇနီးမောင်နှံကြားမှာရှိတဲ့ ဆက်ဆံရေးက တခြားလူမှုဆက်ဆံရေးထက် ပိုပြီးအရေးကြီးတယ်လို့ ဘုရားသခင် ရှုမြင်တယ်။ အဲသည်ဆက်ဆံရေးကို ခိုင်မြဲစေဖို့အတွက် ဆက်သွယ်ရေးကောင်းရှိဖို့ အရေးကြီးတယ်။
ယေဟောဝါဘုရားသခင်နဲ့ အာဗြဟံတို့ ဆက်သွယ်ပြောဆိုကြပုံကို ဆန်းစစ်ကြည့်ပြီး အဲဒီကနေ ဇနီးမောင်နှံတွေ အများကြီး သင်ယူနိုင်တယ်။ ဥပမာ၊ ကမ္ဘာဦး ၁၈:၁၇-၃၃ မှာဖော်ပြထားတဲ့ အပြန်အလှန်စကားပြောခန်းကို ကျေးဇူးပြုပြီး ဖတ်ကြည့်ပါ။ အာဗြဟံကို နည်းသုံးနည်းနဲ့ ဘုရားသခင် ဂုဏ်တင်ခဲ့တာကို သတိပြုကြည့်ပါ။ (၁) လုပ်တော့မယ့်အရာတွေကို ဘုရားသခင် ကြိုပြောပြတယ်။ (၂) အာဗြဟံက သူ့အမြင်ကို ပြောပြတဲ့အခါ ဘုရားသခင် နားထောင်ပေးတယ်။ (၃) ဘုရားသခင်က သူ့ရဲ့လုပ်ဆောင်ချက်ကို အာဗြဟံရဲ့ တောင်းဆိုချက်နဲ့အညီ အတတ်နိုင်ဆုံး ညှိပေးတယ်။ ဒီစံနမူနာအတိုင်း သင့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်ဆွေးနွေးနိုင်မလား။
ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ဖက်ကို ထိခိုက်စေနိုင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးတဲ့အခါ (၁) အခြေအနေကို ဘယ်လို ကိုင်တွယ်ချင်တယ်ဆိုတဲ့အကြောင်း ရှင်းပြပါ။ ဒါပေမဲ့ သင့်ရဲ့အကြံအစည်တွေကို အပြီးသတ် ဆုံးဖြတ်ချက်အဖြစ် ဒါမှမဟုတ် ရာဇသံပေးတဲ့အနေနဲ့ မဟုတ်ဘဲ အကြံဉာဏ်ပေးတဲ့ ပုံစံအဖြစ် တင်ပြပါ။ (၂) ကိုယ့်အိမ်ထောင်ဖက်ရဲ့ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြဖို့ တောင်းဆိုပြီး သူ့ဆီမှာ ကိုယ်နဲ့မတူတဲ့အမြင် ရှိတယ်ဆိုတာ အသိအမှတ်ပြုပါ။ (၃) ကိုယ့်အိမ်ထောင်ဖက်ရဲ့ အကြိုက်ကို အတတ်နိုင်ဆုံး လိုက်လျောပေးခြင်းအားဖြင့် ‘သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို ထင်ရှားစေပါ။’—ဖိလိပ္ပိ ၄:၅။
နည်းလမ်း ၂။ လိမ္မာပါးနပ်မှုရှိဖို့ သင်ယူပါ
အခက်အခဲက ဘာလဲ။
မိသားစု ဒါမှမဟုတ် ယဉ်ကျေးမှုနောက်ခံကြောင့် ကိုယ့်အယူအဆကို ပြတ်ပြတ်သားသား ဘွင်းဘွင်းပြောတတ်တဲ့အကျင့် သင့်မှာ ရှိနိုင်တယ်။ ဥပမာ၊ ဥရောပနိုင်ငံတစ်နိုင်ငံမှာ နေထိုင်တဲ့ လီအမ်းက ဒီလိုပြောပြတယ်– “ကျွန်တော်တို့ရဲ့ အသိုင်းအဝိုင်းက စကားပြောရင် ဘွင်းဘွင်းပြောတတ်တယ်။ ဒါကြောင့် ကျွန်တော်ပြောချင်ရာကို ဘွင်းဘွင်းပြောချတတ်တဲ့အတွက် ကျွန်တော့်ဇနီး ခဏခဏ စိတ်မကောင်းဖြစ်ရတယ်။ စကားကို ချိုချိုသာသာပြောဖို့ ကျွန်တော် သင်ယူခဲ့ရတယ်။”
ဖြေရှင်းနည်းက ဘာလဲ။
သင့်အိမ်ထောင်ဖက်က သင်ပြောတတ်တဲ့အတိုင်း လိုက်ပြောလိမ့်မယ်လို့ မယူဆပါနဲ့။ (ဖိလိပ္ပိ ၂:၃၊ ၄) ခရစ်ယာန်သာသနာပြုတစ်ယောက်ကို တမန်တော်ပေါလုပေးခဲ့တဲ့ အကြံဉာဏ်က ကြင်စဦးဇနီးမောင်နှံတွေကိုလည်း အထောက်အကူပြုပါတယ်။ ‘သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ သိမ်မွေ့သောသူ’ ဖြစ်ရမယ်လို့ တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ (၂ တိမောသေ ၂:၂၄) သိမ်မွေ့ပါလို့ ပြောတဲ့အခါ လိမ္မာပါးနပ်မှုရှိပါလို့လည်း ဆိုလိုနိုင်တယ်။ အခြေအနေတစ်ရပ်ကို ကိုင်တွယ်တဲ့အခါ စိတ်ဆိုးစရာအကြောင်းကို သတိနဲ့ရှောင်ပြီး ကြင်ကြင်နာနာနဲ့ ဖြေရှင်းနိုင်တဲ့အစွမ်းကို လိမ္မာပါးနပ်မှုလို့ခေါ်တယ်။
ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ဖက်ကို စိတ်ဆိုးနေတဲ့အခါ သူ့ကိုမဟုတ်ဘဲ သင့်မိတ်ဆွေ ဒါမှမဟုတ် သင့်အလုပ်ရှင်နဲ့ စကားပြောဆိုနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ သူတို့နဲ့စကားပြောတဲ့အခါ သင့်အိမ်ထောင်ဖက်ကိုပြောတဲ့ လေသံအတိုင်း ပြောမှာလား ဒါမှမဟုတ် သူ့ကိုပြောခဲ့တဲ့စကားတွေကို ထည့်ပြောနေမှာလား။ သင့်မိတ်ဆွေ၊ သင့်အလုပ်ရှင်ထက် သင့်အိမ်ထောင်ဖက်ကို စကားအလိမ္မာသုံးပြီး လေးလေးစားစားနဲ့ ပြောဆိုဆက်ဆံသင့်တဲ့ အကြောင်းရင်းတွေကို စဉ်းစားကြည့်ပါ။—ကောလောသဲ ၄:၆။
နည်းလမ်း ၃။ အခြေအနေသစ်နဲ့ လိုက်လျောညီထွေတတ်အောင် သင်ယူပါ
အခက်အခဲက ဘာလဲ။
အစပိုင်းမှာ ခင်ပွန်းသည်က အိမ်ထောင်ဦးစီးဆိုတဲ့ တာဝန်နဲ့ အထိုင်မကျဘဲ ကိုးရိုးကားရား ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ဇနီးသည်ကလည်း လိမ္မာပါးနပ်စွာ အကြံမပေးတတ်ဘဲ ဖြစ်နေနိုင်တယ်။ ဥပမာ၊ အီတလီနိုင်ငံက အန်တိုနီယိုဆိုတဲ့ ခင်ပွန်းသည်က ဒီလိုပြောပြတယ်– “ကျွန်တော့်အဖေက မိသားစုအရေးကိစ္စတွေကို အမေနဲ့ တစ်ခါမှ မတိုင်ပင်ဘဲ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချတတ်တယ်။ ဒါကြောင့် ကျွန်တော်လည်း အစပိုင်းမှာ မိသားစုအပေါ် အာဏာရှင်လို ပြုမူဆက်ဆံခဲ့တယ်။” ကနေဒါနိုင်ငံက ဒယ်ဘီဆိုတဲ့ ဇနီးသည်ကလည်း ဒီလိုပြောပြတယ်– “ကျွန်မခင်ပွန်းကို သေသေသပ်သပ်နဲ့ စနစ်တကျလုပ်တတ်ဖို့ ပြောပြတယ်။ ဒါပေမဲ့ ကျွန်မက ဆရာကြီးစတိုင်နဲ့ သွားပြောတော့ သူပိုဆိုးသွားရော။ ပိုလို့တောင် ခေါင်းကြောမာလာတယ်။”
ခင်ပွန်းသည်အတွက် ဖြေရှင်းနည်းက ဘာလဲ။
ခင်ပွန်းသည်တချို့က ဇနီးသည်များ လက်အောက်ခံရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို သားသမီးများ မိဘစကားကို နားထောင်ရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်နဲ့ ရောထွေးတတ်ကြတယ်။ (ကောလောသဲ ၃:၂၀; ၁ ပေတရု ၃:၁) ဒါပေမဲ့ ကျမ်းစာမှာ ပြောထားတာက ခင်ပွန်းသည်တစ်ဦးဟာ “မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” လို့ပြောထားတယ်။ မိဘနဲ့သားသမီး အရေးကိစ္စမှာတော့ အဲသည်လိုမဟုတ်ဘူး။ (မဿဲ ၁၉:၅) ဇနီးသည်က ခင်ပွန်းသည်ရဲ့ အထောက်အမဖြစ်တယ်လို့ ဘုရားသခင် ဖော်ပြခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) ဒါပေမဲ့ ကလေးတစ်ဦးက မိဘရဲ့အထောက်အမလို့ တစ်ခါမှ မဖော်ပြခဲ့ဘူး။ ခင်ပွန်းသည်က သူ့ဇနီးကို ကလေးလိုဆက်ဆံမယ်ဆိုရင် အိမ်ထောင်အစီအစဉ်ကို ဂုဏ်တင်ရာရောက်မလား။
တကယ်ဆိုရင် ခရစ်ယာန်အသင်းတော်ကို ယေရှုဆက်ဆံသလို ကိုယ့်ဇနီးကို ဆက်ဆံသင့်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အကယ်၍ (၁) သင့်ရဲ့ ဦးစီးမှုကို ဇနီးသည်က အပြည့်အဝ လက်အောက်ခံဖို့ သင် ချက်ချင်း မမျှော်လင့်ဘူးဆိုရင် (၂) အခက်အခဲတွေ ပေါ်လာသည့်တိုင် သင့်ကိုယ်ကိုယ်ချစ်သလို သင့်ဇနီးကို ချစ်မယ်ဆိုရင် သင့်ဇနီးက သင်ရဲ့ ဦးစီးမှုကို အလွယ်တကူ လက်အောက်ခံလာမှာပါ။—ဧဖက် ၅:၂၅-၂၉။
ဇနီးသည်အတွက် ဖြေရှင်းနည်းက ဘာလဲ။
အခုချိန်မှာ သင့်ခင်ပွန်းက ဘုရားသခင် ခန့်အပ်ထားတဲ့ သင့်ဦးခေါင်းဖြစ်နေပြီဆိုတာကို အသိအမှတ်ပြုပါ။ (၁ ကောရိန္သု ၁၁:၃) သင့်ခင်ပွန်းကို သင်ဂုဏ်တင်တာက ဘုရားသခင်ကို ဂုဏ်တင်တာနဲ့ အတူတူပဲ။ ခင်ပွန်းသည်ရဲ့ ဦးစီးမှုကို သင်ငြင်းပယ်တာက သူ့ကိုပဲ မဟုတ်ဘူး၊ ဘုရားသခင်နဲ့ ကိုယ်တော့်တောင်းဆိုချက်တွေကိုပါ ငြင်းပယ်တာနဲ့ အတူတူပဲ။—ကောလောသဲ ၃:၁၈။
ပြဿနာတွေကို ဆွေးနွေးတဲ့အခါ ခင်ပွန်းသည်ရဲ့ စရိုက်ကိုမဟုတ်ဘဲ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ သင်ယူပါ။ ဥပမာ၊ မိဖုရားဧသတာက မတရားမှုတစ်ခုကို သူ့ခင်ပွန်းဖြစ်တဲ့ ဘုရင်အာရွှေရုကို နည်းမှန်လမ်းကျနဲ့ ကိုင်တွယ်ဖြေရှင်းစေချင်တယ်။ ဒါနဲ့ ဘုရင်ကို အပြစ်တင်မယ့်အစား အလိမ္မာသုံးပြီး စကားပြောခဲ့တယ်။ နောက်ဆုံး ဘုရင်က သူ့အကြံပြုချက်ကို လက်ခံပြီး မတရားမှုကို နည်းမှန်လမ်းကျ ကိုင်တွယ်ဖြေရှင်းပေးခဲ့တယ်။ (ဧသတာ ၇:၁-၄; ၈:၃-၈) အကယ်၍ (၁) သင်က သင့်ခင်ပွန်းကို အိမ်ထောင်ဦးစီးအဖြစ် ကောင်းစွာလုပ်ဆောင်နိုင်တဲ့အထိ အချိန်ပေးမယ်ဆိုရင် (၂) သူအမှားလုပ်ရင်တောင် သူ့ကို လေးလေးစားစား ဆက်ဆံမယ်ဆိုရင် သင့်ခင်ပွန်းက သင့်ကို ပိုချစ်လာမှာပါ။—ဧဖက် ၅:၃၃။
ဒီနည်းကို စမ်းကြည့်ပါ– သင့်အိမ်ထောင်ဖက်က ဘာတွေ ပြောင်းလဲသင့်တယ်ဆိုတာထက် ကိုယ့်ဘက်က ဘာတွေ ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာကို စာရင်းပြုစုထားပါ။ ခင်ပွန်းသည်တွေ၊ ကိုယ့်ရဲ့ ဦးစီးပုံကြောင့် သင့်ဇနီးဖြစ်သူ စိတ်ထိခိုက်သွားတဲ့အခါ သင့်အပိုင်းကို ဘယ်လို တိုးတက်စေချင်သလဲလို့ ဇနီးဖြစ်သူကို မေးမြန်းပြီး အကြံပြုချက်ကို ချရေးပါ။ ဇနီးသည်တွေ၊ ကိုယ့်ခင်ပွန်းကို မရိုမသေလုပ်တယ်ဆိုပြီး သူတို့ ခံစားသွားတဲ့အခါ သင့်အပိုင်းကို ဘယ်လို တိုးတက်စေချင်သလဲလို့ ခင်ပွန်းဖြစ်သူကို မေးမြန်းပြီး အကြံပြုချက်ကို ချရေးပါ။
အကျိုးသင့်အကြောင်းသင့်ရှိရှိ မျှော်လင့်ပါ
ပျော်ရွှင်ပြီး ဟန်ချက်ညီတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ သင်ယူတာက စက်ဘီးစီးသင်တာနဲ့တူတယ်။ စက်ဘီးစီးကျွမ်းကျင်လာဖို့ဆိုရင် စက်ဘီးခဏခဏမှောက်ပြီး ထိခိုက်ဒဏ်ရာရမယ်ဆိုတာကို မျှော်လင့်ထားရမယ်။ အဲသည်လိုပဲ အိမ်ထောင်ရေး အောင်မြင်ဖို့ဆိုရင် ပြဿနာတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာ မျှော်လင့်ထားရမယ်။
ဟာသဉာဏ်ရှိပါ။ သင့်အိမ်ထောင်ဖက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးအနက်ထားပြီး အမှားလုပ်မိရင်လည်း ရယ်စရာလုပ်ပစ်လိုက်ပါ။ သင်တို့ရဲ့ အိမ်ထောင်သက် ပထမနှစ်အတွင်း သင့်အိမ်ထောင်ဖက် ပျော်ရွှင်အောင်လုပ်နိုင်တဲ့ အခွင့်အရေးတွေကို လက်မလွတ်တမ်း အသုံးချပါ။ (တရားဟောရာ ၂၄:၅) အဲဒါတွေထက် သင်တို့ရဲ့ ဆက်ဆံရေးကို သမ္မာကျမ်းစာနဲ့ လမ်းညွှန်ပေးပါ။ အဲသည်လိုလုပ်မယ်ဆိုရင် သင်တို့ရဲ့ အိမ်ထောင်ရေးနှောင်ကြိုးက တစ်နှစ်ပြီးတစ်နှစ် ခိုင်မြဲသည်ထက် ခိုင်မြဲလာမှာဖြစ်ပါတယ်။
^ အပိုဒ်၊ 9 အမည်တချို့ကို ပြောင်းထားပါသည်။
သင့်ကိုယ်သင် ဒီလိုမေးပါ . . .
-
ငါ့ရဲ့အိမ်ထောင်ဖက်က ငါ့ရဲ့ အရင်းနှီးဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်လား။ ဒါမှမဟုတ် တခြားသူတွေနဲ့ တိုင်ပင်ရတာကို ငါပိုနှစ်သက်သလား။
-
ငါ့ရဲ့ အိမ်ထောင်ဖက်ကို ချစ်ကြောင်း၊ လေးစားကြောင်း တစ်နေ့တာအတွင်း ဘယ်လိုပြုမူဆက်ဆံခဲ့သလဲ။