သမ္မာကျမ်းစာ—ယနေ့ထိတိုင် ကျန်ရှိနေသော ထူးခြားသည့်မှတ်တမ်း
သမ္မာကျမ်းစာသည် သမိုင်းတွင် အဖြန့်ဝေရဆုံး စာအုပ် ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ကျမ်းစာအုပ်ပေါင်း ၄.၈ ဘီလီယံကို ဖြန့်ဝေခဲ့ပြီ။ ၂၀၀၇ ခုနှစ် တစ်နှစ်တည်းမှာပင် ကျမ်းစာအုပ်ပေါင်း ၆၄,၆၀၀,၀၀၀ ကျော် ထုတ်ဝေခဲ့သည်။ ထိုပမာဏကို သုံးသပ်ကြည့်နိုင်ရန် အမေရိကန်နိုင်ငံတွင် ထိုနှစ်၏ အရောင်းရဆုံး စိတ်ကူးယဉ်ဝတ္ထုကို ဦးဆုံးအကြိမ် ၁၂ သန်းထုတ်ဝေခဲ့ရာ ယင်းနှင့် နှိုင်းယှဉ်ကြည့်ပါ။
သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် အထုတ်ဝေရဆုံးစာအုပ်မဖြစ်မီ အန္တရာယ်အမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရ၏။ သမိုင်းတစ်လျှောက်တွင် သမ္မာကျမ်းစာကို ပိတ်ပင်တားဆီးကာ မီးရှို့ခဲ့ကြသည်။ ၎င်းကို ဘာသာပြန်ဆိုမည့်သူများအား ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြသည်။ သို့သော် သမ္မာကျမ်းစာ ဆက်တည်ရှိရန် ကျော်ဖြတ်ခဲ့ရသည့် အကြီးမားဆုံး အန္တရာယ်တစ်ခုမှာ ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်း မဟုတ်ဘဲ တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။
သမ္မာကျမ်းစာသည် ကျမ်းစာစောင်ငယ် ၆၆ စောင်ကို စုစည်းထားခြင်း ဖြစ်သည်။ ထိုကျမ်းစာစောင်များအနက် ရှေးအကျဆုံးစာစောင်များကို လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ကျော်က အစ္စရေးအမျိုးသားများ ရေးသားခဲ့သည်။ မူရင်းကျမ်းရေးသူများနှင့် ကျမ်းကူးသူများသည် သန့်ရှင်းသောစွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထားသော သတင်းစကားကို ပါပိုင်းရတ်စ်ဟုခေါ်သော ကျူစက္ကူများနှင့် သားရေတို့ကဲ့သို့သော ပျက်စီးလွယ်သည့် အရာများပေါ်တွင် မှတ်တမ်းတင်ခဲ့ကြသည်။ သို့သော် မူရင်းစာစောင်တစ်ခုကိုမျှ ယခု ရှာမတွေ့တော့ချေ။ ကျမ်းစာစောင်များ၏ ရှေးမိတ္တူ အပိုင်းအစ အကြီးအငယ် ထောင်ပေါင်းများစွာကိုမူ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုမိတ္တူစာစောင်များထဲမှ ယောဟန်ခရစ်ဝင်ကျမ်း၏ အပိုင်းအစတစ်ခုသည် တမန်တော်ယောဟန် ရေးသားသော မူရင်းစာစောင်နှင့် ဆယ်စုနှစ်အနည်းငယ်သာ ကွာဟသည်။
“ဟေဗြဲကျမ်းစာစောင်များ၏ ဆင့်ပွားကျမ်းသည် ဂရိနှင့် လက်တင်တို့၏ ရှေးဟောင်း စာပေများနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အလွန်တရာ တိကျမှန်ကန်မှုရှိ၏။” —ပါမောက္ခ ဟူလ်ယို ထရီဘိုယာ ဘာရီရာ
သမ္မာကျမ်းစာ၏ မိတ္တူများ ယနေ့ထိတိုင် ကျန်ရှိနေခြင်းသည် အဘယ်ကြောင့် ထူးခြားသနည်း။ မျက်မှောက်ခေတ် သမ္မာကျမ်းစာများသည် မူရင်းကျမ်းရေးသူများ မှတ်တမ်းတင်ခဲ့သော သတင်းစကားကို မည်မျှတိကျမှန်ကန်စွာ ပြန်ဆိုထားသနည်း။
ရှေးခေတ်အခြားစာပေများ မည်သို့ဖြစ်သွားသနည်း
အစ္စရေးလူမျိုး၏ ခေတ်ပြိုင်လူမျိုးများ ရေးခဲ့သော စာပေများ မည်သို့ ဖြစ်သွားသည်ကို သုံးသပ်ကြည့်လျှင် သမ္မာကျမ်းစာ ယနေ့တိုင် ကျန်ရှိနေခြင်းသည် အလွန်အံ့သြစရာကောင်း၏။ ဥပမာ၊ ဘီစီပထမထောင်စုနှစ်အတွင်း ဖိုနီးရှားတို့သည် အစ္စရေးတို့၏ အိမ်နီးချင်းနိုင်ငံသားများ ဖြစ်ကြသည်။ အဆိုပါ ပင်လယ်ကုန်သည်များသည် မြေထဲပင်လယ်တစ်လျှောက်တွင် သူတို့၏ အက္ခရာစဉ် ရေးသားနည်းကို ပျံ့နှံ့စေခဲ့သည်။ ထို့ပြင် အီဂျစ်နှင့် ဂရိနိုင်ငံတို့တွင် ကျူစက္ကူများကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ရာတွင်လည်း သူတို့ အမြတ်အစွန်း ရခဲ့သည်။ ထိုသို့ဖြစ်နေသည့်တိုင် “ပျက်စီးလွယ်သည့် ကျူစက္ကူများတွင် အများအားဖြင့် ရေးသားခဲ့သော သူတို့၏ စာပေများသည် တစ်စစီ ပျက်စီးသွားသည်။ ထို့ကြောင့် ဖိုနီးရှားလူတို့အကြောင်းကို သူတို့ရန်သူများ၏ မဟုတ်မမှန် သတင်းများမှသာ သိရှိရသည်။ မှတ်တမ်းအရ ဖိုနီးရှားလူတို့တွင် အရေးပါသည့် စာပေများစွာ ရှိသော်လည်း ၎င်းတို့သည် လွန်ခဲ့သောနှစ်များစွာကတည်းက လုံးဝပျောက်ဆုံးသွားခဲ့ပြီ” ဟု နေရှင်နယ် ဂျီအိုဂရပ်ဖစ် မဂ္ဂဇင်းက ဖော်ပြသည်။
ရှေးခေတ် အီဂျစ်စာပေများနှင့်ပတ်သက်၍ကော အသို့နည်း။ ဗိမာန်၏ နံရံများနှင့် အခြားနေရာများတွင် သူတို့ ထွင်းထု၊ ရေးဆွဲထားသည့် အရုပ်စာများကို လူသိများကြသည်။ ထို့ပြင် အီဂျစ်လူတို့သည် စာရေးကိရိယာဖြစ်သည့် ကျူစက္ကူများ ထုတ်လုပ်ခြင်းတွင်လည်း နာမည်ကျော်သည်။ သို့သော် ကျူစက္ကူများတွင် ရေးသားထားသော အီဂျစ်မှတ်တမ်းများနှင့်စပ်လျဉ်း၍ အီဂျစ်သုတေသီ ကေ. အေ. ကစ်ချင်းက ဤသို့ဆို၏– “ဘီစီ ၃၀၀၀ ခန့်မှစ၍ ဂရိ-ရောမ ပေါ်ထွန်းချိန်အထိ ရေးသားခဲ့သမျှ ကျူစက္ကူအားလုံး၏ ၉၉ ရာခိုင်နှုန်းခန့်သည် လုံးလုံးပျက်စီးသွားခဲ့ပြီဟု ခန့်မှန်းရသည်။”
ကျူစက္ကူများတွင် ရေးသားခဲ့ကြသော ရောမမှတ်တမ်းများကော အသို့နည်း။ ဤဥပမာကို သုံးသပ်ကြည့်ပါ။ ကျူစက္ကူပေါ်မှ ရောမစစ်မှတ်တမ်းများ စာအုပ်အရ ရောမစစ်သားများသည် တစ်နှစ်လျှင် သုံးကြိမ် လစာရရှိပုံရပြီး လစာဘောက်ချာများကို ကျူစက္ကူများဖြင့် ပြုလုပ်ထားသည်ဟု ဆို၏။ ရောမဧကရာဇ်များဖြစ်သော ဩဂတ်စ်တပ်စ် (ဘီစီ ၂၇–အေဒီ ၁၄) မှ ဒိုင်အိုကလစ်လျှံ (အေဒီ ၂၈၄-၃၀၅) အထိ နှစ်ပေါင်း ၃၀၀ အတွင်း လစာဘောက်ချာပေါင်း ၂၂၅,၀၀၀,၀၀၀ ရှိခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းတို့ မည်မျှကျန်ရှိခဲ့သနည်း။ ရှင်းရှင်းလင်းလင်း ဖတ်နိုင်သော ဘောက်ချာနှစ်ခုသာ ကျန်ရှိတော့သည်။
ကျူစက္ကူပေါ် ရေးထားသော ရှေးခေတ်စာပေများသည် အဘယ်ကြောင့် အနည်းငယ်မျှသာ ကျန်ရစ်ခဲ့သနည်း။ ကျူစက္ကူများနှင့် အသုံးများသော စာရေးကိရိယာ နောက်တစ်ခုဖြစ်သည့် သားရေကဲ့သို့သော ပျက်စီးလွယ်သည့် ပစ္စည်းများသည် စိုထိုင်းရာသီတွင် အလျင်အမြန် ဆွေးမြေ့ပျက်စီးသွားသည်။ ကျမ်းစာအဘိဓာန်တစ်အုပ်က ဤသို့ဆိုသည်– “ရာသီဥတုကြောင့် ထိုအချိန် (ဘီစီ ပထမ ထောင်စုနှစ်) က ကျူစာပေများကို ခြောက်သွေ့သော သဲကန္တာရနှင့် ဥမင်လိုဏ်ခေါင်း သို့မဟုတ် အမိုးအကာ အောက်များတွင် ထားရှိမှသာ ကြာရှည်ခံနိုင်မည် ဖြစ်သည်။”—The Anchor Bible Dictionary.
သမ္မာကျမ်းစာနှင့်ပတ်သက်၍ကော မည်သို့နည်း
မူရင်း သမ္မာကျမ်းစာစောင်များကိုလည်း ဖိုနီးရှား၊ အီဂျစ်နှင့် ရောမတို့ အသုံးပြုခဲ့သော ပျက်စီးလွယ်သည့် စာရေးကိရိယာများတွင် ရေးသားကြောင်း သိသာထင်ရှားသည်။ သို့ဖြစ်လျှင် သမ္မာကျမ်းစာတွင် ပါရှိသော အကြောင်းအရာများသည် ယနေ့ ကမ္ဘာပေါ်တွင် အထုတ်ဝေရဆုံး စာအုပ်အဖြစ် အဘယ်ကြောင့် ကျန်ရှိသနည်း။ အကြောင်းရင်းတစ်ခုမှာ မူရင်းကျမ်းစာစောင်များကို “ရေးသားချိန်အတွင်း၌ပင် အကြိမ်ပေါင်းများစွာ” ကူးရေးခဲ့ကြသည်ဟု ပါမောက္ခ ဂျိမ်းစ် အယ်လ်. ခူဂိုလ်က ဖော်ပြခဲ့သည်။
မျက်မှောက်ခေတ် ဘာသာပြန်ကျမ်းစာများနှင့် ရှေးခေတ်လက်ရေးစာမူများကို မည်သို့ နှိုင်းယှဉ်ကြည့်မည်နည်း။ ပင်လယ်သေစာလိပ်များဟူ၍ လူသိများသည့် ရှေးခေတ် လက်ရေးစာမူများကို လေ့လာပြီး ထုတ်ဝေမှုကို တာဝန်ယူရသော ပညာရှင်အဖွဲ့ဝင် ပါမောက္ခ ဟူလ်ယို ထရီဘိုယာ ဘာရီရာက ဤသို့ဆိုသည်– “ဟေဗြဲကျမ်းစာစောင်များ၏ ဆင့်ပွားကျမ်းသည် ဂရိနှင့် လက်တင်တို့၏ ရှေးဟောင်းစာပေများနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အလွန်တရာ တိကျမှန်ကန်မှုရှိ၏။” အထင်ကရ ကျမ်းပညာရှင် အက်ဖ်. အက်ဖ်. ဘရူးစ်က ဤသို့ပြောသည်– “ဓမ္မသစ်ကျမ်းအတွက် သက်သေအထောက်အထားသည် ဂရိ၊ ရောမ စာရေးဆရာများ၏ စာပေများထက် ပို၍တိကျခိုင်မာမူ ရှိသည်။ သို့တိုင် ဂရိ၊ ရောမစာပေများ၏ တိကျမှန်ကန်မှုကိုမူ မည်သူမျှ စောဒကမတက်ကြချေ။ အကယ်၍ ဓမ္မသစ်ကျမ်းသည် ကျမ်းစာနှင့်မဆိုင်သော စာပေများကို စုစည်းထားခြင်းဖြစ်လျှင် ၎င်း၏တိကျမှန်ကန်မှုကို စောဒကမတက်ဘဲ လက်ခံကြမည်ဖြစ်သည်။” သမ္မာကျမ်းစာသည် အမှန်ပင် ထူးခြားသောစာအုပ်တစ်အုပ် ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာကို နေ့စဉ် အချိန်ယူ၍ ဖတ်ရှုမည်လော။—၁ ပေတရု ၁:၂၄၊ ၂၅။
ဟေဗြဲကျမ်းစာစောင်များ သို့မဟုတ် ဓမ္မဟောင်းကျမ်း၏ လက်ရေးစာမူပေါင်း ၆,၀၀၀ ခန့်နှင့် ဂရိကျမ်းစာစောင်များ သို့မဟုတ် ဓမ္မသစ်ကျမ်း၏ လက်ရေးစာမူပေါင်း ၅,၀၀၀ ခန့် ယနေ့ထိတိုင် ကျန်ရှိနေသေး