တိမ်ကောသွားသော ဘာသာစကားတွင်ပင် သမ္မာကျမ်းစာသည် အသက်ရှင်နေ
တိမ်ကောသွားသော ဘာသာစကားတွင်ပင် သမ္မာကျမ်းစာသည် အသက်ရှင်နေ
လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း ကမ္ဘာပေါ်ရှိ ဘာသာစကားထက်ဝက်နီးပါးမှာ တိမ်ကောပပျောက်သွားသည်။ ဘာသာစကားတစ်ခုသည် ယင်းကိုပြောဆိုသူများ မရှိတော့သည့်အခါ တိမ်ကောသွားတော့သည်။ ထို့ကြောင့် လက်တင်စကားကို “တိမ်ကောသွားသော ဘာသာစကား” ဟုခေါ်ဆိုရခြင်းဖြစ်သည်၊ ၎င်းဘာသာစကားကို လူတို့ကျယ်ပြန့်စွာလေ့လာလိုက်စားကြသော်လည်း ယနေ့ခေတ်တွင် ရုံးသုံးဘာသာစကားအဖြစ် ဗာတီကန်မြို့တော်၌သာ ဆက်အသုံးပြုနေသည်။
အဦးဆုံး ဘာသာပြန်ကျမ်းစာအချို့ကို လက်တင်စကားဖြင့် ပြန်ဆိုခဲ့သည်။ တိမ်ကောသွားသော ထိုဘာသာစကားဖြင့် ပြန်ဆိုထားသည့် ကျမ်းစကားများသည် ယနေ့ခေတ် ကျမ်းစာဖတ်ရှုသူများအတွက် အကျိုးသက်ရောက်မှုရှိနိုင်ပါသလော။ ထိုဘာသာပြန်ကျမ်းများ၏ အလွန်စိတ်ဝင်စားဖွယ်သမိုင်းကြောင်းက ထိုမေးခွန်းကို ဖြေဆိုပါလိမ့်မည်။
ရှေးအကျဆုံး လက်တင်ဘာသာပြန်ကျမ်းများ
လက်တင်စကားသည် ရောမမြို့၏ ဦးဆုံးဘာသာစကားဖြစ်သည်။ သို့သော် တမန်တော်ပေါလုသည် ထိုမြို့ရှိခရစ်ယာန်များကို စာရေးစဉ် ဂရိစကားဖြင့် ရေးသားခဲ့သည်။ * ယင်းသည် ပြဿနာမဟုတ်ပါ၊ ထိုဒေသရှိလူတို့သည် လက်တင်နှင့်ဂရိဘာသာစကားနှစ်မျိုးစလုံးကို ကျွမ်းကျင်စွာပြောဆိုနိုင်ကြသည်။ ရောမတွင်နေထိုင်သူအများစုသည် ဂရိစကားပြောသည့် အာရှမိုင်းနားဒေသမှ ပြောင်းရွှေ့လာသူများဖြစ်သောကြောင့် ရောမသည် ဂရိတို့၏မြို့ဖြစ်လာသည်ဟုပင် ပြောစမှတ်ပြုခဲ့ရသည်။ ရောမအင်ပါယာတွင် ပြောဆိုသုံးစွဲသောဘာသာစကားများသည် ဒေသအလိုက်ကွဲပြားသော်လည်း အင်ပါယာကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ လက်တင်စကားကိုလည်း လူသုံးများလာသည်။ ထို့ကြောင့် သန့်ရှင်းသောကျမ်းစာစောင်များကိုလည်း ဂရိမှလက်တင်သို့ ဘာသာပြန်ဆိုခဲ့ကြသည်။ ထိုသို့ဘာသာပြန်ဆိုခြင်းသည် အာဖရိကမြောက်ပိုင်းတွင် အေဒီဒုတိယရာစုမှ စတင်ခဲ့ပုံရသည်။
ဤသို့ဖြင့် ဘာသာပြန်ဆိုချက်အမြောက်အမြား ပေါ်ထွက်လာရာ ယင်းတို့ကို ဗီးတပ်စ်လက်တီနာ သို့မဟုတ် ရှေးဟောင်းလက်တင်ဘာသာပြန်ကျမ်းဟုခေါ်ကြသည်။ ထိုရှေးဟောင်းလက်တင်ဘာသာပြန်ကျမ်းစာမူများသည် ယနေ့ခေတ်တွင် ပြည့်ပြည့်စုံစုံမရှိတော့ချေ။ ကျန်ရှိနေဆဲစာမူအပိုင်းအစများနှင့် ရှေးခေတ်စာရေးဆရာတို့ကိုးကားခဲ့သည့် စာမူအပိုင်းအစများက ဗီးတပ်စ်လက်တီနာသည် တစုတစည်းတည်းပြုစုထားသည့် ကျမ်းတစ်အုပ်မဟုတ်ကြောင်း ဖော်ပြသည်။ ယင်းအစား ဘာသာပြန်သူများစွာသည် အချိန်နှင့်နေရာဒေသအသီးသီးတွင် တသီးတခြားစီ ပြုစုခဲ့ဟန်တူသည်။ ထို့ကြောင့် ယင်းသည် လုံးချင်းကျမ်းတစ်စောင်မဟုတ်ဘဲ ဂရိဘာသာစကားမှပြန်ဆိုချက်များကို စုစည်းထားခြင်းဖြစ်သည်ဟုဆိုလျှင် ပိုမှန်ကန်ပါသည်။
ဘာသာပြန်ဆိုသူများသည် ကျမ်းစာ၏အပိုင်းအချို့ကို လက်တင်စကားဖြင့် ထိုသို့တသီးတခြားစီပြန်ဆိုခဲ့သောကြောင့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာသည်။ အေဒီလေးရာစုအဆုံးပိုင်းတွင် “လူတို့သည် ဘာသာစကားနှစ်ခုကို အနည်းအကျဉ်းသာတတ်မြောက်သည့်တိုင် ဂရိကျမ်းစာမူများကို လက်ဝယ်ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် လက်တင်ဘာသာသို့ပြန်ဆိုရန် အားထုတ်ကြတော့သည်” ဟု ကက်သလစ်ကျမ်းပညာရှင် ဩဂတ်စတင်းဆိုခဲ့သည်။ ထို့ကြောင့် ဘာသာပြန်ကျမ်းများစွာရရှိနိုင်သော်လည်း ၎င်းတို့၏တိကျမှန်ကန်မှုကို ယုံကြည်စိတ်ချ၍မရနိုင်ဟု ဩဂတ်စတင်းနှင့်အခြားသူများက ယူဆခဲ့ကြသည်။
ဂျရုမ်း၏ဘာသာပြန်ကျမ်း
အေဒီ ၃၈၂ တွင် ရောမမြို့ရှိဂိုဏ်းအုပ်ဒေးမဆပ်စ်၏ အတွင်းရေးမှူးဖြစ်သော ဂျရုမ်းသည် ဘာသာပြန်ကျမ်းများစွာပေါ်ထွက်လာခြင်းကြောင့် ဖြစ်ပေါ်လာသောအရှုပ်အထွေးကို အဆုံးသတ်ပေးရန် ကြိုးပမ်းခဲ့သည်။ ဂိုဏ်းအုပ်သည် လက်တင်ဘာသာစကားသို့ပြန်ဆိုထားသော ခရစ်ဝင်ကျမ်းစာသားများကို ဂျရုမ်းအား ပြန်လည်တည်းဖြတ်စေရာ နှစ်အနည်းငယ်အတွင်း ထိုလုပ်ငန်းပြီးစီးခဲ့သည်။ ထို့နောက် ဂျရုမ်းသည် လက်တင်ဘာသာဖြင့်ပြန်ဆိုထားသော အခြားကျမ်းစောင်များကို စတင်ပြင်ဆင်တည်းဖြတ်ခဲ့သည်။
ဗားလ်ဂိတ်ကျမ်းဟူ၍ နောက်ပိုင်းတွင်အမည်တွင်လာသော ဂျရုမ်း၏ဘာသာပြန်ကျမ်းသည် မူရင်းကျမ်းအမြောက်အမြားကို အခြေခံသည်။ ဂျရုမ်းသည် ဆာလံကျမ်းကိုပြန်ဆိုသောအခါ စက်ပ်တွားဂျင့်ကျမ်းကို အခြေခံခဲ့သည်၊ စက်ပ်တွားဂျင့်ကျမ်းသည်
ဘီစီဒုတိယရာစုတွင် ဟေဗြဲကျမ်းစာစောင်များကို ဂရိဘာသာစကားဖြင့် ပြန်ဆိုထားသောကျမ်းဖြစ်သည်။ သူသည် ခရစ်ဝင်ကျမ်းများကို ပြင်ဆင်တည်းဖြတ်ပြီးနောက်တွင် ဟေဗြဲကျမ်းစာစောင် အတော်များများကိုလည်း မူရင်းဟေဗြဲဘာသာမှပြန်ဆိုခဲ့သည်။ ကျန်သောကျမ်းစာစောင်များကိုမူ အခြားသူများက တည်းဖြတ်ခဲ့ဟန်တူသည်။ ဗီးတပ်စ်လက်တီနာကျမ်း၏အပိုင်းများသည် နောက်ဆုံးတွင် ဂျရုမ်း၏ဗားလ်ဂိတ်ကျမ်းဝင်ဖြစ်လာသည်။အစပိုင်းတွင် ဂျရုမ်း၏ပြန်ဆိုချက်များကို လူများစွာ လက်မခံခဲ့ကြချေ။ ဩဂတ်စတင်းကပင် ဝေဖန်ခဲ့၏။ သို့သော် နောက်ပိုင်းတွင် ထိုကျမ်းသည် အတွဲတစ်တွဲတည်းရှိသော လုံးချင်းကျမ်းစာများအတွက် စံတင်ရသည့်ကျမ်းဖြစ်လာသည်။ အေဒီရှစ်နှင့်ကိုးရာစုတွင် ကျမ်းပညာရှင် အဲလ်ဂင်နှင့်သီအိုဒဖ်တို့သည် အဆင့်ဆင့်ကူးယူခြင်းကြောင့် ဂျရုမ်း၏ဘာသာပြန်ကျမ်းသို့ မသိမသာဝင်ရောက်လာသော ဘာသာစကားနှင့်စာသားအမှားအယွင်းများကို စတင်ပြင်ဆင်ခဲ့သည်။ အခြားသူများကမူ ကျမ်းချက်များရှာဖွေရလွယ်ကူစေရန် ကျမ်းစာသားကို အခန်းအလိုက် ခွဲခြားလိုက်သည်။ ခဲစာလုံးအရှင်ပုံနှိပ်စက်ကို တီထွင်လိုက်သောအခါ ဂျရုမ်း၏ကျမ်းစာကို ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့သည်။
ကက်သလစ်ချာ့ခ်ျသည် ၁၅၄၆ ခုနှစ်တွင်ကျင်းပသော ထရန့်ကောင်စီတွင် ဂျရုမ်း၏ကျမ်းစာကို ဗားလ်ဂိတ်ကျမ်းဟူ၍ ပထမဆုံးအတည်ပြုခေါ်ဆိုခဲ့သည်။ ကောင်စီသည် ဗားလ်ဂိတ်ကျမ်းကို “ကျမ်းစစ်ကျမ်းမှန်” ဟုကြေညာကာ ကက်သလစ်အယူဝါဒအတွက် ကိုးကားသည့်စံကျမ်းစာဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တစ်ချိန်တည်းတွင် ကောင်စီသည် ထိုကျမ်းကို ပြန်လည်တည်းဖြတ်ရန် အမိန့်ထုတ်ခဲ့သည်။ အထူးကော်မတီဝင်များက ထိုတာဝန်ကို ကြီးကြပ်ကွပ်ကွဲရန်ဖြစ်သော်လည်း ပုပ်ရဟန်းမင်းကြီး စစ်စတပ်စ် ၅ သည် ပြီးစီးသည့်အထိ စိတ်ရှည်စွာ မစောင့်နိုင်တော့သည်ကတစ်ကြောင်း၊ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုလွန်ကဲနေသည်ကတစ်ကြောင်းတို့ကြောင့် ထိုအလုပ်ကို သူတစ်ဦးတည်းအပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။ ပုပ်ရဟန်းမင်းကြီးကွယ်လွန်သည့် ၁၅၉၀ ပြည့်နှစ်
တွင် သူတည်းဖြတ်သောကျမ်းကို စတင်ပုံနှိပ်ခါစပင်ရှိသေးသည်။ သို့သော် အခြားခရစ်ယာန်ဘုန်းတော်ကြီးများက ထိုကျမ်းတွင် အမှားအယွင်းအမြောက်အမြားပါရှိသည်ဟု ယူဆကာ ချက်ချင်းပယ်ချလိုက်ပြီး ဖြန့်ချိခွင့်ကို ရုပ်သိမ်းလိုက်သည်။၁၅၉၂ ခုနှစ်တွင် ဘာသာပြန်ကျမ်းသစ်တစ်စောင်ကို ပုပ်ရဟန်းမင်းကြီးခလဲမဲန် ၈ ၏ ခွင့်ပြုချက်ဖြင့်ထုတ်ဝေခဲ့ပြီး နောက်ပိုင်းတွင် ထိုကျမ်းကို စစ်စတင်းခလဲမဲန်တင်းကျမ်းဟူ၍ လူသိများလာသည်။ ထိုကျမ်းသည် ကက်သလစ်ချာ့ခ်ျ၏တရားဝင်ကျမ်းစာအဖြစ် နှစ်အတန်ကြာ တည်ရှိခဲ့သည်။ ကက်သလစ်ဘာသာပြန်ကျမ်းများကို တိုင်းရင်းသားဘာသာစကားဖြင့် ဘာသာပြန်ရာတွင် မှီငြမ်းရမည့်စံကျမ်းစာမှာ စစ်စတင်းခလဲမဲန်တင်းဗားလ်ဂိတ်ကျမ်းဖြစ်လာသည်။ ၁၇၈၁ တွင် အန်ထိုနီယိုမာတီနီပြန်ဆိုပြီးစီးခဲ့သည့် အီတလီဘာသာပြန်ကျမ်းမှာ ထိုသို့မှီငြမ်းခဲ့သောကျမ်းဖြစ်သည်။
ခေတ်သစ်လက်တင်ကျမ်းစာ
၂၀ ရာစုတွင် မူရင်းကျမ်းစာသားများကို ဝေဖန်စိစစ်ရာ အခြားကျမ်းများနည်းတူ ဗားလ်ဂိတ်ကျမ်းကိုလည်း ပြန်လည်တည်းဖြတ်ရန်လိုအပ်ကြောင်း သိမြင်လာသည်။ ထို့ကြောင့် ၁၉၆၅ ခုနှစ်တွင် ကက်သလစ်ချာ့ခ်ျသည် ဗားလ်ဂိတ်ကျမ်းသစ်အတွက် ကော်မရှင်အဖွဲ့ကိုဖွဲ့စည်းကာ ခေတ်နှင့်အညီသိနားလည်မှုကို အခြေခံ၍ ထိုလက်တင်ကျမ်းကို ပြန်လည်ပြင်ဆင်တည်းဖြတ်ရန် တာဝန်ပေးခဲ့သည်။ ထိုကျမ်းသစ်ကို ကက်သလစ်ဘာသာရေးအခမ်းအနားများတွင် လက်တင်စကားဖြင့် အသုံးပြုရန်ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် ထိုကျမ်းသစ်၏ပထမပိုင်းကို ထုတ်ဝေခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ပုပ်ရဟန်းမင်းဂျွန်ပေါလ် ၂ က ယင်းကို နိုဗာဗားလ်ဂါတာဟူ၍ အတည်ပြုလိုက်သည်။ ပထမအကြိမ်ပုံနှိပ်ထုတ်ဝေသောအခါ ထွက်မြောက်ရာ ၃:၁၅ နှင့် ၆:၃ အပါအဝင် ကျမ်းချက်အတော်များများတွင် ယာဝေးဟူသော ဘုရားသခင့်နာမတော်ပါရှိသည်။ သို့သော် ကော်မတီဝင်တစ်ဦး၏ပြောကြားချက်အရ “ဗားလ်ဂိတ်ကျမ်းတွင် ဘုရားသခင့်နာမတော်ကိုထည့်သွင်းမိသည့်အတွက် အလွန်အပြစ်ရှိသည်ဟု ခံစားရသောကြောင့်” ၁၉၈၆ ခုနှစ်တွင် ဒုတိယအကြိမ်တရားဝင်ပုံနှိပ်ထုတ်ဝေသောအခါ “ယာဝေးဟူသောဘုရားသခင့်နာမတော်နေရာတွင် ဒိုမီနပ်စ် [‘သခင်’]ကို အစားထိုးလိုက်ကြသည်။”
လွန်ခဲ့သောရာစုနှစ်များစွာတွင် ဗားလ်ဂိတ်ကျမ်းကို ဝေဖန်ခဲ့သည့်နည်းတူ နိုဗာဗားလ်ဂါတာကိုလည်း ကက်သလစ်ကျမ်းပညာရှင်များကပင် ဝေဖန်ခဲ့ကြသည်။ လက်ရှိဘာသာစကားဖြင့် ပြန်ဆိုထားသောကျမ်းများနှင့်ပတ်သက်၍ ပြဿနာပေါ်ပေါက်ပါက
အဆုံးအဖြတ်ပေးသောကျမ်းမှာ မူရင်းကျမ်းမဟုတ်ဘဲ နိုဗာဗားလ်ဂါတာကျမ်းသာဖြစ်သည်ဟု ပုပ်ရဟန်းမင်းက ကြေညာလိုက်သောကြောင့် ထိုကျမ်းသည် ခရစ်ယာန်ဂိုဏ်းဂဏအသီးသီးရှိ ကျမ်းစာဘာသာပြန်သူများကို စိတ်ဝမ်းကွဲစေမည်ဟု လူများစွာက ယူဆကြသည်။ ဂျာမနီတွင် ခရစ်ယာန်ဂိုဏ်းဂဏတိုင်းလက်ခံမည့် ကျမ်းသစ်တစ်ဆူကို ပြန်လည်တည်းဖြတ်ခြင်းနှင့်စပ်လျဉ်း၍ ပရိုတက်စတင့်နှင့်ကက်သလစ်တို့အကြား အငြင်းပွားရသည့်အဓိကအကြောင်းရင်းမှာ နိုဗာဗားလ်ဂါတာကျမ်းကြောင့်ဖြစ်သည်။ ပရိုတက်စတင့်များက ကက်သလစ်တို့သည် ထိုဘာသာပြန်ကျမ်းသစ်ကို နိုဗာဗားလ်ဂါတာကျမ်းနှင့် ဇွတ်အတင်းကိုက်ညီစေသည်ဟု စွပ်စွဲကြသည်။လက်တင်စကားသည် ယနေ့ခေတ်သုံးစကားမဟုတ်တော့သည့်တိုင် လက်တင်ကျမ်းစာသည် သန်းနှင့်ချီသောကျမ်းစာဖတ်ရှုသူများအပေါ် တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ ဩဇာလွှမ်းမိုးသည်။ ထိုကျမ်းကြောင့် ဘာသာစကားများစွာတွင် ဘာသာရေးဆိုင်ရာဝေါဟာရများ ပေါ်ထွက်လာသည်။ ဘုရားသခင့်နှုတ်ထွက်စကားတော်သည် မည်သည့်ဘာသာစကားဖြင့်ပင် ရေးသားထားပါစေ ယင်း၏အဖိုးတန်သွန်သင်ချက်များနှင့်အညီ ပြုမူကျင့်ကြံလိုသော သန်းနှင့်ချီသည့်လူများ၏အသက်တာကို ပြောင်းလဲနိုင်သည့်တန်ခိုး ရှိနေဆဲပင်ဖြစ်သည်။—ဟေဗြဲ ၄:၁၂။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ခရစ်ယာန်ကျမ်းစာစောင်များကို ဂရိဘာသာစကားဖြင့် အဘယ်ကြောင့်ရေးသားခဲ့ကြောင်း ပိုမိုသိလိုပါက စာမျက်နှာ ၁၃ မှ “သင်သိပါသလော” ဆောင်းပါးတွင် ကြည့်ပါ။
[စာမျက်နှာ ၂၃ ပါ အကျဉ်းဖော်ပြချက်]
ပုပ်ရဟန်းမင်း ဂျွန်ပေါလ် ၂ သည် နိုဗာဗားလ်ဂါတာကို အတည်ပြုခဲ့သည်။ ပထမအကြိမ်ထုတ်ဝေချိန်တွင် ဘုရားသခင့်နာမတော် ဖြစ်သော ယာဝေး ပါရှိသည်
[စာမျက်နှာ ၂၁ ပါလေးထောင့်ကွက်]
သမိုင်းတွင်သည့် ဘာသာပြန်ဆိုချက်များ
ဂရိဘာသာစကားမှပြန်ဆိုထားသော ဗီးတပ်စ်လက်တီနာကျမ်းတွင် သမိုင်းတွင်သည့် ပြန်ဆိုချက်များစွာ ပါဝင်သည်။ ယင်းတို့အနက်တစ်ခုမှာ “ပဋိညာဉ်” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိစကားလုံး “သီအာသီကီ ” ကို “ဓမ္မကျမ်း” ဟုပြန်ဆိုထားသည်။ (၂ ကောရိန္သု ၃:၁၄) ထိုပြန်ဆိုချက်ကြောင့် လူများစွာသည် ဟေဗြဲနှင့်ဂရိကျမ်းစောင်များကို ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းဟူ၍ အစွဲပြုခေါ်ဝေါ်နေဆဲပင်ဖြစ်သည်။
[စာမျက်နှာ ၂၃ ပါလေးထောင့်ကွက်]
ဝေဖန်ခံရသော ညွှန်ကြားချက်
ဗာတီကန်ရှိ ဝတ်ပြုရေးနှင့် ခရစ်ယာန်ဓမ္မမင်္ဂလာလုပ်ထုံးလုပ်နည်းများကို ကြီးကြပ်သောဌာနသည် လေးနှစ်ကြာပြုစုခဲ့သော (ခရစ်ယာန်ဝတ်တက်နည်းအစစ်အမှန်) ဟုခေါ်သည့် ညွှန်ကြားချက်ကို ၂၀၀၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ကက်သလစ်ကျမ်းပညာရှင်များစွာသည် ထိုညွှန်ကြားချက်ကို အပြင်းအထန်ဝေဖန်ခဲ့ကြသည်။
ထိုညွှန်ကြားချက်အရ နိုဗာဗားလ်ဂါတာသည် ချာ့ခ်ျ၏တရားဝင်ကျမ်းစာဖြစ်သည်၊ ထို့ကြောင့် ထိုကျမ်းသည် မူရင်းကျမ်းစာသားတွင် ဖော်ပြထားရာကို ပြောင်းလဲထားလျှင်ပင် ယင်းကိုအခြားဘာသာပြန်ကျမ်းအားလုံးအတွက် စံကျမ်းစာအဖြစ် အသုံးပြုသင့်သည်။ ထိုညွှန်ကြားချက်ကို လိုက်နာသောကျမ်းစာကိုသာ ကက်သလစ်ချာ့ခ်ျအာဏာပိုင်များက လက်ခံအတည်ပြုသည်။ ထိုညွှန်ကြားချက်အရ ကက်သလစ်ဘာသာပြန်ကျမ်းများတွင် “ဟေဗြဲတက်တြာဂရမ်မီတန် (YHWH) ဖြင့်ဖော်ပြသော ဘုရားသခင့်နာမတော်ကို မည်သည့်ဘာသာစကားသို့ပြန်ဆိုပါစေ ဒိုမီနပ်စ် သို့မဟုတ် ‘သခင်’ ဟူသည့်အဓိပ္ပာယ်နှင့်တူညီသောစကားလုံး” ကိုသာအသုံးပြုသင့်သည်။ ပထမအကြိမ်ထုတ်ဝေသည့် နိုဗာဗားလ်ဂါတာကျမ်းတွင် “ယာဝေး” ကိုအသုံးပြုထားသော်လည်း ဒုတိယအကြိမ်ထုတ်ဝေသည့်အခါ ‘သခင်’ ဟုပင် အသုံးပြုထားသည်။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 29 စာမျက်နှာ ၃၀ ပါ “ဘုရားသခင့်နာမတော်အသုံးပြုခြင်းကို ပယ်ဖျက်ရန် ဗာတီကန်ကြိုးပမ်း” ဟူသောဆောင်းပါးကို ကြည့်ပါ။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
အဲလ်ဂင်ပြန်ဆိုသောလက်တင်ကျမ်းစာ၊ အေဒီ ၈၀၀
[Credit Line]
From Paléographìe latine, by F. Steffens (www.archivi.beniculturali.it)
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
စစ်စတင်းခလဲမဲန်တင်း ဗားလ်ဂိတ်ကျမ်း၊ ၁၅၉၂
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ထွက်မြောက်ရာ ၃:၁၅၊ နိုဗာဗားလ်ဂါတာ၊ ၁၉၇၉
[Credit Line]
© 2008 Libreria Editrice Vaticana