ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
စိန်တွေခိုးထုတ်ပြီး အလုပ်ရှင်ဆီက ပစ္စည်းတွေခိုးယူတဲ့ အမျိုးသမီးတစ်ဦးကို ရိုးသားတဲ့လုပ်သားဖြစ်လာဖို့ ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ နှစ်ကြိမ်တိုင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ဘဝရည်ရွယ်ချက် ရှာဖွေဖို့ ဘာက ကူညီပေးခဲ့သလဲ။ အရက်နဲ့ မူးယစ်ဆေးစွဲနေသူတစ်ဦးက အဲဒီအကျင့်ဆိုးတွေကိုဖြတ်နိုင်ဖို့ ဘယ်လို ခွန်အားရရှိခဲ့သလဲ။ သူတို့ပြောတဲ့စကားတွေကို သုံးသပ်ကြည့်ပါ။
ကိုယ်ရေးမှတ်တမ်းအကျဉ်း
အမည်– မာဂရက် ဒီဘရိုင်
အသက်– ၄၅
နိုင်ငံ– ဘော့စ်ဝါးနား
ဘဝနောက်ခံ– မှောင်ခိုပစ္စည်းခိုးထုတ်သူနှင့် သူခိုး
အတိတ်– အဖေက ဂျာမနီမှာမွေးတဲ့ ဂျာမန်လူမျိုးဖြစ်ပေမဲ့ အနောက်တောင်အာဖရိက (ယခု၊ နမီးဘီးယား) နိုင်ငံသားဖြစ်တယ်။ အမေကတော့ ဘော့စ်ဝါးနားနိုင်ငံကဖြစ်ပြီး မန်ဂိုလိုဂါမျိုးနွယ်ဖြစ်တယ်။ နမီးဘီးယားနိုင်ငံ၊ ဂိုဘာဘီစ်မြို့မှာ ကျွန်မကို မွေးဖွားခဲ့တယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ တောင်အာဖရိကအစိုးရက နမီးဘီးယားကို ပိုချုပ်ကိုင်လာပြီး လူဖြူလူမည်းခွဲခြားတဲ့ဥပဒေတွေကို မြို့ရွာအနှံ့ တင်းတင်းကျပ်ကျပ်ပြဋ္ဌာန်းတယ်။ ကျွန်မမိဘတွေက လူမျိုးမတူတဲ့အတွက် အိမ်ထောင်ခွဲနေဖို့ ဝိုင်းပြီးဖျောင်းဖျကြတယ်။ ဒါကြောင့် အမေက ကျွန်မတို့မောင်နှမတွေနဲ့အတူ ဘော့စ်ဝါးနားနိုင်ငံ၊ ဂန်စီဒေသကို ပြန်လာခဲ့ကြတယ်။
၁၉၇၉ ခုနှစ်ရောက်တော့ ဘော့စ်ဝါးနား၊ လိုဘက်စာမြို့ကို ကျွန်မ ပြောင်းရွှေ့သွားပြီး ကျောင်းတက်တဲ့အချိန်အတွင်း မွေးစားမိဘတွေနဲ့ နေထိုင်တယ်။ နောက်ပိုင်း၊ ကားပြင်ရုံမှာ စာရေး,အလုပ်ရခဲ့တယ်။ ဘုရားသခင်က လူတွေကို ဘာမှမထောက်ပံ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို ထောက်ပံ့နိုင်ဖို့ မှားမှားမှန်မှန် ဘာမဆိုလုပ်သင့်တယ်ဆိုပြီး ကျွန်မယုံကြည်တယ်။
အလုပ်မှာ ကြီးလေးတဲ့ရာထူးရထားတော့ အဲဒါကိုအခွင့်ကောင်းယူပြီး အလုပ်ရှင်ဆီက ကားအပိုပစ္စည်းတွေကိုခိုးတယ်။ ညဘက်၊ မြို့ကို ရထားဖြတ်သွားတဲ့အခါတိုင်း ကျွန်မနဲ့ကျွန်မအဖော်တွေ ရထားပေါ်တက်ပြီး တွေ့တာမှန်သမျှ အကုန်ခိုးတယ်။ ပြီးတော့ စိန်၊ ရွှေနဲ့ ကြေးနီတွေကိုလည်း ပြည်ပကိုခိုးထုတ်တယ်။ မူးယစ်ဆေးတွေ စသုံးလာတယ်၊ ဒေါသအရမ်းကြီးပြီး ကြမ်းတမ်းရမ်းကားတဲ့သူဖြစ်လာတယ်၊ ရည်စားအများကြီးထားတယ်။
၁၉၉၃ ခုနှစ်မှာ ပစ္စည်းခိုးတာ လူမိသွားပြီး အလုပ်ပြုတ်သွားတယ်။ ကျွန်မရဲ့ “မိတ်ဆွေတွေ” က သူတို့အဖမ်းခံရမှာစိုးလို့ ကျွန်မကို ပစ်သွားတယ်။ ဒါကြောင့် ကျွန်မလည်း စိတ်နာပြီး ဘယ်သူ့ကိုမှ အယုံအကြည်မရှိဖို့ ဆုံးဖြတ်ခဲ့တယ်။
ကျမ်းစာက ကျွန်မဘဝကိုပြောင်းလဲစေခဲ့ပုံ– ယေဟောဝါသက်သေတွေဖြစ်တဲ့ ခရစ်ယာန်သာသနာပြု တင်မ်နဲ့ဗာဂျီး
နီးယားတို့ကို ၁၉၉၄ ခုနှစ်မှာ တွေ့ဆုံခဲ့တယ်။ ကျွန်မရဲ့လုပ်ငန်းခွင်အသစ်မှာ နေ့လယ်စာစားချိန်အတွင်း ကျမ်းစာလေ့လာနိုင်အောင် သူတို့ကူညီပေးတယ်။ နောက်ပိုင်း သူတို့ကို ယုံကြည်စိတ်ချလာတယ်၊ ဒါနဲ့ ကျွန်မအိမ်ကိုလာပြီး ကျမ်းစာလေ့လာဖို့ သဘောတူခဲ့တယ်။ဘုရားသခင်ရဲ့စိတ်တော်ကို ပျော်ရွှင်စေချင်ရင် ဘဝပုံစံတချို့ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာ သိလာတယ်။ ဥပမာ၊ ၁ ကောရိန္သု ၆:၉၊ ၁၀ အရ “မတရားမေထုန်ပြုသူ၊ . . . သူ့ဥစ္စာကိုခိုးသူ၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲရေးကဲ့ရဲ့သူ၊ လုယက်သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်” ဆိုတာကို သိလာတယ်။ ကျွန်မရဲ့အကျင့်ဆိုးတွေ တစ်ခုပြီးတစ်ခုစွန့်ခဲ့တယ်။ ပစ္စည်းတွေ မခိုးတော့ဘူး။ ကျွန်မနဲ့အတူကြီးပြင်းလာတဲ့ လမ်းသရဲတွေနဲ့ မပေါင်းတော့ဘူး။ ပြီးတော့ ယေဟောဝါပေးတဲ့ရဲ့ခွန်အားနဲ့ ရည်းစားတွေကို အဆက်ဖြတ်လိုက်တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– ဒေါသကိုထိန်းဖို့၊ ကလေးတွေ အမှားတစ်ခုခုလုပ်မိတဲ့အခါ မအော်ငေါက်ဖို့ အတော့်ကိုကြိုးစားခဲ့ရတယ်။ (ဧဖက် ၄:၃၁) အေးအေးဆေးဆေးပြောဆိုတတ်အောင် ကြိုးစားတယ်။ ဒီလိုပြောဆိုတာက ကောင်းကျိုးဖြစ်ထွန်းစေပြီး မိသားစုကို ပိုချစ်ခင်စည်းလုံးစေတယ်။
မိတ်ဆွေဟောင်းတွေ၊ အိမ်နီးနားချင်းတွေတောင် ကျွန်မကို ယုံကြည်စိတ်ချလာကြပြီ။ ပစ္စည်းတွေ၊ ငွေတွေကို တာဝန်သိသိနဲ့ သုံးစွဲကိုင်တွယ်နိုင်တဲ့၊ ရိုးသားပြီးယုံကြည်စိတ်ချထိုက်တဲ့ လုပ်သားတစ်ယောက်ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်ထောက်ပံ့ရင်းနဲ့ အခြားသူတွေကို ကျမ်းစာအမှန်တရားသိလာအောင် အချိန်ပေးပြီး ကူညီတယ်။ ‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ’ ဆိုတဲ့ နယပုံပြင် ၁၀:၂၂ မှာပါတဲ့စကားတွေကို ကျွန်မ အပြည့်အဝသဘောတူတယ်။
ကိုယ်ရေးမှတ်တမ်းအကျဉ်း
အမည်– ဂလိုရီယာ အဲလစ်ဇာရာရက်စ် ဒီချိုပါရာနား
အသက်– ၃၇
နိုင်ငံ– မက္ကဆီကို
ဘဝနောက်ခံ– ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်သူ
အတိတ်– မက္ကဆီကိုနိုင်ငံ၊ နူကာလ်ပန်မြို့ရဲ့ လူကုံထံရပ်ကွက်မှာ ကျွန်မ ကြီးပြင်းလာတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ကလန်ကဆန်လုပ်တဲ့အကျင့်ရှိတယ်၊ ပါတီပွဲတွေတက်ရတာကို ကြိုက်တယ်။ အသက် ၁၂ နှစ်အရွယ်မှာ ဆေးလိပ်စသောက်တယ်၊ ၁၄ နှစ်အရွယ်မှာ အရက်စသောက်နေပြီ၊ ၁၆ နှစ်အရွယ်ရောက်တော့ မူးယစ်ဆေးစွဲနေပြီ။ နှစ်အနည်းငယ်ကြာတော့ အိမ်ကထွက်ခဲ့တယ်။ ကျွန်မသူငယ်ချင်းအများစုက သူတို့ရဲ့မိသားစုထဲမှာ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ စော်ကားခံရသူတွေဖြစ်တယ်။ ကျွန်မဘဝက မျှော်လင့်ချက်မဲ့နေတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ နှစ်ကြိမ်တောင် ကြံစည်ခဲ့တယ်။
ကျွန်မအသက် ၁၉ နှစ်ရောက်တော့ မော်ဒယ်တစ်ယောက်ဖြစ်လာတယ်။ ဒီလိုနဲ့ ပါတီပွဲတွေမှာ နိုင်ငံရေးသမားတွေ၊ ဖျော်ဖြေရေးလောက,က လူတွေနဲ့ ပေါင်းသင်းခဲ့တယ်။ နောက်ဆုံး၊ အိမ်ထောင်ကျသွားပြီး သားသမီးတွေရလာတယ်၊ ဒါပေမဲ့ မိသားစုအတွက် ကျွန်မပဲ ဒိုင်ခံဆုံးဖြတ်တယ်။ ဆေးလိပ်နဲ့အရက်သောက်နေတုန်းပဲ၊ ပါတီပွဲတွေတက်နေတုန်းပဲ။ ကျွန်မရဲ့အပြောအဆို ရင့်သီးရိုင်းစိုင်းတယ်၊ ညစ်ညမ်းတဲ့ပျက်လုံးတွေကို ကြိုက်တယ်။ ဒေါသလည်း ကြီးသလားမမေးနဲ့။
အပေါင်းအသင်းအများစုက ကျွန်မနဲ့ဘဝတူတွေပါ။ သူတို့အထင်တော့ ကျွန်မက လိုလေသေးမရှိပြည့်စုံသူပေါ့။ ဒါပေမဲ့ ကျွန်မဘဝက ရည်ရွယ်ချက်ကင်းမဲ့ပြီး ဟာတာတာဖြစ်နေတယ်။
ကျမ်းစာက ကျွန်မဘဝကိုပြောင်းလဲစေခဲ့ပုံ– ၁၉၉၈ ခုနှစ်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတယ်။ ဘဝမှာ ရည်ရွယ်ချက်တစ်ခုရှိတယ်လို့ ကျမ်းစာသွန်သင်တယ်။
ယေဟောဝါဘုရားသခင်က ကမ္ဘာမြေကို ပရဒိသုအခြေအနေမျိုးဖြစ်အောင် ပြန်လုပ်ပေးဖို့ ရည်ရွယ်ထားတယ်၊ လူသေတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးမယ်၊ ပြီးတော့ ကျွန်မ အဲဒီမှာနေထိုင်နိုင်တယ်ဆိုတာတွေကို သိလာတယ်။ဒါ့အပြင်၊ ဘုရားသခင့်ကိုချစ်ကြောင်း ဖော်ပြနိုင်တဲ့နည်းက ကိုယ်တော့်စကားကိုနားထောင်ခြင်းဖြစ်တယ်ဆိုတာ ကျွန်မသိလာတယ်။ (၁ ယောဟန် ၅:၃) အစပိုင်းမှာ အဲဒီလုပ်ဖို့ အတော်ခက်တယ်၊ အကြောင်းရင်းကတော့ တခြားသူတွေရဲ့လမ်းညွှန်ချက်ကို ကျွန်မ တစ်ခါမှလက်မခံခဲ့တဲ့အတွက်ဖြစ်တယ်။ ဒါပေမဲ့ ဘဝကို ကိုယ့်ဘာသာကိုယ် ဆက်လမ်းညွှန်နိုင်မှာမဟုတ်ဘူးဆိုတာ နောက်ဆုံးတော့ အသိအမှတ်ပြုလိုက်တယ်။ (ယေရမိ ၁၀:၂၃) ကျွန်မကိုလမ်းညွှန်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ကိုယ်တော်ရဲ့စံနှုန်းတွေနဲ့အညီ အသက်ရှင်နိုင်ဖို့၊ ကျွန်မရဲ့လမ်းစဉ်ဟောင်းကို သားသမီးတွေ မလိုက်မိအောင် သွန်သင်ပေးနိုင်ဖို့ ကိုယ်တော့်ဆီ အကူအညီတောင်းခဲ့တယ်။
လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကျွန်မအတွက် သိပ်ခက်ခဲတယ်၊ “သင်တို့သည် . . . ပင်ကိုစရိုက်ဟောင်းကို ချွတ်ပယ်ရန် သွန်သင်ခံကြရပြီ။ . . . ထို့ပြင် စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို ဝတ်ဆင်သင့်၏” ဆိုပြီးဖော်ပြထားတဲ့ ဧဖက် ၄:၂၂-၂၄ မှာပါတဲ့အကြံဉာဏ်ကို စကျင့်သုံးခဲ့တယ်။ ကျွန်မအနေနဲ့ စရိုက်သစ်ကိုဝတ်ဆင်နိုင်ဖို့က ဆေးလိပ်သောက်တာစတဲ့ ညစ်ညမ်းတဲ့အကျင့်တွေကိုစွန့်ပြီး ညစ်ညမ်းတဲ့စကားတွေမပြောဖို့ သင်ယူခဲ့ရတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သုံးနှစ်နီးပါး အချိန်ယူခဲ့ရတယ်၊ အဲဒီနောက် ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံနိုင်ခဲ့တယ်။
ဒါ့အပြင် ဇနီးနဲ့မိခင်တစ်ယောက်ရဲ့တာဝန်တွေကို ကျွန်မ အလေးအနက်ထားတတ်လာတယ်။ “ဇနီးတို့၊ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်။ အကြောင်းမူကား သင်တို့၏စင်ကြယ်သောအမူအကျင့်နှင့် အလွန်ရိုသေလေးစားမှုကို သူတို့မြင်သောကြောင့်ဖြစ်၏” ဆိုတဲ့ ၁ ပေတရု ၃:၁၊ ၂ မှာပါတဲ့အကြံဉာဏ်ကိုလည်း စပြီးကျင့်သုံးခဲ့တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– ဘဝက အဓိပ္ပာယ်ရှိတယ်ဆိုတာ အခုသိလာပြီဖြစ်လို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ ပြီးတော့ ကျွန်မ လူကောင်းတစ်ယောက်ဖြစ်လာပြီ၊ သားသမီးတွေကို ကောင်းကောင်းပြုစုပျိုးထောင်နိုင်ပြီလို့ ခံစားရတယ်။ တစ်ခါတလေ၊ အတိတ်ကလုပ်ရပ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိပေမဲ့ ယေဟောဝါက ကျွန်မရဲ့စိတ်နှလုံးကိုသိတယ်။ (၁ ယောဟန် ၃:၁၉၊ ၂၀) ကျမ်းစာစံနှုန်းတွေနဲ့အညီနေထိုင်တာက စိတ်ထိခိုက်စရာတွေမကြုံရအောင် ကာကွယ်ပေးပြီး စိတ်ငြိမ်သက်မှုရရှိစေတာ သေချာပါတယ်။
ကိုယ်ရေးမှတ်တမ်းအကျဉ်း
အမည်– ဂျေလ်စန် ကိုရာဒီအော်လစ်ဗီယာ
အသက်– ၃၃
နိုင်ငံ– ဘရာဇီး
ဘဝနောက်ခံ– အရက်နှင့်မူးယစ်ဆေးစွဲသူ
အတိတ်– ဘရာဇီးနဲ့ဥရုဂွေးနိုင်ငံရဲ့ နယ်စပ်ဒေသအနီး၊ ဘရာဇီးလူမျိုးတွေနေထိုင်တဲ့ ဘာဇာမြို့မှာ ကျွန်တော်မွေးဖွားခဲ့တယ်။ လူဦးရေ ၁၀၀,၀၀၀ လောက်ရှိတဲ့ အဲဒီမြို့ရဲ့အဓိကလုပ်ငန်းက စိုက်ပျိုးရေးနဲ့မွေးမြူရေးဖြစ်တယ်။ လူဆိုးဂိုဏ်းတွေသောင်းကျန်းတဲ့ ဆင်းရဲသားရပ်ကွက်မှာ ကျွန်တော်ကြီးပြင်းခဲ့တယ်၊ လူငယ်အများစုက အရက်သမား၊ ဆေးသမားတွေပေါ့။
ကျွန်တော် ကျောင်းထွက်ပြီးနောက်ပိုင်း အရက်သောက်တယ်၊ ဆေးခြောက်ရှူတယ်၊ ဟဲဗီးမက်တဲယ်တေးသီချင်းတွေ နားထောင်တယ်။ ဘုရားသခင်ကို မယုံကြည်ဘူး။ ကမ္ဘာမှာရှိတဲ့ ဆင်းရဲဒုက္ခနဲ့ ဖရိုဖရဲအခြေအနေတွေအားလုံးက ဘုရားသခင်မရှိဘူးဆိုတဲ့သက်သေပဲလို့ ကျွန်တော်ခံစားရတယ်။
ကျွန်တော် ဂီတာတီးတယ်၊ သီချင်းရေးတယ်၊ ကျမ်းစာရဲ့
နောက်ဆုံးကျမ်းက ကျွန်တော့်အတွက် အနုပညာအာရုံဝင်စားမှုဖြစ်စေတယ်။ ကျွန်တော့်တီးဝိုင်းက ထင်သလောက် မအောင်မြင်ဘူး၊ ဒါကြောင့် အပြင်းစားမူးယစ်ဆေးတွေ ပိုပြီးသုံးလာတယ်။ ဆေးလွန်ပြီး သေသွားလည်း အေးတာပဲ၊ ဂရုမစိုက်ပါဘူး။ ကျွန်တော် ကြည်ညိုလေးစားတဲ့အဆိုတော်အများစုလည်း ဒီလိုပဲ ဘဝဇာတ်သိမ်းကြတယ်။ကျွန်တော့်ကိုကျွေးမွေးပြုစုခဲ့တဲ့ အဘွားဆီက ပိုက်ဆံချေးပြီး မူးယစ်ဆေးဝယ်တယ်။ ပိုက်ဆံကို ဘာအတွက်သုံးမှာလဲလို့မေးရင်တော့ လိမ်ပြောလိုက်တယ်။ ပိုဆိုးတာက နတ်ဆိုးပညာတွေကို လိုက်စားတာပဲ။ သီချင်းကောင်းကောင်းလေးတွေ ရေးစပ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မှော်ပညာတွေကို လိုက်စားခဲ့တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျမ်းစာစလေ့လာပြီး အစည်းအဝေးတွေကို စတက်ပြီးနောက်ပိုင်း ကျွန်တော့်သဘောထား ပြောင်းလာတယ်။ အသက်ရှင်ချင်စိတ်၊ ပျော်ရွှင်ချင်စိတ်တွေ တဖြည်းဖြည်းတိုးများလာတယ်။ အဲဒါကြောင့် ကျွန်တော့်ဆံပင်ရှည်ကိုဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ လောကကြီးကို မကျေနပ်တဲ့၊ ကလန်ကဆန်လုပ်တဲ့သဘောနဲ့ ဆံပင်အရှည်ထားခဲ့တာ။ ဘုရားသခင်ရဲ့နှစ်သက်မှုကို ရချင်တယ်ဆိုရင် အရက်နဲ့မူးယစ်ဆေးတလွဲသုံးတာ၊ ဆေးလိပ်သောက်တာစတဲ့အကျင့်တွေကို ဖြတ်ရမယ်ဆိုတာ သိလာတယ်။ ပြီးတော့ ကျွန်တော်နားထောင်နေတဲ့တေးဂီတတွေကို နားမထောင်သင့်ဘူးဆိုတာလည်း သိလာတယ်။
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို ဦးဆုံးအကြိမ်တက်တုန်းက နံရံမှာချိတ်ထားတဲ့ ကျမ်းချက်တစ်ချက်ကို သတိပြုမိတယ်။ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ယေဟောဝါကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်’ လို့ဖော်ပြထားတဲ့ နယပုံပြင် ၃:၅၊ ၆ ဖြစ်တယ်။ အဲဒီကျမ်းချက်အကြောင်း စဉ်းစားရင်း ကျွန်တော်ကသာ ခွင့်ပြုမယ်ဆိုရင် ကျွန်တော့်ဘဝကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ယေဟောဝါကူညီပေးမယ်ဆိုတာ စိတ်ချလာတယ်။
အနည်ထိုင်နေတဲ့ဘဝပုံစံကို ပြုပြင်ပြောင်းလဲဖို့၊ အရက်နဲ့မူးယစ်ဆေး တလွဲသုံးနေတာကိုဖြတ်ဖို့ဆိုတာ ကိုယ့်လက်ကိုကိုယ်ပြန်ဖြတ်ပစ်ရသလို ခက်ခဲလိုက်တာ။ (မဿဲ ၁၈:၈၊ ၉) ဒီအကျင့်ဆိုးတွေကို တဖြည်းဖြည်းချင်း ဖြတ်နိုင်မှာမဟုတ်ဘူး။ အဲဒီနည်းက ကျွန်တော့်အတွက် အလုပ်မဖြစ်ဘူးဆိုတာ သိတယ်။ ဒါကြောင့် အဲဒီအကျင့်ဆိုးတွေအားလုံးကို တစ်ပြိုင်နက် တိခနဲဖြတ်ချလိုက်တယ်။ ပြီးတော့ ပျက်စီးစေတဲ့လမ်းစဉ်ဟောင်းမှာ ပြန်ခြေချမိအောင်သွေးဆောင်နိုင်တဲ့ နေရာနဲ့လူတွေအားလုံးကို ဝေးဝေးရှောင်တယ်။
စိတ်ဓာတ်ကျစရာတွေကို တနုံ့နုံ့တွေးနေမယ့်အစား နေ့စဉ် ပြီးမြောက်အောင်မြင်မှုတွေအတွက် ဂုဏ်ယူဝမ်းမြောက်တတ်လာတယ်။ ကိုယ်ခန္ဓာနဲ့ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်တဲ့အတွက် ဘုရားသခင့်မျက်နှာသာရရှိနေတာက ဂုဏ်ယူစရာပဲလို့ ခံစားရတယ်။ အတိတ်ဟောင်းကိုပြန်မတွေးဘဲ ရှေ့ကိုသာ အာရုံစိုက်နိုင်ဖို့ ယေဟောဝါဆီဆုတောင်းတဲ့အခါ ကိုယ်တော်ကူညီခဲ့တယ်။ တစ်ခါတလေ၊ အကျင့်ဟောင်းတွေကို ပြန်ကျင့်မိတယ်။ ဒါပေမဲ့၊ အရက်နာကျနေတဲ့အခါမျိုးမှာတောင် ကျွန်တော့်ကိုကျမ်းစာသင်ပေးသူနဲ့အတူ ကျမ်းစာဆက်လေ့လာတယ်။
ဘုရားသခင်က ကျွန်တော်တို့တစ်ဦးစီကို ဂရုစိုက်တယ်၊ မှားယွင်းတဲ့ဘာသာကို ဖျက်ဆီးတော့မယ်၊ အခု ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ထောက်မနေတယ်ဆိုတဲ့ ကိုယ်တော်နဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ကျမ်းစာကနေ သိရှိလာတယ်၊ အဲဒါတွေက ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိတယ်။ (မဿဲ ၇:၂၁-၂၃; ၂၄:၁၄; ၁ ပေတရု ၅:၆၊ ၇) နောက်ဆုံးတော့ ကျွန်တော့်အသက်တာကို ဘုရားသခင်ဆီအပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့တဲ့အရာတိုင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြချင်တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ– အခု၊ ကျွန်တော့်ဘဝမှာ ရည်ရွယ်ချက်ရှိနေပြီ၊ အဓိပ္ပာယ်ရှိနေပြီလို့ခံစားရတယ်။ (ဒေ. ၁၂:၁၃) မိသားစုဆီက ရယူမယ့်အစား ပြန်ပေးဆက်နိုင်ပါပြီ။ ကျမ်းစာကနေသိရှိလာတဲ့ အကြောင်းအရာတွေကို အဘွားကို ပြန်ဝေမျှတယ်၊ အခုဆို အဘွားက သူ့အသက်တာကို ယေဟောဝါဆီအပ်နှံလိုက်ပြီ။ ကျွန်တော့်မိသားစုဝင်အတော်များများနဲ့ အရင် တီးဝိုင်းအဖွဲ့သားတစ်ယောက်လည်း အဲဒီလိုပဲ သူတို့ရဲ့အသက်တာကို အပ်နှံခဲ့ကြတယ်။
အခု ကျွန်တော် အိမ်ထောင်ကျနေပြီ၊ ကျွန်တော်တို့ဇနီးမောင်နှံက တခြားသူတွေ ကျမ်းစာအကြောင်းသိလာအောင် ကူညီပေးတဲ့လုပ်ငန်းမှာ အဓိကပါဝင်နေကြတယ်။ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစား’ တတ်လာတဲ့အတွက် အကျိုးကျေးဇူးတွေအများကြီး ရရှိခဲ့ပါတယ်။
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
“အသက်ရှင်ချင်စိတ်၊ ပျော်ရွှင်ချင်စိတ်တွေ တဖြည်းဖြည်းတိုးများလာတယ်”