သင်သိပါသလော
သင်သိပါသလော
မုဆိုးမ၏ဒင်္ဂါးနှစ်ပြားသည် မည်မျှ တန်ဖိုးရှိခဲ့သနည်း။
အေဒီ ပထမရာစုတွင် ဂျူးတို့သည် ဝတ်ပြုရာအိမ်တော်အတွက် နှစ်စဉ်အခွန်ငွေ “ဒိဒြမ္မ” ပေးဆောင်ရသည်၊ ယင်းသည် နှစ်ရက်လုပ်ခနီးပါးရှိသည်။ (မဿဲ ၁၇:၂၄) ယေရှုက စာငှက်နှစ်ကောင်ကိုမူ “အဿရိတစ်ပြားဖိုးနှင့်” ရောင်းသည်ဟုပြောခဲ့သည်၊ ယင်းသည် ၄၅ မိနစ်လုပ်ခနှင့်ညီမျှသည်။ ယင်းငွေနှစ်ဆဖြင့် စာငှက်ငါးကောင်ကိုရနိုင်သည်၊ သို့မဟုတ် မိနစ် ၉၀ ခန့်အလုပ်လုပ်ခဖြစ်သည်။—မဿဲ ၁၀:၂၉; လုကာ ၁၂:၆။
ယေရှုမြင်တွေ့ ခဲ့သော ဝတ်ပြုရာအိမ်တော်အတွက်အလှူငွေသွင်းချနေသည့် ဆင်းရဲသောမုဆိုးမ၏ငွေသည် ယင်းထက်ပင်တန်ဖိုးနည်း၏။ ယင်းဒင်္ဂါးနှစ်ပြား သို့မဟုတ် လက်ပ်တာနှစ်ပြားသည် ထိုအချိန်က ဣသရေလနိုင်ငံတွင်အသုံးပြုသော အသေးဆုံးကြေးနီငွေပြားဖြစ်သည်။ ယင်းသည် တစ်နေ့လုပ်ခ၏ ၁/၆၄ နှင့်ညီမျှသည်၊ သို့မဟုတ် ပျမ်းမျှတစ်နေ့ ၁၂ နာရီပေါ်အခြေခံပါက ၁၂ မိနစ်လုပ်ခထက်ပင်နည်းသေးသည်။
“မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲက နုတ်၍” လှူဒါန်းကြသူအားလုံးထက် မုဆိုးမ၏အလှူငွေကို သာ၍မြတ်သောငွေအဖြစ် ယေရှုခရစ်တန်ဖိုးထားခဲ့သည်။ အဘယ်ကြောင့်နည်း။ မှတ်တမ်းဖော်ပြချက်အရ မုဆိုးမ၌ “ဒင်္ဂါးနှစ်ပြား” သာရှိသည်ဖြစ်ရာ တစ်ပြားကိုလှူပြီး တစ်ပြားကိုသူ့အတွက် ချန်ထားနိုင်သည်။ သို့သော် သူသည် “မိမိအသက်မွေးစရာဥစ္စာရှိသမျှကို” သွန်းချခဲ့သည်။—မာကု ၁၂:၄၁-၄၄; လုကာ ၂၁:၂-၄။
ရှောလုကို ပေါလုအဖြစ် မည်သည့်အချိန်တွင် လူသိများလာခဲ့သနည်း။
တမန်တော်ပေါလုသည် ဟေဗြဲလူမျိုး၊ ရောမနိုင်ငံသားတစ်ဦးအဖြစ် မွေးဖွားခဲ့သည်။ (တမန်တော် ၂၂:၂၇၊ ၂၈; ဖိလိပ္ပိ ၃:၅) ထို့ကြောင့် ငယ်စဉ်မှစ၍ သူ့တွင် ဟေဗြဲအမည်ရှောလုနှင့် ရောမအမည်ပေါလုဟူ၍ နှစ်မျိုးစလုံးရှိခဲ့ဖွယ်ဖြစ်သည်။ ပေါလု၏ဆွေမျိုးတချို့တွင်လည်း ယင်းကဲ့သို့ ရောမနာမည်နှင့် ဂရိနာမည်ရှိခဲ့ကြသည်။ (ရောမ ၁၆:၇၊ ၂၁) ယင်းသည် ထိုအချိန်က ဂျူးတို့အတွက် အထူးအဆန်းမဟုတ်ချေ၊ အထူးသဖြင့် ဣသရေလနိုင်ငံပြင်ပတွင်နေထိုင်သူတို့အလယ်တွင် နာမည်နှစ်မျိုးရှိကြသည်။—တမန်တော် ၁၂:၁၂; ၁၃:၁။
ဤတမန်တော်သည် ခရစ်ယာန်ဖြစ်လာပြီးနောက် ဆယ်နှစ်ကျော်အထိ သူ၏ဟေဗြဲနာမည်ဖြစ်သောရှောလုကို ပို၍လူသိများဖွယ်ရှိသည်။ (တမန်တော် ၁၃:၁၊ ၂) သို့သော် အေဒီ ၄၇/၄၈ ခန့်၊ သူ၏ပထမခရစ်ယာန်သာသနာပြုခရီးစဉ်တွင် သူသည် ရောမနာမည်ပေါလုကို အသုံးပြုရန် ပိုလိုလားပေမည်။ သူသည် ဂျူးမဟုတ်သူများထံ သတင်းကောင်းဟောပြောရန် တာဝန်ရရှိခဲ့သောကြောင့် ရောမနာမည်ကို ပို၍လက်ခံလိမ့်မည်ဟု သူခံစားခဲ့ပေမည်။ (တမန်တော် ၉:၁၅; ၁၃:၉; ဂလာတိ ၂:၇၊ ၈) သူ၏ဟေဗြဲနာမည်ဖြစ်သော ရှောလု၏ဂရိအသံထွက်မှာ ဂရိစကားတွင် မကောင်းသောအဓိပ္ပာယ်သက်ဝင်သောကြောင့် ပေါလုဟူသောအမည်ကို အသုံးပြုခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ အပြောင်းအလဲပြုလုပ်ရသည့်အကြောင်းရင်းမှာ ပေါလုသည် “အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလို့ငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” လိုကြောင်းပြလို၍ဖြစ်သည်။—၁ ကောရိန္သု ၉:၂၂။
[စာမျက်နှာ ၁၂ ပါပုံစာ]
လက်ပ်တာ၏ မူလအရွယ်အစား