ဆင်းရဲခက်ခဲမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုထားသနည်း
စာရှုသူများအမေး
ဆင်းရဲခက်ခဲမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုထားသနည်း
လူသားတို့ခံစားနေရသော ဆင်းရဲခက်ခဲမှုကို ဘုရားသခင် ဖြစ်စေသည်မဟုတ်ပါ။ ‘မကောင်းမှုသည် ဘုရားသခင်နှင့် ဝေးပါစေ’ ဟုသမ္မာကျမ်းစာကဆိုသည်။ (ယောဘ ၃၄:၁၀) သို့ဖြစ်လျှင် ဆင်းရဲခက်ခဲမှုကိုဖြစ်စေသည့် အဓိကတရားခံမှာ မည်သူနည်း။
ယေရှုက စာတန်အား “ဤလောကကိုအစိုးရသောမင်း” ဟုခေါ်ဆိုခဲ့သည်။ (ယောဟန် ၁၄:၃၀) အမှန်မှာ၊ ယေဟောဝါသည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်သည်။ ကိုယ်တော်သည် ထိုအနေအထားကို ဘယ်တော့မျှ စွန့်လွှတ်မည်မဟုတ်ပါ။ သို့သော် ဘုရားသခင်သည် လူသားအများစုကို စာတန်အုပ်ချုပ်စေရန် အချိန်ကာလတစ်ခု ခွင့်ပြုခဲ့သည်။—၁ ယောဟန် ၅:၁၉။
စာတန်သည် မည်ကဲ့သို့သော အုပ်စိုးရှင်မျိုးဖြစ်ခဲ့သနည်း။ လူသားတို့နှင့် ဦးဆုံးပတ်သက်ခဲ့ချိန်မှစ၍ စာတန်သည် လူ့အသက်သတ်သူ၊ လိမ်လည်လှည့်ဖြားသူ ဖြစ်ခဲ့သည်။ စာတန်သည် လိမ္မာပါးနပ်သောနည်းများဖြင့် လူ့အဖွဲ့အစည်းကို အကြီးအကျယ်ပျက်စီးစေသည်။ ယေရှုက စာတန်အား ဤစကားများဖြင့် ဖော်ပြခဲ့၏– “ရှေ့ဦးစွာမှစ၍ လူ့အသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။” (ယောဟန် ၈:၄၄) ယေရှု၏အသက်ကို ရန်ရှာသူတို့အား ကိုယ်တော်က သူတို့၏အဘသည် ရှေးဦးစွာမှစ၍ လူ့အသက်ကိုသတ်သူ စာတန်ဖြစ်သည်ဟုလည်း မိန့်တော်မူခဲ့သည်။ သူတို့သည် စာတန်ကဲ့သို့ပြုမူခြင်းဖြင့် မိမိတို့ကိုယ်ကို စာတန်၏သားများ ဖြစ်စေခဲ့ကြသည်။ ဖအေတူသား ဟူသည့်စကားအတိုင်းဖြစ်သည်။
စာတန်သည် လူသားတို့၏စိတ်နှလုံးထဲ လူသတ်လိုသောသဘောထားကို ဆက်၍မြှောက်ထိုးပင့်ကော်လုပ်လျက်ရှိသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ရီတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ အာရ်. ဂျေ. ရမ်မလ်က ၁၉၀၀ ပြည့်နှစ်မှ ၁၉၈၇ ခုနှစ်အတွင်း အုပ်ချုပ်ရေးအမျိုးမျိုးက နိုင်ငံရေးသုတ်သင်မှုများ၊ မျိုးဖြုတ်သတ်ဖြတ်မှုများနှင့် မဆင်မခြင်အကြမ်းဖက်သတ်ဖြတ်မှုလုပ်ရပ်များအတွင်း လူပေါင်း ၁၆၉,၁၉၈,၀၀၀ ကိုသတ်ခဲ့သည်ဟု ခန့်မှန်းသည်။ ထိုသေဆုံးသူစာရင်းမှာ ထိုကာလအတွင်း စစ်ပွဲများတွင်အသတ်ခံရသော သန်းနှင့်ချီသောသူများ မပါပေ။
ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို ဖြစ်စေသောအရှင်မဟုတ်လျှင် ယင်းကိုအဘယ်ကြောင့် ခွင့်ပြုထားသနည်း။ ရှေးအချိန်ကပေါ်ပေါက်ခဲ့ခြင်းဖြစ်သော်လည်း ဖြေရှင်းဖို့လိုနေဆဲဖြစ်သည့် အမှားအမှန်ခွဲခြားမှုနှင့်ဆိုင်သော စကြဝဠာအရေးကိစ္စများကြောင့်ဖြစ်သည်။ ယင်းတို့ထဲမှတစ်ခုကိုသာ ကြည့်ကြစို့။
လူ့သမိုင်းအစပိုင်းတွင် အာဒံနှင့်ဧဝတို့သည် စာတန်ဘက်သို့ပါသွားကြသည်။ သူတို့သည် ဘုရားသခင်၏အုပ်ချုပ်မှုကိုငြင်းပယ်ကာ ကိုယ့်ကိုယ်ကိုအုပ်ချုပ်ရန် ရွေးချယ်ခဲ့ကြသော်လည်း ယင်းသည် အမှန်မှာ စာတန်၏အုပ်ချုပ်မှုအောက် ရောက်သွားခြင်းဖြစ်သည်။—ကမ္ဘာဦး ၃:၁-၆; ဗျာ. ၁၂:၉။
ယေဟောဝါ၏တရားမျှတမှုစံနှုန်းက အထောက်အထားအလုံအလောက်ပြနိုင်သည့်အထိ အချိန်ပေးစေသည်။ ထင်ရှားမြင်သာသည့်ကောက်ချက်မှာ အဘယ်နည်း။ စာတန့်လက်အောက်ရှိ လူ့အုပ်ချုပ်ရေးသည် ဆင်းရဲခက်ခဲမှုကိုသာ ဖြစ်စေသည်။ ရေရှည်အကျိုးကိုကြည့်လျှင် ဘုရားသခင် အချိန်ပေးခွင့်ပြုခဲ့ခြင်းကြောင့် လူသားတို့အတွက် အကျိုးဖြစ်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ အထောက်အထားများကိုလေ့လာပြီး ယုံကြည်သူများသည် ဘုရားသခင်၏အုပ်ချုပ်ရေးကိုထောက်ခံကြောင်း တလိုတလားတင်ပြနိုင်သည့်အခွင့်အရေး ရရှိကြသည်။ ဘုရားသခင့်စံနှုန်းများကိုလေ့လာသူများ၊ ယင်းအတိုင်းနေထိုင်သူများသည် ထာဝရအသက်ရှင်ခွင့် အလားအလာရှိကြသည်။—ယောဟန် ၁၇:၃; ၁ ယောဟန် ၂:၁၇။
မှန်ပါသည်၊ ယခုအချိန်အထိ စာတန်သည် ဤလောကကိုအုပ်ချုပ်လျက်ရှိသည်။ သို့သော် အချိန်သိပ်မကျန်တော့ပါ။ မကြာမီ ယေဟောဝါသည် စာတန်၏ “အမှုတို့ကိုပယ်ဖျက်ခြင်းငှာ” သားတော်ကိုအသုံးပြုတော်မူမည်။ (၁ ယောဟန် ၃:၈) ဘုရားသခင့်လမ်းညွှန်မှုအောက်တွင် ယေရှုသည် နှလုံးကျိုးပဲ့ကြေမွနေသူများကို ကုစားပေးမည်ဖြစ်ပြီး လူသားတို့၏ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်များကို ပယ်ဖျက်ပေးမည်။ လူ့သမိုင်းတစ်လျှောက် ဆင်းရဲခက်ခဲမှုကြုံတွေ့ခဲ့ရပြီး သေဆုံးသွားကြသူ သန်းထောင်နှင့်ချီသောသူတို့ကို မြေကြီးပေါ်သို့ ကိုယ်တော်ရှင်ပြန်ထမြောက်စေမည်။—ယောဟန် ၁၁:၂၅။
ယေရှုရှင်ပြန်ထမြောက်ခြင်းက စာတန့်လုပ်ရပ်များအပေါ် ဘုရားသခင့်အောင်နိုင်မှုဆိုင်ရာ သာဓကတစ်ရပ်ဖြစ်သည်—ဘုရားသခင့်အုပ်ချုပ်မှုကို ရွေးချယ်သူလူသားများ နောင်ရမည့်အရာအတွက် အာမခံချက်ဖြစ်သည်။ (တမန်တော် ၁၇:၃၁) သမ္မာကျမ်းစာက ယင်းအနာဂတ်အချိန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့နားလည်သဘောပေါက်စေရန် ဤနှစ်သိမ့်ဖွယ်စကားများဖြင့် ညွှန်ပြထားသည်– “ဘုရားသခင်သည် ကိုယ်တော်တိုင် [လူ] တို့နှင့်အတူရှိ . . . မည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာ. ၂၁:၃၊ ၄။