အကြီးအကဲတို့၊ “ခြေကုန်လက်ပန်းကျနေသူ” ကို သင်တို့ လန်းဆန်းစေမလား
အသက် ၃၀ ကျော်ရှိပြီး တစ်ကိုယ်ရေညီအစ်မတစ်ဦးဖြစ်တဲ့ အင်ဂျလာ *တစ်ယောက် နည်းနည်းစိုးရိမ်စိတ်ဝင်နေတယ်။ သူ အကြီးအကဲတွေကို စောင့်နေတယ်။ အကြီးအကဲတွေ သူ့ကို ဘာပြောမလဲ။ ဟုတ်ပါတယ်၊ သူ အစည်းအဝေးနည်းနည်း ပျက်ထားတယ်၊ ဒါပေမဲ့ သူက တစ်နေကုန် သက်ကြီးရွယ်အိုတွေကို ပြုစုရတဲ့အလုပ်လုပ်ရလို့ ပင်ပန်းနေတယ်။ ဒါ့အပြင် ကျန်းမာရေးမကောင်းတဲ့ အမေအတွက်လည်း နေ့တိုင်း စိုးရိမ်နေရတယ်။
သင်သာ အင်ဂျလာဆီ သွားလည်ပတ်မယ်ဆိုရင် ဒီ “ခြေကုန်လက်ပန်းကျနေသူ” ကို ဘယ်လို အားပေးမလဲ။ (ယေ. ၃၁:၂၅) ဒါပေမဲ့ အရင်ဆုံး လန်းဆန်းမှုဖြစ်စေတဲ့ သိုးထိန်းလည်ပတ်မှုဖြစ်ဖို့ သင် ဘယ်လိုပြင်ဆင်မလဲ။
သင့်ညီအစ်ကိုရဲ့အခြေအနေကို စဉ်းစားပါ
ကျွန်ုပ်တို့အားလုံးဟာ တစ်ခါတလေမှာ လောကအလုပ် ဒါမှမဟုတ် ဘုရားသခင့်အမှုဆောင်ခြင်းနဲ့ဆိုင်တဲ့တာဝန်တွေကြောင့် ပင်ပန်းကြပါတယ်။ ဥပမာ၊ ပရောဖက်ဒံယေလဟာ သူနားမလည်နိုင်တဲ့ ရူပါရုံတစ်ခုရပြီးနောက်မှာ ‘မောပန်းနွမ်းနယ်’ ခဲ့တယ်။ (ဒံ. ၈:၂၇) ကောင်းကင်တမန် ဂါဗြေလရောက်လာတဲ့အခါ သူအကူအညီရခဲ့တယ်။ ဘုရားသခင့်တမန်က ဒံယေလ နားလည်အောင်ကူညီပေးခဲ့တယ်၊ သူ့ရဲ့ဆုတောင်းသံကို ယေဟောဝါကြားတယ်ဆိုတာ စိတ်ချစေခဲ့ပြီး သူဟာ “အလွန်ချစ်အပ်သောသူ” ဖြစ်နေဆဲပဲဆိုတာကို ပြောပြခဲ့တယ်။ (ဒံ. ၉:၂၁-၂၃) နောက်ပိုင်းတစ်ချိန်မှာ နောက်ကောင်းကင်တမန်တစ်ပါးပေါ်လာပြီး အလားတူစကားတွေနဲ့ ပရောဖက်ကို ခွန်အားပေးခဲ့တယ်။—ဒံ. ၁၀:၁၉။
အလားတူပဲ မောပန်းပြီး စိတ်ဓာတ်ကျနေတဲ့ ယုံကြည်သူတစ်ဦးဆီ သွားမလည်ပတ်ခင် သူ့ရဲ့အခြေအနေတွေကို အချိန်ယူစဉ်းစားပါ။ သူ့မှာ ဘာပြဿနာတွေ ရှိနေသလဲ။ အဲဒီပြဿနာတွေက သူ့ကို ဘယ်လို စိတ်ဓာတ်ကျစေသလဲ။ သူ့မှာ ဘယ်အရည်အသွေးကောင်းတွေ ရှိသလဲ။ အကြီးအကဲသက်တမ်း
အနှစ် ၂၀ ကျော်ရှိနေပြီဖြစ်တဲ့ ရစ်ချက်က သူ ညီအစ်ကိုတစ်ယောက်ဆီ သွားမလည်ပတ်ခင်မှာ အဲဒီညီအစ်ကိုရဲ့ အရည်အသွေးကောင်းကို အရင်စဉ်းစားတယ်လို့ပြောပြတယ်။ အဲဒီညီအစ်ကိုရဲ့ အခြေအနေကိုလည်း သူထည့်စဉ်းစားတယ်။ ဒါက ညီအစ်ကိုလိုအပ်တဲ့ အားပေးမှုကိုပေးဖို့ သူ့အတွက် ပိုလွယ်ကူစေတယ်။ သိုးထိန်းလည်ပတ်မှုမှာ နောက်အကြီးအကဲတစ်ယောက်လည်း ပါမယ်ဆိုရင် ညီအစ်ကိုရဲ့အခြေအနေကို သူနဲ့အတူ ဆွေးနွေးပါ။သင့်ညီအစ်ကို,ကို သက်သောင့်သက်သာရှိစေပါ
ကိုယ့်ရဲ့ခံစားချက်တွေကို အကြီးအကဲတစ်ဦးကို ပြောပြဖို့ဆိုတာ ခက်နိုင်ပါတယ်။ ဒါဆိုရင် သင့်ညီအစ်ကို သက်သောင့်သက်သာဖြစ်စေဖို့ သင် ဘာလုပ်နိုင်သလဲ။ လည်ပတ်မှုအစပိုင်းမှာ သင့်ရဲ့ လှိုက်လှဲတဲ့အပြုံးနဲ့ ကြင်နာတဲ့စကားအနည်းငယ်က အကူအညီဖြစ်စေနိုင်ပါတယ်။ အကြီးအကဲဖြစ်တာ အနှစ် ၄၀ ကျော်ကြာပြီဖြစ်တဲ့ မိုက်ကယ်က သူ့ရဲ့လည်ပတ်မှုတွေကို ဒီလိုပြောပြီး အစပြုလေ့ရှိတယ်– “ခင်ဗျား သိလား၊ အကြီးအကဲဖြစ်ရတဲ့ အကောင်းဆုံးအခွင့်အရေးတစ်ခုက ညီအစ်ကိုတွေရဲ့အိမ်တွေကိုလည်ပတ်ပြီး သူတို့နဲ့ ရင်းနှီးခင်မင်ခွင့်ရတာပဲ။ ဒါကြောင့် ဒီလိုလည်ပတ်နိုင်ဖို့ ဒီနေ့ကို ကျွန်တော် တကယ်မျှော်ခဲ့တယ်။”
လည်ပတ်မှုရဲ့အစပိုင်းမှာ သင့်ညီအစ်ကိုနဲ့အတူ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနိုင်ပါတယ်။ တမန်တော်ပေါလုဟာ သူ့ရဲ့ဆုတောင်းချက်ထဲမှာ သူ့ညီအစ်ကိုတွေရဲ့ သစ္စာရှိမှု၊ မေတ္တာနဲ့ ခံနိုင်ရည်အကြောင်း ဖော်ပြခဲ့တယ်။ (၁ သက်. ၁:၂၊ ၃) ဆုတောင်းတဲ့အခါ သင့်ညီအစ်ကိုရဲ့ အရည်အသွေးကောင်းတွေကို ဖော်ပြခြင်းက တည်ဆောက်မှုဖြစ်စေတဲ့စကားကို အစပြုပြောဆိုဖို့ သင့်စိတ်နှလုံးနဲ့ သူ့စိတ်နှလုံးကို ပြင်ဆင်တာဖြစ်တယ်။ သင့်စကားတွေမှာ ကုစားပေးနိုင်တဲ့အစွမ်းရှိနိုင်ပါတယ်။ အတွေ့အကြုံရှိ အကြီးအကဲတစ်ဦးဖြစ်တဲ့ ရေးက ဒီလိုပြောတယ်– “တစ်ခါတလေ ကျွန်တော်တို့အားလုံးက ကျွန်တော်တို့လုပ်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကို မေ့သွားကြတယ်။ ဒါကြောင့် တစ်ယောက်ယောက်က အဲဒါကို သတိပေးလိုက်တဲ့အခါ လန်းဆန်းမှုခံစားကြရတယ်။”
ဘုရားသခင်ထံက ဆုကျေးဇူးကိုဝေမျှပါ
ပေါလုလိုပဲ သင်လည်း ကျမ်းချက်တစ်ချက်မှာပါတဲ့ ကျမ်းစာအယူအဆတစ်ခုကို ပြောပြခြင်းအားဖြင့် “ဘုရားသခင်ထံတော်မှ ဆုကျေးဇူး” ကို ဝေမျှနိုင်ပါတယ်။ (ရော. ၁:၁၁) ဥပမာ၊ စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကိုတစ်ယောက်ဟာ သူ့ကိုသူ အသုံးမကျဘူးလို့ ခံစားရနိုင်တယ်။ အဲဒီအခါမှာ မိမိကိုယ်ကို ရှုံ့တွနေတဲ့၊ “မီးခိုးရိုက်ထားတဲ့သားရေဘူး” နဲ့ နှိုင်းယှဉ် ခဲ့တဲ့ ဆာလံဆရာအကြောင်း ဖတ်ပြနိုင်တယ်။ စိတ်ဓာတ်ကျနေတဲ့ကြားမှာ ဆာလံဆရာဟာ “ကိုယ်တော့်စည်းမျဉ်းတွေကိုတော့ မမေ့ပါဘူး” လို့ ပြောခဲ့တယ်။ (ဆာ. ၁၁၉:၈၃၊ ၁၇၆၊ ကဘ) အဲဒီကျမ်းချက်ကို အတိုချုပ်ရှင်းပြပြီးနောက်မှာ သင့်ညီအစ်ကိုလည်း ဘုရားသခင့် “ပညတ်ချက်တွေကို မမေ့လျော့” ဘူးဆိုတာကို သင်ယုံကြည်စိတ်ချကြောင်း ပြောပြနိုင်ပါတယ်။
အလားတူပဲ ပျောက်သွားတဲ့ ဒရက်ခ်မာတစ်ပြားပုံဥပမာက အသင်းတော်နဲ့တဖြည်းဖြည်းဝေးပြီး အားနည်းသွားတဲ့ ညီအစ်မတစ်ယောက်အတွက် အကျိုးရှိနိုင်ပါတယ်။ (လု. ၁၅:၈-၁၀) ပျောက်နေတဲ့ဒ င်္ဂါးတစ်ပြားက ငွေဒ င်္ဂါးတွေအများကြီးသီထားတဲ့ အဖိုးတန်ဆွဲကြိုးတစ်ကုံးထဲက ဒ င်္ဂါးတစ်ပြားဖြစ်နိုင်တယ်။ အဲဒီပုံဥပမာကို ဆွေးနွေးခြင်းအားဖြင့် သူမဟာလည်း အသင်းတော်မှာ အရေးပါသူတစ်ယောက်ဖြစ်တယ်ဆိုတာ သိမြင်စေနိုင်ပါတယ်။ အဲဒီအချက်ကို ဆွေးနွေးပြီးနောက်မှာ ယေဟောဝါက သူမကို မိမိရဲ့သိုးငယ်လေးတစ်ကောင်လို ဂရုစိုက်စောင့်ရှောက်တယ်ဆိုတာ အလေးပေးပြောပြနိုင်ပါတယ်။
ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေဟာ သူတို့ဖတ်ထားတဲ့ ကျမ်းစာထဲကအကြောင်းတွေ ပြောပြရတာကို နှစ်သက်ကြတယ်။ ဒါကြောင့် တစ်ချိန်လုံး စကားမပြောပါနဲ့။ သူတို့ရဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ကျမ်းချက်တစ်ချက်ကို ဖတ်ပြီးနောက်မှာ စကားလုံးတစ်လုံး ဒါမှမဟုတ် စကားစုတစ်စုကို ရွေးထုတ်ပြီး အဲဒီအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဥပမာ၊ ၂ ကောရိန္သု ၄:၁၆ ကိုဖတ်ပြီး အကြီးအကဲတစ်ဦးက ဒီလိုမေးနိုင်ပါတယ်– “ယေဟောဝါ သင့်ကို ပြန်အားဖြည့်ပေးတယ်ဆိုတာ သင် ဘယ်လိုနည်းတွေနဲ့ ခံစားခဲ့ရသလဲ။” ဒီနည်းလမ်းက “အပြန်အလှန်အားပေးခွင့်” ရရှိစေနိုင်တယ်။—ရော. ၁:၁၂။
သင့်ညီအစ်ကိုညီအစ်မနဲ့ အခြေအနေချင်းတူတဲ့ ကျမ်းစာဇာတ်ကောင်တစ်ဦးဦးအကြောင်း ဆွေးနွေးခြင်းအားဖြင့်လည်း သူ့ကို အားပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျနေသူတစ်ဦးဦးကို ဟန္န၊ ဧပဖြောဒိတ်တို့အကြောင်း ပြောပြနိုင်တယ်၊ သူတို့မှာ စိတ်ပျက်အားလျော့တဲ့အချိန်တွေ ရှိခဲ့ပေမဲ့ သူတို့ဟာ ဘုရားသခင့်အမြင်မှာ အဖိုးတန်သူတွေဖြစ်ခဲ့တယ်။ (၁ ရာ. ၁:၉-၁၁၊ ၂၀; ဖိ. ၂:၂၅-၃၀) အခွင့်အရေးရမယ်ဆိုရင် ကျမ်းစာမှာပါတဲ့ တခြားပုံနမူနာကောင်းတွေအကြောင်း ဆွေးနွေးပါ။
စိတ်ဝင်စားမှု ဆက်ပြပါ
သိုးထိန်းလည်ပတ်ပြီးနောက်မှာလည်း ညီအစ်ကိုညီအစ်မတွေအပေါ် ဆက်စိတ်ဝင်စားမှုပြခြင်းအားဖြင့် သူတို့ကို သင်တကယ်စိတ်ဝင်စားကြောင်း ဆက်ပြသနိုင်ပါတယ်။ (တ. ၁၅:၃၆) လည်ပတ်မှုရဲ့နိဂုံးပိုင်းမှာ သူတို့နဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ချိန်းချက်နိုင်ပါတယ်။ အတွေ့အကြုံရှိ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဘားနတ်ဟာ သူ သိပ်မကြာသေးခင်က သိုးထိန်းလည်ပတ်မှုလုပ်ထားတဲ့ ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်ကို ပြန်တွေ့တဲ့အခါမှာ သူပေးခဲ့တဲ့အကြံပြုချက်နဲ့ပတ်သက်ပြီး “ဘယ်လိုလဲ၊ ကျွန်တော်ပေးတဲ့အကြံပြုချက်က ခင်ဗျားအတွက် အထောက်အကူဖြစ်ရဲ့လား” လို့ မေးလေ့ရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းအားဖြင့် နောက်ထပ်အကူအညီပေးဖို့ လိုမလို သင်ဆုံးဖြတ်နိုင်မှာဖြစ်တယ်။
ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတွေဟာ ခါတိုင်းထက်ပိုပြီး ဂရုစိုက်စောင့်ရှောက်မှု၊ နားလည်ပေးမှုနဲ့ မေတ္တာ လိုအပ်လာတယ်။ (၁ သက်. ၅:၁၁) ဒါကြောင့် သိုးထိန်းလည်ပတ်မှုမလုပ်ခင်မှာ ကိုယ်လည်ပတ်မယ့်သူရဲ့အခြေအနေကို စဉ်းစားပါ။ လည်ပတ်မှုအကြောင်း ဆုတောင်းပါ။ သင့်တော်တဲ့ကျမ်းချက်တွေ ရွေးပါ။ အဲဒီလိုလုပ်မယ်ဆိုရင် “ခြေကုန်လက်ပန်းကျနေသူ” ကို သင် လန်းဆန်းစေဖို့ သင့်တော်တဲ့စကားလုံးတွေကို ရှာတွေ့ပါလိမ့်မယ်။
^ စာပိုဒ်၊ 2 နာမည်တွေကို ပြောင်းထား။