မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်ကို သိကျွမ်းလာ” ပြီးနောက် အခု ဘာဆက်လုပ်မလဲ

“ဘုရားသခင်ကို သိကျွမ်းလာ” ပြီးနောက် အခု ဘာဆက်လုပ်မလဲ

“သင်တို့သည် ဘုရားသခင်ကို သိကျွမ်းလာကြပြီ။” —ဂလ. ၄:၉

၁။ လေယာဉ်မှူးတစ်ယောက်က လေယာဉ်မထွက်ခွာခင်မှာ ဘာကြောင့် ဇယားပါအချက်အလက်တွေကို သေချာစစ်ဆေးသင့်သလဲ။

လေယာဉ်မှူးတစ်ဦးဟာ လေယာဉ်ခရီးစဉ်တစ်ခု စမထွက်ခွာခင်တိုင်းမှာ လေယာဉ်ကို သေချာ စစ်ဆေးတယ်။ စစ်ဆေးရမယ့်အရာအားလုံးကို စစ်ဆေးပြီးကြောင်း သေချာစေဖို့ ဇယားတစ်ခုသုံးတယ်။ စစ်ဆေးရမယ့်အရာအားလုံးကို သေချာမစစ်ဆေးဘူးဆိုရင် အဲဒီလေယာဉ်ဟာ အန္တရာယ်နဲ့ကြုံတွေ့နိုင်စရာ အကြောင်းများတယ်။ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဝါရင့်လေယာဉ်မှူးတွေတောင်မှ ဇယားပါအချက်အလက်အားလုံးကို စစ်ဆေးဖို့လိုတယ်။

၂။ ခရစ်ယာန်တွေ ဘယ်အရာကို စစ်ဆေးဖို့လိုသလဲ။

အခက်အခဲကြုံတွေ့ချိန်မှာ သင့်ယုံကြည်ခြင်းခိုင်ခံ့မှု ရှိမရှိ သိရဖို့ သင်လည်း လေယာဉ်မှူးလို ဇယားတစ်ခုကို အသုံးပြုနိုင်တယ်။ သင်ဟာ နှစ်ခြင်းခံပြီးခါစဖြစ်စေ၊ ဘုရားသခင့်အမှုဆောင်လာတာ နှစ်ပေါင်းများစွာ ကြာနေတာပဲဖြစ်စေ သင့်ရဲ့ယုံကြည်ခြင်း ခိုင်ခံ့မှုရှိမရှိ ပုံမှန် စစ်ဆေးနေဖို့ အရေးကြီးတယ်။ လုံ့လဝီရိယစိုက်ပြီး ပုံမှန်မစစ်ဆေးဘူးဆိုရင် ယေဟောဝါနဲ့ကျွန်ုပ်တို့ကြားမှာရှိတဲ့ ဆက်ဆံရေး ပျက်သွားနိုင်တယ်။ “မိမိတည်ကြည်နေသည်ဟု ထင်မှတ်သောသူသည် မလဲကျရန် သတိပြုစေ” လို့သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးတယ်။—၁ ကော. ၁၀:၁၂

၃။ ဂလာတိက ခရစ်ယာန်တွေ ဘာလုပ်ဖို့လိုခဲ့သလဲ။

ယေရှုရဲ့ ရွေးနုတ်ဖိုးက ခရစ်ယာန်တွေ ဘုရားသခင်ကို နည်းလမ်းအသစ်နဲ့ သိကျွမ်းဖို့ လမ်းဖွင့်ပေးခဲ့တယ်။ အခု သူတို့ဟာ ဘုရားသခင်ရဲ့သားတွေ ဖြစ်နိုင်ကြပြီ။ ဒါပေမဲ့ ဂလာတိမှာရှိတဲ့ခရစ်ယာန်တွေဟာ သူတို့ရဲ့ ယုံကြည်ခြင်းကို စစ်ဆေးနေဖို့ လိုအပ်ခဲ့တယ်။ (ဂလ. ၄:၉) အဲဒီကခရစ်ယာန်တချို့ဟာ ခရစ်ယာန်တွေ မောရှေပညတ်ကို ဆက်လိုက်နာမှသာ ဖြောင့်မတ်သူများဖြစ်နိုင်မယ်လို့ ပြောနေကြတယ်။ ဒါပေမဲ့ ဘုရားသခင်က မောရှေပညတ်ကို အသုံးမပြုတော့ဘူး၊ အသင်းတော်တွေမှာရှိတဲ့ လူမျိုးခြားတွေလည်း တစ်ခါမှ မောရှေပညတ်အောက်မှာ မရှိခဲ့ဖူးဘူး။ အသင်းတော်မှာရှိတဲ့ ဂျူးတွေရော၊ လူမျိုးခြားတွေပါ အမှန်တရားမှာ တိုးတက်နေဖို့လိုတယ်။ မောရှေပညတ်ကိုလိုက်နာဖို့ ဘုရားသခင် မတောင်းဆိုတော့ဘူးဆိုတာ သူတို့ နားလည်ဖို့လိုတယ်။

ဘုရားသခင်ကိုသိဖို့ ခြေလှမ်းအစ

၄၊ ၅။ ဂလာတိအသင်းသားတွေကို ပေါလု ဘယ်လိုသတိပေးခဲ့သလဲ၊ အဲဒီသတိပေးချက်က ကျွန်ုပ်တို့နဲ့ ဘယ်လို သက်ဆိုင်သလဲ။

ဂလာတိအသင်းတော်ကို တမန်တော်ပေါလု ရေးခဲ့တဲ့စာက သင်ယူထားတဲ့ သမ္မာကျမ်းစာအမှန်တရားကို မစွန့်လွှတ်လိုက်ဖို့ ခရစ်ယာန်အားလုံးကို သတိပေးတယ်။ ကျွန်ုပ်တို့ ထားခဲ့တဲ့အရာတွေဆီ ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ရဘူး။ ဂလာတိအသင်းတော်မှာရှိတဲ့သူတွေကို အားပေးဖို့အတွက်သာမဟုတ်ဘဲ ကိုယ်တော့်ကို ဝတ်ပြုသူအားလုံး ဆက်သစ္စာရှိနိုင်ဖို့အတွက် ယေဟောဝါက တမန်တော်ပေါလုကို ဂလာတိသြဝါဒစာရေးဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်။

ကျွန်ုပ်တို့အားလုံးဟာ ယေဟောဝါကိုဝတ်ပြုဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အချိန်ကို ပြန်သတိရဖို့လိုတယ်။ ဒီမေးခွန်းနှစ်ခုကို သုံးသပ်ကြည့်ပါ– နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီတဲ့အထိ သင်တက်လှမ်းခဲ့တဲ့ အဆင့်တွေကို သတိရသလား။ ဘုရားသခင်ကို သင် ဘယ်လို သိကျွမ်းခဲ့သလဲ၊ ကိုယ်တော် သင့်ကို သိကျွမ်းလို့ သင် ဘယ်လိုခံစားခဲ့ရသလဲဆိုတာကို သတိရသလား။

၆။ ဘယ်ဇယားအကြောင်း လေ့လာကြမလဲ။

ကျွန်ုပ်တို့အားလုံး အခြေခံအားဖြင့် အဆင့်ကိုးဆင့် လုပ်ဆောင်ခဲ့ကြတယ်။  “နှစ်ခြင်းမခံခင်နဲ့ နှစ်ခြင်းခံပြီးနောက် ဆက်တိုးတက်နေရမယ့် ခြေလှမ်းများ” ဆိုတဲ့ လေးထောင့်ကွက်မှာပါတဲ့ အချက်တွေက ကျွန်ုပ်တို့ စစ်ဆေးရမယ့်ဇယားနဲ့တူတယ်။ အဲဒီအချက် ကိုးချက်ကို အမြဲသတိရနေတာက လောကမှာရှိတဲ့အရာတွေဆီ ပြန်လှည့်မသွားဖို့ တွန်းလှန်ရာမှာ ကျွန်ုပ်တို့ကို ခွန်အားပေးပါလိမ့်မယ်။ အတွေ့အကြုံရှိတဲ့ လေယာဉ်မှူးတစ်ဦးက လေယာဉ်မပျံသန်းခင်မှာ အရင်ဆုံး ဇယားပါအချက်အလက်တွေကို စစ်ဆေးသလို ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ရဲ့ဇယားကို အမြဲမပြတ် စစ်ဆေးနေသင့်တယ်။

ဘုရားသခင့်သိကျွမ်းခြင်းခံရသူများ အမှန်တရားမှာ ဆက်ခိုင်မြဲနေ

၇။ ကျွန်ုပ်တို့ ဘယ်ပုံစံကို လိုက်လျှောက်ဖို့လိုသလဲ၊ ဘာကြောင့်လဲ။

လေယာဉ်ပျံသန်းတော့မယ့်အခါတိုင်းမှာ လေယာဉ်မှူးက ဇယားပါအချက်အလက်တွေကို စစ်ဆေးသလိုပဲ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ရဲ့ တိုးတက်မှုကို မှန်မှန်စစ်ဆေးနေသင့်တယ်။ တိမောသေကို ပေါလု ဒီလို စာရေးခဲ့တယ်– “သင်သည် ငါ့ထံမှ ကြားနာခဲ့သည့် အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံကို ခရစ်တော်ယေရှု၌ရှိသော ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ ဆုပ်ကိုင်ထားလော့။”(၂ တိ. ၁:၁၃) အဲဒီ “အကျိုးဖြစ်ထွန်းသော တရားစကား” တွေကို သမ္မာကျမ်းစာမှာ တွေ့ရတယ်။ (၁ တိ. ၆:၃) ပန်းချီပုံကြမ်းတစ်ခုကို ကြည့်လိုက်တာနဲ့ အဲဒါက ဘာပုံလဲဆိုတာ သိနိုင်တယ်။ အဲဒီလိုပဲ “အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံ” က ဘုရားသခင့်တောင်းဆိုရာတွေဟာ ဘာလဲဆိုတာကို အကြမ်းဖျဉ်းသိရှိဖို့ ကူညီပေးတယ်။ ဒါကြောင့် ကျွန်ုပ်တို့နှစ်ခြင်းမခံခင် လုပ်ဆောင်ရတဲ့အဆင့်တွေနဲ့ အမှန်တရားပုံစံကို ကျွန်ုပ်တို့ ဘယ်လောက်အထိ အနီးကပ်လိုက်လျှောက်နေသလဲဆိုတာ သိရဖို့ ဆွေးနွေးကြည့်ကြစို့။

၈၊ ၉။ (က) ကျွန်ုပ်တို့ ဘာကြောင့် အသိပညာနဲ့ ယုံကြည်ခြင်းမှာ ဆက်တိုးတက်နေသင့်သလဲ။ (ခ) ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ဆက်ကြီးထွားတိုးတက်နေဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာ ဥပမာပေးပါ။

ကျွန်ုပ်တို့စစ်ဆေးရမယ့် ဇယားမှာပါတဲ့ ပထမအချက်က အသိပညာ ဆည်းပူးခြင်းဖြစ်တယ်။ အဲဒီလိုဆည်းပူးခြင်းက ကျွန်ုပ်တို့မှာ ယုံကြည်ခြင်း ရှိလာစေနိုင်တယ်။ ဒါပေမဲ့ အဲဒီကဏ္ဍနှစ်ခုစလုံးမှာ ကျွန်ုပ်တို့ ဆက်တိုးတက်နေသင့်တယ်။ (၂ သက်. ၁:၃) ကျွန်ုပ်တို့နှစ်ခြင်းခံပြီးနောက်မှာ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးက ဆက်တိုးတက်ပြီး ခိုင်မြဲနေဖို့လိုတယ်။

သစ်ပင်တစ်ပင်က ဆက်ကြီးထွားနေတယ်။ ခရစ်ယာန်တွေလည်း အဲဒီလိုဖြစ်သင့်

ကျွန်ုပ်တို့ရဲ့တိုးတက်မှုကို အပင်တစ်ပင်ရဲ့ ကြီးထွားမှုနဲ့ နှိုင်းယှဉ်နိုင်တယ်။ အပင်တစ်ပင်က အံ့ဩစရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်တယ်၊ အထူးသဖြင့် အမြစ်တွေက မြေကြီးထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲနေပြီး ဖြာထွက်နေတဲ့အခါမှာ ဖြစ်တယ်။ ဥပမာ– လက်ဘနွန်တောင်က လှပတဲ့ စီဒါထင်းရှူးပင်တွေဟာ အထပ် ၁၂ ထပ်ရှိတဲ့ အဆောက်အဦလောက် မြင့်မားပြီး ပင်စည်လုံးပတ်က ပေ ၄၀ (၁၂ မီတာ) အထိရှိနိုင်တယ်။ (သီ. ၅:၁၅ကဘ) အပင်တစ်ပင်က အစပိုင်းမှာတော့ ကြီးထွားနှုန်းအရမ်းမြန်တယ်။ အမြစ်တွေက နက်သထက်နက်ပြီး ပြန့်ကားဖြာထွက်သွားတာနဲ့အမျှ ပင်စည်က ပိုကြီးပြီး ပိုမြင့်လာတယ်။ နောက်ပိုင်းမှာတော့ အပင်ရဲ့ကြီးထွားနှုန်းက သိပ်မသိသာတော့ဘူး။ အဲဒါက ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်ကြီးထွားမှုနဲ့ တူတယ်။ ကျွန်ုပ်တို့ ကျမ်းစာစလေ့လာချိန်တုန်းကဆိုရင် အပြောင်းအလဲတွေ အများကြီးလုပ်ခဲ့ရတာ ဖြစ်နိုင်တယ်။ အဲဒီနောက် နှစ်ခြင်းခံခဲ့ကြတယ်။ အသင်းတော်မှာရှိတဲ့ တခြားသူတွေက ကျွန်ုပ်တို့ရဲ့တိုးတက်မှုနှုန်းကို သတိထားမိကြတယ်။ ကျွန်ုပ်တို့ဟာ ရှေ့ဆောင်စလုပ်ပြီး အသင်းတော်မှာ အခွင့်အရေးတွေတောင် ရလာနိုင်တယ်။ အချိန်ကြာလာတဲ့အခါ ကျွန်ုပ်တို့ရဲ့တိုးတက်မှုကို လူတွေ သိပ်မမြင်တော့တာဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးဟာ “ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အဆင့်တည်းဟူသော ကြီးရင့်သူ” ဖြစ်တဲ့အထိ အသိပညာနဲ့ ယုံကြည်ခြင်းမှာ ဆက်တိုးတက်နေဖို့လိုတယ်။ (ဧ. ၄:၁၃) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ တိုးတက်မှုဟာ အပင်ပေါက်လေးကနေ သစ်ပင်ကြီးအဖြစ် ကြီးထွားရင့်သန်လာတာနဲ့တူတယ်။

၁၀။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေတောင် ဘာကြောင့် ဆက်တိုးတက်နေဖို့ လိုသလဲ။

၁၀ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့တိုးတက်မှုက အဲဒီနေရာမှာတင် ရပ်တန့်မနေသင့်ဘူး။ သစ်ပင်ရဲ့အမြစ်က ဖြာထွက်နေသလို ကျွန်ုပ်တို့ရဲ့ အသိပညာက ကျယ်ပြန့်ဖို့လိုပြီး သစ်မြစ်က မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားသလို ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကလည်း ခိုင်ခံ့နေဖို့လိုတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားသခင့်တရားစကားတော်မြေမှာ ကျွန်ုပ်တို့ ပိုပြီး အမြစ်စွဲနေမှာဖြစ်တယ်။ (သု. ၁၂:၃) ခရစ်ယာန်အသင်းတော်မှာ အဲဒီလိုတိုးတက်နေတဲ့ ညီအစ်ကိုညီအစ်မများစွာ ရှိပါတယ်။ အကြီးအကဲဖြစ်တာ အနှစ် ၃၀ ကျော်နေပြီဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်က သူ အခုထိတိုးတက်ဖို့ လုပ်ဆောင်နေတုန်းပဲလို့ ပြောခဲ့တယ်။ သူ ဒီလိုပြောတယ်– “သမ္မာကျမ်းစာကို ကျွန်တော် ပိုလေးမြတ်လာတယ်။ ကျမ်းစာမူတွေနဲ့ ပညတ်တွေကို နည်းအမျိုးမျိုးနဲ့ ကျင့်သုံးဖို့ ကျွန်တော် အခွင့်အရေးတွေ မပြတ်ရှာဖွေနေတယ်။ ဘုရားသခင့်အမှုတော်ကို လေးမြတ်တဲ့စိတ်လည်း ပိုတိုးများလာတယ်။”

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ခိုင်မြဲစေပါ

၁၁။ ယေဟောဝါကို ဘယ်လိုနည်းနဲ့ ပိုသိကျွမ်းလာနိုင်သလဲ။

၁၁ ကျွန်ုပ်တို့ရဲ့တိုးတက်မှုမှာ ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ မိတ်ဆွေလို၊ ဖခင်လို ရင်းနှီးအောင်လုပ်ခြင်းလည်း ပါဝင်တယ်။ ကိုယ်တော်က ကျွန်ုပ်တို့ကို လုံခြုံမှုနဲ့ မေတ္တာ ခံစားစေချင်တယ်၊ အဲဒါက မေတ္တာရှိတဲ့မိဘရဲ့ ရင်ခွင်မှာရှိတဲ့ ကလေးရဲ့ ခံစားချက်မျိုး၊ မိတ်ဆွေကောင်းနဲ့အတူရှိနေရတဲ့ ခံစားချက်မျိုးဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုရင်းနှီးမှုမျိုးက နေ့ချင်းညချင်း ရလာမှာမဟုတ်ဘူး။ ကိုယ်တော့်ကိုသိကျွမ်းဖို့၊ ချစ်ခင်ဖို့ အချိန်လိုတယ်။ ဒါကြောင့် ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအနေနဲ့ ပိုသိကျွမ်းလာအောင် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ဖို့ အချိန်ဖယ်ထားပါ။ ကင်းမျှော်စင်၊ နိုးလော့! လထုတ်တိုင်းနဲ့ ကျမ်းစာအခြေပြုစာပေအားလုံးကို ဖတ်ပါ။

၁၂။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ရင်းနှီးမှု ဆက်ခိုင်မြဲနေဖို့ ဘာလုပ်ရမလဲ။

၁၂ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေနဲ့ ကောင်းတဲ့ အပေါင်းအသင်းတွေကလည်း ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲစေနိုင်ပါတယ်။ (မာလခိ ၃:၁၆ ကိုဖတ်ပါ။) ဘုရားသခင်က မိမိရဲ့မိတ်ဆွေတွေ ဆုတောင်းတဲ့အခါ သူတို့ရဲ့ “တိုးလျှိုးအသနားခံချက်ကို” နားထောင်ပေးတယ်။ (၁ ပေ. ၃:၁၂) ယေဟောဝါဟာ မေတ္တာပြည့်ဝတဲ့မိဘလိုပဲ ကျွန်ုပ်တို့ ဆုတောင်းပြီး အကူအညီတောင်းခံတာကို နားထောင်ပေးတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ “ဆုတောင်းခြင်း၌ စွဲမြဲ” နေဖို့လိုတယ်။ (ရော. ၁၂:၁၂) ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့ အကူအညီမပါဘဲ ကြီးရင့်တဲ့ခရစ်ယာန်တစ်ယောက် ဆက်မဖြစ်နိုင်ဘူး။ ဒီစနစ်ဆိုးရဲ့ဖိအားက အရမ်းကို ပြင်းထန်လို့ ကျွန်ုပ်တို့ရဲ့အစွမ်းအစနဲ့ မတွန်းလှန်နိုင်ဘူး။ ကျွန်ုပ်တို့ စွဲမြဲစွာ ဆက်ဆုမတောင်းတော့ဘူးဆိုရင် ကျွန်ုပ်တို့ကို ဘုရားသခင် တလိုတလားထောက်ပံ့ပေးနေတဲ့ စွမ်းအားကို ကျွန်ုပ်တို့ကိုယ်တိုင် ဖြတ်တောက်ပစ်လိုက်တာနဲ့တူတယ်။ သင့်ဆုတောင်းချက်တွေရဲ့ အရည်အသွေးကို သင် ကျေနပ်အားရသလား ဒါမှမဟုတ် အဲဒီကဏ္ဍမှာ ပိုတိုးတက်ဖို့ လိုသေးတယ်လို့ သင် ယူဆသလား။—ယေ. ၁၆:၁၉

၁၃။ ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းက တိုးတက်မှုအတွက် ဘာကြောင့် အရေးကြီးသလဲ။

၁၃ ယေဟောဝါဘုရားက မိမိထံ “ခိုလှုံသောသူတို့ကို” နှစ်သက်တယ်၊ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို သိကျွမ်းပြီးတဲ့နောက်မှာတောင် အသင်းတော်မှာ ကိုယ်တော့်ကိုသိကျွမ်းတဲ့သူတွေနဲ့ ပုံမှန်ဆက်ပေါင်းသင်းလိုကြတယ်။ (နာ. ၁:၇) လောကမှာ စိတ်ပျက်စရာတွေနဲ့ ပြည့်နှက်နေလို့ ကျွန်ုပ်တို့ဟာ အားရှိစေတဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ရှိနေဖို့လိုတယ်။ အဲဒီလိုလုပ်ရင် ဘာအကျိုးကျေးဇူးတွေ ရမလဲ။ အသင်းတော်မှာ သင့်ကို ‘မေတ္တာစိတ်ရှိဖို့နဲ့ အကျင့်ကောင်းတွေကျင့်စေဖို့’ အားပေးတဲ့သူတွေကို သင်တွေ့ရပါလိမ့်မယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အသင်းတော်မှာ ညီအစ်ကိုညီအစ်မတွေနဲ့အတူရှိဖို့ အချိန်မပေးရင် ပေါလုရဲ့အကြံပြုချက်ကို ကျွန်ုပ်တို့ လိုက်နာနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အသင်းတော်စည်းဝေးတွေကို မှန်မှန်တက်ပါ။ မှတ်ချက်တွေပေးခြင်းအားဖြင့် ပါဝင်ပါ။

၁၄။ နောင်တယူခြင်းနဲ့ ပြုပြင်ပြောင်းလဲခြင်းက ဘယ်လိုနည်းနဲ့ ဆက်လုပ်ဆောင်နေရမယ့် လုပ်ရပ်တစ်ခုဖြစ်သလဲ။

၁၄ ကျွန်ုပ်တို့ဟာ ခရစ်ယာန်ဖြစ်ဖို့အတွက် အရင်ဆုံး နောင်တယူပြီး အပြစ်ရှိတဲ့ဘဝလမ်းစဉ်ကို စွန့်လွှတ်ခဲ့ကြတယ်။ နောင်တယူခြင်းဆိုတာလည်း ကျွန်ုပ်တို့ ဆက်လုပ်ဆောင်နေရမယ့် လုပ်ရပ်တစ်ခုဖြစ်တယ်။ ကျွန်ုပ်တို့က မစုံလင်သူ၊ အားနည်းသူတွေဖြစ်လို့ အလွယ်တကူ အပြစ်လုပ်မိနိုင်တယ်။ အပြစ်က အခွင့်အရေးရတာနဲ့ ကျွန်ုပ်တို့ကိုပေါက်ဖို့ ချောင်းနေတဲ့ မြွေနဲ့တူတယ်။ (ရော. ၃:၉၊ ၁၀; ၆:၁၂-၁၄) ဒါကြောင့် ကျွန်ုပ်တို့ရဲ့အမှားတွေကို လျစ်လျူမရှုမိဖို့ မျက်စိရှင်ရှင်ထားကြစို့။ အားနည်းချက်တွေကို တိုက်လှန်ဖို့ ကြိုးစားနေသူတွေအပေါ် ယေဟောဝါ စိတ်ရှည်တယ်။ (ဖိ. ၂:၁၂; ၂ ပေ. ၃:၉) ကျွန်ုပ်တို့ရဲ့အချိန်နဲ့ခွန်အားကို ကိုယ်ကျိုးရှာတဲ့နေရာမှာမဟုတ်ဘဲ ယေဟောဝါရဲ့အမှုဆောင်ရာမှာ အသုံးပြုပါ။ ညီအစ်မတစ်ဦး ဒီလိုရေးတယ်– “ကျွန်မက အမှန်တရားမှာ ကြီးပြင်းလာပေမဲ့ ယေဟောဝါနဲ့ပတ်သက်ပြီး လွဲမှားတဲ့အမြင်တစ်ခု ရှိခဲ့တယ်။ ကိုယ်တော်က အရမ်းကြောက်စရာကောင်းပြီး ကျွန်မကို ဘယ်တော့မှ နှစ်သက်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။” သူမဟာ ယေဟောဝါနဲ့ ရင်းနှီးတယ်လို့ မခံစားရတော့ဘဲ အမှားတွေကို ကျူးလွန်ခဲ့တယ်။ “အဲဒီလိုဖြစ်တာက ကျွန်မ ယေဟောဝါကို မချစ်လို့မဟုတ်ဘူး၊ ကိုယ်တော့်ကို တကယ်မသိကျွမ်းလို့ပါ။ ဒါပေမဲ့ ကျွန်မ အကြိမ်ပေါင်းများစွာ ထက်ထက်သန်သန်ဆုတောင်းပြီး ပြောင်းလဲမှုတွေ စလုပ်ခဲ့တယ်” လို့ သူပြောခဲ့တယ်။ သူ ဒီလိုဆက်ပြောတယ်– “ယေဟောဝါက ကျွန်မကို ကလေးတစ်ယောက်လို လမ်းညွှန်ပေးတယ်၊ အခက်အခဲ ကြုံတွေ့ရချိန်မှာ ကူညီပေးတယ်၊ ကျွန်မ ဘာလုပ်ဖို့လိုအပ်သလဲဆိုတာကို အမြဲတမ်း နူးညံ့သိမ်မွေ့စွာနဲ့ ပြသပေးတာကို ကျွန်မခံစားခဲ့ရတယ်။”

၁၅။ ယေရှုနဲ့ ယေဟောဝါက ဘာကို အာရုံစိုက်သလဲ။

၁၅ သတင်းကောင်းကို “လူတို့အား ဟောပြောလျက်နေကြလော့။” ဒီစကားတွေကို ပေတရုနဲ့ တခြားတမန်တော်တွေ ထောင်ကနေ အံ့ဖွယ်နည်းနဲ့ လွတ်မြောက်လာပြီးနောက်မှာ ဘုရားသခင့်ကောင်းကင်တမန်က သူတို့ကို ပြောခဲ့တာဖြစ်တယ်။ (တ. ၅:၁၉-၂၁) ကျွန်ုပ်တို့ရဲ့ ပတ်စဉ်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းကလည်း စစ်ဆေးရမယ့်ဇယားထဲက အချက်တစ်ခုဖြစ်တယ်။ ယေရှုနဲ့ ယေဟောဝါက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ အမှုဆောင်လုပ်ငန်းကို အာရုံစိုက်တယ်။ (ဗျာ. ၂:၁၉) အမှုဆောင်လုပ်ငန်းက ကျွန်ုပ်တို့ဘဝရဲ့ အရေးကြီးတဲ့အပိုင်းတစ်ပိုင်းဖြစ်သင့်တယ်။

၁၆။ ဘာကြောင့် ကျွန်ုပ်တို့ရဲ့ဆက်ကပ်အပ်နှံခြင်းအကြောင်း ပြန်စဉ်းစားသင့်သလဲ။

၁၆ သင့်ရဲ့ ဆက်ကပ်အပ်နှံမှုကို ပြန်စဉ်းစားပါ။ ကျွန်ုပ်တို့ပိုင်ဆိုင်သမျှထဲမှာ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးက တန်ဖိုးအရှိဆုံးပဲ။ ကိုယ်တော့်လူတွေကို ကိုယ်တော်သိကျွမ်းတယ်။ (ဟေရှာယ ၄၄:၅ ကိုဖတ်ပါ။) ယေဟောဝါနဲ့သင့်ရဲ့ဆက်ဆံရေးကို စစ်ဆေးပါ၊ အဲဒီဆက်ဆံရေး ဆက်ခိုင်မြဲနေစေဖို့ ကိုယ်တော့်အကူအညီ တောင်းခံပါ။ သင့်နှစ်ခြင်းအကြောင်း ပြန်စဉ်းစားပါ၊ အဲဒီအရေးကြီးတဲ့ရက်စွဲကို မမေ့ပါနဲ့။ သင့်နှစ်ခြင်းက သင့်ကိုသင် ယေဟောဝါထံအပ်နှံပြီးကြောင်း တခြားသူတွေကို သိရှိစေတယ်။ ဒါက သင်ချခဲ့တဲ့ဆုံးဖြတ်ချက်တွေထဲမှာ အရေးကြီးဆုံး ဆုံးဖြတ်ချက်ပဲ။

ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ခံနိုင်ရည်လိုအပ်

၁၇။ ကျွန်ုပ်တို့ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ဘာကြောင့် ခံနိုင်ရည် လိုအပ်သလဲ။

၁၇ ဂလာတိအသင်းသားတွေကို ရေးတဲ့စာမှာ ခံနိုင်ရည်ရှိဖို့လိုအပ်ကြောင်း ပေါလု အလေးပေးဖော်ပြခဲ့တယ်။ (ဂလ. ၆:၉) ယနေ့အချိန်မှာလည်း ကျွန်ုပ်တို့မှာ ခံနိုင်ရည်ရှိဖို့ အရေးကြီးတယ်။ သင်ဟာ စမ်းသပ်မှုတွေ ကြုံတွေ့ရမှာဖြစ်တယ်၊ ဒါပေမဲ့ ယေဟောဝါ သင့်ကို ကူညီပါလိမ့်မယ်။ သန့်ရှင်းသောစွမ်းအားတော်ရဖို့ မပြတ်ဆုတောင်းနေပါ၊ ကိုယ်တော်က သင့်ကို ဝမ်းနည်းမှုအစား ရွှင်လန်းမှု၊ စိတ်ထိခိုက်မှုအစား ငြိမ်သက်မှု ပေးပါလိမ့်မယ်။ (မ. ၇:၇-၁၁) ဒီအချက်ကို စဉ်းစားကြည့်ပါ– ယေဟောဝါက စာငှက်တွေကိုတောင် ဂရုစိုက်တယ်ဆိုရင် ကိုယ်တော့်ကိုချစ်ပြီး ကိုယ်တော့်အတွက် ကိုယ့်ကိုယ်ကိုပေးဆက်တဲ့ သင့်ကို ဘယ်လောက်တောင် ပိုပြီးဂရုစိုက်လိုက်မလဲ။ (မ. ၁၀:၂၉-၃၁) ဘယ်လိုအခက်အခဲမျိုးပဲ တွေ့ကြုံရပါစေ နောက်မဆုတ်ပါနဲ့၊ အၡုံးမပေးနဲ့။ ယေဟောဝါရဲ့ သိကျွမ်းခြင်းကိုခံရတဲ့အတွက် ကျွန်ုပ်တို့ ကောင်းချီးများစွာ ခံစားကြရပါတယ်။

၁၈။ “ဘုရားသခင်ကို သိကျွမ်းလာ” ပြီးနောက် သင် အခုဘာဆက်လုပ်မလဲ။

၁၈ သင်ဟာ မကြာသေးခင်ကမှ နှစ်ခြင်းခံပြီးတာဆိုရင် အခု ဘာဆက်လုပ်မလဲ။ ယေဟောဝါကို သိကျွမ်းခြင်းမှာ ဆက်တိုးတက်နေပါ၊ ပိုရင့်ကျက်အောင်လုပ်ပါ။ ဒါမှမဟုတ် သင်ဟာ နှစ်ခြင်းခံပြီးတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုရင်ကော။ ယေဟောဝါအကြောင်း ပိုနက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ဆက်လုပ်ပါ။ ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို လက်ရှိအခြေအနေနဲ့ပဲ ကျေနပ်မနေသင့်ဘူး။ အဲဒီအစား မေတ္တာရှင် ဖခင်၊ မိတ်ဆွေဖြစ်တဲ့ ယေဟောဝါဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေး ဆက်တိုးတက်နေတယ်ဆိုတာ သေချာအောင် စစ်ဆေးရမယ့်အချက်အလက်တွေကို အခါအားလျော်စွာ ပြန်စစ်ဆေးပါ။—၂ ကောရိန္သု ၁၃:၅၊ ၆ ကိုဖတ်ပါ။