နည်းနည်းတော့ အထူးအဆန်းဖြစ်နေတယ်
ကျွန်ုပ်တို့၏မော်ကွန်းတိုက်မှ
နည်းနည်းတော့ အထူးအဆန်းဖြစ်နေတယ်
အချိန်ပြည့်ဟောပြောသူဖြစ်တဲ့ ရှားလက် ဝှိုက်တစ်ယောက် ဘီးတပ်ထားတဲ့ သေတ္တာတစ်လုံးနဲ့ အမေရိကန်နိုင်ငံ၊ ကင်တတ်ကီပြည်နယ်၊ လူအီဗယ်မြို့ကိုရောက်လာတဲ့အခါ လူတွေက သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်ကြတယ်။
အချိန်ကတော့ ၁၉၀၈ ခုနှစ်ဖြစ်ပြီး အသစ်တီထွင်ထားတဲ့ အရုဏ်ဦးယာဉ်နဲ့ရောက်လာတဲ့ ညီအစ်မ ဝှိုက်ကို မြို့ကလူတွေ သတိထားမိတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူဒီလိုပြောပြခဲ့တယ်– “ဒါကိုကြည့်ပြီး လူတွေက တီးတိုးတီးတိုးပြောကြတယ်၊ ကျွန်မက သူတို့အတွက် နည်းနည်းတော့ အထူးအဆန်းဖြစ်နေတယ်။”
အဲဒီအချိန်တုန်းက ကျမ်းစာကျောင်းသားလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေဟာ ကျမ်းစာကနေ သူတို့ အားကြိုးမာန်တက်လေ့လာသိရှိခဲ့ရတဲ့ အဖိုးတန်အမှန်တရားအကြောင်း လူတွေကို ပြောပြဖို့လိုတယ်ဆိုတာ သိခဲ့ကြတယ်။ လူများစွာက အနှစ်တစ်ထောင်အရုဏ်ဦး (နောက်ပိုင်းမှာ ကျမ်းစာမှ လေ့လာစရာများလို့လည်းခေါ်) အမည်ရှိတဲ့စာအုပ်တွဲတွေကနေ ကျမ်းစာအသိပညာရရှိခဲ့ကြတယ်။ ဒီခရစ်ယာန်တွေက မြို့ရွာ၊ ကျေးလက်အနှံ့ခရီးဆန့်ပြီး “ကျမ်းစာကျောင်းသားများအတွက် အကူအညီ” လို့ခေါ်တဲ့ စာအုပ်တွေကို တခြားသူတွေကို ဝေငှပေးချင်ခဲ့ကြတယ်။
၁၉၀၈ ခုနှစ်မှာ ညီအစ်မဝှိုက်နဲ့ တခြားဇွဲထက်သန်တဲ့ကြေညာသူတွေက ပိတ်စနဲ့အဖုံးချုပ်ထားတဲ့ အတွဲခြောက်တွဲပါစာအုပ်တွေကို အမေရိကန် ဒေါ်လာ ၁.၆၅ နဲ့ ဝေငှခဲ့ကြတယ်။ ဒီစာအုပ်တွေကို ချက်ချင်းဝေငှမယ့်အစား သူတို့က အရင်ဆုံး လိုချင်သူကို စာရင်းကောက်တယ်၊ ပြီးမှ ပုံနှိပ်ခသာသာပဲရှိတဲ့တန်ဖိုးနဲ့ ပြန်သွားပို့ပေးတယ်၊ လစာထုတ်ရက်တွေမှာ ပို့ပေးလေ့ရှိတယ်။ ဆန့်ကျင်သူတစ်ယောက်က စာအုပ်ယူတဲ့သူတွေ ထည့်ဝင်တဲ့အလှူငွေက အရမ်းနည်းတယ်ဆိုပြီး ဝေဖန်ခဲ့တယ်။
မလင်ဒါ ကီးဖာက တစ်ပတ်ကို အုပ်ရေ နှစ်ရာကနေ သုံးရာအထိ အမှာရတာကို မှတ်မိနေတယ်။ ဒါပေမဲ့ ဒီစာအုပ်တွေကို လူအများကြီးကစိတ်ဝင်စားကြလို့ ပြဿနာတစ်ခုပေါ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခြောက်အုပ်မြောက်စာအုပ်တစ်အုပ်ကပဲ စာမျက်နှာ ၇၄၀
ရှိတယ်။ “စာအုပ် ငါးဆယ်က ပေါင်လေးဆယ် ရှိတယ်။ ဒါတွေကို သယ်ရတာက အထူးသဖြင့် ညီအစ်မတွေအတွက် “အရမ်းလေး” တယ်ဆိုတာကို ကင်းမျှော်စင်အသင်းကသိတယ်။ဒီစာအုပ်တွေကို သယ်ရတဲ့အခက်အခဲကို ဖြေရှင်းဖို့အတွက် ညီအစ်ကို ဂျိမ်းစ် ခိုးက ဘီးနှစ်ဘီးပါပြီး ခေါက်လို့ရတဲ့ယာဉ်တစ်မျိုး တီထွင်လိုက်တယ်။ ဒီပေါ်မှာ စာအုပ်တွေထည့်ထားတဲ့သေတ္တာကို မူလီစုပ်ပြီး တင်လို့ရတယ်။ စာအုပ်အပြည့်ပါတဲ့သေတ္တာအလေးကြီးတွေကို သယ်စရာမလိုတော့လို့ တီထွင်သူကိုယ်တိုင်က “ကျွန်တော့်လက်မောင်းတွေ ပြုတ်မကျတော့ဘူး” လို့ပြောခဲ့တယ်။ အိုဟိုင်အိုပြည်နယ်၊ စင်ဆက်နက်တီမြို့မှာကျင်းပတဲ့ ကျမ်းစာကျောင်းသားတွေရဲ့ ခရိုင်စည်းဝေးမှာ သူ ဒီပစ္စည်းကို မိတ်ဆက်ပေးခဲ့တယ်။ သံဘားတန်းအစွန်းနှစ်ဖက်မှာရှိတဲ့ခလုတ်တွေမှာ အရုဏ်ဦးယာဉ်ဆိုပြီး ထွင်းထားတယ်၊ အဓိကအနေနဲ့ အနှစ်တစ်ထောင်အရုဏ်ဦး စာအုပ်တွဲတွေကို သယ်ဖို့ဖြစ်လို့ ဒီနာမည်နဲ့လိုက်ဖက်လှပါတယ်။ နည်းနည်းလေ့ကျင့်လိုက်ရုံနဲ့ စာအုပ်အများကြီးပါတဲ့ သေတ္တာတစ်လုံးကို လက်တစ်ဖက်တည်းနဲ့ အလွယ်တကူသယ်လို့ရပြီ။ ကိုယ့်အရပ်နဲ့အညီ အနိမ့်အမြင့်ကို လိုသလိုချိန်လို့ရပြီး လှည်းလမ်းကြောင်းတွေမှာလည်း တွန်းသွားလို့ရတယ်။ အမှုဆောင်ပြီးလို့အိမ်ကိုပြန်တဲ့အခါ ရော်ဘာဘီးတွေကို သေတ္တာဘေးမှာ အလွယ်တကူခေါက်ပြီး သေတ္တာအလွတ်ကို လက်နဲ့ဆွဲသွားလို့ရတယ်။
အချိန်ပြည့်လုပ်ငန်းမှာပါဝင်နေတဲ့ ညီအစ်မတွေက ဒီယာဉ်ကို အခမဲ့ရယူနိုင်တယ်။ မဟုတ်ရင်တော့ အမေရိကန်ဒေါ်လာ ၂.၅၀ ပေးရတယ်။ ဒီပုံမှာပါတဲ့ ညီအစ်မကီးဖာဆိုရင် ဒီအရုဏ်ဦးယာဉ်ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်လို့ သေတ္တာတင်ထားတဲ့ယာဉ်ကို လက်တစ်ဖက်နဲ့ထိန်းပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ စာအုပ်တွေထည့်ထားတဲ့ နောက်အိတ်တစ်အိတ်ကို သယ်နိုင်သေးတယ်။ အမေရိကန်နိုင်ငံ၊ ပင်စီဗေးနီးယားက သတ္တုမိုင်းမြို့တစ်မြို့မှာရှိတဲ့ လူအတော်များများက စိတ်ဝင်စားကြလို့ စာအုပ်ပို့တဲ့နေ့ဆိုရင် တစ်နေ့တည်းမှာပဲ တံတားကို သုံးလေးခေါက်လောက်ဖြတ်ပြီး ပို့ပေးခဲ့ရတယ်။
၁၉၈၇ ခုနှစ်မှာ လေယာဉ်မှူးတစ်ဦးက ဘီးပါတဲ့အိတ်တွေကို တီထွင်ခဲ့တယ်၊ အဲဒါတွေကို အခုအချိန်မှာ လေဆိပ်တွေနဲ့ မြို့ပြတွေရဲ့လမ်းတွေမှာ တွေ့နိုင်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက ကျမ်းစာအမှန်တရားမျိုးစေ့ ကြဲဖြန့်ရာမှာ အရုဏ်ဦးယာဉ်နဲ့ စုန်ချီဆန်ချီ သွားလာနေတာကို လူတွေက စပ်စုတဲ့မျက်လုံးတွေနဲ့ ကွက်ကြည့်ကွက်ကြည့်လုပ်ကြတာကို ထက်သန်တဲ့ကျမ်းစာကျောင်းသားတွေ ကျေကျေနပ်နပ် ခံခဲ့ကြပုံရတယ်။
[စာမျက်နှာ ၃၂ ပါ အကျဉ်းဖော်ပြချက်]
ညီအစ်မကီးဖာ စာအုပ်ပို့တဲ့နေ့ဆိုရင် တစ်နေ့တည်းမှာပဲ တံတားကို သုံးလေးခေါက်လောက်ဖြတ်ပြီး ပို့ပေးခဲ့ရတယ်
[စာမျက်နှာ ၃၂ ပါ အကျဉ်းဖော်ပြချက်]
အရုဏ်ဦး စာအုပ်တွေကို သယ်ရတဲ့အခက်အခဲ ပြေလည်သွားပြီ