ဘုရားသခင်ရွေးချယ်ထားသည့် လူမျိုးအဖြစ် သူတို့မွေးဖွားလာကြ
ဘုရားသခင်ရွေးချယ်ထားသည့် လူမျိုးအဖြစ် သူတို့မွေးဖွားလာကြ
‘သင်၏ဘုရားသခင် ယေဟောဝါ၏လူမျိုးဖြစ်စေခြင်းငှာ သင့်ကို ရွေးချယ်တော်မူပြီ။’—တရားဟောရာ ၇:၆။
၁၊ ၂။ ယေဟောဝါသည် မိမိလူမျိုးတော်အတွက် အဘယ်တန်ခိုးကြီးလုပ်ရပ်များကို ပြုခဲ့သနည်း။ ဣသရေလလူတို့သည် ဘုရားသခင်နှင့် အဘယ်ဆက်ဆံရေးမျိုး စတင်ခဲ့ကြသနည်း။
ဘီစီ ၁၅၁၃ ခုနှစ်တွင် ယေဟောဝါသည် ကမ္ဘာပေါ်ရှိ မိမိ၏ကျေးကျွန်များနှင့် ဆက်ဆံရေးအသစ်တစ်ရပ်ကို ထူထောင်ခဲ့သည်။ ထိုနှစ်တွင် ကမ္ဘာ့အာဏာစက်တစ်ခုကို ရှုံးနိမ့်စေပြီး ဣသရေလလူတို့ကို ကျွန်ဘဝမှ ကယ်လွှတ်ပေးခဲ့သည်။ သို့ဖြင့် ကိုယ်တော်သည် သူတို့ကို ကယ်တင်သော ပိုင်ရှင်ဖြစ်လာလေသည်။ ထိုသို့မပြုမီ ဘုရားသခင်က မောရှေကို ဤသို့မိန့်ဆိုခဲ့၏– ‘ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား ငါသည် ယေဟောဝါဖြစ်၏။ ငါသည်လည်း သင်တို့ကို အီဂျစ်လူတို့လက်မှလွှတ်၍ သူတို့၏ညှဉ်းဆဲခြင်းထဲက နုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။ ငါ၏လူမျိုးဖြစ်စေခြင်းငှာ သင်တို့ကို ငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။’—ထွက်မြောက်ရာ ၆:၆၊ ၇; ၁၅:၁-၇၊ ၁၁။
၂ အီဂျစ်ပြည်မှ ဣသရေလလူတို့ ထွက်လာပြီး မကြာမီ သူတို့၏ဘုရားသခင် ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြသည်။ ထိုအချိန်မှစ၍ ယေဟောဝါသည် ကမ္ဘာပေါ်တွင် တစ်ဦးချင်းလိုက်၊ မိသားစုလိုက်၊ မျိုးနွယ်စုလိုက်နှင့် မဆက်သွယ်တော့ဘဲ ဖွဲ့စည်းထားသောလူမျိုးတစ်မျိုးနှင့် ဆက်သွယ်မည်ဖြစ်သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ၂၄:၇) ကိုယ်တော်သည် မိမိလူတို့၏နေ့စဉ်အသက်တာ၊ ထို့ထက်အရေးကြီးသည်ကား သူတို့၏ဝတ်ပြုရေးနှင့်သက်ဆိုင်သည့် ပညတ်တရားများပေးလေသည်။ မောရှေက သူတို့ကို ဤသို့ပြောခဲ့၏– ‘ငါတို့သည် ဆုတောင်းလေရာရာ၌ ငါတို့ဘုရားသခင် ယေဟောဝါ ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကိုခံရသည်နည်းတူ အခြားသောဘုရား ကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သောလူမျိုးကြီး ခံရသနည်း။ ငါသည် ယနေ့ သင်တို့၌ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သောစီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီးရှိသနည်း။’—တရားဟောရာ ၄:၇၊ ၈။
သက်သေခံလူမျိုးတစ်မျိုးအဖြစ် မွေးဖွားလာ
၃၊ ၄။ လူမျိုးတစ်မျိုးအနေနှင့် ဣသရေလလူမျိုးတည်ရှိရသည့် အရေးကြီးသောအကြောင်းတစ်ရပ်ကား အဘယ်နည်း။
၃ ယေဟောဝါသည် ရာစုနှစ်များစွာကြာသော် လူမျိုးတစ်မျိုးအနေဖြင့် ဣသရေလလူတို့ တည်ရှိရသည့် အရေးကြီးသောအကြောင်းတစ်ရပ်ကို ပရောဖက်ဟေရှာယမှတစ်ဆင့် ဤသို့သတိပေးခဲ့၏– ‘အိုယာကုပ်အမျိုး၊ ဣသရေလအနွယ် သင့်ကို ဖန်ဆင်းပြုပြင်တော်မူသော ယေဟောဝါမိန့်တော်မူသည်ကား မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့်မှည့်ပြီ။ သင့်ကို ငါဆိုင်၏။ အကြောင်းမူကား ငါသည် သင်၏ဘုရားသခင် ယေဟောဝါဖြစ်၏။ သင့်ကိုရွေးသောသခင် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသခင်ဖြစ်၏။ . . . ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော ငါ့နာမဖြင့်သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍ ဧကန်စင်စစ်လုပ်ပြီးသောသူအပေါင်းတို့ကို ဆောင်ခဲ့လော့။ . . . သင်တို့သည် . . . ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏။ . . . ကိုယ်အဖို့ ငါဖန်ဆင်းသောထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။’—ဟေရှာယ ၄၃:၁၊ ၃၊ ၆၊ ၇၊ ၁၀၊ ၂၁။
၄ ယေဟောဝါ၏နာမဖြင့် သမုတ်ခံရသော လူမျိုးအနေနှင့် ဣသရေလလူတို့သည် လူမျိုးများရှေ့တွင် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သက်သေခံမည့်သူများ ဖြစ်ကြရမည်။ သူတို့သည် ‘ယေဟောဝါ၏ဘုန်းအသရေဖို့ ဖန်ဆင်း’ ခံရကြသူများ ဖြစ်ကြရမည်။ ‘ယေဟောဝါ၏ဂုဏ်ကျေးဇူးကိုပြ’ ပြီး ကိုယ်တော်၏အံ့ဖွယ်ကယ်လွှတ်ခြင်းလုပ်ရပ်များကို ပြောဆိုခြင်းဖြင့် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမြှောက်ကြရမည်။ အချုပ်ဆိုရသော် သူတို့သည် ယေဟောဝါအကြောင်း သက်သေခံသည့် လူမျိုးတစ်မျိုးဖြစ်ကြရမည်။
၅။ ဣသရေလလူမျိုးသည် အဘယ်နည်းဖြင့် အပ်နှံထားသောလူမျိုး ဖြစ်ခဲ့သနည်း။
၅ ယေဟောဝါသည် ဣသရေလလူမျိုးကို သီးခြားလူမျိုးတစ်မျိုးဖြစ်စေခဲ့ကြောင်း ဘီစီ ၁၁ ရာစုတွင် ရှင်ဘုရင်ရှောလမုန်က ဖော်ပြခဲ့သည်။ ယေဟောဝါထံ သူ၏ဆုတောင်းချက်တွင် ဤသို့ဆို၏– “ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေခြင်းငှာ မြေကြီးသားအမျိုးမျိုးထဲက ရွေးနုတ်ခွဲထားတော်မူပြီ။” (၃ ဓမ္မရာဇဝင် ၈:၅၃) ဣသရေလလူတစ်ဦးစီသည်လည်း ယေဟောဝါနှင့် အထူးဆက်ဆံရေး ရရှိခဲ့ကြသည်။ ယခင်က သူတို့ကို မောရှေဤသို့ပြောခဲ့သည်– ‘သင်တို့သည် သင်တို့ဘုရားသခင် ယေဟောဝါ၏သားဖြစ်ကြ၏။ . . . သင်တို့သည် သင်တို့၏ဘုရားသခင် ယေဟောဝါအဖို့ သန့်ရှင်းသောလူမျိုးဖြစ်ကြ၏။’ (တရားဟောရာ ၁၄:၁၊ ၂) ထို့ကြောင့် ဣသရေလလူငယ်တို့သည် မိမိတို့အသက်တာကို ယေဟောဝါထံ အပ်နှံစရာမလိုချေ။ ဘုရားသခင်ထံ အပ်နှံထားပြီးသော လူမျိုးအဖြစ် သူတို့မွေးဖွားလာခဲ့ကြ၏။ (ဆာလံ ၇၉:၁၃; ၉၅:၇) ဣသရေလလူမျိုးသည် ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ထားသောကြောင့် နောင်လာနောက်သား လူမျိုးဆက်တိုင်းသည် ယေဟောဝါ၏ပညတ်တရားများကို သွန်သင်ခံရပြီး ၎င်းတို့ကို စောင့်ထိန်းကြရသည်။—တရားဟောရာ ၁၁:၁၈၊ ၁၉။
လွတ်လပ်စွာရွေးချယ်ခွင့်ရှိ
၆။ ဣသရေလလူတစ်ဦးစီသည် အဘယ်အရာကို ရွေးချယ်ရမည်နည်း။
၆ ဣသရေလလူတို့သည် အပ်နှံထားသောလူမျိုးအဖြစ် မွေးဖွားလာကြသော်လည်း တစ်ဦးချင်းစီအနေနှင့် ဘုရားသခင်ကို ဝတ်ပြုရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချကြရမည်။ ကတိထားရာပြည်သို့မဝင်မီ သူတို့ကို မောရှေ ဤသို့ပြောခဲ့သည်– ‘အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်းနှင့်လည်းကောင်း၊ သင်၏ဘုရားသခင် ယေဟောဝါကိုချစ်၍ စကားတော်ကိုနားထောင်သဖြင့် အသက်ရှင်ခြင်းအကျိုး၊ အသက်တာရှည်ခြင်းအကျိုးကို ပေးတော်မူသော ကိုယ်တော်ကို ဆည်းကပ်မှီဝဲမည်အကြောင်းနှင့်လည်းကောင်း ယေဟောဝါသည် သင်၏ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်၌ နေမည်အကြောင်းနှင့်ယှဉ်သော အသက်တရားကို ရွေးယူလော့။’ (တရားဟောရာ ၃၀:၁၉၊ ၂၀) ထို့ကြောင့် ယေဟောဝါကိုချစ်ပြီး စကားတော်ကိုနားထောင်ကာ ကိုယ်တော်၌ဆည်းကပ်မှီဝဲရန် ဣသရေလလူတစ်ဦးစီ ရွေးချယ်ရမည်ဖြစ်သည်။ ဣသရေလလူတို့တွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြသည့်အတွက် မိမိတို့ရွေးချယ်မှု၏အကျိုးဆက်များကို ခံယူကြရမည်ဖြစ်သည်။—တရားဟောရာ ၃၀:၁၆-၁၈။
၇။ ယောရှု၏လူမျိုးဆက် ကွယ်လွန်သွားပြီးနောက် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၇ တရားသူကြီးများခေတ်က သစ္စာရှိမှုနှင့် သစ္စာမဲ့မှုတို့၏အကျိုးဆက်များကို အထင်အရှားဖော်ပြသည်။ ထိုခေတ်မတိုင်မီ ဣသရေလလူတို့သည် ယောရှု၏စံနမူနာအတိုင်း လိုက်လျှောက်ခဲ့ကြရာ ကောင်းချီးများစွာခံစားကြရ၏။ ‘ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားသခင်ကို ဝတ်ပြုကြ၏။ ထာဝရဘုရားသခင်သည် ဣသရေလအမျိုးအဖို့ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားသခင်ကို ဝတ်ပြုကြ၏။’ သို့သော် ယောရှုကွယ်လွန်ပြီးနောက် ‘ထာဝရဘုရားသခင်ကိုလည်းကောင်း၊ ဣသရေလအမျိုးအဖို့ ပြုတော်မူသောအမှုတို့ကိုလည်းကောင်း မသိသောနောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ၏။ ထိုအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားသခင်ရှေ့တော်၌ မကောင်းမှုကိုပြုကြ၏။’ (တရားသူကြီး ၂:၇၊ ၁၀၊ ၁၁) လူငယ်မျိုးဆက်သစ်သည် အတိတ်က ယေဟောဝါဘုရားသခင်ပြုခဲ့သော တန်ခိုးကြီးလုပ်ရပ်များကို မတွေ့မြင်ခဲ့ရသည့်အတွက် အပ်နှံထားသောလူမျိုးဖြစ်ရသည့် သူတို့၏အမွေကို တန်ဖိုးမထားကြချေ။—ဆာလံ ၇၈:၃-၇၊ ၁၀၊ ၁၁။
သူတို့၏အပ်နှံမှုနှင့်အညီ အသက်ရှင်ခြင်း
၈၊ ၉။ (က) ဣသရေလလူတို့သည် အဘယ်အစီအစဉ်ကြောင့် ယေဟောဝါထံ မိမိတို့၏အပ်နှံမှုကို ဖော်ပြခွင့်ရရှိကြသနည်း။ (ခ) စေတနာအလျောက် ယဇ်ပူဇော်သူများသည် အဘယ်အရာကို ရရှိခဲ့ကြသနည်း။
၈ ယေဟောဝါသည် မိမိလူမျိုးကို သူတို့၏အပ်နှံမှုနှင့်အညီ နေထိုင်ရန် အခွင့်အရေးများ ပေးသနားထားသည်။ ဥပမာ၊ ကိုယ်တော်၏ပညတ်တရားတွင် ပူဇော်ရာယဇ်အစီအစဉ်ပါရှိပြီး အချို့ယဇ်များကို မဖြစ်မနေပူဇော်ရ၍ အချို့ကိုမူ စေတနာအလျောက် ပူဇော်ကြရ၏။ (ဟေဗြဲ ၈:၃) အဆိုပါယဇ်များတွင် ယေဟောဝါ၏မျက်နှာသာတော်ရရှိရန်နှင့် ကျေးဇူးတင်ကြောင်းဖော်ပြရန် စေတနာအလျောက် ပူဇော်သည့် မီးရှို့ရာယဇ်၊ အသီးအနှံပူဇော်ခြင်းနှင့် မိတ်သဟာယယဇ်များပါဝင်သည်။—ဝတ်ပြုရာ ၇:၁၁-၁၃။
၉ စေတနာအလျောက်ပူဇော်ရသည့် အဆိုပါယဇ်များကို ယေဟောဝါ နှစ်သက်တော်မူ၏။ မီးရှို့ရာယဇ်နှင့် အသီးအနှံပူဇော်ခြင်းတို့သည် ‘ထာဝရဘုရားသခင်အား ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်ရာယဇ်’ ဖြစ်သည်ဟုဆို၏။ (ဝတ်ပြုရာ ၁:၉; ၂:၂) မိတ်သဟာယယဇ်တွင် တိရစ္ဆာန်၏အသွေးနှင့် ဆီဥတို့ကို ယေဟောဝါအား ပူဇော်ပြီး အသားအချို့ကို ယဇ်ပုရောဟိတ်များနှင့် ယဇ်ပူဇော်သူတို့က သုံးဆောင်ကြသည်။ သို့ဖြစ်၍ ယင်းသည် ယေဟောဝါနှင့် သင့်မြတ်သောဆက်ဆံရေးရှိကြောင်း ဖော်ပြသည့် ပုံဆောင်စားသောက်ပွဲဖြစ်သည်။ ပညတ်တရားက ဤသို့ဆို၏– ‘မိတ်သဟာယယဇ်ကို ယေဟောဝါအား ပူဇော်လျှင် စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။’ (ဝတ်ပြုရာ ၁၉:၅) ဣသရေလလူမျိုးတစ်မျိုးလုံးအနေနှင့် မွေးကတည်းက ယေဟောဝါကို အပ်နှံထားသူများဖြစ်ကြသည်။ သို့သော် စေတနာအလျောက် ယဇ်ပူဇော်ခြင်းဖြင့် သူတို့၏အပ်နှံမှုကို အဓိပ္ပာယ်ရှိစေကြသည့်အခါ ဘုရားသခင်၏ “စိတ်တော်နှင့်တွေ့” ပြီး ကြွယ်ဝစွာ ကောင်းချီးခံစားခဲ့ကြရသည်။—မာလခိ ၃:၁၀။
၁၀။ ယေဟောဝါသည် ဟေရှာယနှင့် မာလခိခေတ်တို့တွင် မိမိ၏စိတ်အလိုမကျမှုကို မည်သို့ဖော်ပြခဲ့သနည်း။
၁၀ သို့သော် အပ်နှံထားသောဣသရေလလူမျိုးသည် ယေဟောဝါကို မကြာခဏ သစ္စာမဲ့ခဲ့ကြသည်။ သို့ဖြစ်၍ ပရောဖက်ဟေရှာယမှတစ်ဆင့် သူတို့ကို ယေဟောဝါ ဤသို့မိန့်ဆိုခဲ့၏– “မီးရှို့ရာသိုးသငယ်ကို ငါ့ထံသို့မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။” (ဟေရှာယ ၄၃:၂၃) ထို့ပြင် စေတနာမပါ၊ မေတ္တာမရှိဘဲ ပူဇော်သောယဇ်များကို ယေဟောဝါတန်ဖိုးမထားချေ။ ဥပမာ၊ ဟေရှာယခေတ်နောက်ပိုင်း သုံးရာစုအကြာ ပရောဖက်မာလခိ၏ခေတ်တွင် ဣသရေလလူတို့သည် ကျိုးကန်းသောတိရစ္ဆာန်များကို ပူဇော်ခဲ့ကြသည်။ ထို့ကြောင့် မာလခိက သူတို့ကို ဤသို့ပြောခဲ့သည်– ‘သင်တို့ကို ငါအလိုမရှိ၊ သင်တို့ပြုသောပူဇော်ရာယဇ်ကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင် မိန့်တော်မူ၏။ . . . လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သောပူဇော်ရာယဇ်ကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရမည်လောဟု ထာဝရဘုရားသခင် မေးတော်မူ၏။’—မာလခိ ၁:၁၀၊ ၁၃; အာမုတ် ၅:၂၂။
အပ်နှံထားသောလူမျိုးအဖြစ်မှ ပယ်ခံရ
၁၁။ ဣသရေလလူမျိုးကို အဘယ်အခွင့်အရေး ပေးခဲ့သနည်း။
၁၁ ဣသရေလလူတို့သည် လူမျိုးလိုက် ယေဟောဝါထံ အပ်နှံချိန်တွင် သူတို့ကို ကိုယ်တော် ဤသို့ကတိပြုခဲ့၏– “သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုးဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆) ကတိထားရာမေရှိယသည် သူတို့တွင် ပေါ်ထွန်းပြီး ဘုရားသခင့်နိုင်ငံတော်အစိုးရ၏ အဖွဲ့ဝင်များဖြစ်ခွင့်ကို သူတို့အား ဦးဆုံးပေးမည်ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ၄၉:၁၀; ၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၆; လုကာ ၁:၃၁-၃၃; ရောမ ၉:၄၊ ၅) သို့ရာတွင် ဣသရေလလူမျိုးမှ အများစုသည် သူတို့၏အပ်နှံမှုနှင့်အညီ အသက်မရှင်ခဲ့ကြချေ။ (မဿဲ ၂၂:၁၄) သူတို့သည် မေရှိယကို ငြင်းပယ်ပြီး နောက်ဆုံး ကွပ်မျက်လိုက်၏။—တမန်တော် ၇:၅၁-၅၃။
၁၂။ ယေဟောဝါ၏အပ်နှံထားသောလူမျိုးအဖြစ်မှ ဣသရေလလူမျိုးကို ပယ်လိုက်ပြီဖြစ်ကြောင်း ယေရှု၏အဘယ်မိန့်ဆိုချက်များက ဖော်ပြသနည်း။
၁၂ ယေရှုမကွယ်လွန်မီ ရက်အနည်းငယ်တွင် ဂျူးဘာသာရေးခေါင်းဆောင်များကို ကိုယ်တော် ဤသို့မိန့်ဆိုခဲ့သည်– ‘တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားသခင်ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့သြဖွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ တစ်ရံတစ်ခါမျှ မဖတ်ဖူးသလော။ ထို့ကြောင့် ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုးအားပေးရလတ္တံ့။’ (မဿဲ ၂၁:၄၂၊ ၄၃) ယေဟောဝါသည် သူတို့ကို အပ်နှံထားသောလူမျိုးအဖြစ်မှ ပယ်လိုက်ပြီဖြစ်ကြောင်း ယေရှု ဖော်ပြရန် ဤသို့မိန့်တော်မူခဲ့သည်– “အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရှိ၏။”—မဿဲ ၂၃:၃၇၊ ၃၈။
အပ်နှံထားသည့်လူမျိုးသစ်
၁၃။ ယေဟောဝါသည် ယေရမိခေတ်တွင် မည်သို့ပရောဖက်ပြုခဲ့သနည်း။
၁၃ ပရောဖက်ယေရမိခေတ်တွင် ယေဟောဝါသည် မိမိ၏လူမျိုးသစ်အကြောင်း ကြိုဟောခဲ့၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘ထာဝရဘုရားသခင်မိန့်တော်မူသည်ကား ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အီဂျစ်ပြည်မှ ဆောင်သွားသောအခါ သူတို့၌ ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ်တရားကို သူတို့သည်ဖျက်၍ ငါသည်လည်း သူတို့ကို ရွံရှာ၏။ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား ငါထာဝရဘုရားသခင်သည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။’—ယေရမိ ၃၁:၃၁-၃၃။
၁၄။ ယေဟောဝါထံ အပ်နှံထားသည့်လူမျိုးသစ်သည် အဘယ်အချိန်နှင့် အဘယ်အရာပေါ်မူတည်၍ ပေါ်ပေါက်လာခဲ့သနည်း။ ထိုလူမျိုးသစ်ကို ဖော်ပြပါ။
၁၄ ယေရှုသေဆုံးပြီးနောက် သွန်းလောင်းလိုက်သော အသွေးတော်၏တန်ဖိုးကို ခမည်းတော်ထံ ဆက်သချိန် အေဒီ ၃၃ ခုနှစ်တွင် ဤပဋိညာဉ်သစ်ကို စတင်ဖွဲ့စည်းခဲ့သည်။ (လုကာ ၂၂:၂၀; ဟေဗြဲ ၉:၁၅၊ ၂၄-၂၆) သို့သော် အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းဖြင့် လူမျိုးအသစ်ဖြစ်သည့် “ဘုရားသခင်၏ဣသရေလအမျိုး” ပေါ်ပေါက်လာ၍ ထိုပဋိညာဉ်အသစ် စတင်အကျိုးသက်ရောက်လာ၏။ (ဂလာတိ ၆:၁၆; ရောမ ၂:၂၈၊ ၂၉; ၉:၆; ၁၁:၂၅၊ ၂၆) ဝိညာဉ်တော်ဖွားခရစ်ယာန်များကို လိပ်မူ၍ တမန်တော်ပေတရုက ဤသို့ဆိုခဲ့သည်– “သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်ထဲသို့ ခေါ်သွင်းတော်မူသောအရှင်၏ ဂုဏ်ကျေးဇူးတော်များကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်ကြ၏။ အထက်ကလူမျိုးမဟုတ်သော်လည်း ယခုတွင် ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြ၏။” (၁ ပေတရု ၂:၉၊ ၁၀) ယေဟောဝါနှင့် ဇာတိဣသရေလလူမျိုးတို့၏ အထူးဆက်ဆံရေး နိဂုံးချုပ်ခဲ့ပြီ။ အေဒီ ၃၃ ခုနှစ်တွင် ယေဟောဝါသည် ဇာတိဣသရေလလူမျိုးကို မျက်နှာသာမပေးတော့ဘဲ မေရှိယနိုင်ငံတော်၏ “အသီးကိုသီးအံ့သောလူမျိုး” ဖြစ်သည့် ဝိညာဉ်ရေးဣသရေလလူမျိုး ခရစ်ယာန်အသင်းတော်ကို မျက်နှာသာပေးလေသည်။—မဿဲ ၂၁:၄၃။
တစ်ဦးချင်း၏ အပ်နှံမှု
၁၅။ အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ပေတရုသည် ပရိသတ်အား အဘယ်နှစ်ခြင်းကိုယူရန် တိုက်တွန်းခဲ့သနည်း။
၁၅ အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲပြီးနောက် ဂျူး သို့မဟုတ် တစ်ပါးအမျိုးသား တစ်ဦးချင်း ယေဟောဝါထံ အပ်နှံပြီး “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” နှစ်ခြင်းခံခဲ့ကြရသည်။ * (မဿဲ ၂၈:၁၉) ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရုသည် လက်ခံနားထောင်သော ဂျူးများနှင့် တစ်ပါးအမျိုးသားများကို ဤသို့ပြောခဲ့သည်– ‘သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ နှစ်ခြင်းခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။’ (တမန်တော် ၂:၃၈) အဆိုပါဂျူးများနှင့် ဘာသာပြောင်းလာသူများသည် နှစ်ခြင်းခံခြင်းဖြင့် မိမိတို့အသက်တာကို ယေဟောဝါထံ အပ်နှံလိုက်ပြီဖြစ်ကြောင်းသာမက မိမိတို့အပြစ်များကို ခွင့်လွှတ်ရန် ယေဟောဝါပြင်ဆင်ပေးသောအစီအစဉ်အဖြစ် ယေရှုကိုလက်ခံကြောင်းပါ ဖော်ပြရမည်။ ထို့ပြင် ယေရှုကို ယေဟောဝါ၏ယဇ်ပုရောဟိတ်မင်းကြီးနှင့် သူတို့၏ခေါင်းဆောင် ခရစ်ယာန်အသင်းတော်၏ဦးခေါင်းအဖြစ် အသိအမှတ်ပြုကြရသည်။—ကောလောသဲ ၁:၁၃၊ ၁၄၊ ၁၈။
၁၆။ ပေါလုခေတ်တွင် စိတ်ရင်းမှန်သော ဂျူးများနှင့် တစ်ပါးအမျိုးသားများသည် ဝိညာဉ်ရေးဣသရေလလူမျိုးအဝင် မည်သို့ဖြစ်လာကြသနည်း။
၁၆ နှစ်အတန်ကြာသော် တမန်တော်ပေါလုက ဤသို့ပြောဆိုခဲ့သည်– “လူတို့သည် နောင်တရမည်။ နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကို ကျင့်ရမည်။ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေးဦးစွာ ဟောပြောပြီးလျှင် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသောသူတို့အားလည်းကောင်း၊ တစ်ပါးအမျိုးသားတို့အားလည်းကောင်း ဟောပြောပါ၏။” (တမန်တော် ၂၆:၂၀) ယေရှုသည် ခရစ်တော်တည်းဟူသော မေရှိယဖြစ်ကြောင်း ဂျူးများနှင့် တစ်ပါးအမျိုးသားများအား ပေါလု ယုံကြည်စိတ်ချစေပြီးနောက် အပ်နှံပြီး နှစ်ခြင်းခံယူနိုင်ကြရန် ကူညီပေးခဲ့၏။ (တမန်တော် ၁၆:၁၄၊ ၁၅၊ ၃၁-၃၃; ၁၇:၃၊ ၄; ၁၈:၈) အဆိုပါတပည့်သစ်များသည် ဘုရားသခင်ထံ ပြန်လှည့်လာခြင်းဖြင့် ဝိညာဉ်ရေးဣသရေလလူမျိုးအဝင် ဖြစ်လာကြသည်။
၁၇။ အဘယ်တံဆိပ်ခတ်ခြင်းလုပ်ငန်းသည် အပြီးသတ်တော့မည်နည်း။ အဘယ်လုပ်ငန်းကိုလည်း လုပ်ဆောင်လျက်ရှိသနည်း။
၁၇ ယနေ့ ဝိညာဉ်ရေးဣသရေလလူမျိုးတွင် ပါဝင်သည့် ကျန်ရှိနေသောသူများကို အပြီးသတ်တံဆိပ်ခတ်ရန် အချိန်နီးကပ်လာနေပြီ။ ထိုသို့အပြီးသတ်တံဆိပ်ခတ်ပြီးသည့်အခါ ‘ကြီးစွာသောဆင်းရဲခြင်း’ ၏ဖျက်ဆီးခြင်းလေကို ကိုင်ထားသော “ကောင်းကင်တမန်လေးပါးတို့သည်” ထိုဖျက်ဆီးခြင်းလေကို လွှတ်လိုက်ရန် အခွင့်အာဏာရရှိလိမ့်မည်။ ဤအချိန်အတောအတွင်း မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသော ‘လူအုပ်ကြီး’ ကိုစုသိမ်းလျက်ရှိသည်။ အဆိုပါ “အခြားသိုးတို့” သည် “သိုးသငယ်၏အသွေး” ကိုယုံကြည်လက်ခံကြောင်းတင်ပြကြပြီး ယေဟောဝါထံ အပ်နှံနှစ်ခြင်းခံရန် စိတ်လိုကိုယ်လျောက် ရွေးချယ်ကြသည်။ (ဗျာ. ၇:၁-၄၊ ၉-၁၅; ၂၂:၁၇; ယောဟန် ၁၀:၁၆; မဿဲ ၂၈:၁၉၊ ၂၀) ထိုသူတို့ထဲတွင် ခရစ်ယာန်မိဘများ၏အုပ်ထိန်းမှုအောက် ကြီးပြင်းလာသော လူငယ်များစွာပါရှိသည်။ သင်သည် ဤသို့သောသူတစ်ဦးဖြစ်မည်ဆိုလျှင် နောက်ဆောင်းပါးကို စိတ်ဝင်တစားဖတ်ရှုပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
ပြန်လည်သုံးသပ်ချက်
• ဣသရေလလူငယ်များသည် ယေဟောဝါထံ မိမိတို့ကိုယ်တိုင် အဘယ်ကြောင့် အပ်နှံစရာမလိုခဲ့သနည်း။
• ဣသရေလလူတို့သည် မိမိတို့၏အပ်နှံမှုနှင့်အညီ အသက်ရှင်နေထိုင်ကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။
• ယေဟောဝါသည် ဣသရေလလူမျိုးကို မိမိ၏အပ်နှံထားသောလူမျိုးအဖြစ်မှ အဘယ်ကြောင့် ပယ်ခဲ့သနည်း။ ၎င်းနေရာတွင် အဘယ်အရာ အစားထိုးခဲ့သနည်း။
• အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ဂျူးများနှင့် တစ်ပါးအမျိုးသားများသည် ဝိညာဉ်ရေးဣသရေလလူမျိုးအဝင်ဖြစ်လာရန် အဘယ်အရာပြုလုပ်ခဲ့ကြရသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဣသရေလလူငယ်များသည် ဘုရားသခင်ရွေးချယ်ထားသည့် လူမျိုးအဖြစ် မွေးဖွားလာခဲ့ကြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဣသရေလလူတစ်ဦးစီသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခဲ့ရ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဣသရေလလူတို့သည် စေတနာအလျောက်ပူဇော်သောယဇ်များဖြင့် ယေဟောဝါအားမိမိတို့ချစ်ကြောင်း ဖော်ပြခွင့်ရရှိကြ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အေဒီ ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့ပြီးနောက် ခရစ်တော်၏နောက်လိုက်များသည် မိမိတို့ကိုယ်တိုင်ဘုရားသခင်ထံ အပ်နှံပြီး နှစ်ခြင်းခံခဲ့ကြ