ကျန်းမာရေးချို့တဲ့မှုများကြား ပျော်ရွှင်စွာ အမှုဆောင်ခြင်း
ဘဝအတ္ထုပ္ပတ္တိ
ကျန်းမာရေးချို့တဲ့မှုများကြား ပျော်ရွှင်စွာ အမှုဆောင်ခြင်း
ဗာနဗပ်စ် စပက်စ်စီယိုတစ္စ ပြောပြသည်
၁၉၉၀ ပြည့်နှစ်၊ ကျွန်တော် အသက် ၆၈ နှစ်မှာ ကြွက်သားတွေ လုံးဝမလှုပ်ရှားနိုင်တော့ဘူး။ဒါတောင် ဆိုက်ပရပ်စ်ကျွန်းမှာ အချိန်ပြည့်ဧဝံဂေလိဟောပြောသူအဖြစ် ပျော်ရွှင်စွာအမှုဆောင်ခဲ့တာ အခုဆို ၁၅ နှစ်လောက်ရှိနေပြီ။ ကျန်းမာရေးချို့တဲ့မှုတွေကြားက ယေဟောဝါရဲ့အမှုတော်မှာ တက်တက်ကြွကြွ ဆက်ပါဝင်နေဖို့ဘယ်အရာက ကျွန်တော့်ကို ခွန်အားပေးခဲ့သလဲ။
ယောက်ျားလေး,လေးယောက်နဲ့ မိန်းကလေးငါးယောက်၊ စုစုပေါင်း ကလေးကိုးယောက်ရှိတဲ့ မိသားစုထဲမှာ ကျွန်တော်မွေးဖွားလာခဲ့တယ်၊ အချိန်ကတော့ ၁၉၂၂၊ အောက်တိုဘာလပေါ့။ ဆိုက်ပရပ်စ်ကျွန်းပေါ်က ဆီလိုဖာဂူးရွာမှာ ကျွန်တော်တို့ နေထိုင်ကြတယ်။ ကျွန်တော့်မိဘတွေက အတော်အသင့်ချမ်းသာကြပေမဲ့ ဒီလောက်ကြီးတဲ့မိသားစုကို ရှာဖွေကျွေးမွေးဖို့ လယ်မြေတွေမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရတယ်။
ကျွန်တော့်အဖေ အန်တိုနစ္စက စာပေလေ့လာလိုက်စားသူ၊ စူးစမ်းချင်စိတ်ရှိသူဖြစ်တယ်။ ကျွန်တော့်ကိုမွေးပြီး သိပ်မကြာခင်မှာ ရွာကကျောင်းဆရာဆီ အဖေ သွားလည်တုန်း ကျမ်းစာကျောင်းသားတွေလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ လူများအတွက်တရားတော် ဝေစာကို သတိပြုမိတယ်။ အဲ့ဒါကိုအဖေဖတ်ပြီး အထဲမှာပါတဲ့အကြောင်းတွေကို စိတ်ဝင်စားသွားတယ်။ ဒီလိုနဲ့ပဲ အဖေနဲ့ အဖေ့သူငယ်ချင်း အန်ဒရီးယပ်စ် ခရစ္စတူးတို့က ကျွန်းပေါ်မှာ ယေဟောဝါသက်သေတွေနဲ့ ဦးဆုံးပေါင်းသင်းတဲ့သူတွေဖြစ်လာတယ်။
ဆန့်ကျင်မှုကြား တိုးပွား
အချိန်တန်တော့ ယေဟောဝါသက်သေတွေဆီက သမ္မာကျမ်းစာအခြေပြု စာပေတွေကို အဖေတို့နှစ်ယောက် ပိုရရှိလာကြတယ်။ မကြာခင် သိရှိလာတဲ့ ကျမ်းစာအမှန်တရားတွေအကြောင်း ရွာသားတွေကို ပြောပြဖို့ အဖေနဲ့အန်ဒရီးယပ်စ်တို့ လှုံ့ဆော်ခံခဲ့ရတယ်။ ယေဟောဝါသက်သေတွေကို အန္တရာယ်ရှိသူတွေလို့ ယူဆတဲ့ ဂရိသြသဒေါက်စ်ဘုန်းကြီးနဲ့ တခြားလူတွေက အဖေတို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို အကြီးအကျယ်ဆန့်ကျင်ကြတယ်။
ဒါပေမဲ့ ရွာသားအတော်များများကတော့ အဲ့ဒီကျမ်းစာဟောပြောသူနှစ်ယောက်ကို မလေးစားဘဲမနေနိုင်ဘူး။ အဖေက ကြင်နာပြီးရက်ရောတဲ့အတွက် လူသိများတယ်။ ဆင်းရဲတဲ့မိသားစုတွေကို မကြာခဏ ကူညီပေးလေ့ရှိတယ်။ တစ်ခါတလေ ညကြီးမိုးချုပ် အိမ်ကနေ တိတ်တိတ်လေးထွက်သွားပြီး ဆင်းရဲတဲ့မိသားစုတွေရဲ့အိမ်ရှေ့မှာ ဂျုံတို့၊ ပေါင်မုန့်တို့ သွားထားပေးတတ်တယ်။ ဒီလို ကိုယ်ကျိုးမရှာတဲ့ခရစ်ယာန်အမူအကျင့်ကြောင့် အဖေတို့နှစ်ယောက်ရဲ့ သတင်းစကားက ပိုပြီးနှစ်သက်စရာဖြစ်လာတယ်။—မဿဲ ၅:၁၆။
ရလဒ်အနေနဲ့ ကျမ်းစာသတင်းတရားကို လူတစ်ဒါဇင်လောက် စိတ်ဝင်တစားလက်ခံခဲ့ကြတယ်။ အမှန်တရားကို သူတို့နားလည်လာတာနဲ့အမျှ သမ္မာကျမ်းစာကို အုပ်စုလိုက်လေ့လာဖို့ အိမ်တွေမှာစုဝေးရမယ်ဆိုတာ သိလာတယ်။ ၁၉၃၄ ခုနှစ်လောက်မှာ ဆိုက်ပရပ်စ်ကို ဂရိနိုင်ငံက အချိန်ပြည့်အမှုဆောင် နီကောစ် မယ်သာအဲကစ် ရောက်လာပြီး ဆီလိုဖာဂူးရွာက အုပ်စုလေးနဲ့ တွေ့ဆုံခဲ့တယ်။ ညီအစ်ကိုမယ်သာအဲကစ်ဟာ အုပ်စုလေးကို စနစ်တကျဖွဲ့စည်းစီစဉ်ပေးပြီး ကျမ်းစာကို ပိုပြီးနားလည်နိုင်အောင် ဇွဲရှိရှိ၊ စိတ်ရှည်ရှည်နဲ့ ကူညီပေးခဲ့တယ်။ အဲ့ဒီအုပ်စုလေးဟာ ဆိုက်ပရပ်စ်ကျွန်းမှာ ယေဟောဝါသက်သေတွေရဲ့ ပထမဆုံးအသင်းတော်ဖြစ်လာတယ်။
ခရစ်ယာန်လုပ်ငန်းတိုးတက်လာပြီး ကျမ်းစာအမှန်တရားကို လူတွေပိုလက်ခံလာတာနဲ့အမျှ အစည်းအဝေးတွေကျင်းပဖို့ အတည်တကျနေရာတစ်ခုလိုအပ်တယ်လို့ ညီအစ်ကိုတွေ ယူဆကြတယ်။ ကျွန်တော့်အစ်ကိုအကြီးဆုံး ဂျော့ဂျ်နဲ့ သူ့ဇနီး အယ်လနီတို့က ကျီအဖြစ် သူတို့အသုံးပြုတဲ့အခန်းကို ပေးကြတယ်။ သူတို့အိမ်နဲ့ကပ်လျက် အဲ့ဒီနေရာလေးကို ပြန်ပြုပြင်လိုက်တော့ အစည်းအဝေးကျင်းပဖို့ သင့်တော်တဲ့နေရာ ဖြစ်လာတယ်။ ဒီလိုနဲ့ ကျွန်းပေါ်မှာ ပထမဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမကို ပိုင်ဆိုင်လာရတဲ့အတွက် သူတို့ သိပ်ကျေးဇူးတင်ခဲ့ကြတယ်။ ဒါက နောက်ထပ်တိုးပွားလာဦးမယ်ဆိုတာ သက်သေပြလိုက်တာပဲ!
အမှန်တရားကို ကိုယ်ပိုင်ဖြစ်စေခြင်း
၁၉၃၈ ခုနှစ်၊ ကျွန်တော့်အသက် ၁၆ နှစ်မှာ လက်သမားလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် အဖေက ကျွန်တော့်ကို ဆိုက်ပရပ်စ်ကျွန်းရဲ့မြို့တော် နီကိုစီယာကို ပို့ခဲ့တယ်။ ဒါ့အပြင် ရှေ့ရေးကိုကြိုစဉ်းစားပြီး နီကောစ် မယ်သာအဲကစ်နဲ့အတူနေဖို့ စီစဉ်ပေးတယ်။ အဲ့ဒီတည်ကြည်တဲ့ညီအစ်ကိုရဲ့ ဇွဲထက်သန်မှုနဲ့ ဧည့်ဝတ်ကျေပွန်မှုတို့ကြောင့် ကျွန်းပေါ်က လူအတော်များများက သူ့ကိုအမှတ်ရနေတုန်းပဲ။ သူ့ရဲ့ထင်ရှားလှတဲ့ စိတ်အားထက်သန်မှုနဲ့ မြဲမြံတဲ့သတ္တိက အဲ့ဒီအစောပိုင်းနှစ်တစ်လျှောက် ဆိုက်ပရပ်စ်မှာရှိတဲ့ ခရစ်ယာန်တိုင်း လိုအပ်တဲ့အရည်အသွေးတွေဖြစ်တယ်။
ညီအစ်ကိုမယ်သာအဲကစ်က အခြေခံကျမ်းစာအသိပညာရဖို့နဲ့ ဝိညာဉ်ရေးတိုးတက်ဖို့ ကျွန်တော့်ကို အများကြီးကူညီပေးခဲ့တယ်။ သူနဲ့အတူနေခဲ့ချိန်မှာ သူ့အိမ်မှာကျင်းပတဲ့ အစည်းအဝေးအားလုံးကို ကျွန်တော်တက်ခဲ့တယ်။ ယေဟောဝါကို ပိုပြီးချစ်မြတ်နိုးလာတယ်လို့ ပထမဆုံးအကြိမ် ကျွန်တော်ခံစားခဲ့ရတယ်။ အဲဒီနောက်ပိုင်း ဘုရားသခင်နဲ့ ဆက်ဆံရေးပိုကောင်းလာတယ်။ လနည်းနည်းကြာတော့ လယ်ကွင်းလုပ်ငန်းမှာ ပါဝင်လို့ရမလားဆိုပြီး ညီအစ်ကိုမယ်သာအဲကစ်ကို ခွင့်တောင်းခဲ့တယ်။ အဲ့ဒါက ၁၉၃၉ ခုနှစ်မှာ။
အချိန်နည်းနည်းကြာတော့ မိသားစုဆီလည်ပတ်ဖို့ အိမ်ပြန်ခဲ့တယ်။ အဖေနဲ့အတူခဏနေရလို့ အမှန်တရားနဲ့ ဘဝအဓိပ္ပာယ်ကို ရှာတွေ့ပြီဆိုတဲ့ ကျွန်တော့်ယုံကြည်စိတ်ချမှု ပိုခိုင်မာလာတယ်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ် စပါလေရော။ ကျွန်တော့်အရွယ်လူငယ်တွေ စစ်ထဲဝင်ခဲ့ကြပေမဲ့ ကျွန်တော်ကတော့ ကျမ်းစာလမ်းညွှန်ချက်အတိုင်း ကြားနေဖို့ ဆုံးဖြတ်ခဲ့တယ်။ (ဟေရှာယ ၂:၄; ယောဟန် ၁၅:၁၉) အဲ့ဒီနှစ်မှာပဲ ကျွန်တော့်ကိုယ်ကို ယေဟောဝါဆီ အပ်နှံပြီး ၁၉၄၀ ပြည့်နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ လူကိုကြောက်စရာမလိုတော့ဘူးလို့ ပထမဆုံးအကြိမ်ခံစားခဲ့ရတယ်။
၁၉၄၈ ခုနှစ်မှာ အက်ဖ်ပရာပီယာနဲ့လက်ထပ်ခဲ့တယ်။ သားသမီးလေးယောက် ထွန်းကားခဲ့တယ်။ ကလေးတွေကို ‘ယေဟောဝါရဲ့ ပဲ့ပြင်ဆုံးမခြင်းနဲ့ စိတ်သဘောတော်နဲ့အညီ’ ပြုစုပျိုးထောင်ပေးနိုင်ဖို့ အလုပ်ကြိုးစားလုပ်ရမယ်ဆိုတာ ကျွန်တော်တို့သိလာတယ်။ (ဧဖက် ၆:၄) သူတို့လေးတွေ ယေဟောဝါကို နက်နက်ရှိုင်းရှိုင်းချစ်ဖို့၊ ကိုယ်တော့်ပညတ်နဲ့မူတွေကို လေးစားတတ်ဖို့ ကျွန်တော်တို့အဓိကထားဆုတောင်းပြီး ကြိုးစားအားထုတ်ခဲ့တယ်။
ကျန်းမာရေးပြဿနာများက စိန်ခေါ်ချက်
၁၉၆၄ ခုနှစ်၊ ကျွန်တော့်အသက် ၄၂ နှစ်မှာ ညာဘက်လက်နဲ့ခြေထောက် ထုံကျင်တာကို ခံစားခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ဘယ်ဘက်ကိုကူးလာတယ်။ တစ်ကိုယ်လုံးမလှုပ်ရှားနိုင်အောင်ဖြစ်စေမယ့် ကုလို့မရတဲ့ ကြွက်သားကျုံ့ရောဂါဖြစ်နေပြီဆိုတာ သိခဲ့ရတယ်။ အဲ့ဒီသတင်းကြောင့် ကျွန်တော် အရမ်းတုန်လှုပ်သွားတယ်။ အဖြစ်အပျက်တွေက လုံးဝမျှော်လင့်မထားဘဲ မြန်ဆန်လိုက်တာ! ‘ငါ့ကျမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ၊ ငါ ဘာများလုပ်ခဲ့လို့လဲ’ ဆိုပြီးတွေးရင်း ဒေါသအရမ်းထွက်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ရောဂါဖြစ်စကလို တုန်လှုပ်မှုတွေမရှိတော့ပေမဲ့ စိုးရိမ်မှုနဲ့ မသေချာမရေရာမှုတွေက ကျွန်တော့်ကို လွှမ်းမိုးလာပြန်တယ်။ ကျွန်တော့်စိတ်ထဲမှာ မေးစရာတွေ တသီတတန်းကြီးပေါ်လာတော့တယ်။ ကျွန်တော့်တစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ဘဲ တခြားသူတွေကို လုံးဝမှီခိုအားထားရတော့မှာလား။ အဲ့ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ ကျွန်တော့် ဇနီးနဲ့သားသမီးလေးယောက်ကို ရှာကျွေးနိုင်ပါ့မလား။ အဲ့ဒီအတွေးတွေနဲ့ စိုးရိမ်နေတယ်။
ကျွန်တော့်ဘဝရဲ့ ဒီအခက်ခဲဆုံးအချိန်မှာ ယေဟောဝါဆီဆုတောင်းပြီး စိုးရိမ်ပူပန်မှုအားလုံးကို တကယ့်စိတ်ရင်းမှန်နဲ့ရင်ဖွင့်ဖို့ အရင်ကထက်ပိုလိုအပ်တယ်လို့ ခံစားခဲ့ရတယ်။ အဲဒါကြောင့် နေ့ရောညပါ မျက်ရည်ကျပြီး ဆုတောင်းခဲ့တယ်။ မကြာခင် စိတ်သက်သာရာရတယ်လို့ ခံစားရတယ်။ ဖိလိပ္ပိ ၄:၆၊ ၇ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်” ဆိုတဲ့ နှစ်သိမ့်စကားတွေက တကယ်မှန်ကန်ခဲ့တယ်။
ကြွက်သားများ မလှုပ်ရှားနိုင်ခြင်းကိုရင်ဆိုင်ဖြေရှင်း
ကျွန်တော့်အခြေအနေက ပိုပိုဆိုးလာတယ်။ အခြေအနေသစ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ အမြန်လုပ်ရမယ်ဆိုတာ ကျွန်တော် နားလည်တယ်။ လက်သမား မလုပ်နိုင်တော့တဲ့အတွက် ကျွန်တော့်ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီပြီး မိသားစုကိုထောက်ပံ့နိုင်မယ့် ကာယခွန်အား သိပ်မစိုက်ထုတ်ရတဲ့ အလုပ်မျိုးရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ပထမတော့ ဗန်ကားလေးနဲ့ ရေခဲမုန့်ရောင်းခဲ့တယ်။ ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ဖို့ လိုလာတဲ့အချိန်အထိ ခြောက်နှစ်လောက် အဲ့ဒီအလုပ်လုပ်ခဲ့တယ်။ အဲ့ဒီနောက် ကျွန်တော်လုပ်နိုင်မယ့် တခြားပေါ့ပါးတဲ့အလုပ်အမျိုးမျိုးကို ပြောင်းလုပ်ခဲ့တယ်။
၁၉၉၀ ပြည့်နှစ်မှာ ဘယ်ဝမ်းစာရှာအလုပ်ကိုမှ မလုပ်နိုင်တော့တဲ့အထိ ကျန်းမာရေးအခြေအနေ ဆုတ်ယုတ်လာတယ်။ အခုတော့ ကျန်းမာတဲ့လူတစ်ယောက် ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်နိုင်ဖို့တောင် တခြားသူတွေကိုပဲ အားကိုးနေရတယ်။ အိပ်ရာဆီသွားဖို့၊ ဆေးကြောသန့်စင်ဖို့၊ အဝတ်ဝတ်ဖို့ တခြားသူတွေရဲ့ အကူအညီလိုအပ်တယ်။ ခရစ်ယာန်အစည်းအဝေးတွေတက်ဖို့ ကျွန်တော့်ဘီးတပ်ကုလားထိုင်ကို ကားရှိတဲ့နေရာဆီတွန်းသွားပေးရတယ်၊ ကားပေါ်ကို တင်ပေးရတယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမရောက်တော့ ကျွန်တော့်ကို ကားပေါ်ကချ၊ ဘီးတပ်ကုလားထိုင်ပေါ် တင်ပေးပြီး အထဲကို တွန်းသွားပေးရတယ်။ အစည်းအဝေးချိန်တစ်လျှောက် ခြေထောက်တွေနွေးနေဖို့ ကျွန်တော့်ဘေးမှာ လျှပ်စစ်အပူပေးစက်ထားပေးရတယ်။
တစ်ကိုယ်လုံးမလှုပ်နိုင်တော့ပေမဲ့ အစည်းအဝေးအားလုံးကို မှန်မှန်တက်တယ်။ အဲ့ဒီနေရာမှာ ယေဟောဝါသွန်သင်ပေးနေတယ်ဆိုတာ ကျွန်တော် သဘောပေါက်တယ်၊ ဒါ့အပြင် ဝိညာဉ်ရေးညီအစ်ကိုညီအစ်မတွေနဲ့အတူရှိနေတာက တကယ့်ကိုလုံခြုံပြီး အားရှိစေတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဝိညာဉ်ရေးရင့်ကျက်တဲ့ ယုံကြည်သူချင်းတွေရဲ့ မှန်မှန်လည်ပတ်မှုတွေက အမြဲထောက်ကူပေးတယ်။ “အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏” လို့ပြောခဲ့တဲ့ ဆာလံဆရာဒါဝိဒ်လို ကျွန်တော် တကယ်ခံစားရတယ်။—ဆာလံ ၂၃:၅။
အဲ့ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော့်ရဲ့ ချစ်ဇနီးက သိပ်ကောင်းတဲ့အထောက်အမပါပဲ။ သားသမီးတွေလည်း စိတ်ရောကိုယ်ပါကူညီပေးကြတယ်။ ကျွန်တော့်ရဲ့နေ့စဉ်လိုအပ်ရာတွေကို သူတို့ကူညီဖြည့်ဆည်းပေးခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ဒီလိုလုပ်ဆောင်ပေးရတာ သူတို့အတွက် မလွယ်လှဘူး။ တစ်နှစ်ပြီးတစ်နှစ်ကုန်သွားလေ ကျွန်တော့်ကို ပြုစုစောင့်ရှောက်ဖို့ ပိုခက်လာလေပဲ။ စိတ်ရှည်ပြီး အနစ်နာခံတဲ့နေရာမှာ သူတို့က တကယ်စံပြပဲ၊ သူတို့ကို ယေဟောဝါ ဆက်ကောင်းချီးပေးပါစေလို့ ကျွန်တော် ဆုတောင်းပေးတယ်။
ယေဟောဝါရဲ့ကျေးကျွန်တွေကို ထောက်မပေးဖို့ ကိုယ်တော်ရဲ့ ကောင်းမွန်လှတဲ့ နောက်ထပ်ပြင်ဆင်ပေးချက်တစ်ခုကတော့ ဆုတောင်းခြင်းဖြစ်တယ်။ (ဆာလံ ၆၅:၂) ကျွန်တော်ရဲ့ လှိုက်လှိုက်လှဲလှဲဆုတောင်းချက်တွေကို နားညောင်းတဲ့အနေနဲ့ ဒီနှစ်တွေတစ်လျှောက် ယုံကြည်ခြင်းမှာဆက်မြဲနေနိုင်ဖို့ ယေဟောဝါ ခွန်အားပေးခဲ့တယ်။ အထူးသဖြင့် ကျွန်တော် စိတ်ပျက်အားငယ်နေချိန်မှာ ဆုတောင်းခြင်းက သက်သာမှုပေးပြီး ဆက်ပျော်ရွှင်နေအောင် ကူညီပေးတယ်။ ယေဟောဝါနဲ့ အမြဲဆက်သွယ်နေခြင်းက ကျွန်တော့်ကို လန်းဆန်းစေပြီး ဆက်ခံရပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို အားသစ်လောင်းပေးတယ်။ ကိုယ်တော့်ကျေးကျွန်တွေရဲ့ဆုတောင်းချက်တွေကို ယေဟောဝါနားညောင်းပြီး သူတို့လိုအပ်တဲ့ စိတ်ငြိမ်သက်မှုကိုပေးတယ်ဆိုတာ ကျွန်တော် လုံးဝယုံကြည်စိတ်ချတယ်။—ဆာလံ ၅၁:၁၇; ၁ ပေတရု ၅:၇။
အဲ့ဒါတွေထက် ဘုရားသခင့်သားတော် ယေရှုခရစ်ရဲ့နိုင်ငံတော်အုပ်ချုပ်မှုအောက် ပရဒိသုမှာနေထိုင်ခွင့်ရသူအားလုံးကို ကိုယ်တော် အပြီးသတ်ကုစားပေးမယ်ဆိုတာ သတိရတိုင်း ပြန်အားရှိလာတယ်။ အဲဒီအံ့ချီးဖွယ်မျှော်လင့်ချက်ကို တွေးမိလေတိုင်း ဝမ်းသာမျက်ရည်ကျခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။—ဆာလံ ၃၇:၁၁၊ ၂၉; လုကာ ၂၃:၄၃; ဗျာ. ၂၁:၃၊ ၄။
အချိန်ပြည့်အမှုဆောင်အဖြစ်ထမ်းဆောင်ခြင်း
၁၉၉၁ ခုနှစ်လောက်မှာ ကျွန်တော့်အခြေအနေကို ဆန်းစစ်ပြီးတဲ့နောက် တန်ဖိုးရှိလှတဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ အလုပ်များနေတာက ကိုယ့်ကိုယ်ကိုသနားတဲ့အဖြစ်မျိုးကို ရှောင်ဖို့ အကောင်းဆုံးနည်းဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ အချိန်ပြည့်အမှုဆောင်အနေနဲ့ ထမ်းဆောင်ခဲ့တယ်။
ကျွန်တော်က မသန်စွမ်းသူတစ်ယောက်ဆိုတော့ အများအားဖြင့် စာရေးပြီးပဲ သက်သေခံတယ်။ ဒါပေမဲ့ စာရေးတာ ကျွန်တော့်အတွက် မလွယ်ကူဘူး၊ အတော်အားစိုက်ထုတ်ရတယ်။ ကျွန်တော့်လက်တွေက ကြွက်သားကျုံ့ရောဂါဒဏ်ကြောင့် ဘောပင်ကိုမြဲအောင် မကိုင်နိုင်ဘူး။ ဒါပေမဲ့ ဇွဲမလျှော့တာ၊ ဆုတောင်းတာတွေကြောင့် အခုဆို ၁၅ နှစ်ကျော်ကျော် စာရေးသက်သေခံနိုင်ခဲ့ပြီ။ ဒါ့အပြင် ဖုန်းဆက်ပြီးတော့လည်း သက်သေခံတယ်။ အိမ်လာလည်တဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ အိမ်နီးချင်းတွေကို ကမ္ဘာသစ် မျှော်လင့်ချက်အကြောင်း ပြောပြနိုင်တဲ့ အခွင့်အရေး တစ်ခါမှ လက်လွတ်မခံဘူး။
ဒါကြောင့် အားရှိစရာတွေ့ ကြုံမှုတွေ အများကြီးရရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော်နဲ့ကျမ်းစာဖတ်ခဲ့တဲ့ မြေးတစ်ယောက် ဝိညာဉ်ရေးမှာတိုးတက်လာပြီး ကျမ်းစာအမှန်တရားကို လေးမြတ်မှုတင်ပြလို့ အရမ်းဝမ်းသာခဲ့ရတယ်။ သူ့ရဲ့ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုကိုယ်သိစိတ်ကြောင့် ခရစ်ယာန်ကြားနေမှုကိစ္စမှာ သူသမာဓိတည်ကြည်ခဲ့တယ်။
ကျွန်တော် စာရေးပြီးသက်သေခံလိုက်တဲ့သူတွေက ကျမ်းစာအကြောင်းပိုသိချင်လို့ ဆက်သွယ်လာတဲ့အခါ ကျွန်တော်သိပ်စိတ်ချမ်းသာတာပဲ။ တချို့ဆိုရင် ကျမ်းစာ,စာပေတွေကို မကြာမကြာ တောင်းကြတယ်။ ဥပမာ၊ အမျိုးသမီးတစ်ယောက်က သူ့ခင်ပွန်းဆီ ကျွန်တော် အားပေးစာရေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပြောတယ်။ စာထဲမှာပါတဲ့အကြောင်းတွေကို သူသိပ်စိတ်ဝင်စားတယ်။ အဲ့ဒါကြောင့် သူတို့ဇနီးမောင်နှံနဲ့ ကျွန်တော့်အိမ်မှာ ကျမ်းစာအကြောင်း အတော်ဆွေးနွေးဖြစ်ခဲ့တယ်။
တောက်ပသော မျှော်လင့်ချက်
နှစ်တွေတစ်လျှောက် ဒီဒေသမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက် တိုးများလာတာ တွေ့မြင်ခဲ့ရတယ်။ ကျွန်တော့်အစ်ကို ဂျော့ဂျ်ရဲ့အိမ်ဘေးက ဘုရားသခင့်နိုင်ငံတော်ခန်းမလေးကို အကြိမ်ကြိမ် တိုးချဲ့ပြုပြင်ခဲ့ရတယ်။ အဲဒီလှပတဲ့ဝတ်ပြုရာနေရာကို ယေဟောဝါသက်သေတွေရဲ့ အသင်းတော်နှစ်ခုက အသုံးပြုကြတယ်။
၁၉၄၃ ခုနှစ်မှာ အသက် ၅၂ နှစ်ရှိတဲ့ အဖေဆုံးပါးခဲ့တယ်။ ဒါပေမဲ့ တကယ့်ဝိညာဉ်ရေးအမွေအနှစ်ကို သူချန်ထားရစ်ခဲ့တယ်။ အဖေ့သားသမီးရှစ်ယောက်က အမှန်တရားကိုလက်ခံပြီး ယေဟောဝါကို ဝတ်ပြုနေကြဆဲပဲ။ အဖေ့ဇာတိ ဆီလိုဖာဂူးရွာရဲ့ အနီးအနားကရွာတွေမှာ အခုဆို အသင်းတော်သုံးခုရှိနေပြီး ဘုရားသခင်နိုင်ငံတော်ကြေညာသူပေါင်း ၂၃၀ ရှိတယ်။
ကျွန်တော် ပျော်ရွှင်နေတာ အဲ့ဒီရလဒ်ကောင်းတွေကြောင့်ပါပဲ။ အခု ကျွန်တော်အသက် ၈၃ နှစ်မှာ ဆာလံဆရာရဲ့ ဒီစကားတွေကို ယုံကြည်စိတ်ချမှုနဲ့ ပြောနိုင်ပြီ– ‘ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကို ခံရသော်လည်း ထာဝရဘုရားသခင်ကို ရှာသောသူတို့၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မလိုရာ။’ (ဆာလံ ၃၄:၁၀) ဟေရှာယ ၃၅:၆ မှာမှတ်တမ်းတင်ထားတဲ့ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်” ဆိုတဲ့ ပရောဖက်ပြုချက်ပြည့်စုံလာမယ့်အချိန်ကို ကျွန်တော်စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်။ ကျန်းမာရေးချို့တဲ့ပေမဲ့ အဲ့ဒီအချိန်ထိ ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင်ဆက်ဝတ်ပြုသွားဖို့ ကျွန်တော် သန္နိဋ္ဌာန်ချထားတယ်။
[စာမျက်နှာ ၁၇ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
တူရကီ
ဆီးရီးယား
လက်ဘနွန်
ဆိုက်ပရပ်စ်
နီကိုစီယာ
ဆီလိုဖာဂူး
မြေထဲပင်လယ်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဆီလိုဖာဂူးရွာမှ ယနေ့အထိအသုံးပြုနေသော ပထမဆုံးဘုရားသခင့်နိုင်ငံတော်ခန်းမ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
၁၉၄၆ နှင့် ယနေ့တွင် အက်ဖ်ပရာပီယာနှင့်အတူ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဖုန်းဖြင့်သက်သေခံခြင်း၊စာရေးသက်သေခံခြင်းကိုကျွန်တော် နှစ်သက်