ဖန်ဆင်းရာသတ္တဝါများ ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်
ဖန်ဆင်းရာသတ္တဝါများ ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်
ယေဟောဝါ၏ခံ့ညားထယ်ဝါမှုသည် တိရစ္ဆာန်လောကတွင် ပေါ်လွင်ထင်ရှား၏။ ဘုရားသခင်သည် လူသားများကို ဂရုစိုက်သည့်အတိုင်း တိရစ္ဆာန်များကိုလည်း ဂရုစိုက်တော်မူ၏။ (ဆာလံ ၁၄၅:၁၆) သတ္တဝါအပေါင်းကို ဖန်ဆင်းသောအရှင်အား အပြစ်ရှာဝေဖန်ခြင်းသည် အမှားကြီးမှားပေလိမ့်မည်။ ယောဘသည် ဖြောင့်မတ်သူတစ်ဦးဖြစ်သော်လည်း “ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်း” ပြောဆိုခဲ့၏။ ထို့ကြောင့် ယောဘသင်ယူစရာ သင်ခန်းစာများ အမှန်ရှိသည်တကား။—ယောဘ ၃၂:၂; ၃၃:၈-၁၂; ၃၄:၅။
ဖန်ဆင်းရာသတ္တဝါများမှ ထုတ်နုတ်ရရှိသည့် ပုံနမူနာများက လူသားတို့သည် ဘုရားသခင့်နည်းလမ်းတော်များကို စစ်ကြောပိုင်ခွင့်မရှိကြောင်း ဖော်ပြ၏။ မိမိ၏ကျေးကျွန်ယောဘအား ယေဟောဝါမိန့်ဆိုခဲ့သည့် စကားများကို သုံးသပ်ကြည့်လျှင် ယင်းသည် ရှင်းလင်းသွားပေမည်။
တိရစ္ဆာန်များ လူ့အကူအညီမလို
တိရစ္ဆာန်လောကအကြောင်း ဘုရားသခင်မေးမြန်းသောအခါ ယောဘမဖြေဆိုနိုင်ခဲ့ချေ။ (ယောဘ ၃၈:၃၉-၄၁) ယေဟောဝါသည် ခြင်္သေ့နှင့်ကျီးနက်တို့ကို လူ့အကူအညီမပါဘဲ ထောက်ပံ့ပေးတော်မူ၏။ ကျီးနက်များသည် ပျံဝဲ၍အစာရှာကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့၏အစာကို ဘုရားသခင်ထံမှ ရရှိကြခြင်းဖြစ်သည်။—လုကာ ၁၂:၂၄။
ဘုရားသခင်သည် ယောဘကို သားရိုင်းတိရစ္ဆာန်များအကြောင်း မေးမြန်းသောအခါ သူအကျပ်ရိုက်သွား၏။ (ယောဘ ၃၉:၁-၈) တောင်ဆိတ်များနှင့် ဒရယ်မများကို မည်သူမျှ မကာကွယ်ပေးနိုင်ချေ။ တောင်ဆိတ်များအနား ချဉ်းကပ်၍ပင် မရပါ။ (ဆာလံ ၁၀၄:၁၈) ဒရယ်မတစ်ကောင်သည် သားမွေးချိန်နီးလာသောအခါ ဘုရားသခင်ပေးအသိစိတ်ဖြင့် တောထဲတွင် သီးခြားနေတတ်၏။ သားကျပြီးလျှင် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးသည်။ သို့သော် သားပေါက်လေးများသည် “ကျန်းမာ” လာသောအခါ “အခြားသို့သွား၍ အမိထံသို့ ပြန်မလာဘဲနေတတ်ကြ၏။” ထို့နောက် သူတို့လေးများသည် ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ကြသည်။
မြင်းကျားသည် ခြေဦးတည့်ရာသွားလာနေ၏။ သဲကန္တာရလွင်ပြင်သည် မြည်းရိုင်း၏ဌာနေဖြစ်သည်။ ယောဘသည် မြည်းရိုင်းကို ဝန်စည်စလယ်ထမ်းခိုင်း၍မရချေ။ ၎င်းတိရစ္ဆာန်သည် တောင်ကုန်းများတွင် ကျက်စား၍ “စိမ်းသောအပင်အမျိုးမျိုးကိုရှာတတ်” ၏။ ၎င်း၏လွတ်လပ်မှုကို မြို့များတွင် အလွယ်တကူရရှိနိုင်သည့်အစာနှင့် လဲမည်မဟုတ်ချေ။ ၎င်း၏ပိုင်နက်ထဲ လူတစ်ဦးကျူးကျော်ဝင်ရောက်လာမည်ဆိုလျှင် အလျင်အမြန် ထွက်ပြေးတတ်ရာ “နှင်သောသူအော်ဟစ်နှိုးဆော်သံကို” မကြားတော့ပေ။
ထို့နောက် ဘုရားသခင်သည် နွားရိုင်းအကြောင်း မိန့်ဆို၏။ (ယောဘ ၃၉:၉-၁၂) ၎င်းနှင့်စပ်လျဉ်း၍ အင်္ဂလိပ်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဩစတင် လေယာ့ဒ်က ဤသို့ရေးသားသည်– “ရုပ်လုံးရုပ်ကြွများတွင် မကြာခဏ ပုံဖော်ထားချက်အရ နွားရိုင်းသည် ခြင်္သေ့ကဲ့သို့ပင် ကြောက်စရာကောင်း၍ အမဲလိုက်ကောင်းသည့် တောကောင်ဖြစ်ဟန်တူသည်။ ရှင်ဘုရင်သည် မကြာခဏပင် နွားရိုင်းဖမ်းလေ့ရှိရာ စစ်သည်များက မြင်းစီး၍လည်းကောင်း၊ ခြေလျင်ပြေး၍လည်းကောင်း လိုက်ဖမ်းပေးကြ၏။” (နိနေဝေနှင့် ယင်း၏အပျက်အယွင်းများ၊ ၁၈၄၉၊ အတွဲ ၂၊ စာမျက်နှာ ၃၂၆) သို့တိုင်၊ အဘယ်ပညာရှိပုဂ္ဂိုလ်ကမျှ နွားရိုင်းကိုထိန်းချုပ်ရန် ကြိုးစားမည်မဟုတ်ချေ။—ဆာလံ ၂၂:၂၁။
ယေဟောဝါအား ငှက်များ ဂုဏ်တင်ချီးမြှောက်
တစ်ဖန် ဘုရားသခင်သည် ယောဘကို ငှက်များအကြောင်း မေးပြန်သည်။ (ယောဘ ၃၉:၁၃-၁၈) တောငန်းသည် ၎င်း၏သန်မာသောအတောင်ပံများဖြင့် အထက်သို့ပျံတတ်၏။ (ယေရမိ ၈:၇) ငှက်ကုလားအုတ်သည် အတောင်ပံခတ်တတ်သော်လည်း မပျံနိုင်ချေ။ တောငန်းကဲ့သို့ သစ်ပင်အမြင့်တွင် အသိုက်ဆောက်ကာ ဥ,ဥ၍လည်းမရချေ။ (ဆာလံ ၁၀၄:၁၇) သဲထဲတွင် ကျင်းတူးကာ ဥ,ဥထားတတ်၏။ သို့သော် ဤငှက်သည် ဥများကို ထိုအတိုင်းမပစ်ထားပါ။ ဥများကို သင့်တော်သောအပူချိန်တွင်ရှိနေစေရန် သဲဖြင့်ဖုံးအုပ်ထားပြီး ယင်းတို့ကို ငှက်ဖိုရောငှက်မပါ စောင့်ကြပ်ပေးတတ်၏။
ငှက်ကုလားအုတ်အမသည် သားရဲအန္တရာယ်ကိုသတိပြုမိ၍ ထွက်ပြေးသွားသည့်အခါ “ပညာမဲ့” ပုံရပေမည်။ သို့ရာတွင် ကျမ်းစာပါတိရစ္ဆာန်များစွယ်စုံကျမ်းက ဤသို့ဆိုသည်– “ယင်းသည် အာရုံပြောင်းစေသည့်နည်းဖြစ်၏။ [ငှက်ကုလားအုတ်များ] သည် ရန်မူလာသည့် လူ သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်၏အာရုံကိုလွှဲရန် အတောင်ပံ တဖျပ်ဖျပ်ခတ်ပြကာ ဥနှင့်ဝေးရာသို့ မျှားခေါ်သွားပေမည်။”
ငှက်ကုလားအုတ်သည် “မြင်းနှင့်မြင်းစီးသောသူကိုပင်ရယ်” ခြင်းက မည်သို့နည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ဆိုသည်– “ငှက်ကုလားအုတ်သည် မပျံနိုင်သော်လည်း ၎င်း၏အပြေးမြန်နှုန်းကြောင့် ကျော်ကြားသည်။ ၎င်း၏ခြေတံရှည်များက ၁၅ ပေ (၄.၆ မီတာ) လှမ်းနိုင်ပြီး တစ်နာရီလျှင် မိုင် ၄၀ (၆၄ ကီလိုမီတာ) နှုန်းအထိ ပြေးနိုင်သည်။”
မြင်းကို ဘုရားသခင်ခွန်အားပေး
တစ်ဖန် ဘုရားသခင်သည် ယောဘကို မြင်းအကြောင်း မေးပြန်သည်။ (ယောဘ ၃၉:၁၉-၂၅) ရှေးခေတ်က စစ်သားများသည် မြင်းစီး၍ စစ်တိုက်ကြ၏။ မြင်းများသည် မောင်းနှင်သူနှင့် စစ်သားနှစ်ဦးပါသည့် စစ်မြင်းရထားများကို ဆွဲခဲ့၏။ တိုက်ပွဲဝင်ရန်စိတ်စောနေသည့် စစ်မြင်းတစ်ကောင်သည် ဟီသံပြုကာ ခွာယက်လိုက်သည်။ ဓားမြင်ပြီး ကြောက်ရွံ့ခြင်းမရှိ၊ နောက်ပြန်လှည့်ပြေးစရာလည်း မလိုချေ။ တံပိုးသံကြားသည်နှင့် စစ်မြင်းသည် “အေ့ဟေ” ဟုဆိုကာ “မြေကိုမျို” သည့်အလား တစ်ဟုန်ထိုးပြေးထွက်သွား၏။ သို့တိုင်၊ စစ်မြင်းသည် မိမိသခင်ကိုနာခံ၏။
ရှေးဟောင်းသုတေသနပညာရှင် လေယာ့ဒ်က ဤသို့နှိုင်းယှဉ်ဖော်ပြသည်– “အာရပ်မြင်းသည် သိုးကလေးတစ်ကောင်ကဲ့သို့ ယဉ်ပါး၍ ဇက်ကြိုးဖြင့်သာ ညွှန်ကြားဖို့လိုသော်လည်း စစ်ငြာသံကြားပြီး မိမိ၏သခင် လှံဝှေ့ယမ်းနေသည်ကိုမြင်သောအခါ ၎င်း၏မျက်လုံးများ ဝင်းဝင်းတောက်သွားတတ်သည်။ ၎င်း၏ သွေးနီရောင်ထနေသည့် နှာခေါင်းပေါက်လည်း ကျယ်လာ၍ ဇက်တိုင်က ခံ့ညားစွာခုံးနေပြီး အမြီးနှင့်လည်ဆံမွေးတို့သည် လေထဲတွင် တလူလူလွှင့်နေသည်။”—ဗာဗုလုန်နှင့်နိနေဝေအပျက်အယွင်းကြားမှ ရှာဖွေတွေ့ရှိမှုများ၊ ၁၈၅၃၊ စာမျက်နှာ ၃၃၀။
သိမ်းငှက်နှင့်လင်းယုန်တို့ကို ဆင်ခြင်လော့
ယေဟောဝါသည် ယောဘကို ငှက်တချို့အကြောင်း မေးမြန်းပြန်သည်။ (ယောဘ ၃၉:၂၆-၃၀) သိမ်းငှက်များသည် ‘အတောင်ကိုဖြန့်၍ ပျံဝဲတတ်’ ၏။ ပဲရာဂရင်သိမ်းငှက်သည် ပျံသန်းရာတွင် အမြန်ဆုံးငှက်ဖြစ်၏ဟု ရည်ညွှန်းထားသည့် ဂင်းနက်စ်ကမ္ဘာ့စံချိန်များစာအုပ်က သိမ်းငှက်သည် “မိမိပိုင်နက်အဖြစ် ပျံဝဲပြနေစဉ် အမြင့်မှထိုးဆင်းသည့်အခါ၊ လေထဲတွင် သားကောင်ကိုထိုးသုတ်သည့်အခါ ယင်း၏အမြန်နှုန်းမှာ စံချိန်တင်လောက်သည်” ဟုဆို၏။ ဤငှက်သည် ၄၅ ဒီဂရီထောင့်ဖြင့် တစ်နာရီလျှင် ၂၁၇ မိုင်နှုန်း ထိုးဆင်းလာဖူးသည်ဟုဆိုကြ၏။
လင်းယုန်ငှက်များသည် တစ်နာရီ မိုင် ၈၀ ကျော်နှုန်းဖြင့် ပျံသန်းကြ၏။ ယင်းကြောင့် ယောဘသည် လူ့ဘဝ၏ အချိန်ကုန်မြန်ခြင်းကို သားကောင်ရှာသော လင်းယုန်တစ်ကောင်၏ ပျံသန်းနှုန်းနှင့် နှိုင်းယှဉ်ခဲ့သည်။ (ယောဘ ၉:၂၅၊ ၂၆) ကျွန်ုပ်တို့သည် မနားတမ်းပျံဝဲနေသော လင်းယုန်အတောင်ပံပေါ်ရှိသည့်အလား ကျွန်ုပ်တို့ခံနိုင်ရည်ရှိစေရန် ဘုရားသခင်ခွန်အားပေးတော်မူ၏။ (ဟေရှာယ ၄၀:၃၁) ထိုငှက်သည် ပျံသန်းရာတွင် အထက်သို့တလူလူတက်နေသော လေပူဆန်ကြောကို အသုံးချပြီး ၎င်းအတွင်းပျံဝဲနေကာ တဖြည်းဖြည်းမြင့်တက်သွား၏။ တစ်စုံတစ်ရာသော အမြင့်သို့ရောက်သည့်အခါ အခြားလေပူဆန်ကြောတစ်ခုသို့ ညင်သာစွာလျှောပြီး လေဟုန်စီးသွားသဖြင့် လင်းယုန်သည် ခွန်အားအနည်းငယ်သာအသုံးပြု၍ ကောင်းကင်၌ နာရီပေါင်းများစွာ နေနိုင်ခြင်းဖြစ်သည်။
လင်းယုန်တစ်ကောင်သည် လူသူမရောက်နိုင်သည့် “မြင့်သောအရပ်၌ အသိုက်ကိုလုပ်” သဖြင့် ငှက်ပေါက်လေးများကို ဘေးကင်းစေ၏။ ယေဟောဝါသည် လင်းယုန်ကို ပင်ကိုအသိစိတ်ဖြင့် ယင်းသို့လုပ်ဆောင်စေတော်မူပြီ။ သည့်အပြင် ဘုရားသခင်ပေးထားသည့် အမြင်အာရုံဖြင့် “[လင်းယုန်၏] မျက်စိသည် အဝေးကပင် မြင်တတ်” ၏။ အမြင်အာရုံကို လျင်မြန်စွာ ပြောင်းလဲနိုင်စွမ်းရှိခြင်းကြောင့် အဝေးမှဒိုင်ဗင်ထိုးချလာစဉ် သားကောင် သို့မဟုတ် တိရစ္ဆာန်အသေကောင်ကို မျက်ခြည်မပြတ် စိုက်ကြည့်နေနိုင်သည်။ လင်းယုန်သည် တိရစ္ဆာန်အသေကောင်များကို စားတတ်သဖြင့် “အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်။” ဤငှက်သည် တိရစ္ဆာန်ငယ်လေးများကိုဖမ်းပြီး သားငယ်လေးများထံ သယ်ဆောင်သွား၍ကျွေးတတ်၏။
ယောဘကို ယေဟောဝါပဲ့ပြင်ဆုံးမ
ဘုရားသခင်သည် တိရစ္ဆာန်များအကြောင်း ထပ်ဆင့်မမေးမြန်းမီ ယောဘကို ပဲ့ပြင်ဆုံးမတော်မူ၏။ ယောဘ မည်သို့တုံ့ပြန်ခဲ့သနည်း။ သူသည် ထပ်ဆင့်ပေးသောဆုံးမစကားကို နှိမ့်ချစွာ လိုလိုလားလား လက်ခံနာယူခဲ့သည်။—ယောဘ ၄၀:၁-၁၄။
ယောဘ၏အတွေ့အကြုံများဆိုင်ရာ မှုတ်သွင်းခံမှတ်တမ်းမှ ကျွန်ုပ်တို့ရရှိသည့် အလွန်အရေးကြီးသောသင်ခန်းစာမှာ အဘယ်လူသားမျှ အတိုင်းအဆမဲ့တန်ခိုးရှင်အား အပြစ်တင်ဝေဖန်ပိုင်ခွင့်မရှိဟူ၍ဖြစ်သည်။ ထိုသို့ပြုမည့်အစား ကောင်းကင်ခမည်းတော်နှစ်သက်သည့်ပုံစံအတိုင်း ပြောဆိုပြုမူသင့်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ယေဟောဝါ၏သန့်ရှင်းသောနာမတော်ကို ရိုသေလေးမြတ်စေရေးနှင့် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေရေးအပေါ် အဓိကစိတ်ဝင်စားသင့်သည်။
ဘုရားသခင်အား ဗေဟမုတ် ဂုဏ်တင်ချီးမွမ်း
ဘုရားသခင်သည် ဖန်ဆင်းရာသတ္တဝါများဘက် တစ်ဖန်အာရုံရောက်သွားပြီး ယောဘကို ဗေဟမုတ်အကြောင်း မေးမြန်းတော်မူ၏။ ဗေဟမုတ်ကို ရေမြင်းဟု လူအများယူဆကြ၏။ (ယောဘ ၄၀:၁၅-၂၄) အရွယ်ရောက်ရေမြင်းတစ်ကောင်သည် ၁၂ ပေမှ ၁၅ ပေအထိ ရှည်နိုင်ပြီး ကိုယ်အလေးချိန် ပေါင် ၈,၀၀၀ အထိရှိနိုင်သည်။ ဗေဟမုတ်၏ “တန်ခိုးသည် ခါး၌” ရှိ၏။ ဆိုလိုသည်မှာ ၎င်း၏တင်ပါးပိုင်းရှိ ကြွက်သားများဖြစ်သည်။ ခြေတံတိုဗေဟမုတ်သည် မြစ်ကြမ်းပြင်ရှိ ကျောက်တုံးများအပေါ် ၎င်း၏ခန္ဓာကိုယ်ကို တရွတ်တိုက်သွားတတ်သည့်အတွက် ၎င်း၏ဗိုက်ခေါက်ထူခြင်းသည် တစ်ခုကောင်း၏။ အလွန်လေးလံသောခန္ဓာကိုယ်၊ ကြီးမားသောပါးစပ်နှင့် သန်မာသောမေးရိုးရှိ ဗေဟမုတ်နှင့် အဘယ်သူမျှ ယှဉ်ဖက်၍ရမည်မဟုတ်ပါ။
ဗေဟမုတ်သည် “မြက်” စားရန် မြစ်ထဲကတက်လာတတ်သည်။ သို့သော် တောင်တစ်တောင်လုံးရှိ မြက်စိမ်းကို သူစားလိုက်ရမှ ဗိုက်ဝမည့်ပုံရှိ၏။ ၎င်းသည် နေ့စဉ် အသီးအရွက်ပေါင် ၂၀၀ မှ ၄၀၀ ခန့်စား၏။ ဗေဟမုတ်သည် အာသာပြေသွားလျှင် ကျူပင်ချုံဖုတ်အောက် သို့မဟုတ် မိုးမခပင်ရိပ်အောက် လှဲနေတတ်သည်။ မြစ်ရေတစ်ဟုန်ထိုးစီးဆင်းနေလျှင်ပင် ဤရေမြင်းသည် ရေပြင်ပေါ် ခေါင်းပြူထားကာ ရေကိုဆန်၍ ကူးခပ်သွားနိုင်၏။ ၎င်း၏ဧရာမပါးစပ်ကြီး၊ ကြောက်မက်ဖွယ်အစွယ်များနှင့် ပက်ပင်းတိုးမည်ဖြစ်သဖြင့် ယောဘသည် ၎င်း၏နှာခေါင်းကို သံချိတ်နှင့်ဖောက်ဝံ့မည်မဟုတ်ချေ။
ဘုရားသခင်အား လဝိသန်ချီးမွမ်း
တစ်ဖန် ယောဘသည် လဝိသန်အကြောင်း ကြားသိရ၏။ (ယောဘ ၄၁:၁-၃၄) “အရေခွံတွန့်လိမ်နေသည့် တိရစ္ဆာန်” ဟုရည်ညွှန်းသည့် ဟေဗြဲစကားလုံးသည် မိကျောင်းကိုဆိုလိုဟန်တူသည်။ ယောဘသည် သူ၏သားသမီးများကို လဝိသန်နှင့် ဆော့ကစားစေပါမည်လော။ ဝေးလေစွ။ ဤသတ္တဝါနှင့်ပက်ပင်းတိုးခြင်းသည် အလွန်အန္တရာယ်ရှိကြောင်း အကြိမ်ကြိမ်တွေ့ရှိခဲ့ပြီ။ လဝိသန်ကို ဖမ်းဖို့ကြိုးစားပါက ထပ်မဖမ်းရဲလောက်အောင် နောင်ကြဉ်သွားပါလိမ့်မည်။
လဝိသန်သည် နေထွက်လာချိန်တွင် ရေပြင်ပေါ် ခေါင်းပြူသောအခါ ၎င်း၏မျက်စိသည် “နံနက်မျက်တောင်ခတ်သကဲ့သို့” လင်းလက်တတ်သည်။ လဝိသန်၏အကြေးခွံများသည် သိပ်သိပ်သည်းသည်းရှိပြီး အရေခွံတွင် အရိုးပြားများ မြုပ်ဝင်နေသောကြောင့် ကျည်ဆန်ပင် ထိုးဖောက်၍မရချေ။ ဓားများ၊ လှံများဖြင့်ဆိုလျှင် ဝေလာဝေး။ မိကျောင်း၏ဝမ်းဗိုက်ရှိ ချွန်ထက်သော အကြေးခွံများသည် ရွှံ့နွံပေါ်တွင် “ထွန်သွားများ” ကဲ့သို့ဖြစ်စေသည်။ ရေထဲတွင် တဝုန်းဝုန်းသောင်းကျန်းနေလျှင် ရေပြင်သည် အမြှုပ်တစီစီ ပွက်ထသွား၏။ ၎င်း၏အရွယ်အစား၊ သံချပ်ကာအရေခွံ၊ လက်နက်များဖြစ်သော ခြိမ်းခြောက်ရန်မူသည့်ပါးစပ်နှင့် သန်မာသောအမြီးတို့ကြောင့် လဝိသန်သည် အဘယ်အရာကိုမျှ မကြောက်ချေ။
ပြောမိသည့်စကားကို ယောဘ ပြန်ရုပ်သိမ်း
ယောဘသည် ‘နားမလည်သောအရာတို့ကို၊ အံ့ဩ၍မကုန်နိုင်သောအရာတို့ကို ပြောမိ’ ကြောင်း ဝန်ခံခဲ့၏။ (ယောဘ ၄၂:၁-၃) ဘုရားသခင်ပြုပြင်တည့်မတ်ပေးသည်ကို သူလက်ခံကာ ပြောမိသည့်စကားကို ပြန်ရုပ်သိမ်း၍ နောင်တယူခဲ့သည်။ ယောဘ၏အဖော်များသည် ပြစ်တင်ပြောဆိုခံခဲ့ရသော်လည်း သူမူကား ကောင်းချီးများစွာ ခံစားခဲ့ရသည်။—ယောဘ ၄၂:၄-၁၇။
ယောဘ၏အတွေ့အကြုံကို စွဲမှတ်ထားခြင်းက မည်မျှပညာရှိလေစွ။ သူ့အား ဘုရားသခင်မေးမြန်းခဲ့သမျှကို ကျွန်ုပ်တို့ဖြေဆိုနိုင်မည်မဟုတ်ချေ။ သို့ရာတွင် ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်ကြသော မျိုးပေါင်းစုံလင်လှသည့် အံ့ဖွယ်ဖန်ဆင်းရာများကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်နိုင်ပြီး ယင်းသို့ပြုသင့်ပေသည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
တောင်ဆိတ်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကျီးနက်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခြင်္သေ့မ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
မြင်းကျား
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ငှက်ကုလားအုတ်သည် မိမိ၏ဥများနှင့်ဝေးရာသို့ ထွက်ခွာသွားသော်လည်း ယင်းတို့ကို မစွန့်ပစ်ထားချေ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ငှက်ကုလားအုတ်ဥများ
[စာမျက်နှာ ၁၄၊ ၁၅ ပါ ရုပ်ပုံ]
ပဲရာဂရင်သိမ်းငှက်
[Credit Line]
သိမ်းငှက်- © Joe McDonald/Visuals Unlimited
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
အာရပ်မြင်း
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရွှေလင်းယုန်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဗေဟမုတ်ကို ရေမြင်းဟု လူအများယူဆကြ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
လဝိသန်ကို ခွန်အားကြီးသည့် မိကျောင်းဟု ယူဆကြ