သူတို့ မိဘများ၏စိတ်ကို ရွှင်လန်းစေခဲ့ကြ
သူတို့ မိဘများ၏စိတ်ကို ရွှင်လန်းစေခဲ့ကြ
“ငါ့သား သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့်ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။” (သု. ၂၃:၁၅) သားသမီးများ ဘုရားသခင်ရေးရာ ဉာဏ်ပညာကို ဆည်းပူးကြသောအခါ မိဘများအမှန်ပင် ဝမ်းမြောက်ကြသည်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ စနေနေ့တွင် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၁၉ ကြိမ်မြောက်ကျောင်းဆင်းပွဲကို နိုင်ငံတကာမှ လူပေါင်း ၆,၈၅၉ ဦး တက်ရောက်ခဲ့ကြသည်။ သူတို့အားလုံး လွန်စွာဝမ်းမြောက်ရွှင်လန်းခဲ့ကြပြီး အထူးသဖြင့် ကျောင်းဆင်းများ၏ မိဘများဖြစ်ကြသည်။
အမေရိကန်ပြည်ထောင်စု ဗေသလမိသားစုမှ သက်တမ်းကြာသူတစ်ဦးဖြစ်သော ဒေးဗစ် ဝေါ်ကာက လှိုက်လှဲသည့်ဆုတောင်းချက်ဖြင့် အစီအစဉ်ကိုစတင်ပေးခဲ့သည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဒေးဗစ် စပလန်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သင်တန်းဆင်းများ၏ မိဘတို့အား “သင်တို့ဟာ ကျွန်တော်တို့ရဲ့ လှိုက်လှိုက်လှဲလှဲချီးမွမ်းမှုကို ရထိုက်တယ်။ သင်တို့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ အရည်အချင်းတွေက သင်တို့ရဲ့ သားသမီးတွေကို ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာပါဝင်ဖို့ လှုံ့ဆော်ပေးတယ်” ဟုပြောဆိုကာ ကျောင်းဆင်းပွဲအစီအစဉ်ကို စတင်ခဲ့သည်။ သားသမီးများသည် မကြာမီ ဝေးလံသောဒေသတွင် တာဝန်ခန့်အပ်ခံရမည်ဖြစ်ရာ မိဘများ စိုးရိမ်ပူပန်ကြပေမည်။ သို့သော် ညီအစ်ကို စပလန်က သူတို့အား ဤသို့စိတ်ချစေခဲ့သည်– “သင်တို့သားသမီးတွေအတွက် မစိုးရိမ်ပါနဲ့။ သင်တို့ထက် ယေဟောဝါက ပိုပြီးကောင်းမွန်စွာ ဂရုစိုက်စောင့်ရှောက်နိုင်ပါတယ်။ သင်တို့သားသမီးတွေ ပြီးမြောက်စေမယ့် ကောင်းမြတ်လှတဲ့အရာကို စဉ်းစားကြည့်ပါ။ ဆင်းရဲခက်ခဲမှု ကြုံနေရတဲ့လူတွေဟာ သူတို့ဘဝမှာ ဦးဆုံးအကြိမ် စစ်မှန်တဲ့နှစ်သိမ့်မှု ရရှိကြမှာဖြစ်တယ်။”
အခြားသူများကို ဆက်၍ရွှင်လန်းစေနိုင်ပုံ
သဘာပတိက ဟောပြောသူလေးဦးကို မိတ်ဆက်ပေးခဲ့သည်။ ရှေးဦးစွာ အမေရိကန်ပြည်ထောင်စုဌာနခွဲကော်မတီဝင် ရာဖ့် ဝေါလ်က “သင်တို့၏မျက်စိကို ဖွင့်ထားလော့” ဟူသောအကြောင်းကို ဟောပြောခဲ့သည်။ ဝိညာဉ်ရေးမျက်စိကွယ်ခြင်းသည် ပကတိမျက်စိကွယ်ခြင်းထက် ပို၍ဆိုးရွားကြောင်း သူအလေးပေးပြောဆိုခဲ့သည်။ ပထမရာစုမှ လောဒိကိအသင်းတော်သည် ဝိညာဉ်ရေးအမြင်အာရုံ ပျောက်ဆုံးသွားခဲ့သည်။ ထိုအသင်းတော်ရှိ ဝိညာဉ်ရေးမျက်စိကွယ်နေသော ခရစ်ယာန်များ အကူအညီရရှိခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးမျက်စိကို ဖွင့်ထားခြင်းဖြင့် ထိုသို့သော မျက်စိကွယ်ခြင်းမဖြစ်စေရန် ကာကွယ်ခြင်းက ပို၍ကောင်းပါသည်။ (ဗျာ. ၃:၁၄-၁၈) ဟောပြောသူက “သင်တို့ရဲ့မျက်စိကိုဖွင့်ထားပြီး တာဝန်ရှိသူတွေကို ယေဟောဝါရှုမြင်သလို ရှုမြင်ပါ” ဟုပြောခဲ့သည်။ သင်တန်းဆင်းများအနေဖြင့် အသင်းတော်တွင် ပြဿနာများပေါ်လာပါက အလွန်အမင်းစိုးရိမ်မနေသင့်ပါ။ သခင်ယေရှုခရစ်သည် ထိုအရာအားလုံးကို တွေ့မြင်တော်မူသည်။ ထိုကိစ္စရပ်များကို သင့်တော်သည့်အချိန်တွင် ကိုယ်တော်ကိုင်တွယ်ပါလိမ့်မည်။
ဆက်၍ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆမ်မြူအယ်လ် ဟာ့ဒ်က “သင်အဆင်သင့်ရှိသလော” ဟူသောမေးခွန်းကို အဖြေပေးခဲ့သည်။ ခရီးသည်တစ်ဦးသည် မိမိနှင့်အတူ လိုအပ်သောအဝတ်အစားများ ယူဆောင်သွားသကဲ့သို့ သင်တန်းဆင်းများသည်လည်း ဥပဓိရုပ်သစ်၏ အရည်အသွေးများကို ကိုယ်တွင်အမြဲဝတ်ဆင်ထားရမည်။ သူတို့သည် ယေရှုကဲ့သို့ သနားကြင်နာခြင်းရှိရမည်။ နူနာစွဲသူတစ်ဦးက ကိုယ်တော်အား “ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုပြောသောအခါ ယေရှုက “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူခဲ့သည်။ (မာကု ၁:၄၀-၄၂) ထို့နောက် ဟောပြောသူက “သင်တို့ဟာ လူတွေကို တကယ်ကူညီချင်တယ်ဆိုရင် ကူညီနိုင်မယ့်နည်းလမ်းကို တွေ့လိမ့်မယ်” ဟုပြောခဲ့သည်။ ဖိလိပ္ပိ ၂:၃ အရ ခရစ်ယာန်များအနေဖြင့် “သူတစ်ပါးသည် သာ၍ကောင်းမြတ်သည်” ဟုထင်မှတ်ရမည်။ ညီအစ်ကိုဟာဒ့်က ဤသို့ပြော၏– “အသိပညာရှိခြင်းထက် နှိမ့်ချမှုရှိခြင်းက ပိုအရေးကြီးပါတယ်။ သင်တို့နှိမ့်ချမှုရှိမှသာ ဓမ္မအမှုမှာတွေ့ဆုံတဲ့သူတွေနဲ့ အသင်းတော်ရှိ ညီအစ်ကိုညီအစ်မတွေဟာ သင်တို့ရဲ့အသိပညာကနေ အကျိုးရရှိမှာဖြစ်တယ်။” သင်တန်းဆင်းများသည် ခရစ်ယာန်မေတ္တာကို ဆက်၍ယူတင်ဝတ်ဆောင်ထားမည်ဆိုလျှင် ရှေ့တွင်အောင်မြင်မှုနှင့်အတူ တာဝန်ခန့်အပ်ရာဒေသသို့သွားရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြောဆိုပြီးနိဂုံးချုပ်ခဲ့သည်။—ကောလောသဲ ၃:၁၄။
ဂိလဒ်သင်တန်းပို့ချသူတစ်ဦးဖြစ်သော မာ့ခ် နူမဲရ်၏ “ယင်းကို သင်ထိန်းသိမ်းထားမည်လော” ဟူသည့် ဟောပြောချက်ခေါင်းစဉ်က မျှော်တလင့်လင့် ဖြစ်စေခဲ့သည်။ “ယင်းကို” ဆိုသည်မှာ ယေဟောဝါ၏ကောင်းမြတ်ခြင်းအတွက် ကျွန်ုပ်တို့၏ ကျေးဇူးတင်လေးမြတ်မှုကို ရည်ညွှန်းခြင်းဖြစ်၏။ ဆာလံ ၁၀၃:၂ တွင်ဤသို့ဆို၏– “အိုငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အပေါင်းကိုမမေ့လျော့နှင့်။” ဣသရေလလူမျိုးသည် သူတို့ကို အသက်ဆက်ရှင်စေသည့် မန္နမုန့်အတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြဖို့ပျက်ကွက်ခဲ့ပြီး ယင်းကို “ပေါ့ပျက်သောစားစရာ” ဟုခေါ်ခဲ့ကြသည်။ (တောလည်ရာ ၂၁:၅) အချိန်ကုန်လွန်သွားသည်နှင့်အမျှ မန္နမုန့်၏ တန်ဖိုးမှာမပြောင်းလဲခဲ့သော်လည်း သူတို့၏ ကျေးဇူးတင်လေးမြတ်မှုမှာ ပျောက်ဆုံးသွားခဲ့သည်။ သင်တန်းပို့ချသူက “သင်တို့ဟာ ယေဟောဝါလုပ်ဆောင်ပေးရာတွေကို မေ့လျော့ပြီး တိုင်းတစ်ပါးမှာအမှုဆောင်ခြင်းကို သာမန်အရာအဖြစ် ပေါ့ပေါ့တန်တန် သဘောထားလာမယ်ဆိုရင် အဲဒါက ယေဟောဝါအပ်နှင်းထားတဲ့ လုပ်ငန်းအပေါ် သင့်ရဲ့ရှုမြင်ပုံကို ထိခိုက်စေလိမ့်မယ်။” ဆာလံ ၁၀၃:၄ (ကဘ) တွင် ယေဟောဝါသည် “ချစ်ခင်ကြင်နာခြင်းနှင့် သင်၏ခေါင်းကိုပတ်ရစ်တော်မူ၏” ဟုဖော်ပြထားသည်။ သင်တန်းဆင်းများသည် သူတို့၏အသင်းတော်သစ်တွင် ယေဟောဝါ၏ ချစ်ခင်ကြင်နာခြင်းကို ခံစားကြရလိမ့်မည်။
နောက်ဂိလဒ်သင်တန်းပို့ချသူ လောရဲန့်စ် ဘိုဝင်န်က “သင့်အပေါ် ကောင်းချီးများသက်ရောက်မည်လော” ဟူသည့်အကြောင်းအရာကို ဟောပြောခဲ့သည်။ သူက ၁၁၉ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းများသည် အောင်မြင်သောခရစ်ယာန်သာသနာပြုများဖြစ်ရန် လုံ့လစိုက်ထုတ်လေ့ကျင့်ခဲ့သည်ဟု မှတ်ချက်ချခဲ့သည်။ သို့သော် ယခု သူတို့သည် ယေဟောဝါနှင့် ကိုယ်တော်အပ်နှင်းထားသော လုပ်ငန်းတွင် စွဲစွဲမြဲမြဲတွယ်ကပ်နေဖို့လိုသည်။ ဗျာ.ကျမ်း ၁၄:၁-၄ တွင် ၁၄၄,၀၀၀ အား “သိုးသငယ်သွားလေရာရာအရပ်သို့ နောက်တော်၌လိုက်သောသူ” များအဖြစ် ဖော်ပြထားသည်။ သူတို့အားလုံးသည် မည်သည့်စမ်းသပ်မှုများ ကြုံရစေကာမူ ယေဟောဝါ၊ ကိုယ်တော့်သားတော်နှင့် တည်ကြည်စွာတွယ်ကပ်ကြပြီး သူတို့၏ ပန်းတိုင်သို့ရောက်ရှိခဲ့ကြ၏။ ဟောပြောသူက “ကျွန်တော်တို့လည်း ဘယ်လိုပဲဖြစ်ပါစေ ယေဟောဝါနဲ့ ကိုယ်တော်အပ်နှင်းထားတဲ့လုပ်ငန်းကို တည်ကြည်စွာ တွယ်ကပ်ထားကြတယ်” ဟုပြောခဲ့သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်တန်းဆင်းများသည် ယေဟောဝါ၏ကောင်းချီးများ သူတို့အပေါ် “သက်ရောက်” ကြောင်း တွေ့မြင်ကြပါလိမ့်မည်။—တရားဟောရာ ၂၈:၂။
သူတို့၏လုပ်ငန်းတော်တွင် အသီးသီးခြင်း
သင်တန်းကာလအတွင်း ရက်သတ္တပတ်အဆုံးတိုင်းတွင် သင်တန်းသားများသည် လယ်ကွင်းဓမ္မအမှုတွင် ပါဝင်ခဲ့ကြ၏။ အစီအစဉ်တွင် ကျောင်းမော်ကွန်းထိန်း ဝေါလ်လေးစ် လစ်ဗာရန်စ်က သူတို့နှင့်စကားပြောသည့်အခါ သူတို့ အောင်မြင်မှုရရှိကြောင်း ထင်ရှားခဲ့ပါသည်။ သူတို့သည် သတင်းကောင်းကို အနည်းဆုံး ဘာသာစကား ၁၀ မျိုးဖြင့် ဟောပြောခဲ့ကြပြီး ကျမ်းစာသင်အံမှုများစွာ စတင်နိုင်ခဲ့ကြသည်။ ဤသင်တန်းမှ မောင်နှံစုံတစ်စုံသည် တရုတ်အမျိုးသားတစ်ဦးနှင့် ကျမ်းစာစလေ့လာခဲ့ကြသည်။ နှစ်ကြိမ်လည်ပတ်ပြီးနောက် မောင်နှံစုံက ယေဟောဝါကိုသိလာရခြင်းကြောင့် မည်သို့ခံစားရကြောင်း သူ့ကို မေးမြန်းခဲ့သည်။ သူက သူ့ကျမ်းစာကိုဖွင့်လိုက်ပြီး ယောဟန် ၁၇:၃ ကို သူတို့အား ဖတ်ခိုင်းလိုက်သည်။ သူသည် အသက်လမ်းပေါ်တွင် ရှိသည်ဟု ခံစားခဲ့ရသည်။
အုပ်ချုပ်ရေးအဖွဲ့ဝင် အန်တိုနီ မောရစ်က ကုတ်ဒ်အဗွား၊ ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံနှင့် အီကွေဒေါတို့တွင် ဌာနခွဲကော်မတီဝင်များအဖြစ် အမှုထမ်းနေသည့် ညီအစ်ကိုသုံးဦးကို လူတွေ့မေးမြန်းခဲ့သည်။ ၎င်းညီအစ်ကိုများက ဌာနခွဲကော်မတီဝင်များသည် သင်တန်းဆင်းများကို ကြိုဆိုလျက်ရှိကြောင်းနှင့် သူတို့၏တာဝန်များကို ညှိနှိုင်းဆောင်ရွက်ရာတွင် ကူညီပေးမည်ဖြစ်ကြောင်း စိတ်ချစေခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဗေသလမိသားစုဝင်ဖြစ်သူ လီယိုနတ် ပယ်ရ်စန်က ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ ပါပူဝါ နယူးဂီနီ၊ ယူဂန္ဓာနိုင်ငံတို့မှ ဌာနခွဲကော်မတီဝင်သုံးဦးနှင့် စကားပြောဆိုခဲ့သည်။ ၎င်းညီအစ်ကိုများက သင်တန်းဆင်းများအား လယ်ကွင်းဓမ္မအမှုတွင် အပြည့်အဝပါဝင်ရန် အားပေးခဲ့ကြသည်။ ကွန်ဂိုနိုင်ငံတွင် ၂၁ နှစ်ကျော်ကြာအမှုဆောင်ခဲ့သော ခရစ်ယာန်သာသနာပြုမောင်နှံစုံတစ်စုံသည် လူပေါင်း ၆၀ ကို အပ်နှံနှစ်ခြင်းခံသည်အထိ ကူညီပေးခဲ့ကြသည်။ ထိုမောင်နှံစုံသည် ယခု ကျမ်းစာသင်အံမှု ၃၀ ကျင်းပနေကြပြီး သင်သား ၂၂ ဦးမှာ အသင်းတော်စည်းဝေးများ တက်ရောက်နေပြီဖြစ်သည်။ သာသနာပြုတစ်ဦးအနေဖြင့် ဤသို့သော ကြီးမားလှသည် ဝိညာဉ်ရေးရိတ်သိမ်းခြင်းကို လုပ်ဆောင်ရန် ယခုအချိန်သည် အကောင်းဆုံးအချိန်ဖြစ်သည်။
အရေးတကြီးသဘောထားဖြင့် သက်သေခံခြင်း
အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဂဲရစ်တ် လော့ရှ်က နောက်ဆုံးဟောပြောချက်ကို တင်ဆက်ခဲ့သည်။ ခေါင်းစဉ်မှာ “သခင်ဘုရားနေ့တွင် ဘုရားသခင်အကြောင်းဟောပြော၍ ယေရှုအကြောင်း သက်သေခံလော့” ဖြစ်သည်။ “သက်သေ၊” “သက်သေများ၊” “သက်သေခံခြင်း” ဟူသော စကားများသည် ဗျာ.ကျမ်းတွင် အကြိမ်ပေါင်း ၁၉ ကြိမ်ပါရှိသည်။ ထို့ကြောင့် ယေဟောဝါသည် မိမိလူမျိုးတော်ကို လုပ်စေလိုသောအလုပ်ရှိကြောင်း ဖော်ပြသည်။ ထိုသက်သေခံခြင်းကို ကျွန်ုပ်တို့ မည်သည့်အချိန်တွင် ပြုလုပ်ရမည်နည်း။ “သခင်ဘုရားနေ့” အတွင်းတွင်ဖြစ်သည်။ (ဗျာ. ၁:၉၊ ၁၀) ထိုနေ့သည် ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ကျွန်ုပ်တို့အချိန်မှ အနာဂတ်အထိ ဆက်သွားမည်ဖြစ်သည်။ ဗျာ.ကျမ်း ၁၄:၆၊ ၇ အရ ဘုရားသခင်အကြောင်း ဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်ထောက်မကူညီနေသည်။ ယေရှုအကြောင်း သက်သေခံခြင်းလုပ်ငန်းကို ညွှန်ကြားရန် ဘိသိက်ခံခရစ်ယာန်အကြွင်းအကျန်အား တာဝန်အပ်နှင်းထားကြောင်း ဗျာ.ကျမ်း ၂၂:၁၇ ကဖော်ပြသည်။ သို့သော် ယခု ကျွန်ုပ်တို့အားလုံး ထိုအခွင့်အရေးကို အသုံးချရမည်။ အခန်းငယ် ၂၀ တွင် ယေရှုက “ငါသည် အလျင်အမြန်လာမည်” ဟုဆို၏။ ညီအစ်ကို လော့ရှ်က တက်ရောက်လာသူအားလုံးကို ဤသို့တိုက်တွန်းခဲ့သည်– “လူတွေအားလုံးကို ‘လာပါ၊ အသက်ရေကို အခမဲ့သောက်ကြပါ’ လို့ဖိတ်ခေါ်ပါ။ ယေရှု အလျင်အမြန်လာနေပြီ။ ကျွန်တော်တို့ အသင့်ရှိကြပြီလား။”
ဂိလဒ်ကျောင်း၏ သင်တန်းပို့ချသူအဖြစ် ၁၁ နှစ်ကြာလုပ်ဆောင်ခဲ့သော ဖရက်ဒ် ရူ့စ်က ယေဟောဝါအားကျေးဇူးတင်ကြောင်း ဆုတောင်းချက်ဖြင့် အစီအစဉ်ကိုနိဂုံးချုပ်ခဲ့ရာ တက်ရောက်သူအားလုံး နှလုံးထိမိခဲ့ကြသည်။ ယင်းက အလွန်ဝမ်းမြောက်ရွှင်လန်းဖွယ် အခါသမယဖြစ်သည့် ထိုနေ့နှင့် သင့်လျော်လှပါသည်။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြုနိုင်ငံအရေအတွက်– ၁၀
တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၂၅
ကျောင်းသား/သူအရေအတွက်– ၅၆
ပျမ်းမျှအသက်– ၃၂.၅
ပျမ်းမျှအမှန်တရားသက်တမ်း– ၁၆.၄
ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၂.၁
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၁၉ ကြိမ်မြောက်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။
(၁) Helgesen, S.; Daugaard, H.; Pierluissi, A.; Joseph, I.; Racanelli, C. (၂) Byrge, T.; Butler, D.; Freedlun, J.; Nuñez, K.; Pavageau, C.; Doumen, T. (၃) Camacho, O.; Lindqvist, L.; Broomer, A.; Wessels, E.; Burton, J.; Woodhouse, O.; Doumen, A. (၄) Tirion, A.; Connally, L.; Fournier, C.; Gil, A.; Johnsson, K.; Hamilton, L. (၅) Byrd, D.; Scribner, I.; Camacho, B.; Laschinski, H.; Hallahan, M.; Libuda, O. (၆) Joseph, A.; Lindqvist, M.; Helgesen, C.; Nuñez, D.; Scribner, S.; Fournier, J. (၇) Pierluissi, F.; Pavageau, T.; Broomer, C.; Racanelli, P.; Butler, T.; Woodhouse, M.; Libuda, J. (၈) Laschinski, M.; Freedlun, S.; Burton, I.; Tirion, M.; Byrd, M.; Byrge, J. (၉) Wessels, T.; Hallahan, D.; Connally, S.; Gil, D.; Daugaard, P.; Hamilton, S.; Johnsson, T.