မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း သားသမီးရှစ်ယောက်ကိုပြုစုပျိုးထောင်ခြင်းသည်စိန်ခေါ်ချက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်

ယေဟောဝါ၏နည်းလမ်းတော်များအတိုင်း သားသမီးရှစ်ယောက်ကိုပြုစုပျိုးထောင်ခြင်းသည်စိန်ခေါ်ချက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​၏​ နည်းလမ်းတော်​များ​အတိုင်း သားသမီး​ရှစ်ယောက်​ကို​ ပြုစု​ပျိုးထောင်​ခြင်း​သည်​ စိန်ခေါ်ချက်​နှင့် ပျော်ရွှင်ဖွယ်​ဖြစ်

ဂျိုက်စ်​လင်း ဗဲလ်လန်​တင်း ပြောပြ​သည်

၁၉၈၉ ခုနှစ်မှာ ကျွန်မ​ရဲ့​ ခင်ပွန်း​ဟာ တိုင်းတစ်ပါး​ကို အလုပ်လုပ်ဖို့ ထွက်သွား​တယ်။ သားသမီး​ရှစ်ယောက်​ကို ကျွေးမွေး​စောင့်ရှောက်​နိုင်​ဖို့ ငွေ​ပို့ပေး​မယ်​လို့ ကတိပေး​သွားတယ်။ တစ်ပတ်​ပြီး​တစ်ပတ်၊ တစ်လ​ပြီး​တစ်လ ကုန်လွန်​သွားပေ​မဲ့လည်း ဘာ​သတင်း​မှ​ မရဘူး။‘အခြေအနေ​တွေ​ ကောင်း​လာတာ​နဲ့ သူ​ အိမ်ကို​ပြန်လာ​မှာ​ပါ’ လို့ ကျွန်မ​ကိုယ်​ကျွန်မ အားပေးခဲ့တယ်။

မိသားစုကို ကျွေးမွေး​စောင့်ရှောက်​ဖို့ ငွေ​မရှိတဲ့​အတွက် ကျွန်မ တော်​တော်​ ဗျာများ​ခဲ့​ရတယ်။ အိပ်မရ​တဲ့​ ည​တွေ​မှာ ‘မိသားစုကို သူ​ ဒီလိုလုပ်​ရက်​လိုက်တာ’ ဆိုပြီး စဉ်းစား​လိုက်​တိုင်း မယုံနိုင်​အောင်​ ဖြစ်​ရတယ်။ နောက်ဆုံး ကျွန်မ​ခင်ပွန်း ကျွန်မ​တို့ကို စွန့်ပစ်​သွားပြီ​ဆို​တဲ့ အခံရခက်​တဲ့​ အဖြစ်မှန်​ကို လက်ခံ​လိုက်ရတယ်။ သူ​ထွက်သွား​တာ အခု​ဆို ၁၆ နှစ်​ရှိပြီ​ ဖြစ်​ပေမဲ့ အခုထိ သူ​ပြန်​မလာ​ဘူး။ ဒါ​ကြောင့် နောက်ဆုံး ခင်ပွန်း​သည်​ မရှိဘဲ သားသမီးတွေကို တစ်ယောက်တည်း ပြုစု​ပျိုးထောင်​ခဲ့​ရတယ်။ အဲဒါ​က ခက်​ပေမဲ့ သူတို့တစ်တွေ ယေဟောဝါ​ရဲ့​ နည်းလမ်းတော်​တွေ​ကို လက်ခံ​ပြီး အဲဒီအတိုင်း နေထိုင်ကြ​တာ​ကို တွေ့ရ​တော့ အရမ်းပျော်​တာ​ပဲ။ ကျွန်မ​ရဲ့​ မိသားစု တွေ့ကြုံ​ခံစား​ခဲ့​ရတာတွေကို မပြောပြ​ခင် ကျွန်မ ဘယ်လို​ ကြီးပြင်း​လာတယ်ဆိုတာ ပြောပြ​ပါ​ရစေ။

သမ္မာကျမ်းစာ​ လမ်းညွှန်မှုကို ရှာဖွေခြင်း

၁၉၃၈ ခုနှစ်​မှာ ဂျမေကာ​နိုင်ငံ က​ရစ်​ဘီ​ယန်​ကျွန်း​မှာ ကျွန်မ​ကို မွေးဖွားခဲ့တယ်။ အဖေက ချာ့ခ်ျ​အသင်းသား​တစ်ယောက်​ မဟုတ်ပေမဲ့ သူ့ကိုယ်သူ​တော့ ဘာသာ​တရား​ ကိုင်းရှိုင်း​တယ်လို့​ထင်​တယ်။ ည​တွေ​မှာ​ဆို ဆာလံကျမ်း​ကို ကျွန်မ ဖတ်ပြ​ရတယ်။ မကြာခင် ဆာလံကျမ်း တော်​တော်​များများ​ကို အလွတ်​ ရွတ်​နိုင်​ခဲ့​တယ်။ အမေကတော့ ဒေသခံ​ ချာ့ခ်ျ​အသင်းသား​တစ်ယောက်​ ဖြစ်​ပြီး၊ ခရစ်ယာန်​ ဘာသာရေး​ အစည်းအဝေးတွေ​သွားတဲ့အခါ ကျွန်မ​ကို မကြာခဏ ခေါ်သွား​တတ်တယ်။

အဲဒီ​အစည်းအဝေးတွေမှာ ဘုရားသခင်​က လူကောင်းတွေကို ကောင်းကင်​ ခေါ်သွား​ပြီး လူဆိုးတွေကို မီးငရဲ​ထဲမှာ ထာဝရ​ ပြစ်ဒဏ်ပေး​တယ်လို့ သွန်သင်​တယ်။ အဲဒီအပြင် ယေရှု​က ဘုရားသခင်​ ဖြစ်​ပြီး ကလေး​တွေ​ကို​ ချစ်တယ်​လို့​လည်း သွန်သင်​တယ်။ . . . ကျွန်မ စိတ်ရှုပ်​ထွေး​လာပြီး ဘုရားသခင်​ကို ကြောက်​လာတယ်။ ‘ကျွန်မ​တို့ကို​ ချစ်တဲ့​ ဘုရားသခင်​ဟာ လူတွေကို မီးငရဲ​ထဲမှာ ဘယ်လို​လုပ်​ ညှဉ်းဆဲ​ထား​မှာ​လဲ’ လို့​ တွေးမိ​တယ်။ မီးငရဲ​ အယူအဆ​က အိပ်မက်ဆိုး​တွေ​ မက်​စေတယ်။

. . . ဥပုသ်​အသင်း​က​ ပြုလုပ်​တဲ့ ကျမ်းစာ,စာ​ပေးစာ​ယူ​သင်တန်းကို ကျွန်မ​ တက်​ခဲ့​တယ်။ လူဆိုးတွေကို ထာဝရ​ နှိပ်စက်​ညှဉ်းဆဲ​မှာ​ မဟုတ်ဘူး၊ ပြာ​ဖြစ်သွား​အောင်​ မီးရှို့​ပစ်​မှာ​လို့ သူတို့ ပြော​ကြတယ်။ ဒါက ဆင်ခြင်တုံ​တရား​နဲ့​ ပို​ညီ​တဲ့​အတွက် သူတို့ရဲ့​ ဘာသာရေး​ အစည်းအဝေးတွေကို စတက်​ခဲ့​တယ်။ ဒါပေမဲ့ သူတို့​သွန်သင်ချက်​တွေ​က ရှုပ်ထွေး​ပြီး​ သင်ယူ​သိရှိလာတဲ့​အရာ​တွေ​က ကိုယ်ကျင့်တရား​နဲ့​ပတ်သက်ပြီး မှား​နေတဲ့​ ကျွန်မ​ရဲ့​ အမြင်​တွေ​ကို မပြု​ပြင်ပေး​ဘူး။

အဲဒီအချိန်မှာ မတရားမေထုန်​က​ မှားတယ်​ဆိုပြီး လူတွေ​ လက်ခံ​ထား​ကြတယ်။ ဒါပေမဲ့ လူ​အများကြီး​နဲ့​ လိင်ဆက်ဆံ​တဲ့​သူ​သာ မတရားမေထုန်​လုပ်တဲ့​သူ​လို့ ကျွန်မ​နဲ့ တခြားသူ တော်​တော်​များများ​က ယုံကြည်​ကြတယ်။ ဒါ​ကြောင့် လက်မ​ထပ်​ရသေးတဲ့​သူ​ နှစ်ယောက် အတူ​နေတာ​ အပြစ်​ မဟုတ်ဘူး။ (၁ ကောရိန္သု ၆:၉၊ ၁၀; ဟေဗြဲ ၁၃:၄) အဲဒီ​ယုံကြည်ချက်​ကြောင့် လက်မ​ထပ်​ရ​သေး​ဘဲ ကျွန်မ ကလေး​ခြောက်​ယောက်​ ရခဲ့တယ်။

ဝိညာဉ်​ရေး​ တိုးတက်လာ​ခြင်း

၁၉၆၅ ခုနှစ်​မှာ ဗာ့စ်လင်း ဂူ​ဒီ​စ​န်​နဲ့ အက်​သဲလ် ချိမ်းဘားစ်​တို့ ကျွန်မ​တို့​နားက ဘာ့သ်​ရပ်ကွက်မှာ လာ​နေကြ​တယ်။ သူတို့က ရှေ့ဆောင်​လို့​ ခေါ်​တဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ အချိန်ပြည့်​အမှုဆောင်​တွေ​ ဖြစ်တယ်။ တစ်နေ့​မှာ အဖေနဲ့ စကားပြော​ဖြစ်တယ်။ ကျမ်းစာ​သင်အံမှု​ ကမ်း​လှမ်း​တာ​ကို အဖေ လက်ခံခဲ့တယ်။ သူတို့​ လာ​လည်ပတ်​တဲ့​အချိန်​မှာ ကျွန်မ​နဲ့​ တိုး​မိရင် ကျွန်မ​ကိုလည်း သူတို့​ စကားပြော​ကြတယ်။ ယေဟောဝါ​သက်သေတွေကို ကျွန်မ​ သံသယ​ရှိပေမဲ့ သူတို့​ မှားတယ်​ဆိုတာ သက်သေ​ပြဖို့ သူတို့နဲ့​ ကျမ်းစာ​လေ့လာ​မယ်​လို့ ဆုံးဖြတ်​ခဲ့​တယ်။

လေ့လာချိန်​အတွင်းမှာ မေးခွန်းတွေ​ အများကြီး​ မေး​ပြီး အဲဒါတွေ​အားလုံး​ကို သက်သေခံတွေ​က ကျမ်းစာ​သုံးပြီး ပြန်​ဖြေကြတယ်။ သူတို့ရဲ့​အကူအညီ​ကြောင့် သေ​တဲ့​လူတွေဟာ ဘယ်အရာ​ကို​မှ​ မသိ​ဘူး၊ ငရဲ​မှာလည်း ဝေဒနာ​ မခံစား​နေရ​ဘူးဆို​တာ သိလာတယ်။ (ဒေ. ၉:၅၊ ၁၀) မြေကြီး​ပရဒိသုမှာ ထာဝရ​အသက်​ မျှော်လင့်ချက်ကိုလည်း သိရှိ​လာခဲ့တယ်။ (ဆာလံ ၃၇:၁၁၊ ၂၉; ဗျာ. ၂၁:၃၊ ၄) အဖေ ကျမ်းစာ​ ဆက်​မသင်​တော့​ပေမဲ့ ကျွန်မ​က​တော့ ယေဟောဝါသက်သေ​တွေ​ရဲ့ ဒေသခံ​ အသင်းတော်မှာ အစည်းအဝေးတွေ​ တက်ရောက်​ခဲ့​တယ်။ အစည်းအဝေးတွေကို ငြိမ်ငြိမ်သက်သက်​နဲ့ စည်းစနစ်တကျ ကျင်းပ​တဲ့​ ပုံစံ​ကြောင့် ယေဟောဝါ​အကြောင်း ပို​သင်ယူ​လို​စိတ်​ဖြစ်​ခဲ့​တယ်။ သက်သေခံတွေ​ စီစဉ်​တဲ့ ပို​ကြီးမား​တဲ့​ စုရုံးမှု​တွေ​ ဖြစ်​တဲ့ တိုက်နယ်​စည်းဝေးပွဲ​တွေ​နဲ့ ခရိုင်​စည်းဝေးကြီး​တွေ​ကိုလည်း တက်ရောက်​ခဲ့​တယ်။ အဲဒီ​အစည်းအဝေးတွေကနေ ကျမ်းစာ​ကို​ ပို​နားလည်​လာလို့ ယေဟောဝါ​ နှစ်သက်​လက်ခံ​တဲ့​နည်းနဲ့ ဝတ်ပြုလို​တဲ့ ပြင်းပြ​တဲ့​ဆန္ဒ​ ဖြစ်ပေါ်​လာတယ်။ ဒါပေမဲ့ ကျွန်မ​မှာ အတားအဆီး​တစ်ခု​ ရှိတယ်။

အဲဒီ​အချိန်တုန်းက ကလေး​ခြောက်​ယောက်​ထဲ​က သုံးယောက်ရဲ့​ အဖေနဲ့ ကျွန်မ လက်မ​ထပ်​ဘဲ အတူ​နေကြ​တယ်။ လက်မ​ထပ်​ဘဲ​ အတူ​နေတာကို ကျမ်းစာ​က ပြစ်တင်​ရှုတ်ချ​ထား​တာ သိလာပြီး ကျွန်မ​ရဲ့ ကိုယ်ကိုကိုယ်သိတဲ့စိတ်​က စ​နှောင့်ယှက်​လာတယ်။ (သု. ၅:၁၅-၂၀; ဂလာတိ ၅:၁၉) သမ္မာတရား​ကို ပို​ချစ်​မြတ်နိုး​လာ​လေ ဘုရားသခင့်​ပညတ်​နဲ့​အညီ အသက်ရှင်​ချင်​တဲ့​စိတ် တိုးများ​လာ​လေ​ ဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်​တစ်ခု ချ​လိုက်တယ်။ ကျွန်မ​နဲ့​ လက်မ​ထပ်​ဘဲ အတူ​နေတဲ့ အဖော်​ကို လက်ထပ်​ဖို့ ဒါမှ​မဟုတ် ကျွန်မ​တို့​ရဲ့​ ဆက်ဆံ​ရေး​ကို ဒီမှာ​ပဲ အဆုံးသတ်​လိုက်​ဖို့​ ပြော​တယ်။ ကျွန်မ​ရဲ့​ ဘာသာရေး​ ယုံကြည်ချက်ကို သူ​လက်မခံ​ပေမဲ့ သက်သေခံတွေ​နဲ့​ တွေ့​ပြီး ငါး​နှစ်​အကြာ ၁၉၇၀ ပြည့်နှစ်၊ ဩဂုတ်​လ ၁၅ ရက်မှာ ကျွန်မ​တို့ တရားဝင်​လက်ထပ်ခဲ့​တယ်။ ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာ​လမှာ ယေဟောဝါ​ထံ ကျွန်မ​ရဲ့​ အပ်နှံမှု​ကို ရေနှစ်ခြင်း​ခံ​ပြီး ဖော်ပြ​ခဲ့​တယ်။

ခရစ်ယာန်​ဓမ္မ​မှု​နဲ့​ပတ်သက်ပြီး ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်မ ပထမ​ဆုံး​ ပါဝင်​တဲ့​နေ့ကို ဘယ်တော့မှ​ မေ့​မှာ​ မဟုတ်ဘူး။ ကျွန်မ ကြောက်​နေပြီး ကျမ်းစာ​ဆွေးနွေးခန်း​တစ်ခု​ကို ဘယ်လို​ စ​ပြော​ရမယ်ဆိုတာ မသိ​ဘူး။ ပထမ​ဆုံး​အိမ်ရှင်​က ကျွန်မ​တို့​ရဲ့​ စကားဝိုင်း​ကို မြန်မြန်​ပဲ အဆုံးသတ်​လိုက်လို့ အတော်​ပဲ​ ဖြစ်သွား​တယ်။ ဒါပေမဲ့ မကြာခင်​မှာ ကျွန်မ မကြောက်​တော့​ဘူး။ အဲဒီ​နေ့​ကုန်​သွားတဲ့အခါ လူတွေကို ကျမ်းစာ​အကြောင်း အတိုချုပ်​ ပြောပြ​ခွင့်​ ရပြီး ကျမ်းစာ​အခြေပြု​စာပေ​တချို့ ဝေငှ​ခဲ့​ရလို့ အရမ်းပျော်​ရွှင်​ခဲ့​တယ်။

မိသားစုကို ဝိညာဉ်ရေးတွင် သန်စွမ်း​နေ​စေခြင်း

၁၉၇၇ ခုနှစ်​မှာ ကလေး​နှစ်ယောက်​ ထပ်​ရခဲ့ပြီး စုစုပေါင်း ရှစ်ယောက်​ ဖြစ်လာ​တယ်။ ကျွန်မ​ရဲ့​ မိသားစု ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​လာဖို့ အတတ်နိုင်ဆုံး​ကြိုးစား​မယ်​ဆိုပြီး သန္နိ​ဋ္ဌာန်​ချထား​တယ်။ (ယောရှု ၂၄:၁၅) ဒါ​ကြောင့် မိသားစု​သင်အံမှု ပုံမှန်​ ကျင်းပ​နိုင်​ဖို့ ကြိုးစား​အားထုတ်​ခဲ့​ရတယ်။ တစ်ခါ​တစ်ခါ ကလေး​တစ်ယောက်​က အပိုဒ်​ဖတ်နေ​တုန်း ကျွန်မ​ မော​လွန်းလို့ အိပ်ပျော်​သွားတဲ့​အတွက် သူတို့က ပြန်​နှိုး​ခဲ့​ရတယ်။ ဒါပေမဲ့ အဲလို​မောပန်း​နွမ်း​နယ်​နေလို့ မိသားစု​ သင်အံမှု​ကို မလုပ်ဘဲ​ မနေခဲ့ဘူး။

ကလေး​တွေ​နဲ့​လည်း မကြာခဏ ဆုတောင်း​လေ့​ရှိတယ်။ သူတို့​ ကြီး​လာတာ​နဲ့ ကိုယ့်​ဘာသာ​ကိုယ်​ ဆုတောင်း​တတ်​ဖို့ သင်ပေးတယ်။ သူတို့​အားလုံး အိပ်ရာ​မဝင်​ခင် ကိုယ်ပိုင်​သီးသန့်​ ဆုတောင်း​မ​တောင်း​လည်း သေချာ​စေ​ခဲ့​တယ်။ ဆု​မ​တောင်း​တတ်​သေး​တဲ့ ကလေး​တစ်ယောက်စီ​နဲ့​အတူ ဆုတောင်း​တယ်။

ပထမ​တော့ ကျွန်မ​ခင်ပွန်း​က သူတို့ကို အသင်းတော်​ အစည်းအဝေးတွေ ခေါ်​သွားတာ​ မကြိုက်ဘူး။ ဒါပေမဲ့ ကျွန်မ အစည်းအဝေး​ သွား​နေတဲ့​အချိန်တွေမှာ သူ​တစ်ယောက်တည်း ကလေးထိန်း​ရမှာ​စိုးလို့ နောက်ပိုင်း ဘာမှ​ မပြောတော့ဘူး။ ည​တွေ​မှာ သူ့​သူငယ်ချင်းတွေ​နဲ့​အတူ လျှောက်​သွားတဲ့​အကျင့်​ ရှိပြီး ကလေး​ရှစ်ယောက်​ကိုလည်း မ​ခေါ်သွား​ချင်ဘူး။ နောက်ပိုင်း ဘုရားသခင့်​ နိုင်ငံတော်​ခန်းမ​ သွားဖို့ ကလေး​တွေ​ အဆင်သင့်​ ဖြစ်အောင်​တောင် သူ​ ကူညီ​ပေး​တယ်။

ဒီလိုနဲ့ အစည်းအဝေးတွေ​ တက်တာ၊ ခရစ်ယာန်​ဓမ္မ​အမှုမှာ​ ပါဝင်​တာ ကလေး​တွေ​အတွက် အကျင့်​ဖြစ်လာ​တယ်။ နွေ​ရာသီ​ ကျောင်း​ပိတ်ရက်​တွေ​မှာ​ဆို အသင်းတော်မှာ​ရှိတဲ့ ရှေ့ဆောင်​တွေ​နဲ့​အတူ ဟောပြောခြင်း​လုပ်ငန်းမှာ မကြာခဏ ပါဝင်​ခဲ့​ကြတယ်။ အဲဒါ​က ကျွန်မ​ရဲ့​ သားသမီး​ငယ်​လေး​တွေ အသင်းတော်​နဲ့​ ဟောပြောခြင်း​လုပ်ငန်း​ကို ချစ်​မြတ်နိုး​တတ်လာ​ဖို့ ကူညီ​ပေး​တယ်။—မဿဲ ၂၄:၁၄

စမ်းသပ်​ရာ​ကာလ​များ

မိသားစုရဲ့ စီးပွားရေး​ အခြေအနေ​ကောင်း​လာဖို့ ကျွန်မ​ခင်ပွန်း တိုင်းတစ်ပါး​ကို ခရီး​သွားခဲ့တယ်။ အချိန်​အကြာကြီး မိသားစုနဲ့​ ခွဲ​သွားပေ​မဲ့ ပုံမှန်​ပြန်လာ​တတ်တယ်။ ဒါပေမဲ့ ၁၉၈၉ ခုနှစ်​မှာ ထွက်သွား​လိုက်တာ ပြန်​မလာ​တော့​ဘူး။ အစောပိုင်းက​ပြော​ခဲ့​သလို ခင်ပွန်း​သည်​တစ်ယောက်​ ဆုံးရှုံး​ရလို့ ကျွန်မ ဝမ်းနည်း​ပက်လက်​ ဖြစ်​ခဲ့​ရတယ်။ ငို​ခဲ့​ရတဲ့​ ည​တွေ​လည်း မနည်း​ဘူး။ နှစ်သိမ့်မှုနဲ့​ ခံနိုင်ရည်​အတွက် ယေဟောဝါ​ဆီ စိတ်အား​ထက်သန်​စွာ ဆုတောင်း​ခဲ့​ရတယ်။ ကျွန်မ​ရဲ့​ ဆုတောင်းချက်​တွေ​ကို ကိုယ်တော်​ ဖြေကြား​ပေး​တယ်လို့ ကျွန်မ​ ခံစား​ရတယ်။ ဟေရှာယ ၅၄:၄ နဲ့ ၁ ကောရိန္သု ၇:၁၅ တို့​လို​ ကျမ်းချက်​တွေ​က စိတ်​ငြိမ်သက်မှု​ ရဖို့​နဲ့ ဘဝကို​ ဆက်လျှောက်​လှမ်း​ဖို့ ခွန်​အားပေးခဲ့တယ်။ ခရစ်ယာန်​ အသင်းတော်မှာ​ ရှိတဲ့ ဆွေမျိုး​တွေ​နဲ့ မိတ်ဆွေ​တွေ​က စိတ်ပိုင်း​နဲ့​ ရုပ်ပိုင်း ထောက်မ​ပေးခဲ့​ကြတယ်။ ယေဟောဝါ​ ဘုရားသခင်​နဲ့ ကိုယ်တော့်​လူမျိုးတော်ရဲ့ အကူအညီ​တွေ​ကို ကျွန်မ အရမ်း​ကျေးဇူး​တင်​လေးမြတ်ပါ​တယ်။

ကျွန်မ​တို့​မှာ တခြား​စမ်းသပ်မှု​တွေ​လည်း ရှိသေးတယ်။ တစ်ခါ​က ကျွန်မ​ရဲ့​ သမီး​တစ်ယောက် ကျမ်းစာ​နဲ့​ မညီတဲ့ အကျင့်အကြံ​တစ်ခု​ကြောင့် အသင်းတော်​ကနေ နှင်ထုတ်​ခံရ​တယ်။ ကျွန်မ​ရဲ့​ သားသမီးတွေကို အရမ်း​ချစ်​ပေမဲ့ ယေဟောဝါ​အပေါ် တည်ကြည်မှု​ကိုပဲ ဦးစား​ပေး​တယ်။ ဒါ​ကြောင့် အဲဒီ​အချိန်အတွင်း ကျွန်မ​နဲ့​ တခြား​ကလေး​တွေ​က နှင်ထုတ်​ခံ​ထား​ရတဲ့​သူတစ်ယောက်ကို ဘယ်လို​ ဆက်ဆံ​ရမယ်ဆို​တဲ့ ကျမ်းစာ​လမ်းညွှန်ချက်ကို အတိအကျ​ လိုက်လျှောက်​ခဲ့​တယ်။ (၁ ကောရိန္သု ၅:၁၁၊ ၁၃) ကျွန်မ​တို့​ရဲ့​ ရပ်တည်ချက်ကို နားမလည်​တဲ့​သူတွေရဲ့ ကဲ့ရဲ့​ဝေဖန်မှု​ကြုံ​ရတယ်။ ဒါပေမဲ့ ကျွန်မ​သမီး အသင်းတော်​ထဲ ပြန်ရောက်​ပြီး​နောက်ပိုင်း သူ့​ခင်ပွန်း​က ကျွန်မ​တို့​ရဲ့ ကျမ်းစာ​မူတွေ​ဘက် အခိုင်အမာ​ ရပ်တည်မှုက သူ့ကို အထင်ကြီး​စေတယ်​ဆိုပြီး ပြော​ခဲ့​တယ်။ အခု​ဆို သူ့​မိသားစုနဲ့​အတူ ယေဟောဝါ​ကို ဝတ်ပြု​နေတယ်။

စီးပွားရေး​ အခက်အခဲ ရင်ဆိုင်​ရခြင်း

ကျွန်မ​ရဲ့​ ခင်ပွန်း ထွက်သွား​ပြီး​နောက်ပိုင်း ကျွန်မ​မှာ ပုံမှန်​ဝင်ငွေ​ မရှိတော့ဘူး။ ငွေ​ရေး​ကြေး​ရေး​အရ သူ့​ထောက်ပံ့မှု​လည်း မရတော့ဘူး။ အဲဒီ​အခြေအနေ​က ရိုးရှင်းတဲ့​ ဘဝ​လေး​နဲ့ ကျေနပ်​ရောင့်ရဲ​တတ်​ဖို့နဲ့ ရုပ်ပစ္စည်း​လိုက်စားမှု​တွေ​ထက် ဝိညာဉ်​ရေး​ ချမ်းသာမှု​ကို တန်ဖိုး​ထား​တတ်​ဖို့ သင်ပေးတယ်။ ကလေး​တွေ တစ်ယောက်ကို​တစ်ယောက် ချစ်​ဖို့နဲ့​ ကူညီ​ပေး​ဖို့ သင်ယူ​ခံရ​တဲ့​အတွက် သူတို့​အချင်းချင်း ပို​ရင်းနှီး​လာတယ်။ အကြီး​တွေ​ အလုပ်လုပ်​လာတာ​နဲ့ အငယ်​တွေ​ကို လိုလိုလားလား ထောက်ပံ့​ပေး​ကြတယ်။ သမီးကြီး မာ​ဆဲ​ရီး​က သူ့​ညီမ နီ​ကိုးလ် အခြေခံ​ အလယ်တန်း​ ပညာရေး​ ပြီးဆုံး​နိုင်​ဖို့ ကူညီ​ပေး​တယ်။ အဲဒီအပြင် ကျွန်မ ကုန်​ခြောက်​ဆိုင်​လေး​တစ်ဆိုင် ဖွင့်​နိုင်​တဲ့​အတွက် အဲဒီ​အတော်အသင့်​ ဝင်ငွေနဲ့ မိသားစုရဲ့ တခြား​လိုအပ်ရာ​တွေ​ကို ထောက်​မပေးနိုင်​တယ်။

ကျွန်မ​တို့ကို ယေဟောဝါ တစ်ခါ​မှ​ မစွန့်ပစ်​ခဲ့​ဘူး။ တစ်ခါ​က ကျွန်မ​တို့​ရဲ့ ငွေကြေး​အခြေအနေ​ကြောင့် ခရိုင်​စည်းဝေးကြီး​တစ်ခု​ မ​တက်​နိုင်ဘူး​လို့ ခရစ်ယာန်​ ညီအစ်မ​တစ်ယောက်ကို ပြော​တော့ သူက “ညီမ​ ဗဲလ် ခရိုင်​စည်းဝေးကြီး​အကြောင်း ကြား​တာ​နဲ့ အထုပ်​တွေ​ ပြင်​ထား​လိုက်ပါ။ လိုအပ်​တာ​ကို ယေဟောဝါ ပြင်ဆင်​ပေး​လိမ့်မယ်” လို့​ ပြော​ခဲ့​တယ်။ သူ့​အကြံပေး​ချက်​အတိုင်း ကျွန်မ​ လုပ်တယ်။ ယေဟောဝါ ပြင်ဆင်​ပေး​ခဲ့​ပြီး အဲလို ဆက်​လုပ်ပေး​နေတုန်းပဲ။ တိုက်နယ်​စည်းဝေးပွဲ ဒါမှ​မဟုတ် ခရိုင်​စည်းဝေးကြီး​တစ်ခုခု​ကို ပိုက်ဆံ​ မရှိလို့ ကျွန်မ​တို့​ မိသားစု မတက်နိုင်တာ​မျိုး တစ်ခါ​မှ​ မရှိခဲ့ဘူး။

၁၉၈၈ ခုနှစ်​မှာ ဟာရီကိန်း​မုန်တိုင်း​က ဂျမေကာ​နိုင်ငံ​ကို မွှေနှောက်​ဖျက်ဆီး​ခဲ့လို့ ကျွန်မ​တို့​ရဲ့​ အိမ်တွေကို ထားရစ်​ခဲ့​ပြီး လုံခြုံ​မယ့်​နေရာကို ထွက်ပြေး​ခဲ့​ရတယ်။ မုန်တိုင်း​ ခဏ​ငြိမ်ကျ​သွား​တုန်း ကျွန်မ​သားနဲ့​ ကျွန်မ​တို့ ပျက်စီး​သွားတဲ့ ကျွန်မ​တို့​အိမ်​ရဲ့​ အစ​အ​န​တွေ​ကို သွား​ကြည့်​ဖို့ ခိုလှုံ​တဲ့​နေရာ​ကနေ ထွက်​လာခဲ့တယ်။ အကျိုးအပဲ့​ပုံ​ထဲမှာ ရှာဖွေ​နေတုန်း ကျွန်မ​ လိုချင်​တဲ့​အရာတစ်ခု​ကို တွေ့​လိုက်တယ်။ ရုတ်တရက် လေပြင်း​ပြန်​တိုက်​လာပေမဲ့ ကျွန်မ​က​တော့ အဲဒါကို ကိုင်​မြဲ​ကိုင်ထား​တုန်း​ပဲ။ “အမေ တီဗွီ​ကို ချ​လိုက်​စမ်း​ပါ။ လောတ​မိန်းမ​ ဖြစ်နေ​ဦး​မယ်” လို့​ ပြော​တဲ့​ သားရဲ့ စကား​ကြောင့် ကျွန်မ သတိ​ပြန်ဝင်​ခဲ့​တယ်။ (လုကာ ၁၇:၃၁၊ ၃၂) မိုး​ရေ​စို​နေတဲ့​ တီဗွီ​ကို ပစ်ချ​လိုက်ပြီး လုံခြုံ​ရာ​ကို ထွက်ပြေး​ခဲ့​ကြတယ်။

တီဗွီ​တစ်လုံး​အတွက် အသက်ဆုံးရှုံး​တော့​မယ့်​အဖြစ်ကို တွေးမိ​တိုင်း ကြက်သီးထ​မိတယ်။ ဝိညာဉ်​ရေး​ နိုးကြား​တဲ့ သားလေး​ရဲ့ အဲဒီ​အချိန်​က​ စကား​ကို ပြန်​စဉ်းစားမိ​တိုင်း နှလုံး​နွေးထွေး​လာတယ်။ ကျွန်မ​သား ရရှိခဲ့တဲ့ ခရစ်ယာန်​ အသင်းတော်က ကျမ်းစာ​လေ့ကျင့်မှု​ကြောင့် ရုပ်ပိုင်း​နဲ့​ ဝိညာဉ်​ရေး အန္တရာယ်ကြီး​ကို ရှောင်နိုင်ဖို့ ကျွန်မ​ကို ကူညီ​ပေး​နိုင်​ခဲ့​တယ်။ အဲဒီ​အတွက် ကျေးဇူး​တင်​လိုက်တာ။

ဟာရီကိန်း​မုန်တိုင်း​ကြောင့် ကျွန်မ​တို့​အိမ်နဲ့ ပိုင်ဆိုင်ရာ​တွေ ပျက်စီး​သွားပြီး အဲဒါ​ကြောင့် စိတ်ဓာတ်ကျ​မိတယ်။ အဲဒီအချိန်မှာ ခရစ်ယာန်​ ညီအစ်ကို​ ညီအစ်မ​တွေ ရောက်လာ​ပြီး ဒီ​ဆုံးရှုံးမှု​တွေ​ကို ယေဟောဝါ​အား ယုံကြည်​ကိုးစားမှု​နဲ့ ရင်ဆိုင်ဖို့၊ ခရစ်ယာန်​ ဓမ္မ​အမှုမှာ တက်တက်ကြွကြွ ဆက်​ပါဝင်​ဖို့​ အားပေးပြီး ကျွန်မ​တို့​အိမ်ကို ပြန်​ဆောက်​ပေး​ကြတယ်။ ဂျမေကာ​နဲ့ နိုင်ငံ​ရပ်​ခြား​ဒေသက သက်သေခံ​ စေတနာ့​ဝန်ထမ်း​တွေ​ရဲ့ မေတ္တာနဲ့​ ကိုယ်ကျိုး​စွန့်​လုပ်ရပ်က ကျွန်မ​တို့ကို အရမ်း​ထိမိ​ခဲ့​တယ်။

ယေဟောဝါ​ကို ရှေးဦး​ထားခြင်း

ကျွန်မ​ရဲ့​ ဒုတိယ​သမီး မာ​လိ​န်း​က ကျောင်း​ပြီးသွား​တာ​နဲ့ ရှေ့ဆောင်​အဖြစ် အမှုဆောင်ခဲ့တယ်။ တခြား​အသင်းတော်မှာ​ ရှေ့ဆောင်​လုပ်ဖို့ ဖိတ်ခေါ်ချက်​ကို လက်ခံခဲ့​တဲ့​အတွက် အလုပ်​ထွက်​လိုက်တယ်။ အဲဒီ​အလုပ်​ကြောင့် ကျွန်မ​တို့​မိသားစုကို ကောင်းကောင်း​ ထောက်ပံ့​နိုင်​ပေမဲ့ ကျွန်မ​တို့အားလုံး ဘုရားသခင့်​ နိုင်ငံတော်​ကို ရှေးဦး​ရှာမယ်ဆိုရင် ယေဟောဝါ ကျွန်မ​တို့ကို ဂရုစိုက်​စောင့်ရှောက်​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ခဲ့​တယ်။ (မဿဲ ၆:၃၃) နောက်ပိုင်း ကျွန်မ​သား ယူအဲန်း​လည်း ရှေ့ဆောင်​အဖြစ်​ အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ သူက မိသားစုကို ငွေ​ရေး​ကြေး​ရေး​အရ​ ထောက်ပံ့​ပေး​နေပေမဲ့ ဖိတ်ခေါ်ချက်​ကို​ လက်ခံဖို့ ကျွန်မ​တို့ အားပေးခဲ့​ပြီး ယေဟောဝါ​ရဲ့​ ကောင်းချီး​တွေ​ ရဖို့ ဆန္ဒပြု​ခဲ့​တယ်။ ကလေး​တွေ ဘုရားသခင့်​ နိုင်ငံတော်​လုပ်ငန်း တိုးချဲ့​ထမ်းဆောင်​နေတာကို စိတ်ပျက်​အားလျော့​အောင် ကျွန်မ တစ်ခါ​မှ​ မ​လုပ်ခဲ့ဘူး။ အိမ်မှာ​ရှိနေတဲ့​သူတွေလည်း တစ်ခါ​မှ မချို့ငဲ့​ခဲ့​ဘူး။ အဲဒီအစား ကျွန်မ​တို့​ရဲ့​ ပျော်ရွှင်မှု တိုးများ​လာပြီး တစ်ခါ​တစ်ခါ လိုအပ်​နေတဲ့​ တခြား​သူတွေကိုလည်း ကူညီ​ပေး​လာနိုင်တယ်။

အခု​ဆို ကျွန်မ​ရဲ့​ သားသမီးတွေ ‘သမ္မာတရား​မှာ​ကျင်လည်’ နေတာ​ တွေ့ရ​လို့ အရမ်းပျော်​ရွှင်​တယ်။ (၃ ယောဟန် ၄) ကျွန်မ​ရဲ့​ သမီး​တစ်ယောက်​ ဖြစ်​တဲ့ မာ​လိန်း​က တိုက်နယ်​ကြီးကြပ်မှူး​ ဖြစ်​တဲ့ သူ့​ခင်ပွန်း​နဲ့​အတူ နယ်လှည့်​လုပ်ငန်းမှာ ပါဝင်​နေတယ်။ သမီး​အန်​ဒ​ရီ​ယာ​နဲ့​ သူ့​ခင်ပွန်း​က အထူး​ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေပြီး အရန်​တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် ခင်ပွန်း​သည် အသင်းတော်တွေကို​ လည်ပတ်​တဲ့​အခါ သူလည်း​အတူ လိုက်​သွားတယ်။ သား​ယူအဲန်း​နဲ့ သူ့​ဇနီး​လည်း အထူး​ရှေ့ဆောင်​တွေ​ ဖြစ်​ပြီး သူက အသင်းတော်​ အကြီးအကဲ​တစ်ယောက်​ ဖြစ်တယ်။ နောက်​သမီး​တစ်ယောက်​ ဖြစ်​တဲ့ အေဗား​ဂေး​က သူ့​ခင်ပွန်း​နဲ့​အတူ ယေဟောဝါသက်သေ​များ​ရဲ့ ဂျမေကာ​ ဌာနခွဲရုံး​မှာ အမှုဆောင်​နေတယ်။ ဂျဲ​နီ​ဖာ၊ ဂျီ​နိဖ်​နဲ့ နီ​ကိုးလ်​တို့​က သူတို့ရဲ့​ ခင်ပွန်း၊ သားသမီးတွေ​နဲ့​အတူ အသင်းတော်​အသီးသီး​မှာ တက်တက်ကြွကြွ အမှုဆောင်​နေကြ​တယ်။ မာ​ဆဲ​ရီး​က​တော့ ကျွန်မ​နဲ့​ အတူ​နေပြီး ကျွန်မ​တို့​နှစ်ယောက်​က ပေါ့​ထ် မာ​ရဲ​န့်တ် အသင်းတော်​နဲ့​ ပူးပေါင်း​တယ်။ သားသမီး​ရှစ်ယောက်​စ​လုံး ယေဟောဝါ​ကို​ ဝတ်ပြု​ကိုးကွယ်​နေတဲ့​အတွက် ကျွန်မ​ ခံစား​ရတဲ့​ကောင်းချီး​တွေ​က အများကြီး​ပဲ။

အသက်ကြီး​လာတာ​နဲ့​အမျှ ကျန်းမာ​ရေး​ချို့ယွင်း​လာတယ်။ အခု​ဆို ရူ​မ​တွိုက်​ အရိုး​ဆစ်​ရောင်​နာ ခံစား​နေ​ရပေမဲ့ ရှေ့ဆောင်​အဖြစ် ပျော်ရွှင်စွာ​ အမှုဆောင်​နေဆဲပဲ။ ဒါပေမဲ့ ကျွန်မ​ နေထိုင်တဲ့ တောင်ကုန်း​များတဲ့​ ရပ်ကွက်မှာ သွားလာ​ဖို့ အရမ်း​ခက်​လာတယ်။ ခရစ်ယာန်​ ဓမ္မ​အမှုမှာ ဆက်​ပါဝင်​နိုင်​ဖို့ တော်​တော်​ ခက်ခဲ​ခဲ့​တယ်။ စက်ဘီး​နဲ့​ သွားဖို့​ စမ်း​ကြည့်​ပြီး အဲဒါ​က လမ်းလျှောက်​တာ​ထက် ပို​လွယ်ကူ​တာ​ တွေ့ရ​လို့ စက်ဘီး​အဟောင်း​တစ်စီး ဝယ်​လိုက်တယ်။ ပထမ​တော့ အရိုး​ဆစ်​ရောင်​နာ​ ဝေဒနာသည်​မိခင် စက်ဘီး​စီး​တာ​ကို သားသမီးတွေ မကြည့်​ရက်​ကြဘူး။ ဒါပေမဲ့ ကျွန်မ​ရဲ့​ ဆန္ဒ​ဖြစ်​တဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ ဆက်​ပါဝင်​နေတာကို တွေ့ရ​လို့ သူတို့​ အရမ်းပျော်​ကြတယ်။

ကျွန်မ​နဲ့​ ကျမ်းစာ​လေ့လာ​ခဲ့​တဲ့​သူတွေ အမှန်တရားကို​ လက်ခံ​တာ တွေ့ရ​တော့ အရမ်း ပျော်​ရွှင်​ကျေနပ်​မိတယ်။ ကျွန်မ​ရဲ့​ မိသားစု​အားလုံး ယေဟောဝါ​အပေါ် ဒီ​ဆုံးခန်း​ကာလ​တစ်လျှောက်​နဲ့ ထာဝရ ဆက်​တည်ကြည်​နိုင်​ပါစေ​လို့ ကျွန်မ​ အမြဲ​ ဆုတောင်း​တယ်။ ယေဟောဝါ​ရဲ့​ နည်းလမ်းတော်​တွေ​အတိုင်း သားသမီး​ရှစ်ယောက်​ကို ပြုစု​ပျိုးထောင်​ရတဲ့ ခက်ခဲ​မှု​တွေ​ကို ရင်ဆိုင်​နိုင်​ခဲ့​တဲ့​အတွက် ‘ဆုတောင်းချက်​ကို​ နားထောင်’ တဲ့ ကြီးမြတ်​တော်​မူ​လှတဲ့ ယေဟောဝါ​ကို ကျွန်မ ကျေးဇူး​တင်​ချီးမွမ်း​ပါ​တယ်။—ဆာလံ ၆၅:၂

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်မ​၏​ သားသမီး​များ၊ သူတို့​အိမ်ထောင်ဖက်​များ၊ မြေး​များနှင့်​အတူ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ခရစ်ယာန်​ ဓမ္မ​အမှု​တွင် ပါဝင်​နိုင်​ရန် စက်ဘီး​တစ်စီး​ကို​ သုံး​နေ