ဖြောင့်မတ်ခြင်းကိုရှာခြင်းကအကာအကွယ်ပေး
ဖြောင့်မတ်ခြင်းကိုရှာခြင်းကအကာအကွယ်ပေး
“ဘုရားသခင်၏ . . . ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြလော့။”—မဿဲ ၆:၃၃။
၁၊ ၂။ ခရစ်ယာန်လုံမပျိုလေးတစ်ဦး အဘယ်ဆုံးဖြတ်ချက်ကိုချခဲ့သနည်း။ အဘယ်ကြောင့် ထိုသို့ဆုံးဖြတ်ခဲ့သနည်း။
အာရှတိုက်မှ ခရစ်ယာန်အမျိုးသမီးငယ်တစ်ဦးသည် အစိုးရရုံးတစ်ရုံးတွင် အတွင်းရေးမှူးအဖြစ် အလုပ်လုပ်ကိုင်နေသည်။ သူသည် တာဝန်ကျေပွန်သူ၊ အလုပ်စောစောလာပြီး မခိုမကပ်သူဖြစ်၏။ သို့သော် ယာယီလုပ်သားဖြစ်၍ သူ့ကို ဆက်အလုပ်ခန့်သင့်မသင့် စဉ်းစားနေကြသည်။ သူ၏ဌာနမှူးက မိမိအကြိုက်ပျော်ပါး မည်ဆိုလျှင် လုံမပျိုလေးကို အမြဲတမ်းလုပ်သားအဖြစ်ခန့်အပ်ပြီး ရာထူးတိုးပေးမည်ဟုဆို၏။ ထိုသို့မပြုလျှင် မိမိအလုပ်ပြုတ်မည်သိသော်လည်း အမျိုးသမီးငယ်မှာ ယတိပြတ်ငြင်းဆိုလိုက်သည်။
၂ ထိုခရစ်ယာန်အမျိုးသမီးငယ်သည် လက်တွေ့ဘဝနှင့် အံဝင်ခွင်ကျ မဖြစ်သူလော။ မဟုတ်ပါ။ “ဘုရားသခင်၏ . . . ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြလော့” ဟူသောယေရှု၏စကားကို သူလိုက်လျှောက်နေခြင်းဖြစ်သည်။ (မဿဲ ၆:၃၃) အကျင့်ယိုယွင်းပြီးမှ အခွင့်အရေးရဖို့ထက် ဖြောင့်မတ်သောမူများကိုလိုက်လျှောက်ခြင်းက သူ့အတွက် ပိုအရေးကြီးပေသည်။—၁ ကောရိန္သု ၆:၁၈။
ဖြောင့်မတ်ခြင်း၏အရေးကြီးမှု
၃။ ဖြောင့်မတ်ခြင်းဟူသည် အဘယ်နည်း။
၃ “ဖြောင့်မတ်ခြင်း” ဟူသည် သမာဓိသိက္ခာရှိခြင်းနှင့် ရိုးသားခြင်းကို ဆိုလိုသည်။ သမ္မာကျမ်းစာတွင် ဖြောင့်မတ်ခြင်းဟုပြန်ဆိုထားသော ဟေဗြဲနှင့် ဂရိစကားလုံးသည် “တော်တည့်ခြင်း” သို့ မဟုတ် “ဖြောင့်မှန်ခြင်း” ဟူသောအဓိပ္ပာယ်ရှိ၏။ ယင်းသည် မိမိကိုယ်ကို ကိုယ်ပိုင်စံနှုန်းနှင့်အကဲဖြတ်ကာ ဖြောင့်မတ်သည်ဟု ယူမှတ်ခြင်းမဟုတ်ချေ။ (လုကာ ၁၆:၁၅) ယေဟောဝါ၏စံနှုန်းများနှင့်အညီ ရိုးဖြောင့်ခြင်းဖြစ်၏။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားလည်း ဖြစ်၏။—ရောမ ၁:၁၇; ၃:၂၁။
၄။ ဖြောင့်မတ်ခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် အဘယ်ကြောင့်အရေးကြီးသနည်း။
၄ ဖြောင့်မတ်ခြင်းရှိရန် အဘယ်ကြောင့် အရေးကြီးသနည်း။ ‘ဖြောင့်မတ်သောဘုရားသခင်’ ယေဟောဝါသည် မိမိ၏လူမျိုး ဖြောင့်မတ်စွာပြုကျင့်သောအခါ သူတို့ကို မျက်နှာသာပေးတော်မူသောကြောင့်ဖြစ်သည်။ (ဆာလံ ၄:၁; သု. ၂:၂၀-၂၂; ဟဗက္ကုတ် ၁:၁၃) မဖြောင့်မမှန်ပြုသူ မည်သူမျှ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေး ရှိနိုင်မည်မဟုတ်။ (သု. ၁၅:၈) ထိုအကြောင်းကြောင့် တမန်တော်ပေါလုက “လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း” နှင့် အခြားအရေးပါသောအရည်အသွေးများကိုလည်း “မီအောင်လိုက်” လော့ဟု တိမောသေကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ (၂ တိမောသေ ၂:၂၂) ယင်းကြောင့် ပေါလုသည် ဝိညာဉ်ရေးလက်နက်စုံကိုဖော်ပြရာတွင် ‘ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ’ ကိုထည့်သွင်းခဲ့ခြင်းဖြစ်သည်။—ဧဖက် ၆:၁၄။
၅။ မစုံလင်သူများအနေနှင့် ဖြောင့်မတ်ခြင်းကို မည်သို့ရှာနိုင်သနည်း။
၅ မည်သည့်လူသားတစ်ဦးမျှ ပြီးပြည့်စုံလင် ဖြောင့်မတ်သည်မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံး အာဒံထံမှ မစုံလင်မှုကို အမွေရထားသော အပြစ်သားများဖြစ်ကြရာ မွေးကတည်းကပင် မဖြောင့်မတ်ကြပေ။ သို့သော် ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ရှာသင့်သည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ မည်သို့ဖြစ်နိုင်မည်နည်း။ ယေရှုသည် မိမိ၏စုံလင်သောအသက်ကို ရွေးဖိုးအဖြစ်ပေးခဲ့သည်ဖြစ်ရာ ထိုပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြပါက ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ဖို့ ယေဟောဝါအသင့်ရှိသောကြောင့် ဖြစ်နိုင်ပါသည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ရောမ ၅:၈၊ ၉၊ ၁၂၊ ၁၈) ယင်းကိုအခြေခံ၍ ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများကိုသင်ယူပြီး အတတ်နိုင်ဆုံးလိုက်လျှောက်ကာ ကျွန်ုပ်တို့၏အားနည်းချက်များကို ကျော်လွှားရန် အကူအညီတောင်းခံလျှင် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါလက်ခံတော်မူမည်။ (ဆာလံ ၁:၆; ရောမ ၇:၁၉-၂၅; ဗျာ. ၇:၉၊ ၁၄) အလွန်အားရှိစရာပင်။
မဖြောင့်မတ်သော ဤလောကတွင် ဖြောင့်မတ်ခြင်း
၆။ ကနဦးခရစ်ယာန်များအတွက် လောကသည် အဘယ်ကြောင့် အန္တရာယ်နယ်မြေဖြစ်ရသနည်း။
၆ ယေရှု၏တပည့်များသည် “မြေကြီးစွန်းတိုင်အောင်” ကိုယ်တော်၏သက်သေများဖြစ်ရန် တာဝန်ရသောအခါ သူတို့အတွက် မလွယ်ကူချေ။ (တမန်တော် ၁:၈) သူတို့၏ခန့်အပ်ခံနယ်မြေတစ်ခုလုံးသည် စာတန့် “လက်၌ရှိ” နေ၏။ (၁ ယောဟန် ၅:၁၉) ဤလောကတွင် စာတန်အားပေးသော ဆိုးညစ်သည့်သဘောထား ကူးစက်ပျံ့နှံ့နေသည်။ ယင်း၏ညစ်ညမ်းစေသောဩဇာအောက် ခရစ်ယာန်များ ရှိနေကြရသည်။ (ဧဖက် ၂:၂) သူတို့အတွက် ဤလောကသည် အန္တရာယ်နယ်မြေဖြစ်၏။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရှာခြင်းအားဖြင့်သာ သူတို့သည် ခံနိုင်ရည်ရှိရှိ သမာဓိစောင့်ထိန်းနိုင်ကြပေမည်။ ခရစ်ယာန်အများစုမှာ ထိုသို့ပြုခဲ့ကြသော်လည်း အနည်းငယ်တို့သည် “ဖြောင့်မတ်ခြင်းတရားလမ်း” မှ သွေဖည်သွားခဲ့ကြသည်။—သု. ၁၂:၂၈; ၂ တိမောသေ ၄:၁၀။
၇။ အဘယ်တာဝန်များကြောင့် ခရစ်ယာန်တစ်ဦးသည် ယိုယွင်းစေသောသြဇာများကို ခုခံတွန်းလှန်ရမည်နည်း။
၇ ယခုခေတ်ခရစ်ယာန်များအတွက်ကော ဤလောကသည် အန္တရာယ်ကင်းပါသလော။ လုံးဝမကင်းပါ။ ပထမရာစုခေတ်ကထက်ပင် ပို၍ယိုယွင်းပျက်စီးနေသည်။ ထို့ပြင် မြေကြီးသို့ပစ်ချခံရသော စာတန်သည် “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ကြွင်းသောအမျိုးအနွယ်” ဝိညာဉ်တော်ဖွားခရစ်ယာန်များကို အပြင်းအထန်တိုက်ခိုက်နေသည်။ (ဗျာ. ၁၂:၁၂၊ ၁၇) ထို “အမျိုးအနွယ်” အား ထောက်ခံသူများကိုလည်း စာတန် တိုက်ခိုက်နေသည်။ သို့သော် ခရစ်ယာန်များသည် ဤလောကမှ မလွတ်ကင်းနိုင်ကြပါ။ သူတို့သည် ဤလောက၏အစိတ်အပိုင်းမဟုတ်သော်လည်း လောကထဲတွင် နေထိုင်ကြရသည်။ (ယောဟန် ၁၇:၁၅၊ ၁၆) ထို့ပြင် စိတ်ထားမှန်ရှိသူတို့အား ရှာဖွေဟောပြောပြီး ခရစ်တော်၏တပည့်များဖြစ်လာစေရန် သွန်သင်ပေးနေကြရသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့ဖြစ်၍ ခရစ်ယာန်များသည် ဤလောက၏ ယိုယွင်းစေသောသြဇာလွှမ်းမှုများကို လုံးလုံးမရှောင်နိုင်ကြသဖြင့် ၎င်းတို့ကို ခုခံတွန်းလှန်နေကြရသည်။ အဆိုပါသြဇာလေးမျိုးကို သုံးသပ်ကြည့်ကြစို့။
အကျင့်ယိုယွင်းခြင်းထောင်ချောက်
၈။ ဣသရေလလူတို့သည် မောဘဘုရားများကို အဘယ်ကြောင့်ကိုးကွယ်လာကြသနည်း။
၈ တောကန္တာရထဲ အနှစ် ၄၀ ခရီးလှည့်လည်ချိန် ကုန်ခါနီးတွင် ဣသရေလလူများစွာတို့သည် ဖြောင့်မတ်သောလမ်းစဉ်ကို စွန့်သွားကြ၏။ ယေဟောဝါကယ်နုတ်ပေးမှုများကို သူတို့ကိုယ်တိုင် အကြိမ်ကြိမ် ကြုံတွေ့ရပြီး မကြာမီ ကတိထားရာပြည်သို့ ဝင်ကြတော့မည်ဖြစ်သည်။ သို့သော် အရေးကြီးသည့် ထိုအချိန်တွင် မောဘဘုရားများကို သူတို့ကိုးကွယ်လာကြသည်။ အဘယ်ကြောင့်နည်း။ “ကိုယ်ကာယတပ်မက်ခြင်း” ကို သူတို့အရှုံးပေးလိုက်သောကြောင့်ဖြစ်သည်။ (၁ ယောဟန် ၂:၁၆) “ဣသရေလအမျိုးသားတို့သည် . . . မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏” ဟုမှတ်တမ်းကဆို၏။—တောလည်ရာ ၂၅:၁။
၉၊ ၁၀။ ယခုခေတ် အဘယ်အခြေအနေကြောင့် ကိုယ်ကာယတပ်မက်ခြင်း၏ ဩဇာလွှမ်းမိုးမှုကို အစဉ်သတိရှိဖို့ အရေးကြီးသနည်း။
၉ အဆိုပါအဖြစ်အပျက်က ကိုယ်ကာယတပ်မက်ခြင်းသည် သတိမရှိသောသူကို ပျက်စီးစေနိုင်ကြောင်း ဖော်ပြသည်။ အထူးသဖြင့် အကျင့်ယိုယွင်းခြင်းသည် လက်ခံနိုင်ဖွယ်ဘဝပုံစံဖြစ်လာနေသောကြောင့် ထိုအဖြစ်အပျက်မှ ကျွန်ုပ်တို့သင်ခန်းစာယူသင့်သည်။ (၁ ကောရိန္သု ၁၀:၆၊ ၈) အမေရိကန်ပြည်ထောင်စုမှ သတင်းတစ်ပုဒ်က ဤသို့ဆို၏– “၁၉၇၀ ပြည့်လွန်နှစ်မတိုင်မီက အမေရိကန် ပြည်ထောင်စုတွင် လက်မထပ်ဘဲအတူနေခြင်းသည် တရားမဝင်ချေ။ ယခုမူ ယင်းသည် သာမန်ကိစ္စဖြစ်နေပြီ။ ပထမအကြိမ်အိမ်ထောင်ပြုသူ ထက်ဝက်ကျော်ကျော်မှာ လက်မထပ်ဘဲ အတူနေခဲ့ကြသူများဖြစ်သည်။” လက်မထပ်ဘဲအတူနေခြင်းနှင့် အကျင့်ယိုယွင်းမှုများသည် ထိုတစ်နိုင်ငံတည်း၌သာ ဖြစ်နေသည်မဟုတ်ပါ။ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပျက်နေသည်။ ဝမ်းနည်းစရာမှာ ခရစ်ယာန်အချို့ပင် ထိုအတိုင်းပြုနေကြပြီး အသင်းတော်တွင် မိမိတို့၏နာမည်ကောင်းကို လက်လွှတ်ဆုံးရှုံးခံနေကြခြင်းဖြစ်၏။—၁ ကောရိန္သု ၅:၁၁။
၁၀ ထို့ပြင် အကျင့်ယိုယွင်းမှုကို နေရာတကာ၌ လှုံ့ဆော်အားပေးနေသည်ကို တွေ့ရ၏။ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအစီအစဉ်များက လူငယ်များလက်မထပ်မီ လိင်ဆက်ဆံခြင်းသည် မမှားဟု ထင်မြင်စေသည်။ လိင်တူဆက်ဆံခြင်းကိုလည်း သာမန်ကိစ္စအဖြစ် တင်ပြနေ၏။ လိင်ကိစ္စများကိုလည်း ယခင်ကထက် ပို၍ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသည်။ ထိုပုံများကို အင်တာနက်တွင်လည်း အလွယ်တကူ ဖမ်းယူကြည့်ရှုနိုင်ကြသည်။ ဥပမာ၊ မိမိ၏ခုနစ်နှစ်အရွယ် သားငယ်က သူ၏ကျောင်းနေဖက်တစ်ဦးသည် လိင်မှုကိစ္စပြုနေကြသော ဝတ်လစ်စလစ်အမျိုးသမီးများ၏ပုံကို အင်တာနက်ဆိုက်တစ်ခုတွင် တွေ့ရှိခဲ့ကြောင်း ကျောင်းမှပြန်လာသောအခါ မိမိကို အားတက်သရောပြောပြသည်ဟု သတင်းစာပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖော်ပြသည်။ ဖခင်ဖြစ်သူမှာ ထိတ်လန့်သွားသည်။ အဆိုပါဝက်ဘ်ဆိုက်များကို ကြည့်မိသော်လည်း မိဘများအား ထုတ်မပြောသည့်ကလေး အတော်များများရှိပါလိမ့်မည်။ ထို့ပြင် မိမိတို့သားသမီးများ ကစားသည့် ဗီဒီယိုဂိမ်းများတွင် အဘယ်အရာပါဝင်ကြောင်း မိဘအများစု မသိကြချေ။ လူကြိုက်များသောဂိမ်းများစွာတွင် စက်ဆုပ်ရွံရှာဖွယ် အကျင့်ယိုယွင်းမှုများသာမက နတ်ဝိဇ္ဇာအတတ်နှင့် အကြမ်းဖက်မှုတို့ကိုလည်း အသားပေးတင်ဆက်ထားသည်။
၁၁။ ဤလောက၏အကျင့်ယိုယွင်းမှုမှ မိသားစုလိုက် မည်သို့အကာအကွယ်ယူနိုင်သနည်း။
၁၁ မိသားစုအနေနှင့် ထိုသို့သောယုတ်ညံ့သည့် “ဖျော်ဖြေမှု” ကို မည်သို့ခုခံတွန်းလှန်နိုင်သနည်း။ ဘုရားသခင့်ဖြောင့်မတ်ခြင်းကိုရှာကာ အကျင့်ယိုယွင်းစေသောအရာမှန်သမျှနှင့် ကင်းကင်းနေခြင်းအားဖြင့် ဖြစ်သည်။ (၂ ကောရိန္သု ၆:၁၄; ဧဖက် ၅:၃) မိမိတို့သားသမီးများ၏အပြုအမူကို ကြပ်မတ်ပေးကာ ယေဟောဝါနှင့် ကိုယ်တော်၏ဖြောင့်မတ်သောပညတ်များကို သွတ်သွင်းပေးသော မိဘများသည် အညှီအဟောက်စာပေ၊ အကျင့်ပျက်ရုပ်ရှင်ဇာတ်လမ်း၊ လိင်ညစ်ညမ်းမှုပါဝင်သောဗီဒီယိုဂိမ်းများနှင့် မဖြောင့်မတ်သည့် အခြားသွေးဆောင်မှုများမှ သားသမီးများကို ကာကွယ်ပေးကြသည်။—တရားဟောရာ ၆:၄-၉။ *
ပတ်ဝန်းကျင်ဖိအားပေးမှုအန္တရာယ်
၁၂။ ပထမရာစုတွင် အဘယ်ပြဿနာပေါ်ပေါက်ခဲ့သနည်း။
၁၂ ပေါလုသည် အာရှမိုင်းနားရှိ လုတ္တရမြို့တွင် အံ့ဖွယ်နည်းဖြင့် လူတစ်ဦးကို ကုသပေးခဲ့သည်။ မှတ်တမ်းကဤသို့ဆို၏– “ပေါလုပြုသောအမှုကို မြင်သောလူအစုအဝေးတို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ဆင်းသက်ပါသည်တကားဟု လုကောနိဘာသာစကားအားဖြင့် အသံကိုလွှင့်၍ဆိုကြ၏။ ပေါလုသည် သာ၍ဟောပြောသောကြောင့် သူ့ကို ဟေရမေဟူ၍လည်းကောင်း၊ ဗာနဗကို ဇုသဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ၏။” (တမန်တော် ၁၄:၁၁၊ ၁၂) နောက်ပိုင်း ထိုလူအုပ်ကပင် ပေါလုနှင့် ဗာနဗကို သတ်ပစ်လိုကြသည်။ (တမန်တော် ၁၄:၁၉) ထိုသူတို့သည် ပတ်ဝန်းကျင်ဖိအားကို မလွန်ဆန်နိုင်ကြောင်း ထင်ရှားသည်။ အဆိုပါဒေသမှလူအချို့ ခရစ်ယာန်များဖြစ်လာကြသောအခါ သူတို့၌ အယူသီးမှုများရှိနေဆဲဖြစ်နိုင်သည်။ ကောလောသဲမြို့ရှိ ခရစ်ယာန်များထံ ရေးသောစာတွင် ပေါလုက “ကောင်းကင်တမန်ကိုကိုးကွယ်ခြင်း” အကြောင်း သတိပေးခဲ့သည်။—ကောလောသဲ ၂:၁၈။
၁၃။ အဘယ်ထုံးစံအချို့ကို ခရစ်ယာန်တစ်ဦး ရှောင်ရမည်နည်း။ ထိုသို့ပြုရန် မည်သို့ခွန်အားရနိုင်သနည်း။
၁၃ ယနေ့လည်း စစ်မှန်သောခရစ်ယာန်များသည် ခရစ်ယာန်မူများကိုဆန့်ကျင်သည့် ဘာသာရေးအယူအဆများအပေါ်အခြေပြုသော လူအများကြိုက် ထုံးစံများကို ရှောင်ဖို့လိုသည်။ ဥပမာ၊ အချို့သောနိုင်ငံများရှိ သေခြင်း၊ မွေးဖွားခြင်းနှင့်ပတ်သက်သော ထုံးတမ်းစဉ်လာအခမ်းအနားများသည် လူတွင် မသေနိုင်သောဝိညာဉ်ရှိသည်ဟူသည့် မုသားအပေါ်အခြေပြုသည်။ (ဒေ. ၉:၅၊ ၁၀) အမျိုးသမီးအရေဖျားလှီးခြင်းထုံးစံရှိသော နိုင်ငံများလည်းရှိသေးသည်။ ယင်းသည် သားသမီးများအပေါ်ထားရှိသင့်သော ခရစ်ယာန်မိဘမေတ္တာနှင့် မအပ်စပ်ဘဲ အလွန်ရက်စက်၍ မလိုလားအပ်သော အကျင့်ဖြစ်သည်။ (တရားဟောရာ ၆:၆၊ ၇; ဧဖက် ၆:၄) ခရစ်ယာန်များသည် ပတ်ဝန်းကျင်ဖိအားပေးမှုကို တွန်းလှန်ပြီး ထိုအကျင့်များကို မည်သို့စွန့်လွှတ်နိုင်မည်နည်း။ ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားခြင်းအားဖြင့်ဖြစ်သည်။ (ဆာလံ ၃၁:၆) ‘ထာဝရဘုရားသခင်သည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်’ ဟု မိမိတို့နှလုံးထဲမှဆိုသူများကို ဖြောင့်မတ်တော်မူသော ဘုရားသခင်သည် ခွန်အားပေး၍ စောင့်ရှောက်တော်မူလိမ့်မည်။—ဆာလံ ၉၁:၂; သု. ၂၉:၂၅။
ယေဟောဝါကို မမေ့လျော့နှင့်
၁၄။ ကတိထားရာပြည်ထဲ ဝင်ရောက်ခါနီးတွင် ဣသရေလလူမျိုးကို ယေဟောဝါမည်သို့သတိပေးခဲ့သနည်း။
၁၄ ဣသရေလလူမျိုး ကတိထားရာပြည်ထဲ ဝင်ရောက်ခါနီးတွင် ယေဟောဝါက မိမိကိုမမေ့လျော့ဖို့ ဤသို့သတိပေးခဲ့သည်– “ယနေ့ ငါဆင့်ဆိုသောစီရင်ထုံးဖွဲ့ချက် ပညတ်တရားတော်တို့ကို သင်သည်မစောင့်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။ သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကိုဆောက်လျက်နေရစဉ်၊ သင်၏သိုး၊ နွား၊ ရွှေ၊ ငွေအစရှိသောဥစ္စာမျိုး များပြားစဉ်အခါ၊ သင်သည် မာနထောင်လွှားခြင်းသို့ရောက်၍ . . . သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ . . . ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။”—တရားဟောရာ ၈:၁၁-၁၇။
၁၅။ ယေဟောဝါကို ကျွန်ုပ်တို့ မမေ့လျော့ကြောင်း မည်သို့အသေအချာသိနိုင်မည်နည်း။
၁၅ ယနေ့ကော အလားတူဖြစ်ပျက်နိုင်သလော။ ဦးစားပေးသင့်ရာကို ဦးစားမပေးလျှင် ထိုသို့ဖြစ်နိုင်ပါသည်။ သို့သော် ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ရှေးဦးထားပါက စစ်မှန်သောဝတ်ပြုရေးသည် ကျွန်ုပ်တို့ဘဝတွင် အရေးအကြီးဆုံး ဖြစ်ပါလိမ့်မည်။ ခရစ်ယာန်ဓမ္မအမှုကို အရေးတကြီးသဘောထားနှင့် ဆောင်ရွက်ပြီး ပေါလုတိုက်တွန်းသည့်အတိုင်း “ကာလအချိန်ကိုရွေးနုတ်” ကြမည်။ (ကောလောသဲ ၄:၅; ၂ တိမောသေ ၄:၂) သို့သော် အစည်းအဝေးတက်ခြင်းနှင့် အမှုဆောင်ထွက်ခြင်းတို့ကို ပျော်ရွှင်မှုရှာခြင်း၊ အပန်းဖြေခြင်းတို့လောက် အရေးမထားပါက ကျွန်ုပ်တို့ဘဝတွင် ယေဟောဝါအား ဦးစားမထားတော့သဖြင့် ကိုယ်တော်ကို မေ့လျော့သွားနိုင်သည်။ နောက်ဆုံးကာလတွင် လူတို့သည် “ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်” ကြလိမ့်မည်ဟု ပေါလုပြောခဲ့သည်။ (၂ တိမောသေ ၃:၄) စိတ်ရင်းမှန်သောခရစ်ယာန်များသည် ထိုအတွေးအခေါ်မျိုး၏ ဩဇာလွှမ်းခံရခြင်းရှိမရှိ သေချာစေရန် မိမိတို့ကိုယ်ကို မှန်မှန်ဆန်းစစ်ကြည့်ကြသည်။—၂ ကောရိန္သု ၁၃:၅။
လွတ်လပ်လိုစိတ်ကို သတိပြု
၁၆။ ဧဝနှင့် ပထမရာစုခေတ်မှ လူအချို့သည် အဘယ်မှားယွင်းသောစိတ်ဓာတ်ကို တင်ပြခဲ့ကြသနည်း။
၁၆ ဧဒင်ဥယျာဉ်တွင် ဧဝ၏တစ်ကိုယ်ကောင်းဆန်သော လွတ်လပ်လိုစိတ်ကို စာတန်အခွင့်ကောင်းယူခဲ့သည်။ ဧဝသည် အမှားအမှန်ကို မိမိဘာသာ ဆုံးဖြတ်လိုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆) ပထမရာစုတွင် ကောရိန္သုအသင်းတော်မှ အချို့သူတို့သည် အလားတူစိတ်ဓာတ်မျိုး ရှိခဲ့ကြသည်။ ပေါလုထက် သူတို့ပိုသိ၊ ပိုတတ်သည်ဟု ထင်မှတ်ကြသဖြင့် ပေါလုက သူတို့ကို ထူးချွန်သောတမန်တော်များဟု ခနဲ့တဲ့တဲ့ခေါ်ခဲ့သည်။—၂ ကောရိန္သု ၁၁:၃-၅၊ သမ; ၁ တိမောသေ ၆:၃-၅။
၁၇။ လွတ်လပ်လိုစိတ်ကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။
၁၇ မျက်မှောက်လောကတွင် အများသောသူတို့သည် ‘သတိပေးခြင်းကိုမခံ၊ မာန်မာနနှင့်ယစ်မူး’ ကြပြီး ခရစ်ယာန်အချို့လည်း ထိုစိတ်ထား၏သြဇာလွှမ်းမှုအောက် ရောက်ခဲ့ကြသည်။ အချို့ဆိုလျှင် အမှန်တရားကို ဆန့်ကျင်လာကြသည့်အထိဖြစ်သည်။ (၂ တိမောသေ ၃:၄; ဖိလိပ္ပိ ၃:၁၈) စစ်မှန်သောဝတ်ပြုရေးနှင့်ပတ်သက်သည့်ကိစ္စများတွင် ကျွန်ုပ်တို့သည် ယေဟောဝါ၏လမ်းညွှန်မှုကို မျှော်ကိုးပြီး ‘သစ္စာနှင့်သတိပညာရှိကျွန်’ နှင့် အသင်းတော်အကြီးအကဲများတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးသည်။ ယင်းသည် ဖြောင့်မတ်ခြင်းကိုရှာသည့်နည်းတစ်နည်းဖြစ်ပြီး လွတ်လပ်လိုစိတ် မပေါ်ပေါက်စေရန် ကာကွယ်ပေးသည်။ (မဿဲ ၂၄:၄၅-၄၇; ဆာလံ ၂၅:၉၊ ၁၀; ဟေရှာယ ၃၀:၂၁) ဝိညာဉ်တော်ဖွားတို့၏အသင်းတော်သည် ‘အမှန်တရား၏အမှီတံကဲ’ ဖြစ်၏။ ကျွန်ုပ်တို့ကို အကာအကွယ်ပေးရန်နှင့် လမ်းညွှန်ရန် အသင်းတော်ကို ယေဟောဝါထူထောင်ထားခြင်းဖြစ်သည်။ (၁ တိမောသေ ၃:၁၅) ယင်း၏အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းက ယေဟောဝါ၏ဖြောင့်မတ်သောအလိုတော်ကို နှိမ့်ချစွာလက်ခံစေပြီး “[အတ္တ] စိတ်ရှိ၍ အဘယ်အမှုကိုမျှမပြု” ရန် ကူညီပေးမည်။—ဖိလိပ္ပိ ၂:၂-၄၊ ကဘ; သု. ၃:၄-၆။
ယေရှုကို တုပသူများဖြစ်ပါ
၁၈။ အဘယ်နည်းများဖြင့် ယေရှုကိုတုပရန် အားပေးတိုက်တွန်းထားသနည်း။
၁၈ သမ္မာကျမ်းစာက “ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကိုမုန်းတော်မူ၏” ဟု ယေရှုအကြောင်း ပရောဖက်ပြုထားသည်။ (ဆာလံ ၄၅:၇; ဟေဗြဲ ၁:၉) အတုယူစရာ စိတ်ထားကောင်းပင်။ (၁ ကောရိန္သု ၁၁:၁) ယေရှုသည် ယေဟောဝါ၏ဖြောင့်မှန်သောစံနှုန်းများကို သိရုံမျှမက ၎င်းတို့ကို ချစ်မြတ်နိုးခဲ့သည်။ ထို့ကြောင့် တော၌ သွေးဆောင်ခံရသောအခါ ကိုယ်တော်သည် “ဖြောင့်မတ်ခြင်းလမ်း” မှသွေဖည်မသွားဘဲ စာတန်ကို ခိုင်မာပြတ်သားစွာ ချက်ချင်းငြင်းဆိုခဲ့သည်။—သု. ၈:၂၀; မဿဲ ၄:၃-၁၁။
၁၉၊ ၂၀။ ဖြောင့်မတ်ခြင်းတရားကို ရှာဖွေခြင်း၏ ကောင်းကျိုးများကား အဘယ်နည်း။
၁၉ မတော်လျော်သော အသွေးအသားဆန္ဒများသည် အလွန်ပြင်းထန်နိုင်ပါသည်။ (ရောမ ၇:၁၉၊ ၂၀) သို့သော် ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားမည်ဆိုလျှင် ဆိုးညစ်မှုကိုတွန်းလှန်ရန် ခွန်အားရပါလိမ့်မည်။ (ဆာလံ ၁၁၉:၁၆၅) မကောင်း မှုနှင့် ပက်ပင်းတိုးသည့်အခါ ဖြောင့်မတ်ခြင်းကို နှစ်နှစ်ကာကာချစ်မြတ်နိုးစိတ်က ကျွန်ုပ်တို့ကို ကာကွယ်ပေးလိမ့်မည်။ (သု. ၄:၄-၆) သွေးဆောင်မှုများကို ကျွန်ုပ်တို့အရှုံးပေးလိုက်တိုင်း စာတန်အနိုင်ရနေသည်ကို သတိရပါ။ စာတန်ကိုခုခံတွန်းလှန်ပြီး ယေဟောဝါအား အနိုင်ရစေခြင်းသည် ပိုကောင်း၏။—သု. ၂၇:၁၁; ယာကုပ် ၄:၇၊ ၈။
၂၀ ခရစ်ယာန်စစ်များသည် ဖြောင့်မတ်ခြင်းတရားကို ရှာဖွေကြသောကြောင့် “ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်းအကျင့်နှင့် . . . ပြည့်စုံ” နေကြ၏။ (ဖိလိပ္ပိ ၁:၁၀၊ ၁၁) သူတို့သည် ‘မှန်သောဖြောင့်မတ်ခြင်းနှင့် တည်ကြည်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီ ဖန်ဆင်းသောလူသစ်ကို’ ယူတင်ဝတ်ဆောင်ကြသည်။ (ဧဖက် ၄:၂၄၊ ကဘ) သူတို့သည် ယေဟောဝါ၏ပိုင်ဆိုင်ရာများဖြစ်သောကြောင့် မိမိတို့အကြိုက်ကိုမလိုက်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း အသက်ရှင်ကြသည်။ (ရောမ ၁၄:၈; ၁ ပေတရု ၄:၂) ယင်းက သူတို့၏အတွေးအခေါ်နှင့် လုပ်ရပ်များကို ထိန်းကျောင်းပေးသည်။ သူတို့သည် ကောင်းကင်ခမည်းတော်၏စိတ်နှလုံးကို ရွှင်ပြုံးစေလိုက်ကြမည်ဖြစ်ခြင်း။—သု. ၂၃:၂၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 မိသားစုကို အကျင့်ပျက်သြဇာများမှ ကာကွယ်ပေးရန် မိဘများအတွက် အဖိုးတန်အကြံပေးချက်များကို ယေဟောဝါသက်သေများထုတ်ဝေသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ်တွင်တွေ့နိုင်သည်။
သင်ရှင်းပြနိုင်သလော
• ဖြောင့်မတ်ခြင်းကိုရှာဖွေရန် အဘယ်ကြောင့်အရေးကြီးသနည်း။
• မစုံလင်သောခရစ်ယာန်တစ်ဦးသည် ဖြောင့်မတ်ခြင်းကို မည်သို့ရှာနိုင်သနည်း။
• လောကတွင် ခရစ်ယာန်တစ်ဦး ရှောင်ရမည့်အရာတချို့ကား အဘယ်နည်း။
• ဖြောင့်မတ်ခြင်းတရားကို ရှာခြင်းက ကျွန်ုပ်တို့ကို မည်သို့အကာအကွယ်ပေးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယေရှု၏နောက်လိုက်များအတွက် ဤလောကသည် အန္တရာယ်နယ်မြေဖြစ်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ယေဟောဝါအား ချစ်မြတ်နိုးရန်သွန်သင်ခံရသော သားသမီးများသည်အကျင့်ယိုယွင်းခြင်းမှ ကာကွယ်ခံရမည်
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဣသရေလလူအချို့သည်ကတိထားရာပြည် ၌ကောင်းစားလာသည့် နောက် ယေဟောဝါအားမေ့လျော့ကြ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည်ယေရှုကဲ့သို့မဖြောင့်မတ်မှုကို မုန်းကြ