စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ဆာလံ ၁၀၂:၂၆ တွင် မိုးကောင်းကင်နှင့် မြေကြီးသည် “ပျက်စီးခြင်းသို့ရောက်” လိမ့်မည်ဟုဖော်ပြထားရာ ကမ္ဘာဂြိုဟ်ဖျက်ဆီးခြင်းခံရမည်ဟု ဆိုလိုသလော။
ဆာလံဆရာသည် ယေဟောဝါထံ ဆုတောင်းရာတွင် ဤသို့ ဆို ခဲ့သည်– “ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကိုတည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့ သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူ” မည်။ (ဆာလံ ၁၀၂:၂၅၊ ၂၆) ရှေ့နောက်စကားအရ ယင်းအခန်းငယ်များသည် မြေကြီးပျက်စီးခြင်းအကြောင်း ပြောဆိုနေခြင်းမဟုတ်ဘဲ ဘုရားသခင်၏ထာဝရတည်ရှိခြင်းကို ပြောဆိုနေကြောင်း ထင်ရှားသည်။ ထို့ပြင် ဘုရားသခင့်ကျေးကျွန်များအတွက် ထိုအရေးပါသောအမှန်တရားသည် အဘယ်ကြောင့်နှစ်သိမ့် မှု ဖြစ်ကြောင်း ၎င်းရှေ့နောက်စကားက ဖော်ပြသည်။
ဗာဗုလုန်၌ ပြည်နှင်ဒဏ်ခံနေရ ပုံ ရှိသော ဆာလံဆရာသည် မိမိ၏စိတ်သောကကို အစချီဖော်ပြနေခြင်းဖြစ်၏။ သူ၏အသက်တာသည် “မီးခိုးကဲ့သို့” ကုန်တတ်ကြောင်း ညည်းတွားခဲ့သည်။ အလွန်အမင်း စိတ်သောကရောက်နေသောကြောင့် သူ၏အရိုးတို့သည် “မီးချေးကဲ့သို့ကျွမ်း” လောင်နေသလို ခံစားရသည်။ သူသည် ပင်ပန်းနွမ်းနယ်နေကာ “မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍ ညှိုးနွမ်းလျက်ရှိ” ပြီး “အိမ်မိုးပေါ်မှာ တစ်ကောင်တည်းနေရသော ငှက်ကဲ့သို့” အထီးကျန်နေသည်။ သူခံရသောစမ်းသပ်မှုများကြောင့် ခံတွင်းပျက်နေပြီး နေ့စဉ်နှင့်အမျှ ညည်းတွားနေရ ရှာသည်။ (ဆာလံ ၁၀၂:၃-၁၁) သို့တိုင် ဆာလံဆရာသည် မျှော်လင့်ချက်ရှိနိုင်သေးသည်။ အဘယ်ကြောင့်နည်း။ ဇိအုန်ခေါ် ယေရုရှလင်မြို့နှင့်ပတ်သက်သော ယေဟောဝါ၏ ကတိတော်များကြောင့်ဖြစ်၏။
ဇိအုန်သည် ဖျက်ဆီးခံခဲ့ရသော်လည်း ယင်းကို ပြန်လည်တည်ထောင်မည်ဟု ယေဟောဝါ ကတိထားတော်မူသည်။ (ဟေရှာယ ၆၆:၈) ထို့ကြောင့် ဆာလံဆရာသည် ယေဟောဝါအား ဤသို့ယုံ ကြည်စိတ်ချစွာ လျှောက်တင်ခဲ့သည်– ‘ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော်မူသောအချိန်ရောက်ပါပြီ။ ဘုရားသခင်သည် ဇိအုန်မြို့ကိုတည်ထောင်၍ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။’ (ဆာလံ ၁၀၂:၁၃၊ ၁၆) ထို့နောက် မိမိခံစားရသော ဆင်းရဲခက်ခဲမှုအကြောင်း သူဆက်ပြောဆိုခဲ့သည်။ ယေဟောဝါသည် ပျက်စီးနေသောယေရုရှလင်မြို့ကို တန်ခိုးတော်ဖြင့် ပြန်လည်တည်ထောင်ပေးနိုင်လျှင် မိမိ၏အခြေအနေဆိုးမှလည်း ကယ်နုတ်နိုင်မည်ဟု သူဆင်ခြင်ခဲ့သည်။ (ဆာလံ ၁၀၂:၁၇၊ ၂၀၊ ၂၃) ဆာလံဆရာသည် ယေဟောဝါအား အကြွင်းမဲ့ယုံ ကြည်ကိုးစားရသည့် အခြားအကြောင်းတစ်ခုလည်း ရှိသေးသည်။ ယင်းကားအဘယ်နည်း။ ဘုရားသခင်သည် ထာဝရတည်ရှိသည့်အကြောင်းဖြစ်သည်။
ယေဟောဝါ၏ထာဝရတည် ရှိ မှုနှင့် ဆာလံဆရာ၏တိုတောင်းသောအသက်တာသည် အလွန်ကွာခြားလိုက်လေခြင်း။ ထို့ကြောင့် ဆာလံဆရာက ယေဟောဝါအား “ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက်မြဲကြပါ၏” ဟုဆိုခဲ့သည်။ (ဆာလံ ၁၀၂:၂၄) ထို့နောက် သူဤသို့ဆက်ဆိုသည်– “ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။”—ဆာလံ ၁၀၂:၂၅။
သို့တိုင် မိုးကောင်းကင်နှင့် မြေကြီး၏ သက်တမ်းကြာညောင်းမှုပင်လျှင် ယေဟောဝါ၏ထာဝရအဖြစ်တော်နှင့် မယှဉ်နိုင်ပေ။ ဆာလံဆရာသည် ထပ်ဆင့်၍ ဤသို့ဆို၏– “ထိုအရာ [မိုးကောင်းကင်နှင့်မြေကြီး] တို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။” (ဆာလံ ၁၀၂:၂၆) ပကတိမိုးကောင်းကင်နှင့် မြေကြီးသည် ပျက်စီးသွားနိုင်သည်။ ယင်းတို့အစဉ်အမြဲတည်ရှိလိမ့်မည်ဟု အခြားကျမ်းချက်များတွင် ယေဟောဝါမိန့်ဆိုခဲ့သည်မှာ မှန်ပါသည်။ (ဆာလံ ၁၁၉:၉၀; ဒေ. ၁:၄) သို့သော် ဘုရားသခင်အလိုတော်ရှိလျှင် ယင်းတို့ကို ဖျက်ဆီးပစ်နိုင်သည်။ ဘုရားသခင်မူကား မသေဆုံးနိုင်ပေ။ ထိုဖန်ဆင်းရာတို့ “အမြဲတည်” ရှိနေခြင်းမှာ ယင်းတို့ကို ဘုရားသခင် ဆက်တည်ရှိနေစေသောကြောင့်သာ ဖြစ်၏။ (ဆာလံ ၁၄၈:၆) ထိုမျက်မြင်ရဖန်ဆင်းရာများကို ယေဟောဝါ ဆက်၍အသစ်ပြုပြင်မပေးလျှင် ယင်းတို့သည် “အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်” လိမ့်မည်။ (ဆာလံ ၁၀၂:၂၆) လူတစ်ဦး၏အဝတ်အစားသည် သုံးမရဖြစ်သွားပြီးသည့်တိုင် ထိုသူဆက်ရှိနေနိုင်သကဲ့သို့ ယေဟောဝါအလိုတော်ကြောင့် မိမိ၏ဖန်ဆင်းရာ ပျက်စီးသွားသည့်တိုင် ကိုယ်တော်ဆက်လက်တည်ရှိပေမည်။ သို့ရာတွင် ထိုသို့ဖြစ်ရန် ဘုရားသခင်အလိုတော်မရှိကြောင်း အခြားကျမ်းချက်များက ဖော်ပြသည်။ ယေဟောဝါသည် ပကတိမိုးကောင်းကင်နှင့် မြေကြီးကို ထာဝရတည်စေတော်မူမည်ဟု သမ္မာကျမ်းစာက အာမခံထားသည်။—ဆာလံ ၁၀၄:၅။
ယေဟောဝါသည် မိမိ၏ကတိတော်အားလုံးကို ပြည့်စုံစေရန် အမြဲတည်ရှိနေမည်ဖြစ်ကြောင်း သိရခြင်းက အားရှိစရာပင်။ အဘယ်စမ်းသပ်မှုမျိုးကိုမဆို ကျွန်ုပ်တို့ရင်ဆိုင်ကြရပါစေ၊ ကိုယ်တော်အား အကူအညီတောင်းခံလျှင် “ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏[ဆုတောင်းခြင်း]ကို မှတ်တော်မူ” မည်ကို ယုံကြည်စိတ်ချနိုင်ကြသည်။ (ဆာလံ ၁၀၂:၁၇) မှန်ပါသည်၊ ဆာလံ ၁၀၂ တွင် တွေ့ ရှိရသည့် ယေဟောဝါ၏ကတိတော်သည် ကျွန်ုပ်တို့နေထိုင်သည့် ကမ္ဘာမြေကြီးထက်ပင် ပို ၍ခိုင်မာပါသည်။