ဖန်ဆင်းရှင်၏အမှုတော်ကိုဆောင်နေရန် ဆုံးဖြတ်ခြင်း
ဘဝအတ္ထုပ္ပတ္တိ
ဖန်ဆင်းရှင်၏အမှုတော်ကိုဆောင်နေရန် ဆုံးဖြတ်ခြင်း
ကောန်စတဲန်စ် ဘေနန်တီ ပြောပြသည်
အဖြစ်အပျက်က မြန်လွန်းလှတယ်။ ၂၂ လပဲရှိသေးတဲ့ ကျွန်မတို့ရဲ့သမီး ကာမီးလ်ဟာ ခြောက်ရက်အတွင်း အပြင်းဖျားပြီး ဆုံးသွားရှာတယ်။ ဖြေမဆည်နိုင်အောင် ကျွန်မဝမ်းနည်းပူဆွေးခဲ့ရတယ်။ ကျွန်မပါ လိုက်သေချင်တာ။ ဘုရားသခင်က ဘာကြောင့် ဒါမျိုးဖြစ်ခွင့်ပေးတာလဲ။ ကျွန်မနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။
ကျွန်မရဲ့မိဘတွေဟာ အီတလီနိုင်ငံ၊ စစ္စလီကျွန်း၊ ကာစတယ်လာမာရေး ဒယ်လ် ဂေါလ်ဖိုမြို့ကထွက်ခွာပြီး နယူးယောက်မြို့မှာ အခြေချနေထိုင်ခဲ့တယ်။ အဲဒီမြို့မှာပဲ ၁၉၀၈ ခု၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ ကျွန်မတို့မိသားစုမှာ အဖေ၊ အမေနဲ့ သားသမီးရှစ်ယောက်ရှိတယ်။ ယောက်ျားလေးက ငါးယောက်၊ မိန်းကလေးကသုံးယောက်။ *
၁၉၂၇ ခုနှစ်မှာ ကျွန်မရဲ့အဖေ စဲန်တို ကာတန်ဇာရိုဟာ အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ခေါ်တဲ့ ယေဟောဝါသက်သေအုပ်စုလေးရဲ့ အစည်းအဝေးတွေကို စတက်တယ်။ နယူးယောက်၊ ဘရွတ်ကလင်က (ဗေသလလို့ခေါ်တဲ့) ဌာနချုပ်မှာ အမှုထမ်းနေတဲ့ အီတာလျံညီအစ်ကို ဂျိုဗန်းနီ ဒေချီကာဟာ ကျွန်မတို့နဲ့သိပ်မဝေးတဲ့ နယူးဂျာစီပြည်နယ်မှာ အစည်းအဝေးတွေ ဦးစီးကျင်းပတယ်။ အချိန်တန်တော့ အဖေလည်း စဟောပြောလာပြီး သူကွယ်လွန်သွားတဲ့ ၁၉၅၃ ခုနှစ်အထိ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။
အမေငယ်ငယ်တုန်းက ခရစ်ယာန်သီလရှင်ဖြစ်ချင် ပေမဲ့ သူ့မိဘတွေက ခွင့်မပြုကြဘူး။ အစပိုင်းမှာ အမေ့သြဇာလွှမ်းမှုကြောင့် ကျွန်မအဖေနဲ့အတူ ကျမ်းစာမလေ့လာရဘူး။ ဒါပေမဲ့ သိပ်မကြာခင် အဖေအများကြီးပြောင်းလဲသွားတယ်။ အဖေပိုပြီးနူးညံ့ပျော့ပျောင်းလာတဲ့အတွက် မိသားစုဟာ ပိုအေးချမ်းသာယာလာတယ်။ အဲဒါကို ကျွန်မသဘောကျတယ်။
အဲဒီအတောအတွင်း ကျွန်မနဲ့သက်တူရွယ်တူဖြစ်ပြီး ဘရွတ်ကလင်မှာမွေးတဲ့ ချားလ်စ်နဲ့ဆုံတွေ့ခဲ့တယ်။ သူ့မိသားစုက ကျွန်မ တို့လိုပဲ စစ္စလီကျွန်းက ပြောင်းလာကြတာ။ သိပ်မကြာခင် ကျွန်မတို့စေ့စပ်လိုက်ကြပြီး ၁၉၃၁ ခုနှစ်က အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးကနေ အဖေပြန်လာတော့ ကျွန်မတို့လက်ထပ်လိုက်တယ်။ တစ်နှစ်အတွင်း သမီးလေး ကာမီးလ်ကို မွေးဖွားခဲ့တယ်။ သမီးဆုံးသွားတော့ ကျွန်မရင်ကျိုးရပါရော။ တစ်နေ့မှာ ချားလ်စ်က “မင်းကအမေဖြစ်သလို ငါလည်း အဖေတစ်ယောက်ပဲ။ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် အားပေးနှစ်သိမ့်ရင်း ဆက်သွားရမှာပဲ” ဆိုပြီးတော့ ငိုရင်းပြောတယ်။
ကျမ်းစာအမှန်တရားကို လက်ခံခြင်း
ကာမီးလ်ရဲ့အသုဘအခမ်းအနားတုန်းက အဖေဟောခဲ့တဲ့ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်းကို ချားလ်စ်က အစပြန်ဖော်တယ်။ “ရှင်ပြန်ထမြောက်ခြင်းကို ရှင်တကယ်ယုံသလား” ဆိုပြီး သူ့ကိုကျွန်မမေးကြည့်တယ်။
သူက “ကိုယ်ယုံတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုပြောထားသလဲဆိုတာ လေ့လာကြည့်ရအောင်လား” ဆိုပြီး သူပြောတယ်။
အဲဒီည ကျွန်မအိပ်လို့မပျော်ဘူး။ ဒါနဲ့ မနက်ခြောက်နာရီထိုးတော့ ချားလ်စ်နဲ့ကျွန်မ ကျမ်းစာလေ့လာချင်တဲ့အကြောင်း အဖေအလုပ်မသွားခင် သွားပြောပြတယ်။ အဖေက ကျွန်မကိုဝမ်းသာအားရ ဖက်ယမ်းခဲ့တယ်။ အိပ်ရာကမထသေးတဲ့အမေက ကျွန်မတို့ပြောနေတာကို ကြားသွားတော့ ဘာဖြစ်တာလဲလို့မေးတယ်။ ကျွန်မက “ဘာမှမဖြစ်ပါဘူး။ ချားလ်စ်နဲ့ကျွန်မ ကျမ်းစာလေ့လာဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ပြောပြတယ်။
အမေက “တို့တွေအားလုံး ကျမ်းစာလေ့လာဖို့လိုနေပြီ” ဆိုပြီးပြောတယ်။ ဒါနဲ့ မောင်လေး၊ ညီမလေးတွေအပါအဝင် ကျွန်မတို့ ၁၁ ယောက်စလုံး မိသားစုလိုက် ကျမ်းစာစလေ့လာကြတယ်။
ကျမ်းစာလေ့လာမှုကနေ ကျွန်မနှစ်သိမ့်မှုရခဲ့တယ်။ စိတ်ရှုပ်ထွေးမှု၊ စိတ်သောကတွေ တဖြည်းဖြည်း ပြေပျောက်ပြီး မျှော်လင့်ချက်ရှိလာတယ်။ နောက်တစ်နှစ်အကြာ ၁၉၃၅ ခုနှစ်မှာ ကျွန်မတို့ဇနီးမောင်နှံဟာ တခြားသူတွေကို ကျမ်းစာအမှန်တရား စဝေမျှပေးနေပြီ။ ၁၉၃၇၊ ဖေဖော်ဝါရီလမှာ ရေနှစ်ခြင်းအကြောင်း ကျမ်းစာနဲ့ရှင်းလင်းပြတဲ့ ဟောပြောချက်တစ်ခုကို ဘရွတ်ကလင်၊ ဌာနချုပ်မှာ နားထောင်ပြီးတော့ အနီးအနားဟိုတယ်တစ်ခုက ရေကူးကန်မှာ တခြားသူတွေအများကြီးနဲ့အတူ ကျွန်မတို့နှစ်ခြင်းခံခဲ့ကြတယ်။ ဒီလိုလုပ်တာဟာ သမီးလေးကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်တွေ့ချင်တာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ကျွန်မသိကျွမ်း၊ ချစ်မြတ်နိုးလာရတဲ့ ဖန်ဆင်းရှင်ရဲ့အမှုတော်ကို ထမ်းဆောင်ချင်တာကြောင့်လည်း ပါတယ်။
အချိန်ပြည့်အမှုဆောင်ခြင်း
အထူးသဖြင့် အဲဒီအချိန်တုန်းက လူအတော်များများ ဘုရားသခင့်နိုင်ငံတော်သတင်းကို တုံ့ပြန်ကြပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်လာကြတဲ့အတွက် ကျွန်မသိလာတာတွေကို တခြားသူတွေကိုပြောပြရတာ စိတ်လှုပ်ရှားစရာကောင်းသလို အကျိုးလည်းဖြစ်ထွန်းစေတယ်။ (မဿဲ ၉:၃၇) ၁၉၄၁ ခုနှစ်မှာ ချားလ်စ်နဲ့ကျွန်မဟာ ယေဟောဝါသက်သေတွေက ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တွေ ဖြစ်လာကြတယ်။ သိပ်မကြာခင် ယာဉ်နောက်တွဲအိမ်တစ်လုံးကို ကျွန်မတို့ဝယ်လိုက်ပြီးတော့ ချားလ်စ်က မိသားစုပိုင် ဘောင်းဘီစက်ရုံကို မောင်လေးဖရဲန့်ခ်ရဲ့ လက်ထဲလွှဲအပ်လိုက်တယ်။ အတော်ကလေးကြာတဲ့အခါ ကျွန်မတို့ကို အထူးရှေ့ဆောင်တွေအဖြစ် ခန့်အပ်လိုက်တဲ့စာကိုရတော့ စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရတယ်။ အစကတော့ နယူးဂျာစီပြည်နယ်မှာ၊ အဲဒီနောက် နယူးယောက်ပြည်နယ်ကို ရောက်သွားတယ်။
၁၉၄၆ ခုနှစ်၊ မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးမြို့မှာ စည်းဝေးကြီးတက်နေတုန်း ယေဟောဝါသက်သေတွေရဲ့ အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ကျွန်မတို့ညွှန်ကြားခံရတယ်။ အဲဒီမှာ နေသန် အိပ်ခ်ျ. နောရ်၊ မီလ်တန် ဂျီ. ဟဲန်ရှယ်လ်တို့နဲ့ တွေ့ဆုံရတယ်။ သူတို့က ခရစ်ယာန်သာသနာပြုလုပ်ငန်းအကြောင်း၊ အထူးသဖြင့် အီတလီနိုင်ငံက ဟောပြောခြင်းလုပ်ငန်းအကြောင်း ကျွန်မတို့ကိုပြောပြတယ်။ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းတက်နိုင်မလားဆိုတာကို စဉ်းစားဖို့လည်း ပြောတယ်။
“စဉ်းစားပြီးရင် အဖြေပေးပါ” လို့ ကျွန်မတို့ကိုပြောတယ်။ ရုံးခန်းကအထွက် ချားလ်စ်နဲ့ကျွန်မ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရုံးခန်းထဲပြန်ဝင်ကြတယ်။ “ကျွန်မတို့စဉ်းစားပြီးပြီ။ ဂိလဒ်ကျောင်းတက်ဖို့ အသင့်ပါပဲ” ဆိုပြီး ပြောလိုက်တယ်။ ဆယ်ရက်လောက်ကြာတော့ ခုနစ်ကြိမ်မြောက်ဂိလဒ်ကျောင်းကို ကျွန်မတို့တက်နေကြပြီ။
ကျွန်မတို့ရဲ့သင်တန်းကာလဟာ မမေ့နိုင်စရာအချိန်ဖြစ်ခဲ့တယ်။ သင်တန်းပို့ချသူတွေရဲ့ စိတ်ရှည်မှု၊ မေတ္တာနဲ့ တိုင်းတစ်ပါးလယ်ကွင်းမှာ ကြုံရမယ့်အခက်အခဲတွေအတွက် အသင့်ပြင်ဆင်ပေးတာတွေကို ကျွန်မတို့ အထူးစွဲမှတ်ခဲ့ရတယ်။ ၁၉၄၆ ခု၊ ဇူလိုင်လမှာ သင်တန်းဆင်းတော့ အီတာလျံအတော်များများရှိတဲ့ နယူးယောက်မြို့မှာ ခဏတာဝန်ကျတယ်။ အဲဒီနောက် စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့ကြီး ရောက်လာတယ်။ ၁၉၄၇၊ ဇွန်လ ၂၅ ရက်နေ့မှာ ကျွန်မတို့တာဝန်ကျရာနေရာ အီတလီနိုင်ငံကို ထွက်ခွာခဲ့ကြတယ်။
တာဝန်ကျရာနေရာ၌ နေသားကျလာခြင်း
အရင်က စစ်ရေးအတွက်အသုံးပြုခဲ့တဲ့ သင်္ဘောနဲ့ ကျွန်မတို့ပင်လယ်ကူးခရီးထွက်ခဲ့ကြတယ်။ ၁၄ ရက်ကြာတော့ အီတလီဆိပ်ကမ်းမြို့ ဂျီနိုဝါကို ရောက်တယ်။ ဒုတိယကမ္ဘာစစ်ပြီးသွားတာ နှစ်နှစ်လောက်ပဲရှိသေးတော့ အဲဒီမြို့ဟာ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေတယ်။ ဥပမာ၊ မီးရထားဘူတာရုံဆိုရင် ဗုံးဒဏ်ကြောင့် ပြတင်းပေါက်မှန်တစ်ခုမှ မရှိဘူး။ ဂျီနိုဝါမြို့ကနေ ကုန်ရထားစီးပြီး ဌာနခွဲရုံးနဲ့ ခရစ်ယာန်သာသနာပြုအိမ်ရှိတဲ့ မီလန်မြို့ကို ကျွန်မတို့ ဆက်သွားကြတယ်။
စစ်ပြီးခေတ် အီတလီရဲ့အခြေအနေက တော်တော်လေးဆိုးတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပေမဲ့ နေရာတကာမှာ ဆင်းရဲဒဏ်ခံနေကြရတယ်။ မကြာပါဘူး၊ ကျွန်မအကြီးအကျယ်နေမကောင်းဖြစ်တော့တယ်။ ကျွန်မရဲ့နှလုံးအခြေအနေအတော်ဆိုးနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုကို ပြန်ရင်ကောင်းမယ်ထင်တယ်လို့ ဆရာဝန်တစ်ဦးက ပြောတယ်။ ဒါပေမဲ့ သူ့ရဲ့ဆေးစစ်ချက် မှားသွားလို့ တော်ပါသေးရဲ့။ နောက်ထပ် ၅၈ နှစ်ကြာတဲ့အထိ အီတလီနိုင်ငံမှာ ကျွန်မအမှုဆောင်နေတုန်းပဲ။
တာဝန်ကျတဲ့နေရာကိုရောက်ပြီး နှစ်အနည်းငယ်အကြာမှာ အမေရိကန်ပြည်ထောင်စုက ကျွန်မရဲ့မောင်လေးတွေက ကျွန်မတို့အတွက် ကားတစ်စီးဝယ်ပေးချင်တယ်လို့ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ကမ်းလှမ်းချက်ကို ချားလ်စ်က ငြင်းလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ကို ကျွန်မတန်ဖိုးထားတယ်။ ကျွန်မတို့သိရသလောက် အဲဒီတုန်းက အီတလီမှာရှိတဲ့ သက်သေခံတစ်ယောက်မှ ကားမရှိကြဘူး။ အဲဒီက ခရစ်ယာန်ညီအစ်ကိုတွေရဲ့ လူနေမှုအဆင့်အတန်းနဲ့ တညီတည်းနေတာ အကောင်းဆုံးဖြစ်မယ်လို့ ချားလ်စ်ယူဆခဲ့တယ်။ ၁၉၆၁ ခုနှစ်ကျမှ ကျွန်မတို့ ကားလေးတစ်စီးရခဲ့တယ်။
မီလန်မြို့မှာ ကျွန်မတို့ရဲ့ပထမဦးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမက မြေသားကြမ်းခင်းအခန်းတစ်ခန်းမှာဖြစ်တယ်။ သန့်စင်ခန်းမရှိဘူး။ ရေဆိုတာကလည်း မိုးရွာမှပဲ အိမ်ထဲဝင်လာတဲ့ရေကိုတွေ့ရတယ်။ ဟိုဟိုဒီဒီပြေးနေတဲ့ ကြွက်လေးတွေလည်းရှိတယ်။ အစည်းအဝေးတွေကျင်းပရင် အသုံးပြုဖို့ မီးသီးနှစ်လုံးရှိတယ်။ ဒီလိုအဆင်မပြေမှုတွေရှိပေမဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေ အစည်းအဝေးလာတက်ပြီး နောက်ဆုံး ကျွန်မတို့နဲ့အတူ ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်လာကြတာတွေ့ရတော့ အားရှိစရာပဲ။
ခရစ်ယာန်သာသနာပြု အတွေ့အကြုံများ
တစ်ခါတော့ လူတစ်ယောက်ကို ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လောဆိုတဲ့ စာအုပ်ငယ်ပေးခဲ့တယ်။ ကျွန်မတို့ပြန်အထွက်မှာ သူ့ဇနီးစန်တီးနာက ကုန်ခြောက်ပစ္စည်းတွေ တနင့်တပိုးကြီးသယ်ပြီး ပြန်လာတယ်။ စိတ်နည်းနည်းတိုနေတဲ့ဇနီးက သူ့မှာ သမီးရှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ရမှာမို့လို့ အချိန်မပေးနိုင်ဘူးလို့ပြောတယ်။ ကျွန်မ စန်တီးနာဆီ နောက်တစ်ခေါက် သွားလည်တော့ သူဇာထိုးနေတာကိုတွေ့တယ်။ သူ့အမျိုးသားက အိမ်မှာမရှိဘူး။ “ကျွန်မ နားမထောင်အားဘူး။ ပြီးတော့ စာလည်း မတတ်ဘူး” လို့သူကပြောတယ်။
ကျွန်မ ယေဟောဝါကို အသံတိတ်ဆုတောင်းလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့အမျိုးသားအတွက် ဆွယ်တာအင်္ကျီတစ်ထည် ထိုးပေးနိုင်မလားလို့ မေးကြည့်တယ်။ နှစ်ပတ်အကြာမှာ ဆွယ်တာအင်္ကျီပြီးသွားတယ်။ ဒီလိုနဲ့ “အမှန်တရားသည် သင်တို့ကို လွှတ်လိမ့်မည်” စာအုပ်ကိုသုံးပြီး ကျွန်မနဲ့စန်တီးနာ ကျမ်းစာကို မှန်မှန်စလေ့လာဖြစ်တယ်။ စန်တီးနာဟာ စာဖတ်တတ်လာပြီး သူ့အမျိုးသား အတိုက်အခံလုပ်တဲ့ကြားက တိုးတက်လာပြီး နှစ်ခြင်းခံခဲ့တယ်။ သူ့သမီးငါးယောက်လည်း သက်သေခံတွေဖြစ်လာတဲ့အပြင် လူအတော်များများ ကျမ်းစာအမှန်တရားလက်ခံလာနိုင်အောင် သူကူညီပေးတယ်။
၁၉၅၁ ခု၊ မတ်လမှာ ခရစ်ယာန်သာသနာပြုနှစ်ယောက်ဖြစ်တဲ့ ရုသ် ကယ်နန် *၊ လိုးဝစ္စ ကာလဟန်တို့နဲ့အတူ သက်သေခံတွေမရှိတဲ့ ဘရက်ရှာမြို့ကို ကျွန်မတို့ပြောင်းရွှေ့ခဲ့ရတယ်။ နောက်ပိုင်းမှာ လိုးဝစ္စ ကာလဟန်က ဘေးလ် ဝန်းငတ်ကို လက်ထပ်ခဲ့တယ်။ အဲဒီမှာ ပရိဘောဂအစုံရှိတဲ့ တိုက်ခန်းတစ်ခန်းရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ နှစ်လအကြာမှာ အိမ်ရှင်က ကျွန်မတို့ကို ၂၄ နာရီအတွင်း သူ့အိမ်ကထွက်ဖို့ပြောတယ်။ အဲဒီဒေသမှာ တခြားသက်သေခံတွေမရှိတဲ့အတွက် မလွှဲမရှောင်သာဘဲ ဟိုတယ်တစ်ခုမှာ နှစ်လလောက်နေရတယ်။
ကျွန်မတို့အစားအသောက်ကတော့ ဆင်းရဲတယ်။ ကော်ဖီရယ်၊ မုန့်နည်းနည်းရယ် ဒိန်ခဲနဲ့အသီးအနှံတချို့ရယ်ကိုပဲ ကျွန်မတို့စားခဲ့ရတယ်။ အဆင်မပြေတာလေးတွေရှိပေမဲ့ ကောင်းချီးတွေ ခံစားကြရတယ်။ အတော်ကြာတော့ တိုက်ခန်းလေးတစ်ခန်း ရှာတွေ့ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ်သုံးခဲ့တယ်၊ ၁၉၅၂ ခုနှစ်က အဲဒီအခန်းကျဉ်းလေးမှာလုပ်တဲ့ ခရစ်တော်ရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်သူ ၃၅ ယောက်ရှိတယ်။
အခက်အခဲများကို ကျော်လွှားခြင်း
အဲဒီတုန်းက ခရစ်ယာန်ဘုန်းကြီးတွေ ကြီးစိုးနေတဲ့အချိန်ဖြစ်တယ်။ ဥပမာ၊ ဘရယ်ရှာမြို့မှာ ဟောပြောနေတုန်း ကျွန်မတို့ကို ခဲနဲ့ပေါက်ဖို့ ကောင်လေးတချို့ကို ခရစ်ယာန်ဘုန်းကြီးက သွေးထိုးခဲ့တယ်။ ဒါပေမဲ့ အတန်ကြာတော့ ကျမ်းစာလေ့လာသူ ၁၆ ယောက်ရှိလာပြီး အချိန်တိုအတွင်းမှာ သက်သေခံတွေဖြစ်လာကြတယ်။ သူတို့အထဲမှာ ဘယ်သူပါလဲသိလား။ ကျွန်မတို့ကို ခဲနဲ့ပစ်ဖို့ သွေးထိုးခံရတဲ့ကောင်လေးတစ်ယောက်ပါတယ်။ အခု သူဟာ ဘရယ်ရှာမြို့က အသင်းတော်တစ်ခုမှာ အကြီးအကဲတစ်ယောက်အဖြစ် အမှုထမ်းနေပါတယ်။ ၁၉၅၅ ခုနှစ်၊ ဘရယ်ရှာမြို့ကနေ ကျွန်မတို့ထွက်ခွာချိန်မှာ ကြေညာသူအယောက် ၄၀ က ဟောပြောခြင်းလုပ်ငန်းမှာ ပါနေကြပြီ။
အဲဒီနောက် လက်ဟောန်မြို့ (လီဗော်နို) မှာ သုံးနှစ်အမှုဆောင်ခဲ့ကြတယ်။ အဲဒီမှာ သက်သေခံအများစုက အမျိုးသမီးတွေဖြစ်နေတာကြောင့် ညီအစ်ကိုတွေတာဝန်ယူရတဲ့ အသင်းတော်တာဝန်တွေကို ကျွန်မတို့ညီအစ်မတွေက တာဝန်ယူပေးရတယ်။ နောက်တော့ အစောပိုင်း ၁၁ နှစ်က ကျွန်မတို့တာဝန်စကျတဲ့ ဂျီနိုဝါမြို့ကို ပြန်ပြောင်းရွှေ့ရတယ်။ ကျွန်မတို့ပြန်ရောက်ချိန်မှာ အသင်းတော်တစ်ခုရှိနေပြီ။ ဘုရားသခင့်နိုင်ငံတော်ခန်းမက ကျွန်မတို့နေတဲ့တိုက်ရဲ့မြေညီထပ်မှာဖြစ်တယ်။
ဂျီနိုဝါမြို့ကိုရောက်ပြီး မကြာခင် အမျိုးသမီးတစ်ယောက်နဲ့ ကျွန်မသင်အံမှုစခဲ့တယ်။ သူ့အမျိုးသားက လက်ဝှေ့အားကစားရုံ မန်နေဂျာဖြစ်ပြီး အရင်က လက်ဝှေ့သမားတစ်ယောက်ဖြစ်တယ်။ အဲဒီအမျိုးသမီးဟာ ဝိညာဉ်ရေးမှာ တိုးတက်လာပြီး သိပ်မကြာခင် ခရစ်ယာန်ညီအစ်မတစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့အမျိုးသားက တော်တော်ကြာကြာ အတိုက်အခံလုပ်တယ်။ နောက်ပိုင်းမှာ သူ့အမျိုးသမီးနဲ့ အစည်းအဝေးလိုက်လာတယ်။ ခန်းမထဲမဝင်ဘဲ အပြင်ကပဲ ထိုင်နားထောင်တယ်။ ဂျီနိုဝါမြို့က ကျွန်မတို့ထွက်ခွာပြီး မကြာခင် အဲဒီလူဟာ သူ့ကိုကျမ်းစာသင်ပေးဖို့ တောင်းဆိုတယ်လို့ကြားတယ်။ အတန်ကြာတော့ သူနှစ်ခြင်းခံပြီး မေတ္တာပြည့်ဝတဲ့ ခရစ်ယာန်ကြီးကြပ်မှူးတစ်ယောက်ဖြစ်လာတယ်။ ကွယ်လွန်ချိန်အထိ သူသစ္စာတည်ကြည်ခဲ့တယ်။
ရဲတစ်ယောက်နဲ့စေ့စပ်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့လည်း ကျွန်မကျမ်းစာသင်အံမှုလုပ်တယ်။ အစပိုင်းမှာ အဲဒီရဲက စိတ်ဝင်စားသလိုလိုနဲ့ လက်ထပ်ပြီးတော့ သဘောထားပြောင်းသွားတယ်။ သူအတိုက်အခံလုပ်တာနဲ့ အမျိုးသမီးက ကျမ်းစာမလေ့လာတော့ဘူး။ နောက်ပိုင်း ကျမ်းစာပြန်လေ့လာတဲ့အခါ သူ့အမျိုးသားက ကျွန်မတို့ကျမ်းစာလေ့လာနေတာကိုတွေ့ရင် နှစ်ယောက်စလုံးကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ ဒီအမျိုးသမီးလည်း ဝိညာဉ်ရေးမှာ တိုးတက်လာပြီး နှစ်ခြင်းခံပြီးတဲ့ သက်သေခံတစ်ယောက်ဖြစ်လာတယ်။ ကျွန်မတို့ကို သူ့အမျိုးသား မသတ်ဖြစ်ပါဘူး။ နှစ်တွေကြာပြီးတဲ့နောက် ဂျီနိုဝါမြို့မှာ ကျင်းပတဲ့စည်းဝေးပွဲတစ်ခုကို ကျွန်မတက်နေတဲ့အချိန်မှာ လူတစ်ယောက် နောက်ကနေ ကျွန်မမျက်စိကိုလာပိတ်ပြီး သူဘယ်သူလဲဆိုတာ မှန်းကြည့်နိုင်မလားလို့မေးတယ်။ ခုနအမျိုးသမီးရဲ့ယောက်ျားဖြစ်နေတာ တွေ့လိုက်ရတော့ ကျွန်မမှာ ဝမ်းသာလွန်းလို့ မျက်ရည်ကျမိတယ်။ သူက ကျွန်မကို ဖက်ယမ်းနှုတ်ဆက်ပြီးတဲ့နောက် အဲဒီနေ့မှာပဲ ယေဟောဝါဆီမှာ သူအပ်နှံ နှစ်ခြင်းခံလိုက်ပြီဆိုတာ ပြောပြတယ်။
၁၉၆၄ ကနေ ၁၉၇၂ ခုနှစ်အထိ ချားလ်စ်က အသင်းတော်တွေ ဝိညာဉ်ရေးခိုင်ခံ့ရအောင် လည်ပတ်အားပေးတဲ့အခါ ကျွန်မပါလိုက်ခွင့်ရတယ်။ ပိဒ်မောန့်၊ လမ်ဘာဒီ၊ လဂယူးရီးယားစတဲ့ အီတလီမြောက်ပိုင်းဒေသ အားလုံးနီးပါးကို ကျွန်မတို့ရောက်တယ်။ အဲဒီနောက် ဖလောရဲန့်စ်ခရိုင်နားမှာ ပြီးတော့ ဗာချဲလီမှာ ရှေ့ဆောင်ပြန်လုပ်ကြတယ်။ ၁၉၇၇ ခုနှစ်က ဗာချဲလီမှာ အသင်းတော်တစ်ခုပဲရှိရာကနေ ကျွန်မတို့အဲဒီကထွက်တဲ့ ၁၉၉၉ ခုနှစ်ကျတော့ အသင်းတော်သုံးခုရှိနေပြီ။ ကျွန်မအသက် ၉၁ နှစ်ပြည့်သွားတဲ့ အဲဒီနှစ်မှာ ရောမမြို့ရဲ့ ဆိပ်ငြိမ်ရပ်ကွက်တစ်ခုမှာရှိပြီး လှပတဲ့အဆောက်အအုံလေးဖြစ်တဲ့ ခရစ်ယာန်သာသနာပြုအိမ်ကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခံရကြတယ်။
ဝမ်းနည်းဖွယ်ဖြစ်ရပ် နောက်တစ်ခု
၂၀၀၂ ခု၊ မတ်လမှာ အမြဲတမ်းကျန်းမာရေးကောင်းတဲ့ ချားလ်စ်တစ်ယောက် ဗြုန်းစားကြီး ကျန်းမာရေးဖောက်လာတယ်။ အခြေအနေက ပိုဆိုးလာပြီး ၂၀၀၂၊ မေလ ၁၁ ရက်နေ့မှာ သူဆုံးသွားတယ်။ အေးအတူ၊ ပူအမျှနေခဲ့ကြတဲ့ အိမ်ထောင်သက် ၇၁ နှစ်အတွင်း ဝမ်းနည်းစရာအချိန်တွေမှာ ကျွန်မတို့ အတူတူငိုခဲ့ကြပြီး ကောင်းချီးတွေခံစားရချိန်မှာ အတူတူဝမ်းသာခဲ့ကြတယ်။ သူသေဆုံးသွားတာဟာ ကျွန်မအတွက် အကြီးအကျယ်ကြေကွဲရတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။
ရင်ဖုံးနှစ်ထပ်အင်္ကျီဝတ်ပြီး ၁၉၃၀ ပြည့်လွန်နှစ်တွေက ခေတ်စားတဲ့ဦးထုပ်နဲ့ ချားလ်ကို ကျွန်မ မကြာမကြာမြင်ယောင်မိတယ်။ သူ့ရဲ့အပြုံးကို မြင်ယောင်ပြီး သူ့ရယ်သံတွေကို ကြားယောင်နေမိတယ်။ ယေဟောဝါရဲ့အကူအညီနဲ့ ချစ်ခင်ရတဲ့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေရဲ့မေတ္တာကြောင့် ဒီလိုဝမ်းနည်းကြေကွဲရချိန်ကို ကျွန်မခံရပ်နိုင်ခဲ့တယ်။ ချားလ်နဲ့ ပြန်တွေ့ရမယ့်အချိန်ကို ကျွန်မတမ်းတစောင့်မျှော်နေပါတယ်။
အမှုဆောင်မြဲဆောင်နေဆဲ
ဖန်ဆင်းရှင်ရဲ့အမှုတော်ဆောင်ရတာဟာ ကျွန်မဘဝမှာ နှစ်သက်ပျော်ရွှင်ဖွယ်အကောင်းဆုံးအရာဖြစ်ခဲ့တယ်။ နှစ်တွေတစ်လျှောက် ‘ယေဟောဝါကောင်းမြတ်တော်မူကြောင်းကို မြည်းစမ်းပြီး သိမှတ်’ ခဲ့ရတယ်။ (ဆာလံ ၃၄:၈) ကိုယ်တော့်မေတ္တာတော်ကို ခံစားရပြီး ကိုယ်တော်ဂရုစိုက်စောင့်ရှောက်ပေးတာ ကြုံခဲ့ရတယ်။ သမီးလေးကို ဆုံးရှုံးခဲ့ရပေမဲ့ ကျွန်မရဲ့စိတ်နှလုံးနဲ့ ကိုယ်တော်ရဲ့စိတ်နှလုံးကို ရွှင်ပြုံးစေခဲ့တဲ့ အီတလီနိုင်ငံတစ်ဝန်းက ဝိညာဉ်ရေးရာသားသမီးတွေ အများကြီး ယေဟောဝါပေးသနားခဲ့တယ်။
ကျွန်မရဲ့ဖန်ဆင်းရှင်အကြောင်း တခြားသူတွေကိုပြောပြနေရတာကို ကျွန်မအကြိုက်ဆုံးပဲ။ အဲဒါကြောင့် ကျွန်မဟောပြောနေတုန်း၊ ကျမ်းစာသင်အံမှုတွေ ကျင်းပနေတုန်းပဲ။ တစ်ခါတလေ ကျွန်မရဲ့ကျန်းမာရေးကြောင့် သိပ်မလုပ်နိုင်တော့တာကို ဝမ်းနည်းမိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ကန့်သတ်ချက်တွေကို ယေဟောဝါသိထားပြီး ကျွန်မတတ်နိုင်သမျှလုပ်တာကို ကိုယ်တော်နှစ်သက်၊ တန်ဖိုးထားတယ်ဆိုတာ ကျွန်မသိတယ်။ (မာကု ၁၂:၄၂) “ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကို ချီးမွမ်းမည်။ ငါဖြစ်စဉ်ကာလပတ်လုံး ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်” ဆိုတဲ့ ဆာလံဆရာရဲ့စကားနဲ့အညီ ကျွန်မကြိုးစားနေထိုင်ပါတယ်။ *
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 ကင်းမျှော်စင် ၁၉၇၅၊ ဧပြီ ၁၊ စာမျက်နှာ ၂၀၅-၇ [လိပ်] မှာ ကျွန်မရဲ့မောင်လေး အန်ဂျလို ကာတန်ဇာရိုရဲ့တွေ့ကြုံမှုပါတယ်။
^ အပိုဒ်၊ 28 သူ၏ဘဝအတ္ထုပ္ပတ္တိကို ၁၉၇၁ ခု၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇၇-၈၀ [လိပ်] တွင်ရှု။
^ အပိုဒ်၊ 41 အသက် ၉၆ နှစ်ရှိပြီဖြစ်သော ညီအစ်မဘေနန်တီသည် ဤဆောင်းပါးကိုပြင်ဆင်နေစဉ် ၂၀၀၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် ကွယ်လွန်သွားသည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ကာမီးလ်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
၁၉၃၁ ခုနှစ်၊ ကျွန်မတို့လက်ထပ်သည့်နေ့
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
အစပိုင်းတွင် စိတ်မဝင်စားသော်လည်းကျွန်မတို့အားလုံး ကျမ်းစာလေ့လာသင့်သည်ဟု အမေသဘောတူလာ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
၁၉၄၆ ခုနှစ်၊ ဂိလဒ်ကျောင်းဆင်းပွဲတွင် ညီအစ်ကို နောရ်နှင့်အတူ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ချားလ်စ်မကွယ်လွန်မီလေးတွင် သူနှင့်အတူ