ဓမ္မရာဇဝင်စတုတ္ထစောင်မှ ပေါ်လွင်ချက်များ
ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏
ဓမ္မရာဇဝင်စတုတ္ထစောင်မှ ပေါ်လွင်ချက်များ
ဓမ္မရာဇဝင်စတုတ္ထစောင်သည် ဓမ္မရာဇဝင်တတိယစောင်၏အဆက်ဖြစ်သည်။ ယင်းသည် မြောက်ပိုင်းဣသရေလနိုင်ငံမှရှင်ဘုရင် ၁၂ ပါး၊ တောင်ပိုင်းယုဒနိုင်ငံမှရှင်ဘုရင် ၁၇ ပါး၊ အားလုံးပေါင်းရှင်ဘုရင် ၂၉ ပါးအကြောင်းဖြစ်သည်။ ပရောဖက်များဖြစ်ကြသော ဧလိယ၊ ဧလိရှဲ၊ ဟေရှာယတို့၏ လုပ်ဆောင်မှုများကိုလည်း ဓမ္မရာဇဝင်စတုတ္ထစောင်တွင် ဖော်ပြထားသည်။ ယင်းသည် နှစ်ကာလအစဉ်အတိုင်း အတိအကျမဟုတ်သော်လည်း ရှမာရိနှင့် ယေရုရှလင်မြို့ပျက်စီးချိန်အထိ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသည်။ ဓမ္မရာဇဝင်စတုတ္ထစောင်သည် နှစ်ပေါင်း ၃၄၀ ကြာကာလကို ခြုံငုံဖော်ပြသည်၊ ဘီ.စီ.အီး. ၉၂၀ မှ ဤစာစောင်ကို ပရောဖက်ယေရမိ ရေးသားပြီးစီးချိန်ဖြစ်သော ဘီ.စီ.အီး. ၅၈၀ အထိအကြောင်းဖြစ်သည်။
ဓမ္မရာဇဝင်စတုတ္ထစောင်သည် ကျွန်ုပ်တို့အတွက် မည်မျှအဖိုးထိုက်သနည်း။ ယင်းက ယေဟောဝါနှင့် ကိုယ်တော်၏ပြုမူဆက်ဆံပုံများအကြောင်း အဘယ်အရာသွန်သင်ပေးသနည်း။ ဤစာစောင်တွင်ဖော်ပြထားသော ဘုရင်များ၊ ပရောဖက်များနှင့် အခြားသူများ၏လုပ်ရပ်များမှ အဘယ်သင်ခန်းစာရနိုင်သနည်း။ ဓမ္မရာဇဝင်စတုတ္ထစောင်မှ အဘယ်အရာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။
ဧလိယ၏အရိုက်အရာကို ဧလိရှဲဆက်ခံ
ဣသရေလရှင်ဘုရင်အာခဇိသည် မိမိအိမ်တွင် လဲကျ၍ နာမကျန်းဖြစ်လေသည်။ ပရောဖက်ဧလိယထံမှ သူသေရလိမ့်မည်ဟူသော သတင်းရရှိခဲ့သည်။ အာခဇိကွယ်လွန်သော် သူ၏ညီတော်ယောရံ နန်းတက်လေသည်။ ထိုအချိန်အတွင်း ယုဒနိုင်ငံကို ယောရှဖတ် အုပ်ချုပ်နေသည်။ ဧလိယသည် လေပွေဖြင့်ခေါ်ဆောင်ခံရကာ လက်ထောက်ဖြစ်သူဧလိရှဲက ပရောဖက်တစ်ပါးအဖြစ် သူ၏အရိုက်အရာကို ဆက်ခံသည်။ ၎င်းနောက် ဧလိရှဲသည် အမှုတော်ဆောင်ချိန်အနှစ် ၆၀ အတွင်း အံ့ဖွယ်အမှုများစွာ ပြုလုပ်ခဲ့သည်။—“ဧလိရှဲ၏အံ့ဖွယ်အမှုများ” လေးထောင့်ကွက်ကိုရှု။
မောဘရှင်ဘုရင်တစ်ပါးက ဣသရေလလူမျိုးကို ပုန်ကန်သောအခါ ယောရံ၊ ယောရှဖတ်၊ ဧဒုံရှင်ဘုရင်တို့သည် သူ့ကိုစစ်တိုက်ဖို့ ထွက်လာခဲ့ကြသည်။ ယောရှဖတ်၏သစ္စာရှိမှုကြောင့် သူတို့ အနိုင်ရခဲ့ကြသည်။ နောက်ပိုင်းတွင် ရှုရိရှင်ဘုရင်သည် ဣသရေလလူမျိုးကို လျှပ်တစ်ပြက်တိုက်ခိုက်ရန် စီစဉ်လေသည်။ သို့ရာတွင် ဧလိရှဲက ထိုအစီအစဉ်ကို ဖျက်လိုက်သည်။ ထိုအခါ ရှုရိရှင်ဘုရင်က အမျက်ထွက်ကာ ဧလိရှဲကိုဖမ်းဆီးရန် “မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများကိုစေလွှတ်” လိုက်သည်။ (၄ ဓမ္မရာဇဝင် ၆:၁၄) ဧလိရှဲသည် အံ့ဖွယ်အမှုနှစ်ခုပြုကာ ရှုရိလူတို့နှင့် စစ်ပြေငြိမ်းသွားစေခဲ့သည်။ အတန်ကြာသော် ရှုရိဘုရင်ဗင်ဟာဒဒ်သည် ရှမာရိမြို့ကို ဝိုင်းရံပိတ်ဆို့ထားလေသည်။ ယင်းကြောင့် အကြီးအကျယ်အစာခေါင်းပါးခဲ့သော်လည်း အစာခေါင်းပါးဘေးအဆုံးတိုင်မည်ဟု ဧလိရှဲကြိုဟောလေ၏။
နောက်ပိုင်းတွင် ဧလိရှဲသည် ဒမသက်မြို့သို့ ထွက်သွား၏။ ရှင်ဘုရင်ဗင်ဟာဒဒ်သည် နာမကျန်းဖြစ်နေရာ မိမိပြန်နာလန်ထူမထူသိလို၍ ဟာဇေလကိုစေလွှတ်ကာ စုံစမ်းစေသည်။ ရှင်ဘုရင်သေဆုံးပြီး ဟာဇေလနန်းတက်လိမ့်မည်ဟု ဧလိရှဲ ကြိုဟောသည်။ နောက်တစ်နေ့တွင် ဟာဇေလသည် ရှင်ဘုရင်ကို “အဝတ်” စိုနှင့်ဖိသတ်ပြီး ထီးနန်းဆက်ခံခဲ့သည်။ (၄ ဓမ္မရာဇဝင် ၈:၁၅) ယုဒပြည်တွင် ယောရှဖတ်၏သားတော် ယဟောရံသည် ဘုရင်ဖြစ်လာပြီးနောက် သူ၏သားတော်အာခဇိက ထီးနန်းဆက်ခံခဲ့သည်။—“ယုဒနိုင်ငံနှင့် ဣသရေလနိုင်ငံ၏ရှင်ဘုရင်များ” လေးထောင့်ကွက်ကိုရှု။
ကျမ်းစာမေးခွန်းများ၏အဖြေ–
၂:၉—ဧလိရှဲသည် ‘ဧလိယ၏ဝိညာဉ်နှစ်ဆသောအဖို့ကို’ အဘယ်ကြောင့်တောင်းရသနည်း။ ဧလိရှဲသည် ဣသရေလလူမျိုး၏ ပရောဖက်တစ်ပါးအဖြစ် တာဝန်ထမ်းဆောင်ရန် ဧလိယနည်းတူ ရဲရင့်ဖို့၊ ကြောက်စိတ်မရှိဖို့ လိုပေမည်။ ဧလိရှဲက ယင်းကိုအသိအမှတ်ပြုကာ ဧလိယ၏ဝိညာဉ်နှစ်ဆသောအဖို့ကို တောင်းရခြင်းဖြစ်၏။ ဧလိယသည် ဧလိရှဲအား မိမိအရိုက်အရာဆက်ခံသူအဖြစ် ခန့်အပ်ခဲ့ပြီး ခြောက်နှစ်တိုင် သူ၏နောက်လိုက်ဖြစ်ခဲ့သည်၊ ထို့ကြောင့် ဧလိရှဲက ဧလိယအား မိမိ၏ဝိညာဉ်ရေးဖခင်အဖြစ် ရှုမြင်သည်၊ ဧလိရှဲသည် ဧလိယ၏ဝိညာဉ်ရေးသားဦးသဖွယ် ဖြစ်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၁၉-၂၁; ၄ ဓမ္မရာဇဝင် ၂:၁၂) ယင်းကြောင့် သားဦးဖြစ်သူသည် ဖခင်၏အမွေနှစ်ဆကို ရထိုက်သကဲ့သို့ ဧလိရှဲလည်း ဧလိယထံမှ ဝိညာဉ်ရေးအမွေနှစ်ဆသောအဖို့ကို တောင်းဆိုကာ ရရှိခဲ့ခြင်းဖြစ်သည်။
၂:၁၁—“ဧလိယသည် လေပွေအားဖြင့်” တက်သွားသော “ကောင်းကင်” ကားအဘယ်နည်း။ ယင်းသည် ဤစကြဝဠာနှင့် အလှမ်းဝေးသောနေရာမဟုတ်သကဲ့သို့ ဘုရားသခင်နှင့် ကိုယ်တော့်ကောင်းကင်သားများ ကျိန်းဝပ်ရာနေရာလည်း မဟုတ်ပေ။ (တရားဟောရာ ၄:၁၉; ဆာလံ ၁၁:၄; မဿဲ ၆:၉; ၁၈:၁၀) ဧလိယတက်သွားခဲ့သော “ကောင်းကင်” သည် မိုးကောင်းကင်လေထုဖြစ်သည်။ (ဆာလံ ၇၈:၂၆; မဿဲ ၆:၂၆) ဧလိယသည် မီးမြင်းနှင့်မီးရထားဖြင့် ကမ္ဘာ့လေထုထဲဖြတ်သန်းသွားကာ ကမ္ဘာမြေ၏အခြားတစ်နေရာသို့ ပြောင်းရွှေ့ခံရပြီး အတန်ကြာ ဆက်အသက်ရှင်ခဲ့သည်။ နှစ်အတန်ကြာသော် ဧလိယသည် ယုဒရှင်ဘုရင် ယဟောရံထံ စာတစ်စောင်ရေးပို့ခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၁:၁၊ ၁၂-၁၅။
၅:၁၅၊ ၁၆—ဧလိရှဲသည် နေမန်၏လက်ဆောင်ကို အဘယ်ကြောင့်လက်မခံခဲ့သနည်း။ နေမန်၏ရောဂါ အံ့ဖွယ်ပျောက်ကင်းသွားခြင်းသည် မိမိအစွမ်းဖြင့်မဟုတ်ဘဲ ယေဟောဝါ၏တန်ခိုးတော်ဖြစ်သည်ကို ဧလိရှဲ အသိအမှတ်ပြုသောကြောင့် လက်ဆောင်ကို လက်မခံခဲ့ချေ။ သူ့အနေနှင့် ဘုရားသခင်ခန့်အပ်ထားသောအခွင့်အရာမှ အကျိုးအမြတ်ရှာရန် လုံးဝစဉ်းစားမည်မဟုတ်ပေ။ ယနေ့ စစ်မှန်သောဝတ်ပြုသူများသည် ယေဟောဝါ၏လုပ်ငန်းတော်မှ အမြတ်မထုတ်ကြချေ။ “သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကိုခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့” ဟူသော ယေရှု၏သတိပေးချက်ကို သူတို့နှလုံးသွင်းကြသည်။—မဿဲ ၁၀:၈။
၅:၁၈၊ ၁၉—နေမန်သည် ဘာသာရေးလုပ်ရပ်တစ်ခု လုပ်ဆောင်ရခြင်းကြောင့် ခွင့်လွှတ်မှုတောင်းခံနေခြင်းလော။ ရှုရိရှင်ဘုရင်သည် အသက်အရွယ်အိုမင်းကာ အားအင်ချည့်နဲ့နေပြီဖြစ်ရာ နေမန်ကို မှီတွဲနေရသည်။ ရှင်ဘုရင်က ရိမ္မုန်ကျောင်းတွင် ဦးချဝတ်ပြုသည့်အခါ နေမန်လည်း အလားတူပြုခဲ့ရသည်။ သို့ရာတွင် နေမန်သည် ရှင်ဘုရင်၏ခန္ဓာကိုယ်ကို ဖေးမပေးရန် အလုပ်သဘောဆန်ဆန်သာ ထိုသို့လုပ်ဆောင်ခြင်းဖြစ်ပြီး ကိုးကွယ်လိုစိတ်မရှိခဲ့ချေ။ ဤတွင် နေမန်က ထိုနိုင်ငံရေးဝတ္တရားကို လုပ်ဆောင်ရသည့်အတွက် ခွင့်လွှတ်မှုတောင်းခံနေခြင်းဖြစ်သည်။ ဧလိရှဲက နေမန်ကိုယုံကြည်စွာဖြင့် “ငြိမ်ဝပ်စွာသွားလော့” ဟုဆိုလေသည်။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ–
၁:၁၃၊ ၁၄။ အကဲခတ်လေ့လာခြင်းနှင့် နှိမ့်ချစွာလုပ်ဆောင်ခြင်းတို့က အသက်ကိုကယ်တင်နိုင်သည်။
၂:၂၊ ၄၊ ၆။ ဧလိရှဲသည် ခြောက်နှစ်ခန့် ဧလိယ၏နောက်လိုက်ဖြစ်ခဲ့သော်လည်း သူနှင့် လုံးဝမခွဲခွာလိုခဲ့ပေ။ သစ္စာစောင့်သိမှုနှင့် ခင်မင်မှုပုံသက်သေကောင်းပါတကား!—သု. ၁၈:၂၄။
၂:၂၃၊ ၂၄။ ဧလိရှဲကို ဤသို့လှောင်ပြောင်ရသော အဓိကအကြောင်းရင်းကား ဧလိယ၏ဝတ်လုံကို ခေါင်းပြောင်သူတစ်ဦး ဝတ်ဆင်ထားခြင်းကြောင့်ဖြစ်ဟန်တူသည်။ ဧလိရှဲသည် ဘုရားသခင်၏ကိုယ်စားလှယ်ဖြစ်ကြောင်း ကလေးများသိထားကြရာ သူ့ကို လုံးလုံးမရှိစေလိုကြချေ။ သူတို့က “တက်ဦးလော့၊” တစ်နည်းအားဖြင့် ဗေသလအထိ ဆက်တက်သွားလော့၊ သို့မဟုတ် ဧလိယကဲ့သို့ ခေါ်ဆောင်ခံလော့ဟု ပြောဆိုကြသည်။ ထိုကလေးများသည် မိဘတို့၏ရန်လိုသဘောထားမျိုး တင်ပြနေကြောင်း ထင်ရှားသည်။ မိဘများသည် မိမိတို့ကလေးများအား ဘုရားသခင့်ကိုယ်စားလှယ်တို့ကို လေးစားရန် သွန်သင်ပေးဖို့ အလွန်အရေးကြီးပေသည်!
၃:၁၄၊ ၁၈၊ ၂၄။ ယေဟောဝါ၏နှုတ်မြွက်စကားများသည် အစဉ်ဖြစ်ပျက်လာသည်။
၃:၂၂။ နံနက်စောစောနေရောင်က ရေကို သွေးဟုထင်ယောင်ထင်မှားဖြစ်စေသည်၊ အကြောင်းမှာ တူးခါစ ရေမြောင်းများထဲတွင် အနီရောင်ရွှံ့စေးပါ၍ဖြစ်ပေမည်။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ပြည့်စုံစေရန် သဘာဝဖြစ်ရပ်များကို အသုံးပြုခဲ့ပေမည်။
၄:၈-၁၁။ ဧလိရှဲသည် “ဘုရားသခင်၏သန့်ရှင်းသူ” ဖြစ်ကြောင်း ရှုနင်မြို့သူ အသိအမှတ်ပြုကာ သူ့ကို ဧည့်ဝတ်ပြုခဲ့သည်။ ကျွန်ုပ်တို့လည်း ယေဟောဝါ၏သစ္စာရှိဝတ်ပြုသူများကို ထပ်တူမပြုသင့်ပေလော။
၅:၃။ ဣသရေလမိန်းမငယ်သည် အံ့ဖွယ်အမှုများကို ဘုရားသခင်ပြုလုပ်နိုင်ကြောင်း ယုံကြည်ခဲ့၏။ မိမိ၏ယုံကြည်ချက်ကို ထုတ်ပြောဖို့လည်း သတ္တိရှိသည်။ အသင်လူငယ်တို့လည်း ဘုရားသခင့်ကတိတော်တို့ကို ယုံကြည်စိတ်ချရန် ကြိုးစားကြပြီး ဆရာ/ဆရာမများနှင့် အတန်းဖော်များအား အမှန်တရားအကြောင်းပြောပြဖို့ သတ္တိမွေးပါသလော။
၅:၉-၁၉။ မာနကြီးသူတစ်ဦးပင် နှိမ့်ချမှုကို သင်ယူနိုင်ကြောင်း နေမန်၏ပုံသက်သေက မဖော်ပြပေလော။—၁ ပေတရု ၅:၅။
၅:၂၀-၂၇။ လိမ်လည်ဖို့ကြိုးစားခြင်းက အကျိုးနည်းလိုက်လေခြင်း! နှစ်ဘဝစံခြင်းကြောင့် စိတ်ပူပန်မှု၊ ပူဆွေးမှုတို့ဖြစ်တတ်ကြောင်း စေ့စေ့သုံးသပ်ခြင်းက အဆိုပါလမ်းစဉ်မျိုးကို ရှောင်ကြဉ်စေသည်။
ဣသရေလနှင့် ယုဒလူမျိုးတို့ ပြည်နှင်ခံရကြ
ယေဟုသည် ဣသရေလနိုင်ငံ၏ ဘိသိက်ခံရှင်ဘုရင်ဖြစ်သည်။ သူသည် ဖင့်နွှဲမနေဘဲ အာဟပ်၏အမျိုးအနွယ်ကို တိုက်ခိုက်ရန် စစ်ဆင်နွှဲခဲ့သည်။ ယေဟုသည် ‘ဗာလဝတ်ပြုရေးကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီး’ နိုင်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၀:၂၈) အာခဇိ၏မယ်တော် အာသလိသည် ယေဟုလက်ချက်ဖြင့် မိမိ၏သားတော် သေဆုံးရကြောင်းသိလေသော် ‘ယုဒနိုင်ငံ၏ ဆွေတော်မျိုးတော်အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရန်ထ’ ကာ ထီးနန်းသိမ်းလိုက်သည်။ (၄ ဓမ္မရာဇဝင် ၁၁:၁) အာခဇိ၏သားငယ် ယောရှမှာမူ လွတ်မြောက်သွားကာ ခြောက်နှစ်တိုင် ပုန်းလျှိုးနေခဲ့ပြီးနောက် ယုဒနိုင်ငံ၏ဘုရင်အဖြစ် ခန့်အပ်ခံရသည်။ ယဇ်ပုရောဟိတ် ယောယဒ၏သွန်သင်မှုကြောင့် ယောရှသည် ယေဟောဝါရှေ့တော်မှောက်၌ ဖြောင့်မတ်ရာကို ဆက်လုပ်ဆောင်ခဲ့သည်။
ယေဟုနောက်ပိုင်းတွင် ဣသရေလနိုင်ငံကိုအုပ်စိုးသော ရှင်ဘုရင်အားလုံး ယေဟောဝါ၏ရှေ့မှောက်တွင် မကောင်းမှုပြုခဲ့ကြသည်။ ယေဟု၏မြေးလက်ထက်တွင် ဧလိရှဲ သေဆုံးသွားသည်။ ယောရှပြီးနောက် စတုတ္ထမြောက်ယုဒရှင်ဘုရင်မှာ အာခတ်ဖြစ်ပြီး သူသည် ‘ထာဝရဘုရားသခင်ရှေ့တော်၌ တရားသောအမှုကိုမပြု’ ခဲ့ချေ။ (၄ ဓမ္မရာဇဝင် ၁၆:၁၊ ၂) သို့ရာတွင် သားတော်ဟေဇကိသည် ‘ယေဟောဝါ၏နောက်တော်သို့ အစဉ်အမြဲလိုက်’ သောဘုရင်ဖြစ်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၂၀; ၁၈:၆) ယုဒပြည်ကို ဟေဇကိစိုးစံချိန်နှင့် ဣသရေလပြည်ကို ဟောရှေအုပ်စိုးချိန်ဖြစ်သော ဘီ.စီ.အီး. ၇၄၀ တွင် အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် “ရှမာရိမြို့ကိုရပြီးလျှင် ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား” ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၆၊ သမ္မာ) ထို့နောက် တိုင်းတစ်ပါးသားများကို ဣသရေလနိုင်ငံသို့ ခေါ်သွင်းလာရာ ရှမာရိဘာသာတရား ပေါ်ပေါက်လာခဲ့သည်။
ယုဒနိုင်ငံတွင် ဟေဇကိနောက်ပိုင်း ဘုရင်ခုနစ်ပါးအနက် ယောရှိတစ်ပါးတည်းသာ မှားယွင်းသောဝတ်ပြုရေးကို ဖယ်ရှားခဲ့သည်။ နောက်ဆုံး ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်လူမျိုးသည် ယေရုရှလင်မြို့ကို သိမ်းပိုက်လိုက်ပြီး ‘ယုဒအမျိုးသည် မိမိပြည်မှသိမ်းသွားခြင်းကိုခံရ’ လေသည်။—၄ ဓမ္မရာဇဝင် ၂၅:၂၁။
ကျမ်းစာမေးခွန်းအဖြေများ–
၁၃:၂၀၊ ၂၁—ယင်းအံ့ဖွယ်အမှုက ဘာသာရေးအထိမ်းအမှတ်များကို ကြည်ညိုလေးမြတ်ဖို့ အားပေးပါသလော။ အားမပေးပါ။ ဧလိရှဲ၏အရိုးကို ကြည်ညိုလေးမြတ်ခဲ့သည်ဟု သမ္မာကျမ်းစာက ဖော်ပြမထားပါ။ ဧလိရှဲအသက်ရှင်စဉ်က ပြုလုပ်ခဲ့သော အံ့ဖွယ်အမှုများကဲ့သို့ပင် ယင်းသည်လည်း ဘုရားသခင်၏တန်ခိုးတော်ဖြင့် ဖြစ်ပျက်လာ၏။
၁၅:၁-၆—ယေဟောဝါသည် ဩဇိမင်းအား အဘယ်ကြောင့် နူနာစွဲစေခဲ့သနည်း။ ‘ဩဇိမင်းသည် တန်ခိုးကြီးသောအခါ . . . ထောင်လွှားသောစိတ်ထသဖြင့် မိမိဘုရားသခင်ယေဟောဝါကို ပြစ်မှား၍ နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ မီးရှို့ခြင်းငှာ ယေဟောဝါ၏ ဗိမာန်တော်ထဲသို့ဝင်လေ၏။’ ယဇ်ပုရောဟိတ်တို့က “ရှင်ဘုရင်သြဇိနောက်တော်သို့လိုက်၍ ဆီးတား” ကာ “သန့်ရှင်းရာဌာနထဲက ထွက်သွားလော့” ဟုဆိုကြသော် သူသည် ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်သောကြောင့် နူနာစွဲလေ၏။—၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၀။
၁၈:၁၉-၂၁၊ ၂၅—ဟေဇကိသည် အီဂျစ်ပြည်နှင့် မဟာမိတ်ဖွဲ့ခဲ့သလော။ မဖွဲ့ခဲ့ပါ။ ရာဗရှာခ၏စွပ်စွဲချက်သည် မှား၏၊ ‘ယေဟောဝါ၏အခွင့်’ နှင့်လာသည်ဟု သူပြောဆိုသကဲ့သို့ပင် ဖြစ်သည်။ သစ္စာရှိဘုရင်ဟေဇကိသည် ယေဟောဝါကိုသာ အကြွင်းမဲ့ကိုးစားသည်။
ကျွန်ုပ်တို့အတွက်သင်ခန်းစာ–
၉:၇၊ ၂၆။ အာဟတ်အမျိုးကို ပြင်းပြင်းထန်ထန်တရားစီရင်ခြင်းက မှားယွင်းသောဝတ်ပြုရေးနှင့် အပြစ်မဲ့သူ၏အသွေးသွန်းခြင်းကို ယေဟောဝါ အလွန်မုန်းတီးကြောင်း ဖော်ပြနေသည်။
၉:၂၀။ ယေဟုသည် ရထားကိုပြင်းပြင်းနှင်သူအဖြစ် နာမည်ရထားခြင်းက မိမိ၏တာဝန်ကိုထမ်းဆောင်ရန် အလွန်စိတ်ထက်သန်ကြောင်း ဖော်ပြနေသည်။ အသင်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်ရာတွင် ထက်သန်သူတစ်ဦးဟု လူသိများသလော။—၂ တိမောသေ ၄:၂။
၉:၃၆၊ ၃၇; ၁၀:၁၇; ၁၃:၁၈၊ ၁၉၊ ၂၅; ၁၄:၂၅; ၁၉:၂၀၊ ၃၂-၃၆; ၂၀:၁၆၊ ၁၇; ၂၄:၁၃။ ‘ယေဟောဝါ၏နှုတ်မြွက်စကားသည် အမြဲပင် အမှန်အောင်လိမ့်မည်’ ကို ကျွန်ုပ်တို့စိတ်ချနိုင်သည်။—ဟေရှာယ ၅၅:၁၀၊ ၁၁။
၁၀:၁၅။ ရထားပေါ်သို့တက်ရန် ယေဟု၏ဖိတ်ခေါ်ချက်ကို ယောနဒပ် လိုလိုလားလားလက်ခံသကဲ့သို့ “လူအုပ်ကြီး” သည် ခေတ်သစ်ယေဟုဖြစ်သော ယေရှုခရစ်နှင့် ကိုယ်တော်၏ ဘိသိက်ခံနောက်လိုက်များကို တလိုတလား ထောက်ခံအားပေးကြသည်။—ဗျာ. ၇:၉။
၁၀:၃၀၊ ၃၁။ ယေဟုကို အပြစ်ကင်းသူဟု မှတ်တမ်းတင်မထားသော်လည်း သူ၏လုပ်ဆောင်မှုအားလုံးကို ယေဟောဝါ တန်ဖိုးထားတော်မူသည်။ ‘ဘုရားသခင်သည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မမူ။’—ဟေဗြဲ ၆:၁၀။
၁၃:၁၄-၁၉။ ယေဟု၏မြေးတော် ဟောရှသည် အားမစိုက်ဘဲ မြားဖြင့်မြေကြီးကို သုံးကြိမ်သာရိုက်ခဲ့သောကြောင့် ရှုရိလူတို့ကို တိုက်ခိုက်ရာတွင် အကန့်အသတ်သာ အနိုင်ရခဲ့သည်။ ကျွန်ုပ်တို့အား ယေဟောဝါအပ်နှင်းထားသောတာဝန်ကို စိတ်ပါလက်ပါနှင့် ထက်သန်စွာထမ်းဆောင်ရန် ကိုယ်တော် မျှော်လင့်တော်မူသည်။
၂၀:၂-၆။ ယေဟောဝါသည် ‘ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်’ ဖြစ်သည်။—ဆာလံ ၆၅:၂။
၂၄:၃၊ ၄။ မနာရှေ၏သွေးပြစ်ကျူးလွန်မှု မှတ်တမ်းတွင် ယေဟောဝါသည် ယုဒ၏ “အပြစ်များကို လွှတ်တော်မမူ။” အပြစ်မဲ့သူတို့၏အသွေးကို ဘုရားသခင် တန်ဖိုးထားတော်မူသည်။ အပြစ်မဲ့သူတို့၏အသွေးကို သွန်းသူများအား ဖျက်ဆီးခြင်းဖြင့် ယေဟောဝါလက်စားချေပေးမည်ကို စိတ်ချနိုင်ပါသည်။—ဆာလံ ၃၇:၉-၁၁; ၁၄၅:၂၀။
ကျွန်ုပ်တို့အတွက် အဖိုးထိုက်လှ
ဓမ္မရာဇဝင်စတုတ္ထစောင်သည် ယေဟောဝါရှင်အား ကတိတော်များကို ပြည့်စုံစေသောအရှင်အဖြစ် သရုပ်ဖော်သည်။ နိုင်ငံနှစ်နိုင်ငံမှပြည်သားများဖြစ်သည့် ဦးဆုံး ဣသရေလနိုင်ငံနှင့် နောက်ပိုင်းတွင် ယုဒနိုင်ငံမှလူများ ပြည်နှင်ခံရခြင်းက တရားဟောရာ ၂၈:၁၅–၂၉:၂၈ တွင်ဖော်ပြထားသော ပရောဖက်ပြုချက်ဆိုင်ရာ တရားစီရင်ချက်ပြည့်စုံခဲ့ပုံကို သတိပြုစေသည်။ ဓမ္မရာဇဝင်စတုတ္ထစောင်တွင် ဧလိရှဲကို ယေဟောဝါ၏နာမတော်နှင့် စစ်မှန်သော ဝတ်ပြုရေးအတွက် အလွန်စိတ်အားထက်သန်သော ပရောဖက်တစ်ပါးအဖြစ် ဖော်ပြထားသည်။ ဟေဇကိနှင့် ယောရှိတို့အား ဘုရားသခင့်ပညတ်များလေးစားသော နှိမ့်ချမှုရှိဘုရင်များအဖြစ် ဖော်ပြထားသည်။
ဓမ္မရာဇဝင်စတုတ္ထစောင်တွင် ဖော်ညွှန်းထားသော ဘုရင်များ၊ ပရောဖက်များနှင့် အခြားသူများတို့၏သဘောထား၊ လုပ်ရပ်များကို သုံးသပ်သည့်အခါ အဘယ်အရာအတွက် ကြိုးစားရပြီး အဘယ်အရာကို ရှောင်ရမည့်အကြောင်း အဖိုးတန်သင်ခန်းစာရရှိသည် မဟုတ်လော။ (ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၁၁) မှန်ပါသည်၊ ‘ဘုရားသခင်၏နှုတ်မြွက်စကားသည် အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်သည်။’—ဟေဗြဲ ၄:၁၂။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဧလိရှဲ၏အံ့ဖွယ်အမှုများ
၁။ ယော်ဒန်မြစ်ရေကို နှစ်ခြမ်းကွဲသွားစေသည်။—၄ ဓမ္မရာဇဝင် ၂:၁၄
၂။ ယေရိခေါမြို့၏ မကောင်းသောရေကို ရေချိုဖြစ်စေခဲ့သည်။—၄ ဓမ္မရာဇဝင် ၂:၁၉-၂၂
၃။ ဆိုးသွမ်းသောလူငယ်များ ဝက်ဝံကိုက်ခံရကြသည်။—၄ ဓမ္မရာဇဝင် ၂:၂၃၊ ၂၄
၄။ စစ်တပ်အတွက် ရေရရှိစေခဲ့သည်။—၄ ဓမ္မရာဇဝင် ၃:၁၆-၂၆
၅။ မုဆိုးမတစ်ဦး စားဆီရရှိခဲ့သည်။—၄ ဓမ္မရာဇဝင် ၄:၁-၇
၆။ မြုံနေသောရှုနင်မြို့သူတစ်ဦး ကလေးရရှိခဲ့သည်။—၄ ဓမ္မရာဇဝင် ၄:၈-၁၇
၇။ ကလေးသည် သေရာမှ ရှင်ပြန်ထမြောက်လာခဲ့သည်။—၄ ဓမ္မရာဇဝင် ၄:၁၈-၃၇
၈။ အဆိပ်ရှိသောဟင်းတစ်အိုး စား၍ရလေသည်။—၄ ဓမ္မရာဇဝင် ၄:၃၈-၄၁
၉။ မုန့်အလုံး ၂၀ ဖြင့် လူတစ်ရာကို ကျွေးမွေးခဲ့သည်။—၄ ဓမ္မရာဇဝင် ၄:၄၂-၄၄
၁၀။ နေမန်၏နူနာ ပျောက်ကင်းသွားသည်။—၄ ဓမ္မရာဇဝင် ၅:၁-၁၄
၁၁။ နေမန်၏နူနာသည် ဂေဟာဇိကို စွဲလေသည်။—၄ ဓမ္မရာဇဝင် ၅:၂၄-၂၇
၁၂။ ပုဆိန်ရိုး ရေတွင်ပေါ်လာသည်။—၄ ဓမ္မရာဇဝင် ၆:၅-၇
၁၃။ ကျေးကျွန်တစ်ဦးသည် ကောင်းကင်တမန်ရထားတပ်ကြီးကို မြင်ရသည်။—၄ ဓမ္မရာဇဝင် ၆:၁၅-၁၇
၁၄။ ရှုရိစစ်တပ် မျက်စိကန်းသွားသည်။—၄ ဓမ္မရာဇဝင် ၆:၁၈
၁၅။ ရှုရိစစ်တပ် မျက်စိပြန်မြင်လာသည်။—၄ ဓမ္မရာဇဝင် ၆:၁၉-၂၃
၁၆။ လူသေတစ်ဦး အသက်ပြန်ရှင်လာသည်။—၄ ဓမ္မရာဇဝင် ၁၃:၂၀၊ ၂၁
[စာမျက်နှာ ၁၂ ပါ ဇယား/ ရုပ်ပုံများ]
ယုဒနိုင်ငံနှင့် ဣသရေလနိုင်ငံ၏ရှင်ဘုရင်များ
ရှောလု/ဒါဝိဒ်/ရှောလမုန်– ဘီ.စီ.အီး. ၁၁၁၇/၁၀၇၇/၁၀၃၇ *
ယုဒနိုင်ငံရက်စွဲ(ဘီ.စီ.အီး.)ဣသရေလနိုင်ငံ
ရောဗောင် ․ ၉၉၇ ․ ယေရောဗောင်
အဘိယ/အာသ ․ ၉၈၀/၉၇၈ ․
․ ၉၇၆/၉၇၅/၉၅၂ ․ နာဒဒ်/ဗာရှာ/ဧလာ
․ ၉၅၁/၉၅၁/၉၅၁ ․ ဇိမရိ/သြမရိ/တိဗနိ
․ ၉၄၀ ․ အာဟပ်
ယောရှဖတ် ․ ၉၃၇ ․
․ ၉၂၀/၉၁၇ ․ အာခဇိ/ယောရံ
ယဟောရံ ․ ၉၁၃ ․
အာခဇိ ․ ၉၀၆ ․
(အာသလိ) ․ ၉၀၅ ․ ယေဟု
ယောရှ ․ ၈၉၈ ․
․ ၈၇၆/၈၅၉ ․ ယောခတ်/ယောရှ
အာမဇိ ․ ၈၅၈ ․
․ ၈၄၄ ․ ဒုတိယမြောက် ယေရောဗောင်
အာဇရိ (ဩဇိ) ․ ၈၂၉ ․
․ ၈၀၃/၇၉၁/၇၉၁ ․ ဇာခရိ/ရှလ္လုံ/မေနဟင်
․ ၇၈၀/၇၇၈ ․ ပေကဟိ/ပေကာ
ယောသံ/အာခတ် ․ ၇၇၇/၇၆၂ ․
․ ၇၅၈ ․ ဟောရှေ
ဟေဇကိ ․ ၇၄၆ ․
․ ၇၄၀ ․ ရှမာရိမြို့သိမ်းပိုက်ခံခဲ့ရ
မနာရှေ/အာမုန်/ယောရှိ ․ ၇၁၆/၆၆၁/၆၅၉ ․
ယောခတ်/ယောယကိမ် ․ ၆၂၈/၆၂၈ ․
ယေခေါနိ/ဇေဒကိ ․ ၆၁၈/၆၁၇ ․
ယေရုရှလင်မြို့ဖျက်ဆီးခံရ ․ ၆၀၇ ․
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 66 ရက်စွဲတချို့သည် နန်းစတက်သည့်နှစ်ကို ခန့်မှန်းတွက်ချက်ထားသည်။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
နေမန်သည် နှိမ့်ချမှုပြခဲ့ရာ ယေဟောဝါ၏တန်ခိုးတော်ဖြင့် ရောဂါပျောက်ကင်းခဲ့
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
ဧလိယ ‘လေပွေအားဖြင့် ကောင်းကင်သို့ချီဆောင်ခံရ’ သည်ဖြစ်၍ အဘယ်သို့ဖြစ်သွားသနည်း