‘ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့’
‘ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့’
‘သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့။ ကိုယ်ကိုကိုယ် စမ်းသပ်နေကြလော့။’—၂ ကောရိန္သု ၁၃:၅။
၁၊ ၂။ (က) ကျွန်ုပ်တို့၏ယုံကြည်ချက်နှင့်ပတ်သက်၍ မသေချာမရေရာဖြစ်နေခြင်းက အဘယ်အကျိုးသက်ရောက်နိုင်သနည်း။ (ခ) အဘယ်အခြေအနေက ပထမရာစုရှိကောရိန္သုမြို့မှ လူအချို့အား လိုက်လျှောက်အပ်သောလမ်းစဉ်ကို ယုံမှားသံသယဖြစ်စေခဲ့သနည်း။
ကျေးလက်ဒေသတစ်ခုတွင် ခရီးသွားနေသော အမျိုးသားတစ်ဦးသည် လမ်းဆုံလမ်းခွတစ်နေရာသို့ ရောက်လာသည်။ မည်သည့်လမ်းက သူသွားလိုရာခရီးပန်းတိုင်သို့ ဦးတည်နေမှန်း မသေမချာဖြစ်နေသောကြောင့် လမ်းသွားလမ်းလာတို့အား မေးမြန်းကြည့်ရာ တစ်ယောက်တစ်ပေါက် လမ်းညွှန်ကြသည်။ သို့နှင့် သူခေါင်းရှုပ်သွားကာ ခရီးမဆက်နိုင်တော့ပေ။ ကျွန်ုပ်တို့၏ယုံကြည်ချက်များနှင့်ပတ်သက်၍ သံသယများရှိနေခြင်းက အလားတူ အကျိုးသက်ရောက်စေနိုင်သည်။ ထိုကဲ့သို့ မရေရာမှုက ဆုံးဖြတ်ချက်များချရန် အဟန့်အတားဖြစ်စေပြီး လိုက်လျှောက်အပ်သည့်လမ်းစဉ်ကို မသေမချာဖြစ်စေသည်။
၂ ဂရိနိုင်ငံ၊ ကောရိန္သုမြို့ရှိ ပထမရာစုခရစ်ယာန်အသင်းတော်တွင် လူအချို့အပေါ် အလားတူ ဩဇာသက်ရောက်စေနိုင်သော အခြေအနေတစ်ခု ပေါ်ပေါက်ခဲ့သည်။ ‘ထူးချွန်တမန်တော်ကြီးများ’ သည် တမန်တော်ပေါလု၏အခွင့်အာဏာကို စောဒကတက်ကာ ဤသို့ဆိုကြသည်– “ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကို ပြောသောသူဖြစ်သည်။” (၂ ကောရိန္သု ၁၀:၇-၁၂; ၁၁:၅၊ ၆) အဆိုပါရှုထောင့်မျိုးက ကောရိန္သုအသင်းတော်ရှိ လူအချို့အား မည်သို့ဆက်လျှောက်လှမ်းရမည်ကို ယုံမှားသံသယဖြစ်စေပေမည်။
၃၊ ၄။ ကောရိန္သုမြို့သားများအား ပေါလု၏အကြံပေးချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
၃ စီ.အီး. ၅၀ တွင် ကောရိန္သုမြို့သို့ ပေါလုလည်ပတ်ခဲ့စဉ်က ထိုအသင်းတော်ကို တည်ထောင်ခဲ့သည်။ သူသည် ကောရိန္သုမြို့တွင် ‘ဘုရားသခင်၏နှုတ်မြွက်တော်ကို ဟောပြောသွန်သင်၍ တစ်နှစ်နှင့်ခြောက်လပတ်လုံးနေလေ၏။’ အမှန်အားဖြင့် “ကောရိန္သုပြည်သားအများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။” (တမန်တော် ၁၈:၅-၁၁) ပေါလုသည် ကောရိန္သုမြို့ရှိ ယုံကြည်သူချင်းတို့၏ဝိညာဉ်ရေးကို အလွန်စိတ်ဝင်စားခဲ့သည်။ ထို့ပြင် ကောရိန္သုမြို့သားများက ကိစ္စရပ်တချို့နှင့်ပတ်သက်၍ ပေါလုထံစာရေးကာ အကြံဉာဏ်တောင်းဆိုခဲ့ကြသည်။ (၁ ကောရိန္သု ၇:၁) ထို့ကြောင့် ပေါလုက သူတို့ကို အကြံဉာဏ်ကောင်းပေးခဲ့သည်။
၄ ‘သင်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောနေကြလော့။ ကိုယ်ကိုကိုယ်စမ်းသပ်နေကြလော့’ ဟုပေါလုရေးခဲ့သည်။ (၂ ကောရိန္သု ၁၃:၅) ဤအကြံပေးချက်ကိုလိုက်နာခြင်းက ကောရိန္သုမြို့ရှိ ညီအစ်ကိုတို့ လိုက်လျှောက်အပ်သည့်လမ်းစဉ်နှင့်ပတ်သက်၍ မသေမချာဖြစ်နေခြင်းမှ ကာကွယ်ပေးပါမည်။ ယနေ့ ကျွန်ုပ်တို့ကိုလည်း အလားတူကာကွယ်ပေးနိုင်သည်။ သို့ဆိုလျှင် ပေါလု၏အကြံပေးချက်ကို မည်သို့လိုက်နာနိုင်မည်နည်း။ ယုံကြည်ခြင်း၌တည်မတည် မည်သို့စမ်းသပ်နိုင်မည်နည်း။ ကျွန်ုပ်တို့ကိုယ်ကိုစစ်ကြောရာတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။
‘သင်တို့သည် ယုံကြည်ခြင်း၌ တည်မတည် ကိုယ်ကိုကိုယ်စမ်းသပ်နေကြလော့’
၅၊ ၆။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် စမ်းသပ်ရန် အဘယ်စံနှုန်းရှိသနည်း၊ ယင်းသည် အဘယ်ကြောင့် အကောင်းဆုံးစံနှုန်းဖြစ်သနည်း။
၅ စမ်းသပ်မှုတစ်ခုတွင် များသောအားဖြင့် စမ်းသပ်ခံရသူ သို့မဟုတ် စမ်းသပ်ခံရသောအရာတစ်ခုခုရှိပြီး ထိုသို့စမ်းသပ်ရန် စံတစ်ခုရှိ၏။ ဤတွင် စမ်းသပ်ခံရသည်မှာ ကျွန်ုပ်တို့လက်ခံထားသော ယုံကြည်ချက်များဖြစ်သည့် ယုံကြည်ခြင်းမဟုတ်ချေ။ စမ်းသပ်ခံရသည့်အရာမှာ ကျွန်ုပ်တို့တစ်ဦးချင်းစီဖြစ်၏။ ထိုစမ်းသပ်မှုပြုရန် ကျွန်ုပ်တို့တွင် စုံလင်သောစံနှုန်းတစ်ခုရှိသည်။ ဆာလံဆရာဒါဝိဒ်စပ်ဆိုသော ချီးမွမ်းသီချင်းတစ်ပုဒ်တွင် ဤသို့ဖော်ပြသည်– ‘ထာဝရဘုရားသခင်၏ တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရားသခင်၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရားသခင်၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရားသခင်၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။’ (ဆာလံ ၁၉:၇၊ ၈) သမ္မာကျမ်းစာတွင် ယေဟောဝါ၏ စုံလင်သောပညတ်များ၊ ဖြောင့်မတ်သောနည်းဥပဒေသများ၊ ဟုတ်မှန်သောသက်သေခံတော်မူချက်နှင့် စင်ကြယ်သောပညတ်တော်တို့ ပါရှိသည်။ ထိုတွင်ပါရှိသော မိန့်မှာချက်သည် စမ်းသပ်မှုအတွက် အကောင်းဆုံးစံနှုန်းဖြစ်၏။
၆ ဘုရားသခင်၏ မှုတ်သွင်းခံမိန့်မှာချက်နှင့်စပ်လျဉ်း၍ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– ‘ဘုရားသခင်၏နှုတ်မြွက်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။’ (ဟေဗြဲ ၄:၁၂) မှန်ပါသည်၊ ဘုရားသခင့်နှုတ်မြွက်တော်သည် ကျွန်ုပ်တို့၏အတွင်းစိတ်နှလုံးကို စမ်းသပ်နိုင်သည်။ ဤထက်မြက်ပြီး တန်ခိုးပါသောမိန့်မှာချက်ကို ကိုယ်ကိုယ်တိုင် မည်သို့အသက်ဝင်စေနိုင်မည်နည်း။ ယင်းတွင် အဘယ်အကြောင်းပါသည်ကို ဆာလံဆရာဒါဝိဒ်က ရှင်းလင်းစွာဖော်ပြသည်။ သူဤသို့သီဆိုခဲ့သည်– ‘ယေဟောဝါ၏တရားတော်ကို မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဖတ်ရှုဆင်ခြင်အောက်မေ့သောသူသည် ပျော်ရွှင်၏။’ (ဆာလံ ၁:၁၊ ၂၊ ကဘ) သမ္မာကျမ်းစာထဲတွင် ‘ယေဟောဝါ၏တရားတော်’ ပါရှိသည်။ ထို့ကြောင့် ယေဟောဝါ၏နှုတ်မြွက်တော်ကို ဖတ်ရှုရာတွင် အားရနှစ်သက်ရမည်။ သမ္မာကျမ်းစာကိုဖတ်ရှုကာ တွေးတောဆင်ခြင်ရန် အချိန်ယူရမည်။ ထိုသို့ပြုကြစဉ် စမ်းသပ်ခံရသူများဖြစ်သော ကျွန်ုပ်တို့သည် ထိုတွင်ရေးသားထားရာများ၏ စမ်းသပ်မှုကို ခံဖို့လိုသည်။
၇။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် စမ်းသပ်နိုင်သော အဓိကနည်းကား အဘယ်နည်း။
၇ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် ကိုယ်ကိုကိုယ်စမ်းသပ်နိုင်သော အဓိကနည်းမှာ သမ္မာကျမ်းစာကို ဖတ်ရှုပြီး တွေးတောဆင်ခြင်ခြင်း၊ ထို့နောက် လေ့လာသိရှိခဲ့ရာများနှင့် ကျွန်ုပ်တို့၏အကျင့်အကြံ ကိုက်ညီမညီ ဆန်းစစ်ကြည့်ခြင်းတို့ဖြစ်၏။ ထို့ပြင် သမ္မာကျမ်းစာကို နားလည်နိုင်ရန် အကူအညီများစွာ ရရှိထားသောကြောင့် ကျွန်ုပ်တို့ ဝမ်းမြောက်နိုင်ကြသည်။
၈။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် စမ်းသပ်ရာတွင် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ထုတ်ဝေသော စာပေများက မည်သို့ကူညီပေးနိုင်သနည်း။
၈ ယေဟောဝါသည် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ထုတ်ဝေသည့် သမ္မာကျမ်းစာကို ရှင်းပြပေးသော စာပေများအားဖြင့် သွန်သင်၊ ညွှန်ကြားနေတော်မူသည်။ (မဿဲ ၂၄:၄၅) သာဓကအနေနှင့် ယေဟောဝါထံချဉ်းကပ်လော့ * စာအုပ် အခန်းတိုင်း၏အဆုံးတွင် “တွေးတောဆင်ခြင်ရန်မေးခွန်းများ” ခေါင်းစဉ်ရှိ လေးထောင့်ကွက်ကို သုံးသပ်ကြည့်ပါ။ ထိုစာအုပ်တွင်ပါရှိသော ဤအပိုင်းက မိမိကိုယ်ကိုဆင်ခြင်သုံးသပ်ဖို့ အခွင့်အခါကောင်းများပေါ်စေသည်! ကင်းမျှော်စင်နှင့် နိုးလော့! ဂျာနယ်များတွင် ဆွေးနွေးတင်ပြထားသော အကြောင်းအရာများစွာကလည်း ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် စမ်းသပ်ကြည့်ရန် ကူညီပေးသည်။ မကြာသေးမီက ကင်းမျှော်စင်စာစောင်များပါ နယပုံပြင်ကျမ်းဆိုင်ရာ ဆောင်းပါးများနှင့်ပတ်သက်၍ ခရစ်ယာန်အမျိုးသမီးတစ်ဦး ဤသို့ပြောခဲ့၏– “ဒီဆောင်းပါးတွေက တကယ်လက်တွေ့ကျတယ်။ ကျွန်မရဲ့အပြောအဆို၊ အမူအကျင့်နဲ့ သဘောထားတွေဟာ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေနဲ့ညီမညီ ဆန်းစစ်စေတယ်။”
၉၊ ၁၀။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် စစ်ဆေးနေဖို့ အဘယ်ပြင်ဆင်ပေးချက်များကို ယေဟောဝါပြုတော်မူသနည်း။
၉ အသင်းတော်အစည်းအဝေးများ၊ တိုက်နယ်စည်းဝေးပွဲများ၊ စည်းဝေးကြီးများမှ ညွှန်ကြားမှုနှင့် အားပေးတည်ဆောက်မှု အများအပြားကိုလည်း ရရှိထားကြသည်။ ယင်းတို့သည် ဤသို့ ဟေရှာယပရောဖက်ပြုခဲ့သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးသော ဝိညာဉ်ရေးရာများဖြစ်သည်– ‘နောက်ဆုံးသောကာလ၌ ထာဝရဘုရားသခင်၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း “လာကြလော့၊ ထာဝရဘုရားသခင်၏တောင်တော် . . . သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်” ဟုခရီးသွားလျက် ပြောဆိုကြလိမ့်မည်။’ (ဟေရှာယ ၂:၂၊ ၃) ယေဟောဝါ၏နည်းလမ်းတော်များနှင့်ပတ်သက်၍ ဤသို့သောသွန်သင်ချက်များ ရရှိထားခြင်းက အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်၏။
၁၀ ခရစ်ယာန်အကြီးအကဲများအပါအဝင် ဝိညာဉ်ရေးအရည်အချင်းပြည့်မီသူတို့၏ အကြံပေးချက်ကိုလည်း လျစ်လျူရှု၍မရပါ။ သူတို့နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ညီအစ်ကိုတို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခုသော [မကောင်းမှု] ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။” (ဂလာတိ ၆:၁) ကျွန်ုပ်တို့ကို ပြုပြင်တည့်မတ်ပေးသော ဤပြင်ဆင်ပေးချက်အတွက် အလွန်ကျေးဇူးတင်နိုင်သည်တကား!
၁၁။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် ဆန်းစစ်နေရာတွင် အဘယ်အရာ လိုအပ်သနည်း။
၁၁ ကျွန်ုပ်တို့၏စာပေများ၊ ခရစ်ယာန်အစည်းအဝေးများနှင့် ခန့်အပ်ခံအမျိုးသားများသည် ယေဟောဝါထံမှ ကောင်းမွန်လှသော ပြင်ဆင်ပေးချက်များဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် မိမိကိုယ်ကိုဆန်းစစ်ဖို့လည်းလိုသည်။ ထို့ကြောင့် စာပေများဖတ်ရှုသည့်အခါ သို့မဟုတ် ကျမ်းစာသတိပေးချက်ကို နားထောင်သည့်အခါ ‘ဒါ ငါ့ကိုပြောနေတာလား။ ငါ အဲဒီလိုလုပ်နေသလား။ ခရစ်ယာန်ယုံကြည်ချက်ကို ငါစွဲကိုင်ထားရဲ့လား’ ဟူ၍ မိမိကိုယ်ကိုမေးဖို့လိုသည်။ ဤပြင်ဆင်ပေးချက်များမှတစ်ဆင့် သိရှိထားသောအကြောင်းအရာပေါ် သဘောထားပုံက ကျွန်ုပ်တို့၏ဝိညာဉ်ရေးအခြေအနေနှင့်လည်း ဆက်စပ်နေသည်။ “ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏၊ . . . ဝိညာဉ်လူမူကား ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍နားလည်တတ်၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ (၁ ကောရိန္သု ၂:၁၄၊ ၁၅) ထို့ကြောင့် ကျွန်ုပ်တို့၏စာအုပ်များ၊ မဂ္ဂဇင်းများနှင့် အခြားစာပေများမှ ဖတ်ရှုခဲ့ရာ၊ အစည်းအဝေးများနှင့် အကြီးအကဲများထံမှ ကြားနာခဲ့ရာတို့အပေါ် အပြုသဘောနှင့် ဝိညာဉ်ရေးအမြင် ဆက်ထိန်းထားရန် မကြိုးစားသင့်ပေလော။
‘ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့’
၁၂။ ကျွန်ုပ်တို့ကိုယ်ကို စစ်ကြောနေခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၁၂ ကျွန်ုပ်တို့ကိုယ်ကို စစ်ကြောရာတွင် မိမိကိုယ်ကိုဝေဖန်ဆန်းစစ်ခြင်း ပါဝင်သည်။ ကျွန်ုပ်တို့သည် အမှန်တရားထဲတွင် ရှိနေနိုင်သော်လည်း ကျွန်ုပ်တို့၏ဝိညာဉ်ရေးအဆင့်ကား အဘယ်နည်း။ မိမိတို့ကိုယ်ကို အဘယ်လူစားမျိုးဖြစ်ကြောင်း စစ်ကြောရာတွင် ရင့်ကျက်မှုရှိခြင်းနှင့် ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြခြင်းတို့ပါဝင်သည်။
၁၃။ ဟေဗြဲ ၅:၁၄ အရ ကျွန်ုပ်တို့၏ရင့်ကျက်မှုကို အဘယ်အရာက သက်သေပြသနည်း။
၁၃ ခရစ်ယာန်ရင့်ကျက်မှုရှိကြောင်း အထောက်အထားကို မည်သို့စစ်ဆေးသိရှိနိုင်သနည်း။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ကြေခဲသောအစာအာဟာရမူကား ကိုယ့်အာရုံများကို အသုံးပြုတတ်သဖြင့် အလေ့အကျင့်ရှိ၍ ကောင်းမကောင်းကို ပိုင်းခြားသိနိုင်သော အရွယ်ရောက်သူတို့အဖို့ဖြစ်၏။” (ဟေဗြဲ ၅:၁၄၊ သမ္မာ) ကျွန်ုပ်တို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးခြင်းဖြင့် ရင့်ကျက်ကြောင်း သက်သေပြကြသည်။ အားကစားသမားတစ်ဦးသည် အားကစားတွင် ထူးချွန်ဖို့ ခန္ဓာကိုယ်ကြွက်သားအချို့ကို ထပ်တလဲလဲသုံးကာလေ့ကျင့်နေရသကဲ့သို့ ကျွန်ုပ်တို့လည်း ကျမ်းစာမူများကျင့်သုံးခြင်းဖြင့် ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးရမည်။
၁၄၊ ၁၅။ သမ္မာကျမ်းစာပါ ပိုမိုလေးနက်သောအရာများကို အဘယ်ကြောင့် ဇွဲရှိရှိကြိုးစားလေ့လာသင့်သနည်း။
၁၄ သို့ရာတွင် ပိုင်းခြားသိမြင်နိုင်စွမ်းကို မလေ့ကျင့်မီ ယင်းတို့ရှိထားဖို့လိုသည်။ ထိုအစွမ်းရှိရန် ဝီရိယရှိရှိကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့ မရှိမဖြစ်လိုအပ်သည်။ အထူးသဖြင့် ဘုရားသခင်၏နှုတ်မြွက်တော်မှ ပိုမိုလေးနက်သောအရာများကို မှန်မှန်လေ့လာပါက ပိုင်းခြားသိမြင်နိုင်စွမ်း တိုးတက်လာမည်။ နှစ်များတစ်လျှောက် ကင်းမျှော်စင်တွင် လေးနက်သောအကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြပြီ။ ပိုမိုလေးနက်သောအမှန်တရားအကြောင်း ဆွေးနွေးထားသည့်ဆောင်းပါးများ ဖတ်ရှုရသောအခါ မည်သို့တုံ့ပြန်တတ်ကြသနည်း။ “ခက်ခဲသောအရာအချို့” ပါရှိသောကြောင့် ယင်းတို့ကို မဖတ်ဘဲနေသလော။ (၂ ပေတရု ၃:၁၆) ထိုသို့မဟုတ်ဘဲ ဆိုလိုရင်းကိုနားလည်ရန် အထူးကြိုးစားအားထုတ်သင့်သည်။—ဧဖက် ၃:၁၈။
၁၅ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရန် သင့်အတွက် ခက်ခဲလျှင်ကော။ လေ့လာမှုကို ကြိုက်နှစ်သက်ရန် ကြိုးစားအားထုတ်ဖို့ အရေးကြီးသည်။ * (၁ ပေတရု ၂:၃) ကျွန်ုပ်တို့ ပိုမိုရင့်ကျက်လာကြရန် ကြေခဲသောအစာဖြစ်သည့် သမ္မာကျမ်းစာပါ ပိုမိုလေးနက်သော အမှန်တရားများမှ အာဟာရများများ ရယူထားတတ်ဖို့လိုသည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့၌ ပိုင်းခြားသိမြင်နိုင်စွမ်း အကန့်အသတ်သာရှိပါလိမ့်မည်။ သို့ရာတွင် ရင့်ကျက်မှုတင်ပြရန် ပိုင်းခြားသိမြင်နိုင်စွမ်းရှိခြင်းထက်မက အကျုံးဝင်သည်။ ကျွန်ုပ်တို့ ကြိုးစားလေ့လာထားသောအသိပညာကို နေ့စဉ်အသက်တာတွင် ကျင့်သုံးရမည်။
၁၆၊ ၁၇။ “အကျင့်ကျင့်သောသူ” ဖြစ်လာခြင်းနှင့်ပတ်သက်၍ တပည့်ဖြစ်သူယာကုပ်က မည်သို့တိုက်တွန်းသနည်း။
၁၆ အမှန်တရားကို လေးမြတ်တန်ဖိုးထားကြောင်းဖော်ပြသော ယုံကြည်ခြင်းလုပ်ရပ်များက ကျွန်ုပ်တို့ အဘယ်လူစားမျိုးဖြစ်ကြောင်း သက်သေပြသည်။ မိမိကိုယ်ကိုဝေဖန်ဆန်းစစ်ခြင်းကဏ္ဍကို ဖော်ပြရန် ထိမိသောပုံပမာတစ်ခုအသုံးပြုကာ တပည့်ဖြစ်သူယာကုပ် ဤသို့ဆိုသည်– “ကိုယ်ကိုကိုယ်လှည့်ဖြား၍ နှုတ်မြွက်တော်ကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။ တရားကိုမကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား ကိုယ်ကိုကိုယ်ကြည့်ပြီးမှ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်းမေ့လျော့တတ်၏။ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား တရားနာ၍ မေ့လျော့သောသူမဟုတ် အကျင့်ကျင့်သောသူဖြစ်သဖြင့် မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။”—ယာကုပ် ၁:၂၂-၂၅။
၁၇ ယာကုပ်ပြောနေသည်မှာ ‘ဘုရားသခင်ရဲ့ နှုတ်မြွက်တော်ကြေးမုံကို စေ့စေ့ကြည့်ပြီး သင့်ကိုယ်သင်ဆန်းစစ်ပါ။ အဲ့ဒီလို စဉ်ဆက်မပြတ်လုပ်ဆောင်ပြီး ဘုရားသခင့်နှုတ်မြွက်တော်ရဲ့အလင်းနဲ့ သင့်ကိုယ်သင် နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးပါ။ အဲဒီနောက် မြင်တွေ့ခဲ့ရာကို ချက်ချင်း မမေ့ဖျောက်လိုက်ပါနဲ့။ လိုအပ်တဲ့ပြုပြင်မှုတွေ ပြုလုပ်ပါ’ ဟူ၍ဖြစ်၏။ တစ်ခါတစ်ရံ ဤအကြံပေးချက်ကိုလိုက်နာခြင်းက စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်သည်။
၁၈။ ယာကုပ်၏အကြံပေးချက်ကို လိုက်နာခြင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သနည်း။
၁၈ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ဖို့လိုအပ်ချက်ကို သုံးသပ်ကြည့်ပါ။ “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏” ဟုပေါလုရေးခဲ့သည်။ (ရောမ ၁၀:၁၀၊ ၁၁) ကယ်တင်ခြင်းရဖို့ နှုတ်ဖြင့် လူသိရှင်ကြားကြေညာရာတွင် များစွာပြုပြင်ပြောင်းလဲစရာလိုပေမည်။ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ခြင်းက ကျွန်ုပ်တို့အများစုအတွက် လွယ်ကူသောအလုပ်မဟုတ်ပါ။ ယင်းလုပ်ငန်းကို ဇွဲရှိရှိလုပ်ဆောင်ရန်နှင့် ဦးစားပေးရန် ထပ်ပြုပြင်ပြောင်းလဲစရာများ၊ အနစ်နာခံစရာများပြုလုပ်ဖို့ လိုပေမည်။ (မဿဲ ၆:၃၃) သို့သော် ဤဘုရားသခင်ပေးတာဝန်ကို ကျွန်ုပ်တို့စထမ်းဆောင်သည်နှင့် ယေဟောဝါအား ချီးမွမ်းခွင့်ရသဖြင့် ပျော်ရွှင်နိုင်ကြသည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် စိတ်ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်နေသူများဖြစ်ကြသလော။
၁၉။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းလုပ်ရပ်များတွင် အဘယ်အရာ အကျုံးဝင်သင့်သနည်း။
၁၉ ကျွန်ုပ်တို့၏ယုံကြည်ခြင်းလုပ်ရပ်များတွင် အဘယ်အရာ အကျုံးဝင်သင့်သနည်း။ ပေါလုဤသို့ဆိုသည်– “သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။” (ဖိလိပ္ပိ ၄:၉) ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်းနှင့် တပည့်ဖြစ်စေခြင်းတွင် အပြည့်အစုံပါဝင်သော သင်ယူ၊ လက်ခံ၊ ကြားနာ၍ မြင်တွေ့ခဲ့ရာတို့ကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့ အဘယ်လူစားမျိုးဖြစ်ကြောင်း သက်သေပြကြသည်။ ယေဟောဝါသည် ပရောဖက်ဟေရှာယအားဖြင့် ဤသို့ညွှန်ကြားနေသည်– “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့။”—ဟေရှာယ ၃၀:၂၁။
၂၀။ အဘယ်ပုဂ္ဂိုလ်မျိုးက အသင်းတော်အတွက် ကြီးမားသောကောင်းချီးတစ်ရပ်ဖြစ်သနည်း။
၂၀ သမ္မာကျမ်းစာကို ဇွဲရှိရှိလေ့လာကြသော၊ သတင်းကောင်းကို ထက်သန်စွာဟောပြောကြသော၊ တည်ကြည်ဖြောင့်မတ်ရာတွင် အပြစ်ဆိုဖွယ်မရှိသော၊ ဘုရားသခင့်နိုင်ငံတော်ကို သစ္စာစောင့်သိသော အမျိုးသား၊ အမျိုးသမီးများသည် အသင်းတော်အတွက် တကယ့်ကောင်းချီးတစ်ရပ်ဖြစ်၏။ သူတို့ပူးပေါင်းနေသော အသင်းတော်တွင် သူတို့ရှိနေခြင်းက ၎င်းအသင်းတော်ကို တိုး၍ခိုင်ခံ့စေသည်။ သူတို့သည် အလွန်အထောက်အကူပြုသူများဖြစ်ကြသည်၊ အကြောင်းမှာ ဖေးမကူညီရမည့်လူသစ်များစွာ ရှိနေသောကြောင့်ဖြစ်သည်။ ‘ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောနေကြလော့။ ကိုယ်ကိုကိုယ် စမ်းသပ်နေကြလော့’ ဟူသည့် ပေါလု၏အကြံပေးချက်ကို နှလုံးသွင်းကြသောအခါ ကျွန်ုပ်တို့လည်း အခြားသူများကို အကျိုးပြုသူများဖြစ်လာနိုင်ပါသည်။
ဘုရားသခင်၏အလိုတော်ဆောင်ရာတွင် အားရဝမ်းမြောက်ပါ
၂၁၊ ၂၂။ ဘုရားသခင်၏အလိုတော်ဆောင်ရာတွင် မည်သို့ အားရဝမ်းမြောက်နိုင်ကြမည်နည်း။
၂၁ ရှေးဣသရေလရှင်ဘုရင်ဒါဝိဒ် ဤသို့စပ်ဆိုခဲ့သည်– “အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။” (ဆာလံ ၄၀:၈) ဒါဝိဒ်သည် ဘုရားသခင်၏အလိုတော်ဆောင်ရာတွင် အားရဝမ်းမြောက်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်၏တရားတော်ကို ဒါဝိဒ် နှလုံးသွင်းထားသောကြောင့်ဖြစ်၏။ ထို့ကြောင့် သူလိုက်လျှောက်အပ်သည့်လမ်းစဉ်နှင့်ပတ်သက်၍ မသေမချာမဖြစ်ခဲ့ပါ။
၂၂ ဘုရားသခင်၏တရားတော်ကို ကျွန်ုပ်တို့နှလုံးသွင်းထားသောအခါ လိုက်လျှောက်အပ်သည့်လမ်းစဉ်နှင့်ပတ်သက်၍ မသေမချာဖြစ်မည်မဟုတ်ပါ။ ဘုရားသခင်၏အလိုတော်ဆောင်ရန် ကျွန်ုပ်တို့ အားရဝမ်းမြောက်ကြ၏။ သို့ဖြစ်၍ ယေဟောဝါအား နှလုံးပါပါဝတ်ပြုကိုးကွယ်ကြစဉ် “ကြိုးစားအားထုတ်” ကြပါစို့။—လုကာ ၁၃:၂၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 ယေဟောဝါသက်သေများထုတ်ဝေသည်။
^ အပိုဒ်၊ 15 မည်သို့လေ့လာနိုင်ကြောင်း အထောက်အကူပြုအကြံပေးချက်ကိုရရှိရန် ယေဟောဝါသက်သေများထုတ်ဝေသည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူစာအုပ်၏ စာမျက်နှာ ၂၇-၃၂ ကိုရှု။
သင်မှတ်မိသလော
• ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၌တည်မတည် မည်သို့စမ်းသပ်နိုင်ကြမည်နည်း။
• ကျွန်ုပ်တို့သည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း စစ်ကြောရာတွင် အဘယ်အရာပါဝင်သနည်း။
• ခရစ်ယာန်ရင့်ကျက်မှုရှိကြောင်း အဘယ်အထောက်အထားပြနိုင်သနည်း။
• ကျွန်ုပ်တို့သည် အဘယ်လူစားမျိုးဖြစ်ကြောင်း အကဲဖြတ်ရန် ကျွန်ုပ်တို့၏ယုံကြည်ခြင်းလုပ်ရပ်များက မည်သို့ ကူညီပေးမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယုံကြည်ခြင်း၌တည်မတည် စမ်းသပ်နိုင်သော အဓိကနည်းလမ်းကို သင်သိသလော
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့်ကျွန်ုပ်တို့၏ခရစ်ယာန်ရင့်ကျက်မှုကို ပြသကြ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]
‘ကြားနာပြီး မေ့လျော့သူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်’ လာခြင်းဖြင့် ကျွန်ုပ်တို့ အဘယ်လူစားမျိုးဖြစ်ကြောင်း ပြသ