စွန့်ပစ်ခံရသောမိဘမဲ့တစ်ဦး မေတ္တာရှင်ဖခင်ကိုရှာတွေ့
ဘဝအတ္ထုပ္ပတ္တိ
စွန့်ပစ်ခံရသောမိဘမဲ့တစ်ဦး မေတ္တာရှင်ဖခင်ကိုရှာတွေ့
ဒီမီထရစ္စ စီဒီရိုပေါလော့စ် ပြောပြသည်
အရာရှိက ရိုင်ဖယ်ကို ကျွန်တော့်ရှေ့ ထိုးပေးပြီး “ပစ်လေ၊ သေနတ်ကိုင်ပြီးပစ်လိုက်စမ်း” လို့ဟိန်းဟောက်လိုက်တယ်။ ကျွန်တော် အေးအေးဆေးဆေးပဲ ငြင်းလိုက်တယ်။ အရာရှိပစ်လိုက်တဲ့ ကျည်ဆန်တွေဟာ ကျွန်တော့်ပခုံးပေါ်ကနေ ဖြတ်သန်းသွားတာကို စစ်သားတွေမြင်လိုက်ရတော့ လန့်ဖျပ်သွားကြတယ်။ ကျွန်တော် သေရတော့မယ့်ပုံပဲ။ တော်ပါသေးတယ်၊ မသေခဲ့ဘူး။ ကျွန်တော်အသက်ဘေးကြုံရတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။
ကျွန်တော့်မိသားစုဟာ တူရကီနိုင်ငံ၊ ကက်ပဒိုးရှီးယား၊ ကိုင်ဇရီးမြို့အနီးမှာနေထိုင်တဲ့ လူမျိုးစုငယ်လေးတစ်ခုကပါ။ အဲ့ဒီဒေသကလူတွေဟာ စီ.အီး.ပထမရာစုက ခရစ်ယာန်ဘာသာကို လက်ခံခဲ့ပုံရတယ်။ (တမန်တော် ၂:၉) ဒါပေမဲ့ ၂၀ ရာစုအစမှာ ခေတ်က အကြီးအကျယ်ပြောင်းလဲခဲ့တယ်။
ဒုက္ခသည်ဘဝမှ မိဘမဲ့ဖြစ်ခဲ့ရ
၁၉၂၂ ခုနှစ်မှာ ကျွန်တော့်ကိုမွေးပြီး လအနည်းငယ်ကြာတော့ လူမျိုးရေးပဋိပက္ခကြောင့် ကျွန်တော့်မိသားစုဟာ ဒုက္ခသည်တွေအဖြစ် ဂရိနိုင်ငံကို ထွက်ပြေးခဲ့ကြရတယ်။ ကြောက်စိတ်မွှန်နေတဲ့ ကျွန်တော့်မိဘတွေလည်း လသားလေးဖြစ်တဲ့ ကျွန်တော်ကလွဲလို့ ဘာဆိုဘာမှ ပါမလာခဲ့ဘူး။ အခက်အခဲတွေ အလူးအလဲခံစားရပြီးနောက် ဂရိနိုင်ငံမြောက်ပိုင်း၊ ဒရာမာမြို့အနီးက ကီရီယာရွာမှာ ဆင်းရဲနုံချာတဲ့ဘဝ ရောက်ခဲ့ကြရတယ်။
ကျွန်တော်လေးနှစ်သားအရွယ်၊ ကျွန်တော့်ညီလေးမွေးပြီးတဲ့နောက် အဖေဆုံးသွားရှာတယ်။ အသက် ၂၇ နှစ်ပဲရှိသေးတဲ့ အဖေ့ခမျာ ခေတ်ဆိုးခေတ်ကျပ်ကြီးကြောင့် လဲသွားတာ။ မကြာပါဘူး၊ အမေလည်း ဆင်းရဲချို့ငဲ့လွန်းလို့ ဆုံးသွားရှာတယ်။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ဟာ ခိုကိုးရာမဲ့ဖြစ်ပြီး ကျန်ရစ်ခဲ့တယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာတစ်ခုပြီးတစ်ခုဆီကို အပို့ခံရတာ ကျွန်တော် ၁၂ နှစ်သားအရွယ်မှာ သက်သာလောနိတ်မြို့က မိဘမဲ့ဂေဟာကိုရောက်လာတယ်၊ အဲ့ဒီမှာ စက်ပြင်အဖြစ် အလုပ်သင်ခဲ့တယ်။
မိဘမဲ့ဂေဟာရဲ့ ဖော်ရွေမှုမရှိ၊ အေးတိအေးစက်ဝန်းကျင်မှာ ကြီးပြင်းလာတာကြောင့် လူတချို့ ဘာကြောင့် ဒီလောက်ဆင်းရဲဝေဒနာနဲ့ မတရားမှုတွေခံစားရတယ်ဆိုတာ ကျွန်တော်သိချင်ခဲ့တယ်။ ဒီလိုဝမ်းနည်းစရာအခြေအနေမျိုးတွေကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုရတာလဲလို့ ကိုယ့်ကိုယ်ကိုမေးမိတယ်။ ဘုရားသခင်ဟာ တကယ့်တန်ခိုးရှင်ဖြစ်တယ်လို့ ဘာသာရေးပညာပေးသင်တန်းတွေမှာ သင်ပေးပေမဲ့ ဆိုးသွမ်းမှုတွေ တည်ရှိ၊ ပျံ့နှံ့နေရတဲ့အကြောင်း ကျိုးကြောင်းရှင်းပြတာမရှိဘူး။ ဂရိသြသဒေါက်ချာ့ခ်ျဟာ အကောင်းဆုံးဘာသာဖြစ်တယ်လို့ နာမည်ကြီးဂါထာတစ်ပုဒ်က ဆိုတယ်။ “ဩသဒေါက်ချာ့ခ်ျသာ အကောင်းဆုံးဘာသာဆိုရင် ဘာကြောင့် လူတိုင်းသြသဒေါက်မဖြစ်သလဲ” လို့ ကျွန်တော်မေးတဲ့အခါ ကျေနပ်လောက်စရာ ဘာအဖြေမှ မရခဲ့ပါဘူး။
ဒါပေမဲ့ ကျွန်တော့်ဆရာက ကျမ်းစာကိုအရမ်းလေးမြတ်ပြီး သန့်ရှင်းတဲ့စာအုပ်ဖြစ်တယ်လို့ပြောတယ်။ မိဘမဲ့ဂေဟာရဲ့ညွှန်ကြားရေးမှူးကလည်း ဒီလိုပဲသဘောထားပေမဲ့ ဘာသာရေးပွဲတွေကို ဘာကြောင့်ရှောင်မှန်းမသိဘူး။ တစ်ခါက အဲဒီအကြောင်းမေးမြန်းကြည့်တော့ ယေဟောဝါသက်သေတွေနဲ့ သူကျမ်းစာလေ့လာဖူးတယ်လို့ပြောပြတယ်၊ ဘယ်ဘာသာမှန်းတော့ ကျွန်တော်မသိခဲ့ဘူး။
သက်သာလောနိတ်မိဘမဲ့ဂေဟာမှာ ပညာသင်ပြီးသွားတဲ့အခါ ကျွန်တော့်အသက် ၁၇ နှစ်ရှိနေပြီ။ ဒုတိယကမ္ဘာစစ်စဖြစ်နေပြီး ဂရိနိုင်ငံက နာဇီလက်အောက်မှာရှိတယ်။ လမ်းပေါ်မှာ လူတွေငတ်ပြတ်ပြီး သေနေကြတယ်။ ကျွန်တော်လည်း အသက်ဆက်နိုင်ဖို့ တောပိုင်းကိုထွက်ပြေးပြီး လုပ်ခနည်းနည်းလေးရတဲ့အလုပ် လုပ်ခဲ့တယ်။
သမ္မာကျမ်းစာက အဖြေပေး
၁၉၄၅၊ ဧပြီလမှာ သက်သာလောနိတ်မြို့ကို ကျွန်တော်ပြန်ရောက်လာတဲ့အခါ ကျွန်တော်နေခဲ့ဖူးတဲ့ မိဘမဲ့ဂေဟာတွေထဲက ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အစ်မက ကျွန်တော့်ဆီအလည်လာတယ်။ ပေရှယ်လီယေက သူ့အစ်ကိုပျောက်သွားလို့ သတင်းများရသလားလို့ လာမေးတာပါ။ ကျွန်တော်တို့စကားပြောရင်း သူဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့အကြောင်း၊ လူတွေကို ဘုရားသခင်စိတ်ဝင်စားတဲ့အကြောင်းပြောပြတယ်။
ကျွန်တော်လည်း စိတ်နာနာနဲ့ မဖြစ်နိုင်ပါဘူးလို့ကန့်ကွက်လိုက်တယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ဘာကြောင့်ဆင်းရဲခက်ခဲရသလဲ၊ ဘာကြောင့်မိဘမဲ့ဖြစ်ရသလဲ၊ တကယ် အကူအညီလိုအပ်တဲ့အချိန်မှာ ဘုရားသခင်ဘယ်ရောက်နေသလဲဆိုပြီး မေးလိုက်တယ်။ “ဒါတွေဟာ တကယ်ပဲ ဘုရားသခင်ကြောင့်လား” လို့ သူပြန်ဖြေတယ်။ ဘုရားသခင်ဟာ လူတွေကိုဆင်းရဲဝေဒနာတွေ ခံစားစေတာမဟုတ်ဘူးလို့ သူ့ရဲ့ကျမ်းစာထဲကနေ ဖတ်ပြတယ်။ ဖန်ဆင်းရှင်ဟာ လူတွေကိုချစ်တယ်၊ မကြာခင် အခြေအနေတွေ ကောင်းမွန်လာစေလိမ့်မယ်လို့ နားလည်အောင် ရှင်းပြပေးခဲ့တယ်။ ဟေရှာယ ၃၅:၅-၇ နဲ့ ဗျာ. ၂၁:၃၊ ၄ စတဲ့ ကျမ်းချက်တွေကိုဖတ်ပြပြီး မကြာခင် စစ်၊ ပဋိပက္ခ၊ အဖျားအနာ၊ သေခြင်းတွေမရှိတော့ဘူး၊ အဲဒီနောက် သမာဓိစောင့်သိသူတွေဟာ ကမ္ဘာပေါ် ထာဝစဉ်နေထိုင်ကြရတော့မယ်လို့ သူရှင်းပြတယ်။
အထောက်အကူပြုမိသားစုတစ်စု တွေ့ ရှိ
ပြောက်ကျားစစ်တပ်ရဲ့တိုက်ပွဲတစ်ခုမှာ ပေရှယ်လီယေရဲ့အစ်ကို ဆုံးသွားတယ်ဆိုတာ သိခဲ့ရတယ်။ သူ့ရဲ့မိသားစုကိုအားပေးနှစ်သိမ့်ဖို့ ကျွန်တော်အလည်သွားခဲ့ပေမဲ့ သူတို့က ကျွန်တော့်ကို ကျမ်းစာနဲ့နှစ်သိမ့်ပေးခဲ့တယ်။ ကျမ်းစာရဲ့နှစ်သိမ့်မှုတွေ ပိုရရှိဖို့ သူတို့ဆီပြန်သွားရင်း မကြာခင်မှာ လျှို့ဝှက်စည်းဝေးပြီး ကျမ်းစာလေ့လာ၊ ဝတ်ပြုကြတဲ့ ယေဟောဝါသက်သေအဖွဲ့ငယ်လေးမှာ ကျွန်တော်ပါဝင်လာတယ်။ ယေဟောဝါသက်သေတွေကို ပိတ်ပင်တားမြစ်ထားပေမဲ့ သူတို့နဲ့ဆက်ပူးပေါင်းဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။
အဲ့ဒီနှိမ့်ချသူ ခရစ်ယာန်အုပ်စုလေးမှာ ကျွန်တော်ငတ်မွတ်တောင့်တနေတဲ့ နွေးထွေးမှုနဲ့ မိသားစုစိတ်ဓာတ်ကိုတွေ့ရှိရတယ်။ ကျွန်တော်အရမ်းလိုအပ်နေတဲ့ ဝိညာဉ်ရေးထောက်မကူညီမှုတွေ သူတို့ပေးခဲ့တယ်။ ကျွန်တော့်ကို ကူညီနှစ်သိမ့်ပေးဖို့အသင့်ရှိတဲ့ ကိုယ်ကျိုးမဖက်၊ ဂရုစိုက်တတ်တဲ့မိတ်ဆွေတွေ သူတို့ထဲမှာတွေ့ရှိခဲ့တယ်။ (၂ ကောရိန္သု ၇:၅-၇) အဲ့ဒါထက်အရေးကြီးတာက အခု ကျွန်တော့်ရဲ့မေတ္တာရှင်ဖခင်လို့သဘောထားနိုင်တဲ့ ယေဟောဝါဆီချဉ်းကပ်ဖို့ အကူအညီရခဲ့တာဖြစ်တယ်။ ကိုယ်တော်ရဲ့အရည်အချင်းတွေဖြစ်တဲ့ ချစ်ခြင်းမေတ္တာ၊ သနားကြင်နာမှု၊ စိုးရိမ်ပူပန်စိတ်တို့ဟာ တကယ်နှစ်သက်စရာပဲ။ (ဆာလံ ၂၃:၁-၆) အခုမှပဲ ကျွန်တော့်မှာ ဝိညာဉ်ရေးမိသားစုနဲ့ မေတ္တာရှင်ဖခင်ရှိလာတယ်! ကျွန်တော် အရမ်းစိတ်ကြည်နူးမိတယ်။ မကြာခင် ယေဟောဝါကိုဆက်ကပ်အပ်နှံချင်စိတ်ပေါ်လာပြီး ၁၉၄၅၊ စက်တင်ဘာလမှာနှစ်ခြင်းခံခဲ့တယ်။
ခရစ်ယာန်အစည်းအဝေးတွေကိုတက်လို့ အသိပညာတိုးလာရုံမကဘူး၊ ယုံကြည်ခြင်းလည်း တိုးများလာတယ်။ အစည်းအဝေးတွေတက်ဖို့ ရွာကနေ သုံးမိုင်လမ်းလျှောက်သွားရတယ်၊ အဲဒီတစ်နည်းပဲရှိလို့ လမ်းလျှောက်သွားရင်း မမေ့နိုင်တဲ့ဝိညာဉ်ရေးစကားတွေကို အချင်းချင်းပြောဆိုဆွေးနွေးခဲ့ကြတယ်။ ၁၉၄၅ ခုနှစ်အကုန်ပိုင်းကျတော့ အချိန်ပြည့်ဧဝံဂေလိလုပ်ငန်းမှာပါဝင်နိုင်တဲ့အကြောင်း သိလိုက်ရတဲ့အခါ ကျွန်တော်ရှေ့ဆောင်စလုပ်ခဲ့တယ်။ ယေဟောဝါနဲ့ဆက်ဆံရေးကောင်းဖို့ အရေးကြီးနေတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့ သမာဓိဟာ အဆုံးစွန်စမ်းသပ်ခံရတော့မယ်။
ဆန့်ကျင်မှု ထင်သလိုဖြစ်မလာ
ရဲတွေက ကျွန်တော်တို့အစည်းအဝေးလုပ်တဲ့နေရာကို သေနတ်ချိန်ပြီးဝင်စီးတတ်တယ်။ ဂရိနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေလို့ မာရှယ်လောထုတ်ထားတယ်။ အတိုက်အခံအုပ်စုတွေက မုန်းတီးစိတ်နဲ့ အချင်းချင်းတိုက်ခိုက်နေကြတယ်။ အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဓမ္မဆရာတွေက ကျွန်တော်တို့ဟာ ကွန်မြူနစ်ဖြစ်တယ်လို့ အာဏာပိုင်တွေအထင်လွဲအောင်လုပ်ပြီး ရက်ရက်စက်စက်နှိပ်စက်ဖို့ သွေးထိုးခဲ့ကြတယ်။
နှစ်နှစ်အတွင်း ကျွန်တော်တို့အကြိမ်ကြိမ်အဖမ်းခံခဲ့ရတယ်၊ ခြောက်ကြိမ်မြောက်မှာတော့ လေးလကျော်ထောင်ချခံခဲ့ရတယ်။ ဒါပေမဲ့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပြည့်နေလို့ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်။ မထင်မှတ်ဘဲ လွတ်မြောက်လာလို့ ဆက်ဟောပြောကြပေမဲ့ မကြာခင် ပြန်အဖမ်းခံရတယ်၊ တစ်ခါကဆိုရင် တစ်ပတ်အတွင်း သုံးကြိမ်တောင်အဖမ်းခံခဲ့ရတယ်။ ညီအစ်ကိုအတော်များများ တစ်ကျွန်းပို့ခံရမှန်း ကျွန်တော်တို့သိထားကြတယ်။ အဲ့ဒီလိုစမ်းသပ်ခံရရင် ကျွန်တော့်ရဲ့ယုံကြည်ခြင်းခိုင်ခံ့ပါ့မလား။
ရဲစခန်းဆီ ပုံမှန်အစစ်ဆေးဝင်ရတဲ့ အစမ်းထားချိန်မှာ ကျွန်တော့်အခြေအနေ အရမ်းခက်လာတယ်။ ကျွန်တော့်ကိုစောင့်ကြပ်မှုအောက်ထားဖို့ အာဏာပိုင်တွေက ရဲစခန်းရှိတဲ့သက်သာလောနိတ်မြို့အနီးက အဗ်ဗောစမောရွာမှာ သွားနေခိုင်းတယ်။ အနီးအနားက အခန်းတစ်ခုကိုငှားနေပြီး ဝမ်းစာရှာလုပ်ငန်းအတွက် နယ်လှည့်လက်မှုပညာသည်အဖြစ် ကြေးနီအိုးတွေကို ပွတ်တိုက်ဆေးကြောပြီး အရောင်တင်ပေးတယ်။ ပတ်ဝန်းကျင်ရွာတွေမှာ ရှေ့ဆောင်လုပ်ရင်း ဒီအလုပ်လုပ်လို့ ရဲတွေမသင်္ကာစရာမဖြစ်ဘဲ အိမ်တွေမှာဝင်ထွက်နိုင်ခဲ့တယ်။ ဒါကြောင့် လူအတော်များများ သတင်းကောင်းကြားရပြီး လက်ခံခဲ့ကြတယ်။ အဲ့ဒီထဲကဆယ်ယောက်ကတော့ တဖြည်းဖြည်းနဲ့ ယေဟောဝါကိုဆပ်ကပ်အပ်နှံဝတ်ပြုသူတွေ ဖြစ်လာကြတယ်။
ဆယ်နှစ်အတွင်း အကျဉ်းထောင်ရှစ်ခု
၁၉၄၉ ခုနှစ်ကုန်တဲ့အထိ ရဲစောင့်ကြပ်မှုအောက် ကျွန်တော်နေခဲ့ရပြီးနောက်အချိန်ပြည့်အမှုဆောင်လုပ်ငန်းဆက်လုပ်ဖို့ သက်သာလောနိတ်မြို့ကို ပြန်လာနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ပင်ပန်းဆင်းရဲမှုတွေ ပြီးဆုံးပြီလို့ထင်နေခါမှ ၁၉၅၀ ပြည့်နှစ်မှာ စစ်ထဲဝင်ဖို့အမိန့်ရခဲ့တယ်။ ကျွန်တော့်ခရစ်ယာန်ကြားနေမှုကြောင့် ‘စစ်အတတ်ကို မသင်ဖို့’ ဆုံးဖြတ်ထားတယ်။ (ဟေရှာယ ၂:၄) အဲ့ဒါနဲ့ပဲ ဂရိနိုင်ငံရဲ့ နာမည်အဆိုးဆုံးအကျဉ်းထောင်တွေဆီ ရောက်သွားရတော့မယ့် အဖြစ်ဆိုးမျိုးစတင်ခဲ့တယ်။
ဒါတွေအားလုံး ဒရာမာမြို့မှာ စဖြစ်ခဲ့တာ။ အဲ့ဒီမှာ ကျွန်တော်ထောင်ကျခါစ ပထမအပတ်တွေမှာ စစ်မှုထမ်းလူသစ်တွေက ပစ်ကွင်းကို သေနတ်နဲ့ချိန်ရွယ်ပစ်ခတ်ကြရတယ်။ တစ်နေ့ ကျွန်တော့်ကို အဲ့ဒီပစ်ကွင်းဆီခေါ်သွားကြတယ်။ အရာရှိတစ်ယောက်က ကျွန်တော့်ရှေ့ ရိုင်ဖယ်သေနတ်ထိုးပေးပြီး ပစ်ခိုင်းတယ်။ ကျွန်တော်ငြင်းလိုက်တော့ ကျွန်တော့်ကို စပစ်ခတ်တယ်။ ကျွန်တော်အလျော့မပေးဘူးဆိုတာ တခြားအရာရှိတွေတွေ့တဲ့အခါ ကျွန်တော့်ကို ရက်ရက်စက်စက်ဝိုင်းပြီးထိုးကြတယ်။ စီးကရက်မီးညှိပြီး ကျွန်တော့်လက်ဝါးထဲ ဖိခြေငြိမ်းပစ်ကြတယ်။ အဲ့ဒီနောက် သုံးရက်လုံးလုံး တိုက်ပိတ်ထားကြတယ်။ စီးကရက်မီးလောင်နာကို မချိမဆံ့ခံစားရတယ်၊ လက်ပေါ်က အမာရွတ်တွေဟာ နှစ်ချီမပျောက်တော့ဘူး။
ကျွန်တော်စစ်ခုံရုံးတင်မခံရခင် ခရိကျွန်း၊ အစ်ရေခ်လီအန်မြို့က စစ်စခန်းကို ပြောင်းရွှေ့ခံလိုက်ရတယ်။ ကျွန်တော့်ရဲ့သမာဓိကိုချိုးဖျက်ဖို့ အသေအလဲရိုက်ကြတယ်။ ကျွန်တော်အလျှော့ပေးမိမှာစိုးလို့ ကောင်းကင်ခမည်းတော်ကို ခွန်အားပေးပါဆိုပြီး အကြီးအကျယ်ဆုတောင်းခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ‘သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်ဟု ထာဝရဘုရားသခင်မိန့်တော်မူ’ ခဲ့တဲ့ ယေရမိ ၁:၁၉ ကစကားကို သတိရလိုက်တယ်။ “ဘုရားသခင်ရဲ့ငြိမ်သက်ခြင်း” ကြောင့် ကျွန်တော်စိတ်တည်ငြိမ်ပြီး ငြိမ်းချမ်းမှုခံစားခဲ့ရတယ်။ ယေဟောဝါကို အကြွင်းမဲ့အားကိုးခြင်းဟာ ဉာဏ်ပညာဖြစ်တယ်ဆိုတာ ကျွန်တော်သဘောပေါက်လာတယ်။—ဖိလိပ္ပိ ၄:၆၊ ၇; သု. ၃:၅။
အမှုစစ်ဆေးပြီးတဲ့နောက် ကျွန်တော် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခံရတယ်။ ယေဟောဝါသက်သေတွေကို အဆိုးတကာ့အဆိုးဆုံး “နိုင်ငံရဲ့ရန်သူတွေ” လို့ယူမှတ်ထားကြတယ်။ ကျွန်တော်တိုက်ပိတ်ခံရတဲ့ ကင်နီယာမြို့ပြင်က အစ်စဒင်အကျဉ်းထောင်မှာ အဲဒီ တစ်သက်တစ်ကျွန်းထောင်ဒဏ်စခဲ့တယ်။ အစ်စဒင်ထောင်က ရဲတိုက်ဟောင်းကြီးဖြစ်ပြီး ကျွန်တော့်အခန်းထဲမှာ ကြွက်တွေအပြည့်ပဲ။ ဒါကြောင့် ကျွန်တော့်ကိုယ်ပေါ် ကြွက်တွေသွားလာတဲ့အခါ ကျွန်တော့်အသားနဲ့မထိစေဖို့ စောင်အစုတ်တစ်ထည်ကို ခေါင်းမြီးခြုံထားရတယ်။ အဆုတ်ရောင်ရောဂါနဲ့ အသည်းအသန်ဖျားသွားခဲ့သေးတယ်။ ဆရာဝန်က ကျွန်တော်နေပူစာထွက်လှုံရမယ်ဆိုလို့ ထောင်ဝင်းထဲက အကျဉ်းသားတွေနဲ့ စကားပြောဆိုဆွေးနွေးခွင့်ရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အခြေအနေပိုဆိုးလာပြီး ဆိုးဆိုးရွားရွားအဆုတ်သွေးသွန်တဲ့အတွက် အစ်ရေခ်လီအန်ဆေးရုံတက်လိုက်ရတယ်။
ကျွန်တော့်ရဲ့ဝိညာဉ်ရေးမိသားစုက ခရစ်ယာန်ချင်းတွေရောက်လာပြီး အကူအညီပေးကြပြန်တယ်။ (ကောလောသဲ ၄:၁၁) အစ်ရေခ်လီအန်မြို့က ညီအစ်ကိုတွေ ကျွန်တော့်ဆီမှန်မှန်လာပြီး နှစ်သိမ့်အားပေးကြတယ်။ စိတ်ဝင်စားသူတွေကိုသက်သေခံဖို့ စာပေတွေလိုချင်တယ်လို့ သူတို့ကိုပြောပြတော့ စာပေတွေကိုဝှက်ထားနိုင်ဖို့ နှစ်ထပ်အဝတ်သေတ္တာတစ်လုံး ယူလာပေးတယ်။ အဲ့ဒီအကျဉ်းထောင်တွေထဲမှာ ကျွန်တော်နေခဲ့ချိန်အတွင်း အနည်းဆုံးအဖော်ခြောက်ယောက်ကို ခရစ်ယာန်စစ်တွေဖြစ်လာအောင်ကူညီနိုင်ခဲ့လို့ ဝမ်းသာမိတယ်!
အဲ့ဒီအတောအတွင်း ပြည်တွင်းစစ်ပြီးသွားတယ်၊ ကျွန်တော့်ရဲ့ထောင်ဒဏ်ကို ဆယ်နှစ်ဆိုပြီးစီရင်လိုက်တော့ ကျန်တဲ့အချိန်အတွင်း ရီသမ်နို၊ ဂျန်တီကူလီနဲ့ ကက်စန်ဒရာအကျဉ်းထောင်တွေမှာ နေခဲ့ရတယ်။ ဆယ်နှစ်အတွင်း အကျဉ်းထောင်ရှစ်ခုမှာ နေခဲ့ရပြီးနောက် ကျွန်တော့်ကိုလွှတ်ပေးတော့ သက်သာလောနိတ်မြို့ကို ပြန်လာခဲ့တယ်၊ ကျွန်တော်ချစ်ခင်ရတဲ့ ခရစ်ယာန်ညီအစ်ကိုတွေက လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။
ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတွင် ကြီးပွားနေခြင်း
အခုတော့ ဂရိနိုင်ငံမှာ သက်သေခံတွေ လွတ်လွတ်လပ်လပ် ဝတ်ပြုနိုင်ကြပြီ။ ကျွန်တော်လည်း ချက်ချင်းပဲ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ခဲ့တယ်။ မကြာခင်မှာ နောက်ကောင်းချီးတစ်ခုထပ်ရခဲ့တယ်၊ ယေဟောဝါကိုချစ်ပြီး တက်တက်ကြွကြွဟောပြောတဲ့ တည်ကြည်သူခရစ်ယာန်ညီအစ်မ ကာတီနာနဲ့ ခင်မင်ရင်းနှီးလာတယ်။ ၁၉၅၉၊ အောက်တိုဘာမှာ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ သမီးလေး အဂါပီမွေးပြီးတဲ့နောက် ကိုယ့်ခရစ်ယာန်မိသားစုနဲ့ကိုယ်ဖြစ်လာတော့ မိဘမဲ့ဘဝဆိုးကို တဖြည်းဖြည်းမေ့ပျောက်နိုင်ခဲ့တယ်။ အဓိကတော့ ကျွန်တော့်ရဲ့မိသားစုဟာ မေတ္တာရှင်ကောင်းကင်ဖခင် ယေဟောဝါရဲ့ဂရုစိုက်မှုအောက် အမှုဆောင်ရတာကို ကျေနပ်မိတယ်။—ဆာလံ ၅:၁၁။
စားဝတ်နေရေးအခက်အခဲတွေကြောင့် ကျွန်တော်ရှေ့ဆောင်ဆက်မလုပ်နိုင်တော့ပေမဲ့ ကျွန်တော့်ဇနီးကို အချိန်ပြည့်လုပ်ငန်းဆက်လုပ်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ၁၉၆၉ ခုနှစ်ဟာ ကျွန်တော့်ရဲ့ခရစ်ယာန်အသက်တာမှာ ထူးခြားတဲ့နှစ်ပဲ၊ အဲ့ဒီတုန်းက ဂျာမနီနိုင်ငံ၊ နျူရင်ဘာ့ဂ်မြို့မှာ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတစ်ခု ကျင်းပခဲ့တယ်။ အဲဒီကိုသွားနိုင်ဖို့ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) လျှောက်တော့ အရမ်းကြာလို့ ကျွန်တော့်ဇနီးက ရဲစခန်းကိုသွားပြီး နှစ်လကျော်တာတောင် ဘာကြောင့် ကျွန်တော့်ရဲ့ပတ်စ်ပို့ မကျသေးသလဲလို့မေးတဲ့အခါ အရာရှိက အံဆွဲထဲက ဖိုင်တွဲထူကြီးတစ်ခုကိုထုတ်ပြီး “ဂျာမနီကလူတွေကို ဘာသာပြောင်းစေနိုင်ဖို့ ဒီလူအတွက် ပတ်စ်ပို့ရချင်တာလား။ လုံးဝမပေးနိုင်ဘူး! သူဟာ အန္တရာယ်ကောင်ပဲ” လို့ပြောခဲ့တယ်။
ဒါပေမဲ့ ယေဟောဝါရဲ့မစမှု၊ ညီအစ်ကိုတချို့ရဲ့အကူအညီနဲ့ အုပ်စုလိုက်ပတ်စ်ပို့လျှောက်ခွင့်ရတဲ့အတွက် အဲဒီပျော်စရာသိပ်ကောင်းတဲ့စည်းဝေးကြီးကို ကျွန်တော်တက်နိုင်ခဲ့တယ်။ အများဆုံးတက်ရောက်သူ ၁၅၀,၀၀၀ အထိရှိပြီး ဒီအပြည်ပြည်ဆိုင်ရာဝိညာဉ်ရေးမိသားစုကို ယေဟောဝါရဲ့ဝိညာဉ်တော်လမ်းညွှန်နေပြီး စည်းလုံးစေတာကို အထင်အရှားတွေ့မြင်နိုင်ခဲ့တယ်။ ကျွန်တော်အသက်ကြီးလာတဲ့အခါ ခရစ်ယာန်ညီအစ်ကို အသင်းအပင်းကို အရင်ကထက် ပိုပြီးတန်ဖိုးထားတတ်လာတယ်။
၁၉၇၇ ခုနှစ်မှာ ကျွန်တော့်ရဲ့ချစ်ဇနီး၊ တည်ကြည်တဲ့အဖော်မွန် ကွယ်လွန်သွားရှာတယ်။ ကျွန်တော့်သမီးလေးကို ကျမ်းစာမူတွေအတိုင်း အတတ်နိုင်ဆုံးပြုစုပျိုးထောင်ပေးခဲ့ပေမဲ့ ကျွန်တော်တစ်ကိုယ်တည်းမဟုတ်ပါဘူး။ ဒီတစ်ခါလည်း ဝိညာဉ်ရေး မိသားစုက ကူညီပေးပြန်တယ်။ အဲ့ဒီလိုအခက်အခဲကြားက ညီအစ်ကိုတွေကူညီပေးခဲ့တာကို အမြဲကျေးဇူးတင်နေမယ်။ တချို့ဆိုရင် သမီးကိုဂရုစိုက်စောင့်ရှောက်ပေးဖို့ ကျွန်တော့်အိမ်ကို ခဏပြောင်းလာပြီးနေပေးကြတယ်။ သူတို့ရဲ့ကိုယ်ကျိုးစွန့်မေတ္တာကို ဘယ်တော့မှမမေ့နိုင်ဘူး။—ယောဟန် ၁၃:၃၄၊ ၃၅။
အဂါပီအရွယ်ရောက်လာတော့ ညီအစ်ကို အီလီယပ်စ်နဲ့ လက်ထပ်ခဲ့တယ်။ သူတို့မှာ သားလေးယောက်ရှိတယ်၊သူတို့အားလုံး အမှန်တရားထဲမှာရှိကြတယ်။ မကြာသေးခင်နှစ်တွေမှာ ကျွန်တော်အကြိမ်ကြိမ်လေဖြတ်ပြီး ကျန်းမာရေး ပိုဆိုးလာတယ်။ သမီးရဲ့မိသားစုက ကျွန်တော့်ကို ကောင်းကောင်းဂရုစိုက်ကြည့်ရှုပေးကြတယ်။ ကျန်းမာရေးမကောင်းတော့ပေမဲ့ ပျော်ရွှင်စရာအကြောင်းတွေ အများကြီးရှိနေတုန်းပါပဲ။ သက်သာလောနိတ်တစ်မြို့လုံးမှာ ညီအစ်ကိုတစ်ရာလောက်ပဲရှိပြီး အိမ်တွေမှာ အစည်းအဝေးတွေ လျှို့ဝှက်ကျင်းပခဲ့ရတဲ့အချိန်ကို သတိရတယ်။ အခုဒီဒေသမှာ တက်တက်ကြွကြွရှိတဲ့သက်သေခံ ငါးထောင်နီးပါးရှိနေပြီ။ (ဟေရှာယ ၆၀:၂၂) စည်းဝေးကြီးတွေမှာ ညီအစ်ကိုငယ်တချို့က ကျွန်တော့်ဆီလာပြီး “ကျွန်တော်တို့အိမ်ကို မဂ္ဂဇင်းတွေလာပို့ပေးတာ မှတ်မိသေးလား” လို့မေးကြတယ်။ သူတို့ရဲ့မိဘတွေက အဲ့ဒီမဂ္ဂဇင်းတွေကိုမဖတ်ပေမဲ့ ကလေးတွေကဖတ်ပြီး ဝိညာဉ်ရေးမှာတိုးတက်လာခဲ့ကြတယ်!
ယေဟောဝါအဖွဲ့အစည်းရဲ့တိုးတက်မှုကို ကျွန်တော်တွေ့ရတဲ့အခါ အခက်အခဲအားလုံးကို ခံစားရကျိုးနပ်တယ်လို့ထင်မိတယ်။ ကျွန်တော့်မြေးတွေနဲ့ တခြားလူငယ်တွေကို ငယ်ရွယ်ချိန်မှာ ကောင်းကင်ဖခင်ကိုသတိရပါ၊ အဲ့ဒီလိုဆိုရင် ကိုယ်တော်ဟာ ဘယ်တော့မှစွန့်ပစ်ထားမှာ မဟုတ်ဘူးလို့ အမြဲပြောပြတယ်။ (ဒေ. ၁၂:၁) ယေဟောဝါပြောခဲ့တဲ့အတိုင်းပဲ ကိုယ်တော်ဟာ ကျွန်တော့်အတွက် “မိဘမရှိသောသူတို့၏အဘ” ဖြစ်လာတယ်။ (ဆာလံ ၆၈:၅) ကျွန်တော်ငယ်ငယ်ကတည်းက စွန့်ပစ်ခံရတဲ့မိဘမဲ့တစ်ယောက်ဖြစ်ပေမဲ့ နောက်ဆုံးတော့ မေတ္တာရှင်ဖခင်ကို ရှာတွေ့ ခဲ့တယ်!
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ဒရာမာအကျဉ်းထောင်တွင် ထမင်းချက်အဖြစ် ကျွန်တော်အလုပ်လုပ်ခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၉ ခုနှစ်၊ ကျွန်တော့်တို့လက်ထပ်သည့်နေ့တွင် ကာတီနာနှင့်အတူ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်း၊ သက်သာလောနိတ်မြို့အနီးရှိ သစ်တောတွင် ကျင်းပသော စည်းဝေးပွဲတစ်ခု
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၆၇ ခုနှစ်တွင် ကျွန်တော်တို့သမီးနှင့်အတူ