ခရစ်တော်–ပရောဖက်ပြုချက်၏ အာရုံစိုက်ရာ
ခရစ်တော်–ပရောဖက်ပြုချက်၏ အာရုံစိုက်ရာ
“ယေရှုအဖို့ သက်သေခံခြင်းအမှုသည် ပရောဖက်ပြုခြင်းကို မှုတ်သွင်းသောအရာဖြစ်သည်။”—ဗျာ. ၁၉:၁၀၊ ကဘ။
၁၊ ၂။ (က) စီ.အီး. ၂၉ ခုနှစ်ကစ၍ ဣသရေလလူမျိုးသည် အဘယ်ဆုံးဖြတ်ချက် ချခဲ့ရသနည်း။ (ခ) ဤဆောင်းပါးတွင် အဘယ်အကြောင်းအရာကို ဆွေးနွေးသုံးသပ်မည်နည်း။
စီ.အီး. ၂၉ ခုနှစ်ဖြစ်သည်။ ဣသရေလနိုင်ငံတွင် ကတိထားရာမေရှိယအကြောင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။ နှစ်ခြင်းဆရာယောဟန်၏ဓမ္မအမှုက မျှော်လင့်နေမှုကို တိုးမြှင့်ပေးလိုက်၏။ (လုကာ ၃:၁၅) မိမိသည် ခရစ်တော်မဟုတ်ဟု ယောဟန် ဆို၏။ ယင်းအစား၊ သူသည် နာဇရက်မြို့သား ယေရှုကို ညွှန်ပြလျက် “ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်” ဟုဆိုလေ၏။ (ယောဟန် ၁:၂၀၊ ၃၄) မကြာမီ လူအုပ်သည် ယေရှုနောက်လိုက်ကြပြီး ကိုယ်တော်၏သွန်သင်ချက်ကို နားထောင်ကာ ကုသမှုခံယူကြသည်။
၂ နောက်ပိုင်းလများတွင် ယေဟောဝါသည် မိမိ၏သားတော်နှင့်သက်ဆိုင်သည့် အထောက်အထားများစွာ ဖော်ပြပေးသည်။ သမ္မာကျမ်းစာကို လေ့လာပြီး ယေရှု၏လုပ်ဆောင်မှုများကို တွေ့မြင်သူများသည် ကိုယ်တော့်အား ယုံကြည်ရန် ခိုင်လုံသောအကြောင်းရင်းကို ရရှိသွားကြသည်။ သို့သော် ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့ထားသူအများစုသည် ယုံကြည်ခြင်းမရှိကြချေ။ ယေရှုသည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်း အသိအမှတ်ပြုသူ မရှိသလောက်ပင်။ (ယောဟန် ၆:၆၀-၆၉) ထိုအချိန်တွင် သင်အသက်ရှင်ခဲ့မည်ဆိုလျှင် အဘယ်အရာပြုလုပ်မည်နည်း။ သင်သည် ယေရှုကို မေရှိယအဖြစ် လက်ခံပြီး ကိုယ်တော်၏တည်ကြည်သော နောက်လိုက်ဖြစ်ဖို့ လှုံ့ဆော်ခံခဲ့ရမည်လော။ ဥပုသ်နေ့ကို ချိုးဖောက်သည်ဟု ယေရှုစွပ်စွဲခံရချိန်က မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း ပြသခဲ့သော အထောက်အထားကို သုံးသပ်ပြီး တည်ကြည်သောတပည့်များ၏ ယုံကြည်ခြင်း ခိုင်ခံ့စေရန် နောက်ထပ်ပြခဲ့သော သက်သေများကို သတိပြုပါ။
ယေရှုကိုယ်တော်တိုင် သက်သေအထောက်အထားပြ
၃။ အဘယ်အခြေအနေများက ယေရှုသည် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားပြစေခဲ့သနည်း။
၃ စီ.အီး. ၃၁ ခုနှစ်၊ ပသခါပွဲတော်ကာလဖြစ်သည်။ ယေရှုသည် ယေရုရှလင်မြို့တွင်ရှိနေ၏။ ၃၈ နှစ်တိုင် ရောဂါစွဲနေသော လူနာတစ်ဦးကို ကုသပေးပြီးခါစရှိသေးသည်။ သို့သော် ဥပုသ်နေ့တွင် ထိုသို့ကုသပေးမှုအတွက် ယေရှုကို ဂျူးတို့ ညှဉ်းဆဲကြသည်။ ယေရှုက ဘုရားသခင်ကို မိမိ၏အဘဟုခေါ်ဆိုသောကြောင့် ဘုရားသခင်ကို စော်ကားသည်ဟု စွပ်စွဲကာ ယေရှုကို သတ်ဖို့ပင် ရှာကြံကြ၏။ (ယောဟန် ၅:၁-၉၊ ၁၆-၁၈) ယေရှု၏ချေပချက်က မိမိသည် အမှန်ပင် မည်သူမည်ဝါဖြစ်ကြောင်း စိတ်ရင်းမှန်သော မည်သည့်ဂျူးကိုမဆို ယုံကြည်စိတ်ချစေမည့် အကြောင်းကောင်းသုံးရပ်ကို ဖော်ပြပေး၏။
၄၊ ၅။ ယောဟန်၏ဓမ္မအမှုရည်ရွယ်ချက်ကား အဘယ်နည်း၊ သူသည် ယင်းကို မည်သို့ထိရောက်စွာပြီးမြောက်စေခဲ့သနည်း။
၄ ပထမဦးစွာ၊ ယေရှုသည် မိမိ၏ရှေ့ပြေးဖြစ်သူ နှစ်ခြင်းဆရာယောဟန်၏ သက်သေခံချက်ကို ဖော်ပြပြီး ဤသို့ဆို၏– ‘သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် အမှန်တရားဘက်၌ သက်သေခံ၏။ ယောဟန်သည် ညှိထွန်း၍ လင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။’—ယောဟန် ၅:၃၃၊ ၃၅။
၅ နှစ်ခြင်းဆရာယောဟန်သည် ဟေရုဒ်မင်း၏မတရားထောင်ချမခံရမီ မေရှိယအတွက် လမ်းပြင်ဆင်ပေးခြင်း ဘုရားသခင်ပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် “ညှိထွန်း၍ လင်းသောဆီမီး” ဖြစ်၏။ ယောဟန်က ဤသို့ဆိုခဲ့သည်– “[မေရှိယ] ကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည် ရေ၌[နှစ်ခြင်း]ကို ပေးလျက်လာ၏။ ထိုမှတစ်ပါး ဝိညာဉ်တော်သည် ကောင်းကင်မှ ချိုးငှက်ကဲ့သို့ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။ အစက ထိုသူကို ငါမသိ။ ရေ၌[နှစ်ခြင်း]ကိုပေးစေခြင်းငှာ ငါ့ကို စေလွှတ်တော်မူသောသူက အကြင်သူ၏အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား သန့်ရှင်းသောဝိညာဉ်တော်၌ [နှစ်ခြင်း]ကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်။” * (ယောဟန် ၁:၂၆-၃၇) ယေရှုသည် ဘုရားသခင်၏သားတော် ကတိထားရာမေရှိယဖြစ်ကြောင်း ယောဟန် အတိအကျဖော်ပြခဲ့သည်။ ယောဟန်သေပြီး ရှစ်လခန့်အကြာတွင် စိတ်နှလုံးရိုးဖြောင့်သော ဂျူးများစွာက “ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှမှန်ပေ၏” ဟုဝန်ခံရသည့်အထိ ယောဟန်၏သက်သေခံချက်သည် အလွန်ရှင်းလင်းထိရောက်ခဲ့သည်။—ယောဟန် ၁၀:၄၁၊ ၄၂။
၆။ ဘုရားသခင်၏ကျောထောက်နောက်ခံရှိကြောင်း ယေရှု၏လုပ်ရပ်များက လူတို့အား အဘယ်ကြောင့် ယုံကြည်စိတ်ချစေသင့်သနည်း။
၆ ထို့နောက် ယေရှုက မိမိသည် မေရှိယဖြစ်ကြောင်း လက်ခံယုံကြည်ထိုက်သော နောက်ထပ်အကြောင်းရင်းတစ်ခုကို အသုံးပြုသည်။ ဘုရားသခင်၏ကျောထောက်နောက်ခံရှိကြောင်း ကိုယ်တော်၏လုပ်ရပ်များက ဖော်ပြသည်။ ကိုယ်တော်က ဤသို့မိန့်ဆို၏– “ယောဟန်၏သက်သေထက် သာ၍ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့အပ်ပေးတော်မူ၍ ငါပြုသောထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။” (ယောဟန် ၅:၃၆) အံ့ဖွယ်အမှုများစွာပါဝင်သည့် ဤသာဓကကို ယေရှု၏ရန်သူများပင် မငြင်းနိုင်ကြချေ။ နောက်ပိုင်းတွင် တချို့က “ငါတို့သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏” ဟုမေးကြသည်။ (ယောဟန် ၁၁:၄၇) သို့သော် တချို့က တလိုတလားတုံ့ပြန်ပြီး “ခရစ်တော်သည် ကြွလာတော်မူသောအခါ ဤသူပြသောနိမိတ်လက္ခဏာထက် သာ၍များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လော” ဟုဆိုကြသည်။ (ယောဟန် ၇:၃၁) ယေရှု၏ပရိသတ်များသည် သားတော်တွင် ခမည်းတော်၏အရည်အသွေးတော်များကို ပိုင်းခြားသိမြင်နိုင်သည့် အကောင်းဆုံးအနေအထားတွင် ရှိနေကြသည်။—ယောဟန် ၁၄:၉။
၇။ ဟေဗြဲကျမ်းစောင်များသည် ယေရှုနှင့်ပတ်သက်၍ မည်သို့သက်သေခံသနည်း။
၇ နောက်ဆုံးတွင် ယေရှုသည် မငြင်းနိုင်သောသက်သေခံချက်တစ်ခုကို အာရုံစိုက်စေခဲ့သည်။ ကိုယ်တော်သည် ဤသို့ဖြည့်စွက်၍မိန့်ဆို၏– “ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။ သင်တို့သည် မောရှေ၏စကားကိုယုံလျှင် ငါ့စကားကိုမယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကိုရေးထား၏။” (ယောဟန် ၅:၃၉၊ ၄၆) မှန်ပါသည်၊ မောရှေသည် ခရစ်တော်အကြောင်း ရေးသားခဲ့သော ခရစ်ယာန်ခေတ်မတိုင်မီက သက်သေများစွာမှ တစ်ဦးဖြစ်၏။ သူတို့၏ရေးသားချက်များတွင် ရာနှင့်ချီ ပရောဖက်ပြုချက်များနှင့် မျိုးဆက်စာရင်းများ အသေးစိတ်ပါရှိပြီး ယင်းတို့အားလုံးသည် မေရှိယကို ညွှန်ပြနေသည်။ (လုကာ ၃:၂၃-၃၈; ၂၄:၄၄-၄၆; တမန်တော် ၁၀:၄၃) မောရှေပညတ်နှင့်ပတ်သက်၍ကော အသို့နည်း။ တမန်တော်ပေါလုက “ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း” ဟုရေးသားခဲ့သည်။ (ဂလာတိ ၃:၂၄) မှန်၏၊ “ယေရှုအဖို့ သက်သေခံခြင်းအမှုသည် ပရောဖက်ပြုခြင်းကို မှုတ်သွင်းသောအရာ [သို့မဟုတ်၊ သဘောရင်း၊ ကြံရွယ်ရာနှင့် ရည်ရွယ်ရာအလုံးစုံ] ဖြစ်သည်။”—ဗျာ. ၁၉:၁၀၊ ကဘ။
၈။ ဂျူးများစွာတို့သည် မေရှိယကို အဘယ်ကြောင့် မယုံကြည်ခဲ့ကြသနည်း။
၈ ယောဟန်၏ရှင်းလင်းပြတ်သားသော သက်သေခံချက်၊ ယေရှု၏တန်ခိုးပါလုပ်ရပ်များနှင့် ဘုရားသခင့်ရေးရာအရည်အသွေးများ၊ သမ္မာကျမ်းစာပါ အထောက်အထားများစွာတို့ဖြစ်သည့် အဆိုပါသာဓကအားလုံးက ယေရှုသည် မေရှိယဖြစ်ကြောင်း သင့်ကို ယုံကြည်စိတ်ချစေသည်မဟုတ်ပေလော။ ဘုရားသခင်နှင့် ကိုယ်တော်၏စကားတော်ကို မေတ္တာမှန်နှင့် မြတ်နိုးကြသည့် မည်သူမဆို ၎င်းကို အလွယ်တကူ ပိုင်းခြားသိမြင်ပြီး ယေရှုကို ကတိထားရာမေရှိယအဖြစ် ယုံကြည်ကြပေမည်။ သို့သော် ဣသရေလလူမျိုးတွင် ဤသို့သောမေတ္တာအရင်းခံမရှိကြချေ။ ယေရှုသည် အတိုက်အခံပြုသူများအား “ဘုရားသခင်ကိုချစ်ခြင်းမေတ္တာသည် သင်တို့၌မရှိသည်ကို ငါသိ၏” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၅:၄၂) သူတို့သည် “ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို” ကြိုးစားရှာကြမည့်အစား “အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ” ကြသည်။ ဤစိတ်ဓာတ်မျိုးကို ရွံရှာသော ခမည်းတော်၏ စိတ်ဓာတ်မျိုးရှိသူ ယေရှုနှင့် သူတို့ အစေးမကပ်သည်မှာ အံ့အားသင့်စရာမဟုတ်ပေ။—ယောဟန် ၅:၄၃၊ ၄၄; တမန်တော် ၁၂:၂၁-၂၃။
ပရောဖက်ပြုချက်ဆိုင်ရာ မြင်ကွင်းကြောင့် ခိုင်ခံ့လာ
၉၊ ၁၀။ (က) ယေရှု၏တပည့်များအတွက် နိမိတ်ပြမှုတစ်ခုသည် အဘယ်ကြောင့် အချိန်ကိုက်ဖြစ်ခဲ့သနည်း။ (ခ) ယေရှုသည် အဘယ်ထူးခြားသောကတိတော်ကို တပည့်များအား ပေးခဲ့သနည်း။
၉ မိမိသည် မေရှိယဖြစ်ကြောင်း ယေရှု သက်သေပြခဲ့သည်မှာ တစ်နှစ်ကျော်သွားပေပြီ။ စီ.အီး. ၃၂ ခုနှစ်၏ ပသခါပွဲတော် ကျင်းပပြီးစီးသွားခဲ့ပြီ။ ယုံကြည်သူများစွာတို့သည် ညှဉ်းပန်းနှိပ်စက်မှု၊ ရုပ်ပစ္စည်းလိုက်စားမှု၊ သို့မဟုတ် ဘဝ၏စိုးရိမ်ပူပန်မှုတို့ကြောင့် ကိုယ်တော်၏နောက် ဆက်မလိုက်ကြတော့ချေ။ ယေရှုအား ဘုရင်တင်မြှောက်လိုသူတို့၏ ကြိုးစားမှုများကို ကိုယ်တော်ငြင်းပယ်လိုက်သောကြောင့် အခြားသူများမှာမူ ဇဝေဇဝါဖြစ်သွားကြ သို့မဟုတ် စိတ်ပျက်သွားကြပေမည်။ မိမိကို ဂုဏ်တက်စေမည့် ကောင်းကင်နိမိတ်တစ်ခုပြရန် ဂျူးဘာသာရေးခေါင်းဆောင်များက စိန်ခေါ်တောင်းဆိုသည့်အခါ ကိုယ်တော်ငြင်းပယ်လိုက်သည်။ (မဿဲ ၁၂:၃၈၊ ၃၉) ဤသို့ငြင်းလိုက်ခြင်းကြောင့် အချို့သူများ တွေဝေသွားပေမည်။ ထို့ပြင် ယေရှုက မိမိသည် “ယေရုရှလင်မြို့သို့သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်” ဟူသော တပည့်များ နားလည်ရခက်သွားစေသည့်အချက်ကို ဖွင့်ပြောခဲ့လေသည်။—မဿဲ ၁၆:၂၁-၂၃။
၁၀ နောက်ကိုးလ၊ ဆယ်လခန့်အကြာတွင် “ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ ပြောင်းရသောအချိန်” ရောက်လာတော့မည်။ (ယောဟန် ၁၃:၁) တည်ကြည်သောတပည့်များကို အလွန်စိုးရိမ်မကင်းဖြစ်နေသော ယေရှုသည် ယုံကြည်ခြင်းကင်းမဲ့သည့် ဂျူးများကို ပြသဖို့ ငြင်းခဲ့သည့် ကောင်းကင်နိမိတ်တစ်ခုကို ပြမည်ဟု တပည့်တချို့ကို ကတိပြု၏။ ယေရှုက “ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသောသူအချို့တို့သည် မမြင်မီ သေခြင်းသို့မရောက်ရကြ” ဟုမိန့်တော်မူ၏။ (မဿဲ ၁၆:၂၈) ယေရှု၏တပည့်အချို့သည် မေရှိယနိုင်ငံတော် တည်ထောင်မည့် ၁၉၁၄ ခုနှစ်တိုင်အောင် အသက်ရှင်ကြလိမ့်မည်ဟု ကိုယ်တော် မိန့်ဆိုနေခြင်းမဟုတ်ပါ။ ယေရှုသည် ကိုယ်တော်၏အရင်းနှီးဆုံး တပည့်သုံးဦးအား ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ကိုယ်တော့်ဘုန်းတော်၏ အံ့မခန်းဖွယ်ကြိုတင်မြင်ကွင်းကို တွေ့မြင်စေလို၏။ အဆိုပါကြိုတင်မြင်ကွင်းကို ကိုယ်ယောင်ပြောင်းခြင်းဟုခေါ်သည်။
၁၁။ ကိုယ်ယောင်ပြောင်းခြင်း မြင်ကွင်းကို ရုပ်လုံးဖော်ပြပါ။
၁၁ နောက်ခြောက်ရက်အကြာတွင် ဟေရမုန်တောင်ရိုးဖြစ်ဖွယ်ရှိသည့် မြင့်လှသောတောင်ပေါ်သို့ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ယေရှု ခေါ်သွားသည်။ ထိုတွင် ယေရှုသည် “သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက် အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။” ပရောဖက်မောရှေနှင့် ဧလိယတို့သည်လည်း ပေါ်လာ၍ ယေရှုနှင့် စကားပြောနေကြသည်။ ဤအံ့ဖွယ်ဖြစ်ရပ်သည် ညအချိန်တွင် ဖြစ်ပျက်ခဲ့ပုံရှိရာ အထူးပေါ်လွင်ထင်ရှားခဲ့သည်။ ပကတိနှင့်အလွန်တူနေရာ ပေတရုက ယေရှု၊ မောရှေနှင့် ဧလိယတို့အတွက် တဲတစ်ဆောင်စီ သုံးဆောင်ဆောက်ပေးပါရစေဟု လျှောက်လေ၏။ ထိုသို့ပေတရုဆိုနေစဉ် ထွန်းလင်းသောမိုးတိမ်သည် သူတို့ကို လွှမ်းမိုး၍ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့” ဟုမိုးတိမ်က အသံတော်ထွက်လာ၏။—မဿဲ ၁၇:၁-၆။
၁၂၊ ၁၃။ ကိုယ်ယောင်ပြောင်းခြင်းမြင်ကွင်းသည် ယေရှု၏တပည့်များအပေါ် အဘယ်အကျိုး သက်ရောက်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၁၂ အမှန်ဆိုသော် ယေရှုသည် “ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်” ဟုမကြာမီကပင် ပေတရုဖော်ပြခဲ့ပြီးဖြစ်သည်။ (မဿဲ ၁၆:၁၆) သို့သော် ဝိညာဉ်တော်ဖွားသားတော်သည် မည်သူမည်ဝါဖြစ်ပြီး ကိုယ်တော်၏အပိုင်းကဏ္ဍကို အတည်ပြုပေးသည့် ဘုရားသခင် ကိုယ်တော်တိုင်၏သက်သေခံချက် စကားသံကို ကြားယောင်ကြည့်ပါ! ဤကိုယ်ယောင်ပြောင်းခြင်းမြင်ကွင်းသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့အတွက် ယုံကြည်ခြင်း အလွန်ခိုင်ခံ့စေသည့် အဖြစ်အပျက်တစ်ခုပေတည်း! သူတို့၏ယုံကြည်ခြင်း အလွန်ခိုင်ခံ့လာကြရာ ရှေ့တွင်ကြုံတွေ့ရမည့်အရာနှင့် အနာဂတ်အသင်းတော်တွင် သူတို့ထမ်းဆောင်ရမည့် အရေးကြီးတာဝန်အတွက် ယခု ပို၍အသင့်ဖြစ်နေကြပြီ။
၁၃ ဤကိုယ်ယောင်ပြောင်းခြင်းသည် တပည့်များ၏စိတ်တွင် တစ်သက်လုံးစွဲမှတ်သွားကြ၏။ နောင်အနှစ် ၃၀ ကျော်အကြာတွင် ပေတရုက ဤသို့ရေးသား၏– “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟူသော အသံတော်သည် ထူးမြတ်သောအရောင်အဝါတော်ထဲက [ယေရှု]သို့ရောက်သောအခါ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ကောင်းကင်ကရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရားနှင့်အတူရှိသောအခါ ကြားရကြ၏။” (၂ ပေတရု ၁:၁၇၊ ၁၈) ယောဟန်သည်လည်း ထိုအဖြစ်အပျက်ကို ထိုနည်းတူ စိတ်စွဲမှတ်ခဲ့သည်။ ထိုသို့ဖြစ်ပျက်ပြီးနောက် အနှစ် ၆၀ ကျော်တွင် သူသည် ဤစကားဖြင့် ယင်းကိုရည်ညွှန်းခဲ့ဖွယ်ရှိ၏– “ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ယောဟန် ၁:၁၄) သို့တိုင် ကိုယ်ယောင်ပြောင်းခြင်းသည် ယေရှုနောက်လိုက်များအား ပြသခဲ့သည့် နောက်ဆုံးမြင်ကွင်း မဟုတ်ချေ။
ဘုရားသခင်၏တည်ကြည်သူများကို နောက်ထပ်အလင်းဖြာပေးခြင်း
၁၄၊ ၁၅။ တမန်တော်ယောဟန်သည် ယေရှုကြွလာသည်အထိ အဘယ်နည်းဖြင့် ရှိနေရန်ဖြစ်သနည်း။
၁၄ ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် ဂါလိလဲပင်လယ်တွင် မိမိ၏တပည့်များကို ကိုယ်ယောင်ပြခဲ့သည်။ ထိုတွင် ကိုယ်တော်က ပေတရုအား “ငါကြွလာသည်ကာလတိုင်အောင် [ယောဟန်]ကို နေစေခြင်းငှာ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ဆိုင်သနည်း” ဟုမိန့်ဆို၏။ (ယောဟန် ၂၁:၁၊ ၂၀-၂၂၊ ၂၄) အဆိုပါစကားများက တမန်တော်ယောဟန်သည် အခြားတမန်တော်များထက် အသက်ပိုရှည်မည်ဟု ဆိုလိုသလော။ ဆိုလိုနိုင်ဖွယ်ရှိပါသည်၊ အကြောင်းမှာ သူသည် နောက်အနှစ် ၇၀ နီးပါးအထိ ယေဟောဝါ၏အမှုတော်ကို တည်ကြည်စွာ ထမ်းဆောင်လျက်ရှိ၍တည်း။ သို့သော် ယေရှု၏မိန့်ဆိုချက်တွင် ထိုထက်မက ရှိသေးသည်။
၁၅ “ငါကြွလာသည်ကာလတိုင်အောင်” ဟူသောစကားက ‘ဘုရားသခင့်နိုင်ငံတော်တည်လျက် လူသား ကြွလာတော်မူ’ ခြင်းကို ယေရှုရည်ညွှန်းကြောင်း ကျွန်ုပ်တို့အား အမှတ်ရစေသည်။ (မဿဲ ၁၆:၂၈) နောက်ပိုင်းတွင် ယောဟန်သည် ဘုရားသခင့်နိုင်ငံတော်တန်ခိုးနှင့် ယေရှုကြွလာသော ပရောဖက်ပြုချက်ဆိုင်ရာ စိတ်အာရုံမြင်ကွင်းကို ရရှိခဲ့ခြင်းကြောင့် ယင်းသဘောမျိုးဖြင့် ယေရှုကြွလာသည့်တိုင်အောင် ယောဟန်ရှိနေခြင်းဖြစ်သည်။ ပတ်မုကျွန်း၌ ယောဟန်ကွယ်လွန်ခါနီးတွင် “သခင်ဘုရားနေ့” အတွင်း ဖြစ်ပျက်မည့် အံ့သြဖွယ်ပရောဖက်ပြုချက်ဆိုင်ရာ အဖြစ်အပျက်နိမိတ်များပါသည့် စိတ်အာရုံမြင်ကွင်းကို မြင်တွေ့ရလေသည်။ ယောဟန်သည် အဆိုပါအံ့မခန်းဖွယ်စိတ်အာရုံမြင်ကွင်းများကြောင့် အလွန်စိတ်စွဲမှတ်သွားရသည်၊ ယေရှုက “ငါသည် အလျင်အမြန်လာမည်” ဟုမိန့်ဆိုသောအခါ ယောဟန်က “အာမင်။ သခင်ယေရှုကြွလာတော်မူပါ” ဟုဖြေဆို၏။—ဗျာ. ၁:၁၊ ၁၀; ၂၂:၂၀၊ ၂၁။
၁၆။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့နေစေရန် အဘယ်ကြောင့် အရေးကြီးသနည်း။
၁၆ ပထမရာစုတွင် အသက်ရှင်ခဲ့ကြသော စိတ်နှလုံးရိုးဖြောင့်သူများသည် ယေရှုကို မေရှိယအဖြစ် လက်ခံယုံကြည်ကြသည်။ ယုံကြည်လာကြသူများသည် သူတို့ဝန်းကျင်မှ လူတို့၏ယုံကြည်ခြင်းကင်းမဲ့မှုကြောင့်နှင့် သူတို့လုပ်ရမည့်လုပ်ငန်းနှင့် ရှေ့တွင်ကြုံတွေ့ရမည့် စမ်းသပ်မှုများကြောင့် ယုံကြည်ခြင်း ခိုင်ခံ့ဖို့လိုသည်။ ယေရှုသည် တည်ကြည်သောနောက်လိုက်များကို အားပေးရန် မိမိသည် မေရှိယဖြစ်ကြောင်း အလုံအလောက်သက်သေပြပြီး ဉာဏ်အလင်းပေးသော ပရောဖက်ပြုချက်ဆိုင်ရာ စိတ်အာရုံများကို ဖော်ပြပေးခဲ့သည်။ ယနေ့ ကျွန်ုပ်တို့သည် “သခင်ဘုရားနေ့” အတွင်း ရောက်ရှိနေကြပြီ။ မကြာမီ ခရစ်တော်သည် စာတန်၏စနစ်ဆိုးတစ်ခုလုံးကို ဖျက်ဆီးပြီး ဘုရားသခင်၏လူမျိုးတော်ကို ကယ်လွှတ်ပေးတော့မည်။ ကျွန်ုပ်တို့လည်း မိမိတို့၏ဝိညာဉ်ရေးအကျိုးအတွက် ယေဟောဝါပြင်ဆင်ပေးသမျှမှ အပြည့်အဝအကျိုးရယူခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရမည်။
မှောင်မိုက်ကာလနှင့် ဆင်းရဲခြင်းတစ်လျှောက် ကာကွယ်ခံရ
၁၇၊ ၁၈။ ပထမရာစုရှိ ယေရှု၏နောက်လိုက်များနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဆန့်ကျင်သူများကြား အဘယ်သိသာသောခြားနားချက် ရှိခဲ့သနည်း၊ အုပ်စုတစ်စုစီ၏အကျိုးရလဒ်ကား အဘယ်နည်း။
၁၇ ယေရှုကွယ်လွန်ပြီးနောက် တပည့်များသည် “ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” ကိုယ်တော့်အကြောင်း သက်သေခံရမည်ဟူသော မိန့်မှာချက်ကို သတ္တိရှိရှိ လိုက်နာကြသည်။ (တမန်တော် ၁:၈) ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှု လှိုင်းဂယက်များကြားမှ ယေဟောဝါသည် တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်ကို ဝိညာဉ်ရေးအလင်းဖြင့်လည်းကောင်း၊ တပည့်သစ်များစွာဖြင့်လည်းကောင်း ကောင်းချီးပေးတော်မူသည်။—တမန်တော် ၂:၄၇; ၄:၁-၃၁; ၈:၁-၈။
၁၈ သတင်းကောင်းကို အတိုက်အခံပြုသူများ၏အလားအလာများမှာမူ တဖြည်းဖြည်း မှောင်မိုက်လာပေမည်။ နယပုံပြင် ၄:၁၉ က ဤသို့ဖော်ပြသည်– “မတရားသောသူတို့၏လမ်းမူကား မှောင်မိုက်ကဲ့သို့ဖြစ်၍ သူတို့သည် လဲသောအခါ အဘယ်အရာကို တိုက်မိသည်ဟုမသိရကြ။” ယေရုရှလင်မြို့ကို ရောမစစ်တပ်များ ဝိုင်းရံသည့် စီ.အီး. ၆၆ ခုနှစ်တွင် သာ၍ “မှောင်မိုက်” လာလေ၏။ ရောမတို့သည် သိသာသောအကြောင်းရင်းမရှိဘဲ ခေတ္တဆုတ်ခွာသွားပြီးနောက် စီ.အီး. ၇၀ ပြည့်နှစ်တွင် တစ်ဖန်ပြန်လာကာ မြို့ကို ဖျက်ဆီးလိုက်သည်။ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်၏အဆိုအရ ဂျူးတစ်သန်းကျော် သေဆုံးသွားခဲ့၏။ သို့သော် တည်ကြည်သောခရစ်ယာန်များသည် လွတ်မြောက်ခဲ့၏။ အဘယ်ကြောင့်နည်း။ ပထမအကြိမ် ဝိုင်းရံထားရာမှ ရုတ်တရက်ဆုတ်ခွာသွားချိန်တွင် ထွက်ပြေးပါဟူသော ယေရှု၏မိန့်မှာချက်ကို သူတို့နာခံကြသောကြောင့်တည်း။—လုကာ ၂၁:၂၀-၂၂။
၁၉၊ ၂၀။ (က) ဘုရားသခင်၏လူမျိုးတော်သည် လက်ရှိအစီအစဉ်စနစ် အဆုံးတိုင်ခါနီးသည်နှင့်အမျှ အဘယ်ကြောင့် ကြောက်စရာအကြောင်းမရှိသနည်း။ (ခ) ၁၉၁၄ ခုနှစ်မတိုင်မီ ဆယ်စုနှစ်များတွင် ယေဟောဝါသည် မိမိ၏လူမျိုးတော်အား အဘယ်ထူးခြားသောထိုးထွင်းသိမြင်မှုကို ပေးသနားခဲ့သနည်း။
၁၉ ကျွန်ုပ်တို့၏အခြေအနေသည်လည်း ထိုနည်းလည်းကောင်းပင်။ ဖြစ်အံ့ဆဲရှိကြီးစွာသောဆင်းရဲခြင်းသည် စာတန်စနစ်ဆိုးတစ်ခုလုံး၏နိဂုံးကို ဖော်ဆောင်၏။ သို့သော် ဘုရားသခင်၏လူမျိုးတော်မှာ ကြောက်စရာမလိုပေ၊ အကြောင်းမှာ ယေရှုက “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဟုကတိပြုခဲ့၏။ (မဿဲ ၂၈:၂၀) အစောပိုင်းတပည့်များ၏ယုံကြည်ခြင်းကို တည်ဆောက်ပေးပြီး ရှေ့တွင်ကြုံတွေ့ရမည့်အရာအတွက် အသင့်ပြင်ဆင်ပေးရန် ယေရှုသည် မေရှိယဘုရင်အဖြစ် ကိုယ်တော်၏ကောင်းကင်ဘုန်းတော်ကို သူတို့အား ကြိုတင်မြင်စေခဲ့သည်။ ယနေ့ကော အသို့နည်း။ ထိုကြိုတင်မြင်ကွင်းသည် ၁၉၁၄ ခုနှစ်တွင် အမှန်ပင်ဖြစ်ပေါ်လာလေသည်။ ယင်းသည် ဘုရားသခင်၏လူမျိုးတော်အတွက် အမှန်ပင် ယုံကြည်ခြင်းခိုင်ခံ့စေခဲ့သည်! ယေဟောဝါ၏ကျေးကျွန်များသည် အံ့မခန်းဖွယ် အနာဂတ်ကတိတော်ကို ရရှိကြပြီး ထိုအဖြစ်မှန်ကို တဖြည်းဖြည်း တိုး၍ထိုးထွင်းသိမြင်လာခဲ့ကြသည်။ ယနေ့ မှောင်မိုက်သောလောကအလယ်တွင် “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။”—သု. ၄:၁၈။
၂၀ ဝိညာဉ်တော်ဖွားခရစ်ယာန်အုပ်စုငယ်သည် ၁၉၁၄ ခုနှစ်မတိုင်မီကပင် သခင်ပြန်ကြွလာခြင်းနှင့်ပတ်သက်၍ အရေးကြီးအမှန်တရားများကို သဘောပေါက်စပြုခဲ့သည်။ ဥပမာ၊ ကောင်းကင်သို့ ယေရှုတက်ကြွသွားစဉ် စီ.အီး. ၃၃ ခုနှစ်တွင် တပည့်များရှေ့ပေါ်လာသော ကောင်းကင်တမန်နှစ်ပါး၏ ပြောဆိုချက်အရ မျက်မြင်မရနည်းဖြင့် သခင်ပြန်ကြွလာမည်ကို သူတို့ ပိုင်းခြားသိမြင်ခဲ့ကြသည်။ တပည့်များ၏မြင်ကွင်းမှ ယေရှုပျောက်ကွယ်သွားပြီးနောက် ကောင်းကင်တမန်များက “သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့” ဟုပြောဆို၏။—တမန်တော် ၁:၉-၁၁။
၂၁။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို ဆွေးနွေးမည်နည်း။
၂၁ ယေရှုထွက်ခွာသွားခြင်းကို တည်ကြည်သောနောက်လိုက်များသာ မြင်တွေ့ခဲ့ကြရသည်။ ကိုယ်ယောင်ပြောင်းခြင်းမှာကဲ့သို့ပင်ဖြစ်ကာ လူအများရှေ့တွင်မဟုတ်ခဲ့ချေ; လောကသားအများစုသည် ဖြစ်ပျက်ခဲ့ရာကို သိပင်မသိကြချေ။ ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ခရစ်တော်ပြန်ကြွလာချိန်လည်း ထိုနည်းတူပင်ဖြစ်လိမ့်မည်။ (ယောဟန် ၁၄:၁၉) ကိုယ်တော်၏တည်ကြည်သော ဝိညာဉ်တော်ဖွားတပည့်များသာ ဘုရင်အဖြစ် ကိုယ်တော်ရောက်ရှိခြင်းကို ပိုင်းခြားသိမြင်ကြပါလိမ့်မည်။ ဤထိုးထွင်းသိမြင်မှုက သူတို့အပေါ် မည်သို့အကျိုးများစွာ သက်ရောက်မည်ကိုလည်းကောင်း၊ ယေရှုအား မြေကြီးပေါ်တွင် လက်အောက်ခံကြမည့် သန်းနှင့်ချီသောသူများကို စုသိမ်းခြင်းသည် မည်သို့အထွတ်အထိပ်တိုင်မည်ကိုလည်းကောင်း နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သိမြင်ရပါလိမ့်မည်။—ဗျာ. ၇: ၉၊ ၁၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ယေရှု နှစ်ခြင်းခံချိန်တွင် ဘုရားသခင်၏အသံတော်ကို ယောဟန်တစ်ဦးတည်းသာ ကြားခဲ့ရကြောင်း ထင်ရှား၏။ ယေရှု ဟောပြောနေသော ဂျူးများသည် “ခမည်းတော်၏စကားသံတော်ကို . . . မကြား၊ သဏ္ဌာန်တော်ကိုမမြင်” ခဲ့ရချေ။—ယောဟန် ၅:၃၇။
သင်မှတ်မိသလော
• ယေရှုသည် ဥပုသ်ကို ချိုးဖောက်ပြီး ဘုရားသခင်ကို စော်ကားသည်ဟု စွပ်စွဲခံရသည့်အခါ မိမိသည် မေရှိယဖြစ်ကြောင်း အဘယ်အထောက်အထားပြခဲ့သနည်း။
• ယေရှု၏အစောပိုင်းတပည့်များသည် ကိုယ်ယောင်ပြောင်းခြင်းမှ မည်သို့အကျိုးရရှိခဲ့ကြသနည်း။
• ယေရှုကြွလာသည်တိုင်အောင် ယောဟန်ရှိနေမည်ဟု မိန့်ဆိုသည့်အခါ အဘယ်အရာကို ကိုယ်တော်ဆိုလိုခဲ့သနည်း။
• ၁၉၁၄ ခုနှစ်တွင် အဘယ်ကြိုတင်မြင်ကွင်းသည် အမှန်ပင်ဖြစ်ပျက်လာခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
မိမိသည် မေရှိယဖြစ်ကြောင်း အထောက်အထားများကို ယေရှုပြခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ကိုယ်ယောင်ပြောင်းခြင်းမြင်ကွင်းသည် ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေရှု “ကြွလာ” သည်တိုင်အောင် ယောဟန် ရှိနေရန်ဖြစ်ခဲ့