သင်မှတ်မိသလော
သင်မှတ်မိသလော
မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ သဘောကျခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
• ခရစ်ယာန်တစ်ဦးသည် စိတ်ပိုင်းရော၊ ဝိညာဉ်ရေးပိုင်းပါ မောပန်းလာသည့်အခါ အဘယ်အရာပြုလုပ်နိုင်သနည်း။
ကျွန်ုပ်တို့အား မောပန်းစေသည့်အရာကို ခွဲခွဲခြားခြားသိမြင်ဖို့လိုသည်။ ကျွန်ုပ်တို့၏လုပ်ရိုးလုပ်စဉ်များနှင့် ဥစ္စာပစ္စည်းများကို စာရင်းလုပ်ပြီး မလိုအပ်သောဝန်ထုပ်များကို ဖယ်ရှားပစ်နိုင်ပေမည်။ ကျွန်ုပ်တို့၏အခြေအနေနှင့်အညီ လက်တွေ့ကျပန်းတိုင်များ ချမှတ်နိုင်သည်။ ဝိညာဉ်ရေးကျန်းမာမှုကို ဂရုစိုက်ခြင်းသည် အရေးကြီးသည်၊ ယင်းတွင် မှန်မှန်ဆုတောင်းခြင်းနှင့် တွေးတောဆင်ခြင်ခြင်းတို့ ပါဝင်သင့်သည်။—၈/၁၅၊ စာမျက်နှာ ၂၃-၆။
• ယေဟောဝါသက်သေများသည် ၁၄၄,၀၀၀ ကိန်းဂဏန်းကို အဘယ်ကြောင့် စာသားအတိုင်းယူကြသနည်း။
တမန်တော်ယောဟန်သည် ၁၄၄,၀၀၀ အကြောင်း ပြောပြီးနောက် “မည်သူမျှမရေတွက်နိုင်သော လူအုပ်ကြီးတစ်အုပ်” ကိုတွေ့ မြင်ခဲ့သည်။ (ဗျာ. ၇:၄၊ ၉) အကယ်၍ ၁၄၄,၀၀၀ ကိန်းဂဏန်းကို ပုံဆောင်သဘောအရ ယူမည်ဆိုလျှင် ၎င်းတို့၏ခြားနားချက်သည် သိသာထင်ရှားတော့မည်မဟုတ်ချေ။ “သိုးစုငယ်” အဖြစ် မိမိနှင့်အတူအုပ်ချုပ်မည့်သူများအကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ (လုကာ ၁၂:၃၂)—၉/၁၊ စာမျက်နှာ ၃၀။
• ဣသရေလလူတစ်ဦးသည် သွေးမထုတ်ထားသည့် တိရစ္ဆာန်အသေကောင်ကို တိုင်းတစ်ပါးသားအား အဘယ်ကြောင့် ရောင်းနိုင်သနည်း။
ဘာသာဝင်မဟုတ်သော တိုင်းတစ်ပါးသား သို့မဟုတ် တစ်ပါးအမျိုးသားတစ်ဦးသည် ပညတ်တရားအောက်တွင် မရှိချေ။ သို့ဖြစ်၍ ဣသရေလလူတစ်ဦးသည် ထိုတိရစ္ဆာန်အသေကောင်ကို သူ့အား ပေးခွင့်၊ ရောင်းခွင့်ရှိ၏။ (တရားဟောရာ ၁၄:၂၁) သို့သော် ဘာသာဝင်တစ်ဦးသည် ပညတ်တရား၏ချုပ်နှောင်မှုအောက်တွင်ရှိရာ အသွေးမထုတ်ထားသည့် ဤသို့သောတိရစ္ဆာန်၏အသားကို စားမည်မဟုတ်ပါ။ (ဝတ်ပြုရာ ၁၇:၁၀)—၉/၁၅၊ စာမျက်နှာ ၂၆။
• ဇီဝတုပမှုဗေဒ (biomimetics) ဟူသည် အဘယ်နည်း၊ ခရစ်ယာန်များသည် ယင်းကို အဘယ်ကြောင့် စိတ်ဝင်စားကြသနည်း။
ယင်းသည် သဘာဝလောကကြီးရှိ ဒီဇိုင်းပုံစံများကို အတုယူပြုလုပ်ရန် ကြိုးပမ်းကြသည့် သိပ္ပံပညာရပ်နယ်ပယ်ဖြစ်သည်။ ဥပမာ၊ ရွိုက်ညီနောင်တို့သည် ပျံဝဲနေကြသည့် ငှက်ကြီးများကို လေ့လာပြီးနောက် လေယာဉ်တစ်စင်းကို ပုံစံပြုထုတ်လုပ်ခဲ့ကြသည်။ သို့ဖြစ်၍ ခရစ်ယာန်များသည် ဇီဝတုပမှုဗေဒကြောင့် ဖန်ဆင်းရှင်အား ဂုဏ်တင်ရန် စေ့ဆော်ခံရနိုင်၏။—၁၀/၁၊ စာမျက်နှာ ၉။
• ၂ ကောရိန္သု ၁၂:၂-၄ တွင်ဖော်ပြထားသည့် ပရဒိသုဘုံသို့ ချီဆောင်ခံရသူကား အဘယ်သူနည်း။
ပေါလုက မိမိသည် တမန်တော်အဖြစ်ကိုခံထိုက်ကြောင်း ချေပပြောဆိုပြီးပြီးချင်း ထိုကျမ်းချက်ပါစကားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့သောတွေ့ကြုံမှုမျိုးကို တွေ့ ကြုံဖူးသည့် အခြားမည်သူ့အကြောင်းမျှ သမ္မာကျမ်းစာက မဖော်ပြဘဲ ယင်းကို ပြောပြသူမှာ ပေါလုဖြစ်သောကြောင့် ဤစိတ်အာရုံကို ပေါလု တွေ့ မြင်နိုင်ဖွယ်ရှိ၏။—၁၀/၁၅၊ စာမျက်နှာ ၈။
• ယေရှုသည် ဘုရားသခင်ရွေးချယ်ထားသော ခေါင်းဆောင်အဖြစ် ထမ်းဆောင်ရန် အရည်အချင်းပြည့်မီစေသည့် ကိုယ်တော်၏ အရည်အသွေးအချို့ကား အဘယ်နည်း။
ယေရှု၏ရိုးသားဖြောင့်မတ်သောအပြုအမူက ကိုယ်တော်သည် သမာဓိအပြည့်အဝရှိကြောင်း ဖော်ပြ၏။ ဘုရားသခင်ထံ အပြည့်အဝ ဆက်ကပ်အပ်နှံထား၏။ ယေရှုသည် လူတို့အတွက် အလွန်စိုးရိမ်ပူပန်ပေးတတ်ပြီး လုပ်ကိုင်ပေးရန် အသင့်ရှိတော်မူသည်။—၁၁/၁၊ စာမျက်နှာ ၆-၇။
• နတ်ဆိုးများသည် အနှစ်တစ်ထောင်အတွင်း အဘယ်နေရာတွင် ရှိနေကြမည်နည်း။
ခရစ်တော်၏အနှစ်တစ်ထောင်စိုးစံရာကာလအတွင်း သူတို့သည် စာတန်နှင့်အတူ တွင်းနက်ထဲ ပစ်ချခံရမည်ဟု ဆင်ခြင်တုံတရားနှင့်အညီ ကျွန်ုပ်တို့ ကောက်ချက်ချနိုင်သည်။ (ဗျာ. ၂၀:၁-၃) မြွေ၏ခေါင်းကို ကြိတ်မည်ဟု ကမ္ဘာဦး ၃:၁၅ ကကြိုဟောထားရာ ယင်းတွင် အနှစ်တစ်ထောင်အတွင်း တွင်းနက်ထဲ ပစ်ချခံရခြင်းပါဝင်သည်။ သူ၏အမျိုးအနွယ်တွင် ဆိုးညစ်သည့်ကောင်းကင်တမန်များခေါ် နတ်ဆိုးများ ပါဝင်သည်။ တွင်းနက်ကို သူတို့ကြောက်လန့်ရခြင်းက လာလတ္တံ့သော ဤချုပ်နှောင်ခြင်းကို သူတို့သိနေကြောင်း ပြ၏။ (လုကာ ၈:၃၁)—၁၁/၁၅၊ စာမျက်နှာ ၃၀-၁။
• အရက်ယမကာသောက်ခြင်းနှင့်စပ်လျဉ်း၍ သိသိသာသာမူးယစ်နေသည့်အဆင့် မရောက်လျှင်ပင် ယင်းနှင့်ပတ်သက်၍ အဘယ်ကြောင့် သတိထားသင့်သနည်း။
လူအချို့သည် အတော်များများသောက်ပြီးနောက်၌ပင် အရက်မူးသည့်လက္ခဏာမပြကြချေ။ သို့သော် ထိုသူသည် တဖြည်းဖြည်း အရက်စွဲလာပြီး ‘စပျစ်ရည်၏ကျွန်’ ဖြစ်လာနိုင်သည်။ (တိတု ၂:၃) ယေရှုက ‘အစားအသောက်လွန်ကြူးခြင်းအားဖြင့် ပင်ပန်း’ ခြင်းနှင့်ပတ်သက်၍ သတိပေးခဲ့သည်။ (လုကာ ၂၁:၃၄၊ ၃၅) ကာယရေးသာမက ဝိညာဉ်ရေးပါ ရီဝေ၊ လေးတွဲမှုမဖြစ်စေမီ မူးယစ်သည့်အဆင့်ရောက်သည်အထိ အရက်သောက်ရန်မဟုတ်ပါ။—၁၂/၁၊ စာမျက်နှာ ၁၉-၂၁။