‘သခင်ဘုရားအားဖြင့် ခိုင်ခံ့ခြင်းရှိကြလော့’
‘သခင်ဘုရားအားဖြင့် ခိုင်ခံ့ခြင်းရှိကြလော့’
“သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း ခိုင်ခံ့ခြင်းရှိကြလော့။”—ဧဖက် ၆:၁၀။
၁။ (က) လွန်ခဲ့သောအနှစ် ၃,၀၀၀ ခန့်က အဘယ်ထူးဆန်းဖွယ်တိုက်ပွဲ ဖြစ်ခဲ့သနည်း။ (ခ) ဒါဝိဒ်သည် အဘယ်ကြောင့် အနိုင်ရရှိခဲ့သနည်း။
လွန်ခဲ့သောအနှစ် ၃,၀၀၀ ခန့်က စစ်မြေပြင်တွင် ရန်သူစစ်တပ်နှစ်တပ်ကြား၌ ယှဉ်ပြိုင်သူနှစ်ဦး မျက်နှာချင်းဆိုင် ရပ်လျက်ရှိ၏။ လူငယ်မှာ ဒါဝိဒ်အမည်ရှိ သိုးကျောင်းသားလေးဖြစ်သည်။ သူ၏ရှေ့တွင် သူမတူသည့်ခွန်အား၊ အရပ်အမောင်းရှိသူ ဂေါလျတ် ရပ်နေ၏။ သူ၏သံချပ်အင်္ကျီသည် ၁၂၅ ပေါင်ခန့်လေးပြီး ဧရာမလှံတံနှင့် ဓားကြီးတို့ကို ကိုင်ဆောင်ထားသည်။ ဒါဝိဒ်မှာမူ သံချပ်အင်္ကျီဝတ်မထား၊ သူ၏တစ်ခုတည်းသော လက်နက်မှာ လောက်လွှဲဖြစ်၏။ ဣသရေလလူငယ်က မိမိကိုစိန်ခေါ်သည့်အတွက် မထီလေးစားပြုခံရသည်ဟု ဖိလိတ္တိလူ့ဘီလူးကြီးဂေါလျတ် ယူမှတ်၏။ (၁ ဓမ္မရာဇဝင် ၁၇:၄၂-၄၄) နှစ်ဖက်ရှုစားနေသူတို့သည် အနိုင်အရှုံးကို ကြိုတွက်ထားပုံရသည်။ သို့သော် ခွန်အားကြီးတိုင်း တိုက်ပွဲတွင် အမြဲအနိုင်ရမည်မဟုတ်။ (ဒေ. ၉:၁၁) ယေဟောဝါ၏ခွန်အားဖြင့် ဒါဝိဒ် တိုက်ပွဲအောင်ခဲ့သည်။ ထို့ကြောင့် သူက ‘ယေဟောဝါသည် စစ်မှုကိုပိုင်’ ၏ဟု ပြောဆိုခဲ့သည်။ “ဒါဝိဒ်သည် . . . လောက်လွှဲနှင့် ကျောက်တစ်လုံးအားဖြင့် ဖိလိတ္တိလူကိုနိုင်” လေ၏ဟု သမ္မာကျမ်းစာမှတ်တမ်းက ဖော်ပြသည်။—၁ ဓမ္မရာဇဝင် ၁၇:၄၇၊ ၅၀၊ သမ။
၂။ ခရစ်ယာန်များသည် အဘယ်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသနည်း။
၂ ခရစ်ယာန်များသည် ပကတိစစ်ပွဲတွင် မပါဝင်ကြချေ။ သူတို့သည် လူအပေါင်းနှင့် အသင့်အတင့်ရှိကြသော်လည်း အလွန်တန်ခိုးကြီးမားသည့် ရန်သူများနှင့် ဝိညာဉ်ရေးတိုက်ပွဲ ဆင်နွှဲလျက်ရှိကြ၏။ (ရောမ ၁၂:၁၈) ဧဖက်မြို့ရှိ ခရစ်ယာန်များထံ ပေါလုရေးခဲ့သောစာ၏ နောက်ဆုံးအခန်းကြီးတွင် ခရစ်ယာန်တိုင်း ပါဝင်ဆင်နွှဲမည့် စစ်ပွဲအကြောင်း ဖော်ပြထားသည်။ သူဤသို့ရေးခဲ့သည်– “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လော[က]မှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန် [“နပန်းသတ်၊” ကဘ] ရကြ၏။”—ဧဖက် ၆:၁၂။
၃။ ဧဖက် ၆:၁၀ အရ ကျွန်ုပ်တို့အနိုင်ရရှိရန် အဘယ်အရာလုပ်ဆောင်ဖို့လိုသနည်း။
၃ အဆိုပါ “နတ်ဆိုးတို့” မှာစာတန်နှင့် သူ၏အပေါင်းပါ နတ်ဆိုးများဖြစ်ကြပြီး သူတို့သည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဖျက်ဆီးလိုကြ၏။ သူတို့သည် ကျွန်ုပ်တို့ထက် ပို၍ခွန်အားကြီးမားသောကြောင့် ကျွန်ုပ်တို့၏အခြေအနေသည် ဒါဝိဒ်အဖြစ်နှင့်ဆင်တူ၏၊ ဘုရားသခင်၏ခွန်အားကို ကျွန်ုပ်တို့အားမကိုးလျှင် အနိုင်ရမည်မဟုတ်ချေ။ မှန်ပါသည်၊ ပေါလုက ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်း၏– “သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း ခိုင်ခံ့ခြင်းရှိကြလော့။” (ဧဖက် ၆:၁၀) တမန်တော်သည် ထိုသို့ဆုံးမပြီးနောက် ကျွန်ုပ်တို့ အောင်ပွဲဆင်နိုင်ရန် ဝိညာဉ်ရေးပြင်ဆင်ပေးချက်များနှင့် ခရစ်ယာန်အရည်အသွေးများကို ဖော်ပြ၏။—ဧဖက် ၆:၁၁-၁၇။
၄။ ဤဆောင်းပါးတွင် အဘယ်အဓိကအချက်နှစ်ချက်ကို သုံးသပ်မည်နည်း။
၄ ကျွန်ုပ်တို့ရန်သူ၏ အားသာချက်များ၊ နည်းဗျူဟာများအကြောင်း ကျမ်းစာဆိုထားရာကို ယခု ဆန်းစစ်ကြည့်ကြစို့။ ထို့နောက် ကျွန်ုပ်တို့ကိုယ်ကို ခုခံကာကွယ်နိုင်မည့်နည်းကို သုံးသပ်ကြမည်။ ယေဟောဝါ၏ညွှန်ကြားချက်များကို ကျွန်ုပ်တို့ လိုက်နာမည်ဆိုလျှင် ကျွန်ုပ်တို့၏ရန်သူများ ရှုံးနိမ့်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်၏။
နတ်ဆိုးတို့နှင့် နပန်းသတ်ပွဲ
၅။ ဧဖက် ၆:၁၂ တွင် ‘နပန်းသတ်ခြင်း’ ဟူသောစကားလုံးကို အသုံးပြုထားပုံက စာတန်၏နည်းဗျူဟာကို မည်သို့သိမြင်စေသနည်း။
၅ ကျွန်ုပ်တို့သည် “မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် . . . ဆိုင်ပြိုင်တိုက်လှန် [“နပန်းသတ်၊” ကဘ] ရကြ၏” ဟုပေါလုရှင်းပြသည်။ နတ်ဆိုးခေါင်းဆောင်မှာ “နတ်ဆိုးမင်း” စာတန်ပင်ဖြစ်၏။ (မဿဲ ၁၂:၂၄-၂၆) သမ္မာကျမ်းစာက ကျွန်ုပ်တို့၏တိုက်ပွဲကို “နပန်းသတ်ခြင်း၊” သို့မဟုတ် အနီးကပ်ထိုးသတ်ပွဲအဖြစ် သရုပ်ဖော်ထားသည်။ ရှေးခေတ်ဂရိလူမျိုး၏နပန်းသတ်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သူတိုင်းသည် သူ၏ပြိုင်ဘက်ကို ဟန်ချက်ပျက်စေကာ လှဲချရန် ကြိုးစားကြသည်။ ထိုနည်းတူစွာ စာတန်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးဟန်ချက်ကို ပျက်သွားစေလို၏။ သူသည် ကျွန်ုပ်တို့၏ဟန်ချက်ကို မည်သို့ပျက်စေနိုင်သနည်း။
၆။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပျက်ပြားသွားစေရန် နည်းဗျူဟာအမျိုးမျိုးကို စာတန် မည်သို့အသုံးပြုနိုင်ကြောင်း သမ္မာကျမ်းစာမှ ဖော်ပြပါ။
၆ စာတန်သည် မြွေ၊ ဟောက်သောခြင်္သေ့၊ သို့မဟုတ် လင်းသောကောင်းကင်တမန်ကဲ့သို့ပင် ပြုမူတတ်ပေ၏။ (၂ ကောရိန္သု ၁၁:၃၊ ၁၄; ၁ ပေတရု ၅:၈) ကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်ရန်၊ စိတ်ဓာတ်ကျစေရန် လူသားကိုယ်စားလှယ်များကို သူအသုံးပြုနိုင်၏။ (ဗျာ. ၂:၁၀) တစ်လောကလုံးကို စာတန် အသုံးပြုနိုင်သောကြောင့် ကျွန်ုပ်တို့ကို ထောင်ချောက်ဆင်ရန် လောက၏မက်မောဖွယ်ရာ၊ ဆွဲဆောင်မှုများကို အပြည့်အဝအသုံးချနိုင်၏။ (၂ တိမောသေ ၂:၂၆; ၁ ယောဟန် ၂:၁၆; ၅:၁၉) ဧဝကိုလှည့်စားသကဲ့သို့ ဤလောက သို့မဟုတ် အယူဖောက်ပြန်သော အတွေးအခေါ်ကို အသုံးပြု၍ ကျွန်ုပ်တို့ကိုလှည့်စားနိုင်၏။—၁ တိမောသေ ၂:၁၄။
၇။ နတ်ဆိုးများတွင် အဘယ်ကန့်သတ်မှုများ ရှိသနည်း၊ ကျွန်ုပ်တို့တွင်မူ အဘယ်သာလွန်ချက်များ ရှိသနည်း။
၇ စာတန်နှင့် နတ်ဆိုးတို့၏ လက်နက်များနှင့် တန်ခိုးသည် ကြီးမားပုံရသော်လည်း အကန့်အသတ်ရှိ၏။ ဤနတ်ဆိုးများသည် ကောင်းကင်ခမည်းတော် မနှစ်သက်သည့် မကောင်းမှုများကို လုပ်ဆောင်စေရန် ကျွန်ုပ်တို့အား အတင်းအကျပ်မစေခိုင်းနိုင်ချေ။ ကျွန်ုပ်တို့တွင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး ကျွန်ုပ်တို့၏အတွေးအခေါ်များနှင့် အပြုအမူများကို ချုပ်ထိန်းနိုင်သည်။ ထို့ပြင် ကျွန်ုပ်တို့ တစ်ကိုယ်တော် တိုက်ပွဲဝင်နေသည်မဟုတ်။ ဧလိရှဲခေတ်ကကဲ့သို့ပင် ကျွန်ုပ်တို့ခေတ်တွင်လည်း ဤအတိုင်းဖြစ်၏– “ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်။” (၄ ဓမ္မရာဇဝင် ၆:၁၆) ဘုရားသခင်၏အလိုတော်ကိုလိုက်ပြီး စာတန်ကို ဆီးတားမည်ဆိုလျှင် ကျွန်ုပ်တို့ထံမှ စာတန် ထွက်ပြေးသွားလိမ့်မည်ဟု သမ္မာကျမ်းစာက စိတ်ချစေသည်။—ယာကုပ် ၄:၇။
စာတန်၏အကြံအစည်များကို သိရှိထား
၈၊ ၉။ စာတန်သည် ယောဘ၏သမာဓိကိုချိုးဖျက်ရန် အဘယ်စမ်းသပ်မှုများ ကျရောက်စေခဲ့သနည်း၊ ယနေ့ အဘယ်ဝိညာဉ်ရေးအန္တရာယ်များကို ကြုံတွေ့နေရကြသနည်း။
၈ သမ္မာကျမ်းစာက စာတန်၏အခြေခံနည်းဗျူဟာများကို ဖော်ပြထားသောကြောင့် သူ၏အကြံအစည်များကို ကျွန်ုပ်တို့သိထားကြ၏။ (၂ ကောရိန္သု ၂:၁၁) ဖြောင့်မတ်သောယောဘကို စာတန် တိုက်ခိုက်ချိန်တွင် စီးပွားရေးပြဿနာများ၊ ချစ်မြတ်နိုးရသူများသေဆုံးခြင်း၊ မိသားစုအတိုက်အခံ၊ ကျန်းမာရေးနှင့် မိတ်ဆွေအတုအယောင်များ၏ အခြေအမြစ်မရှိ ပြစ်တင်ဝေဖန်ခြင်းကို အသုံးပြုခဲ့သည်။ ယောဘသည် စိတ်ပျက်အားငယ်လာပြီး မိမိကို ဘုရားသခင်စွန့်ပစ်ပြီဟု ခံစားမိလေသည်။ (ယောဘ ၁၀:၁၊ ၂) ယနေ့ စာတန်သည် အဆိုပါအခက်အခဲများကို တိုက်ရိုက်ဖြစ်ပေါ်စေမည်မဟုတ်သော်လည်း ထိုသို့သောအကျပ်အတည်းများကို ခရစ်ယာန်များစွာ ခံစားနေကြရပြီး ၎င်းတို့ကို စာတန်အသုံးချနိုင်သည်။
၉ ဤဆုံးခန်းချိန်တွင် ဝိညာဉ်ရေးအန္တရာယ်များ တစ်ဟုန်ထိုး တိုးများလာခဲ့ပြီ။ ဝိညာဉ်ရေးပန်းတိုင်များအစား ရုပ်ပစ္စည်းကိုဦးစားထားသည့် လောကတွင် ကျွန်ုပ်တို့နေထိုင်ကြရ၏။ တရားမဝင်လိင်ဆက်ဆံခြင်းသည် စိတ်ဆင်းရဲစေမည့်အစား ပျော်ရွှင်စရာပင်ဖြစ်သည်ဟု သတင်းမီဒီယာက တရစပ်ထုတ်လွှင့်လျက်ရှိ၏။ လူအများသည် “ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်” သူများဖြစ်လာကြပြီ။ (၂ တိမောသေ ၃:၁-၅) ကျွန်ုပ်တို့သည် ‘ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစား၍တိုက်လှန်’ မနေပါက ဤသို့သောစဉ်းစားတွေးခေါ်ခြင်းမျိုးသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးဟန်ချက်ကို ပျက်ပြားသွားစေနိုင်၏။—ယုဒ ၃။
၁၀-၁၂။ (က) မျိုးကြဲခြင်းပုံဥပမာတွင် ယေရှု၏သတိပေးချက်တစ်ခုကား အဘယ်နည်း။ (ခ) ဝိညာဉ်ရေးရာလုပ်ငန်းများ မည်သို့ထိခိုက်သွားနိုင်ကြောင်း ဥပမာပေးပါ။
၁၀ စာတန်၏အအောင်မြင်ဆုံးနည်းဗျူဟာတစ်ခုမှာ ဤလောကနှင့် စည်းစိမ်ဥစ္စာရှာဖွေရေးတွင် ကျွန်ုပ်တို့ကို အလုပ်များနေစေခြင်းဖြစ်သည်။ မျိုးကြဲခြင်းပုံဥပမာ၌ ယေရှုက “လောကီအမှု၌စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည် တရား [ဘုရားသခင့်နိုင်ငံတော်သတင်း] စကားကို လွှမ်းမိုးညှဉ်းဆဲ [“ပိတ်ဆို့၊” ကဘ] တတ်” သည်ဟု သတိပေးခဲ့သည်။ (မဿဲ ၁၃:၁၈၊ ၂၂) ဤတွင် “ပိတ်ဆို့” သည်ဟု ပြန်ဆိုထားသော ဂရိစကားလုံးသည် “လည်မျိုညှစ်ပစ်သည်” ဟုအဓိပ္ပာယ်ရသည်။
၁၁ အပူပိုင်းသစ်တောများတွင် သင်္ဘောသဖန်းနွယ်ပင်ကို တွေ့ရှိရပေမည်။ ဤနွယ်ပင်သည် အပင်တစ်ပင်၏ပင်စည်ကို မှီပြီး ရစ်ပတ်၍ တဖြည်းဖြည်းကြီးထွားလာတတ်၏။ သို့နှင့် ထိုနွယ်ပင်၏အမြစ်များသည် သန်မာသည်ထက်သန်မာလာရာ ၎င်းမှီခိုသည့်အပင်ကို ရစ်ပတ်တွယ်တက်သွားလေသည်။ ဤသင်္ဘောသဖန်းနွယ်ပင်၏ အမြစ်များစွာသည် နောက်ဆုံးတွင် အပင်၏အောက်ခြေ မြေဆီလွှာရှိ အာဟာရဓာတ်အများစုကို စုပ်ယူပြီး ကြီးထွားအုပ်ဆိုင်းလာရာ အပင်ကို လောင်းရိပ်မိစေသည်။ နောက်ဆုံးတွင် ထိုအပင် သေသွားလေသည်။
၁၂ ထိုနည်းတူစွာ၊ ဤလောကရေးရာ စိုးရိမ်ပူပန်မှုများနှင့် ကြီးပွားချမ်းသာသည့် သက်သောင့်သက်သာဘဝပုံစံရရှိရေးအတွက် ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားကို အပြည့်အဝအသုံးပြုနေနိုင်သည်။ လောကရေးရာများဘက် အာရုံပြောင်းသွားသဖြင့် ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းတို့ကို လွယ်လွယ်နှင့်ဥပေက္ခာပြုမိသွားနိုင်သည်၊ သို့ဖြင့် ဝိညာဉ်ရေးအာဟာရဓာတ် ချို့တဲ့သွားပေမည်။ ထိုအခါ ဝိညာဉ်ရေးတွင် အလုပ်များနေမည့်အစား ပစ္စည်းဥစ္စာစုဆောင်းလာရာ နောက်ဆုံးတွင် အလွယ်တကူပင် စာတန်၏သားကောင် ဖြစ်သွားလေသည်။
ကျွန်ုပ်တို့ ခံရပ်နိုင်ဖို့လို
၁၃၊ ၁၄။ စာတန်တိုက်ခိုက်သည့်အခါ မည်သို့ရပ်တည်ဖို့လိုသနည်း။
၁၃ ပေါလုက ယုံကြည်သူချင်းများအား ‘စာတန်၏ပရိယာယ်များကို ခံရပ်နိုင်’ ဖို့တိုက်တွန်းခဲ့သည်။ (ဧဖက် ၆:၁၁) စာတန်နှင့် သူ၏နတ်ဆိုးများကို ကျွန်ုပ်တို့ မဖျက်ဆီးနိုင်သည်မှာ မှန်၏။ ဘုရားသခင်သည် ထိုတာဝန်ကို ယေရှုခရစ်အား အပ်နှင်းထားသည်။ (ဗျာ. ၂၀:၁၊ ၂) သို့သော် စာတန်ကို မဖျက်ဆီးမချင်း သူ၏တိုက်ခိုက်မှုများကြောင့် ကျွန်ုပ်တို့ ရှုံးနိမ့်မသွားစေရန် ‘ခံရပ်နိုင်’ ကြရမည်။
၁၄ စာတန်ကို ကျွန်ုပ်တို့ခံရပ်ဖို့လိုကြောင်း တမန်တော်ပေတရုကလည်း အလေးပေးဖော်ပြသည်။ ပေတရုဤသို့ရေးသားခဲ့သည်– ‘ကောင်းသောသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟု သိမှတ်လျက် ယုံကြည်ခြင်း၌တည်၍ စာတန်ကိုဆီးတားကြလော့။’ (၁ ပေတရု ၅:၈၊ ၉) အမှန်မှာ ဟောက်သောခြင်္သေ့ကဲ့သို့ စာတန်တိုက်ခိုက်သောအခါ ကျွန်ုပ်တို့ခံရပ်နိုင်ဖို့ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများ၏ ထောက်မမှုသည် အရေးကြီး၏။
၁၅၊ ၁၆။ ယုံကြည်သူချင်းများ၏ ကူညီပေးမှုသည် ကျွန်ုပ်တို့ ခံရပ်ရန် မည်သို့ထောက်မပေးနိုင်ကြောင်း ဖော်ပြသည့် ကျမ်းစာဆိုင်ရာပုံသက်သေတစ်ခုကို တင်ပြပါ။
၁၅ အာဖရိကလွင်ပြင် အနီးတစ်ဝိုက်ရှိ ခြင်္သေ့တစ်ကောင် ဟိန်းဟောက်လိုက်သောအခါ သမင်ဒရယ်များသည် ဘေးလွတ်ရာသို့ အမြန်ဆုံးထွက်ပြေးကြ၏။ ဆင်များမှာမူ အပြန်အလှန်ထောက်မပေးတတ်ကြသည်။ အာဖရိကနှင့် အာရှမှ ညင်သာသောဧရာမဆင်ကြီးများ စာအုပ်က ဤသို့ရှင်းပြသည်– “အပူပိုင်းဒေသရှိ ဆင်အုပ်များ၏ ခုခံကာကွယ်နည်းမှာ ဆင်ကြီးများသည် ရန်သူကိုရင်ဆိုင်ရန် အပြင်သို့မျက်နှာပြု၍ ချက်ချင်းဝိုင်းရပ်လိုက်၏၊ ဆင်ကလေးများကို အတွင်း၌ ကာကွယ်ထားကြသည်။” ဆင်များသည် ဤမျှစည်းလုံး၍ ခွန်အားပြကြခြင်းကြောင့် ဆင်ငယ်များကိုပင် ခြင်္သေ့များ မတိုက်ဝံ့ကြချေ။
၁၆ စာတန်နှင့် သူ၏နတ်ဆိုးများ တိုက်ခိုက်ခြိမ်းခြောက်သည့်အခါ ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းခိုင်ခံ့သည့် ညီအစ်ကိုများနှင့် ပခုံးချင်းယှဉ်၍ အတူတကွရှိနေဖို့လို၏။ ရောမမြို့တွင် ပေါလုအကျဉ်းချခံခဲ့ရစဉ် ခရစ်ယာန်ချင်းအချို့ကြောင့် သူ၏စိတ် “သက်သာ” ခဲ့ကြောင်း ဝန်ခံသည်။ (ကောလောသဲ ၄:၁၀၊ ၁၁) ‘စိတ်သက်သာမှုရရှိ’ သည်ဟူ၍ ပြန်ဆိုထားသော ဂရိစကားလုံးကို ခရစ်ယာန်ဂရိကျမ်းစာတွင် တစ်ကြိမ်သာ တွေ့ရှိရ၏။ ဗိုင်း၏ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန် အရ “ဤစကားလုံး၏ကြိယာပုံစံမှာ စိတ်အနှောင့်အယှက်ဖြစ်မှုကို လျော့နည်းသွားစေသည့် ဆေးဝါးများဟု အဓိပ္ပာယ်သက်ရောက်သည်။” ဝေဒနာသက်သာစေသည့် လိမ်းဆေးကဲ့သို့ ယေဟောဝါအား ဝတ်ပြုသည့် ရင့်ကျက်သူများ၏ ထောက်မကူညီပေးမှုသည် စိတ်ဓာတ်ရေး၊ ကာယရေးဝေဒနာကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုကို သက်သာစေနိုင်သည်။
၁၇။ အဘယ်အရာက ဘုရားသခင်ကို တည်ကြည်မှုရှိစေနိုင်သနည်း။
၁၇ ယနေ့ ခရစ်ယာန်ချင်းများ၏ အားပေးမှုသည် ဘုရားသခင်အား တည်ကြည်စွာ ဝတ်ပြုကိုးကွယ်မည်ဟူသော ဆုံးဖြတ်ချက်ကို ခိုင်မာစေနိုင်သည်။ အထူးသဖြင့် ခရစ်ယာန်အကြီးအကဲများသည် ဝိညာဉ်ရေးတွင် အကူအညီပေးရန် စိတ်အားထက်သန်ကြသည်။ (ယာကုပ် ၅:၁၃-၁၅) ကျမ်းစာကို မှန်မှန်လေ့လာခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲများ၊ စည်းဝေးကြီးများကို တက်ရောက်ခြင်းတို့သည် တည်ကြည်နိုင်ဖို့ အထောက်အကူပြုသည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပါက ကိုယ်တော့်အပေါ် သစ္စာရှိစေသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကို ပြုလုပ်လိုသင့်သည်။ (၁ ကောရိန္သု ၁၀:၃၁) ယေဟောဝါ၏အလိုတော်နှင့်တွေ့သည့် လမ်းစဉ်ပေါ် ဆက်လျှောက်လှမ်းနေရန် ယေဟောဝါကို ဆုတောင်း၍ မှီခိုအားထားခြင်းသည် အလွန်အရေးကြီး၏။—ဆာလံ ၃၇:၅။
၁၈။ စိတ်ဆင်းရဲစရာအခြေအနေများက ခွန်အားယုတ်လျော့သွားစေလျှင်ပင် အဘယ်ကြောင့် လက်မလျှော့သင့်သနည်း။
၁၈ တစ်ခါတစ်ရံ ကျွန်ုပ်တို့ ဝိညာဉ်ရေးအားနည်းနေချိန်တွင် စာတန်လာတိုက်ခိုက်နိုင်သည်။ ခြင်္သေ့သည် ချည့်နဲ့သည့်တိရစ္ဆာန်ကို ခုန်အုပ်တတ်၏။ မိသားစုပြဿနာများ၊ စီးပွားရေးအကျပ်အတည်း၊ သို့မဟုတ် ဖျားနာမှုတို့ကြောင့် ကျွန်ုပ်တို့၏ဝိညာဉ်ခွန်အား နည်းနေနိုင်သည်။ သို့သော် ပေါလုက “ငါသည် အားနည်းသောအခါ တန်ခိုးနှင့်ပြည့်စုံလျက်ရှိ၏” ဟုဆိုထားရာ ဘုရားသခင်ကြိုက်နှစ်သက်ရာကို ဆက်ပြုလုပ်ကြစို့။ (၂ ကောရိန္သု ၁၂:၁၀; ဂလာတိ ၆:၉; ၂ သက်သာလောနိတ် ၃:၁၃) အဘယ်အရာကို သူဆိုလိုသနည်း။ ကျွန်ုပ်တို့သည် ယေဟောဝါထံ ခွန်အားတောင်းခံမည်ဆိုလျှင် ကျွန်ုပ်တို့အားနည်းသော်လည်း ဘုရားသခင်၏တန်ခိုးတော်ဖြင့် တတ်နိုင်မည်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ ဂေါလျတ်ကို ဒါဝိဒ်အနိုင်ရရှိခဲ့ခြင်းက မိမိ၏လူမျိုးတော်ကို ဘုရားသခင်ခွန်အားပေးနိုင်ကြောင်း ဖော်ပြ၏။ မျက်မှောက်ခေတ် ယေဟောဝါသက်သေများသည် အလွန်အမင်းကျပ်တည်းချိန်တွင် ဘုရားသခင်၏အားကြီးသောလက်ရုံးမှ ခွန်အားရကြောင်း ခံစားကြရသည်။—ဒံယေလ ၁၀:၁၉။
၁၉။ ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များကို မည်သို့ခွန်အားပေးနိုင်ကြောင်း ဖော်ပြသည့် ဥပမာတစ်ခုပေးပါ။
၁၉ ဘုရားသခင်ထံတော်မှရရှိသော ထောက်မမှုနှင့်စပ်လျဉ်း၍ ဇနီးမောင်နှံတစ်စုံက ဤသို့စာရေးအကြောင်းကြားသည်– “ကျွန်တော်တို့ဇနီးမောင်နှံ ယေဟောဝါကို နှစ်အဆက်ဆက် ဝတ်ပြုကိုးကွယ်ခဲ့ကြလို့ ကောင်းချီးတွေ အများကြီးခံစားခဲ့ရတယ်၊ တကယ်ချီးကျူးစရာကောင်းတဲ့သူတွေနဲ့လည်း သိကျွမ်းခွင့်ရခဲ့တယ်။ ခက်ခဲကျပ်တည်းမှုတွေကို အောင်မြင်စွာခံရပ်နိုင်ဖို့လည်း ယေဟောဝါရဲ့လေ့ကျင့်ပေးမှုရရှိထားပြီး ခွန်အားလည်းရခဲ့တယ်။ ယောဘလိုပါပဲ၊ ခက်ခဲကျပ်တည်းမှုတွေ ဘာလို့ဖြစ်ရတာလဲဆိုတာ အမြဲမသိခဲ့ပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးဖို့ အမြဲရှိနေတယ်ဆိုတာကိုတော့ သိထားတယ်။”
၂၀။ ယေဟောဝါသည် ကိုယ်တော်၏လူတို့ကို အစဉ်ထောက်မတော်မူကြောင်း အဘယ်ကျမ်းစာအထောက်အထားရှိသနည်း။
၂၀ ကိုယ်တော်၏တည်ကြည်သူများကို ထောက်မကူညီပြီး ခွန်အားပေးရန် ယေဟောဝါ၏လက်တော် မတိုလွန်းချေ။ (ဟေရှာယ ၅၉:၁) ဆာလံဆရာဒါဝိဒ် ဤသို့သီဆိုခဲ့သည်– “နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။” (ဆာလံ ၁၄၅:၁၄) မှန်ပါသည်၊ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် “ငါတို့၏ဝန်ကို နေ့စဉ်ထမ်းတော်မူ” ပြီး ကျွန်ုပ်တို့ တကယ်လိုအပ်ရာကို ဖြည့်စွက်ပေးတော်မူ၏။—ဆာလံ ၆၈:၁၉၊ သမ။
“ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံ” ကျွန်ုပ်တို့လိုအပ်
၂၁။ ဝိညာဉ်ရေးလက်နက် ဝတ်ဆင်ထားဖို့လိုကြောင်း ပေါလု မည်သို့အလေးအနက်ဖော်ပြသနည်း။
၂၁ စာတန်၏နည်းပရိယာယ်အချို့ကို ကျွန်ုပ်တို့သုံးသပ်ခဲ့ရာ သူ၏တိုက်ခိုက်မှုများကြား ခံရပ်ဖို့လိုကြောင်း သိရှိခဲ့ကြပြီဖြစ်သည်။ ယခု ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အောင်မြင်စွာခုခံကာကွယ်ရန် နောက်ထပ်အရေးပါသော ထောက်ပံ့ပေးမှုကို သုံးသပ်ကြည့်ကြမည်။ ဧဖက်မြို့ရှိခရစ်ယာန်များထံ ပေါလုရေးခဲ့သောစာတွင် စာတန်၏ပရိယာယ်များကို ခံရပ်နိုင်ရန်၊ နတ်ဆိုးများနှင့် နပန်းသတ်ပွဲတွင် အောင်မြင်ရန် အရေးကြီးသောအချက်တစ်ချက်ကို နှစ်ကြိမ်ဖော်ပြသည်။ ပေါလုဤသို့ရေးခဲ့သည်– ‘စာတန်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံတို့ကို ယူဆောင်ကြလော့။’—ဧဖက် ၆:၁၁၊ ၁၃။
၂၂၊ ၂၃။ (က) ကျွန်ုပ်တို့၏ဝိညာဉ်ရေးလက်နက်စုံတွင် အဘယ်အရာပါဝင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို သုံးသပ်ကြမည်နည်း။
၂၂ မှန်ပါသည်၊ “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံတို့ကို” ကျွန်ုပ်တို့ ဝတ်ဆင်ထားဖို့လိုသည်။ ဧဖက်မြို့ရှိ ခရစ်ယာန်များထံ ပေါလုစာရေးနေစဉ် တစ်ခါတစ်ရံ လက်နက်စုံ ဝတ်ဆင်ထားမည့် ရောမစစ်သားတစ်ဦးက သူ့ကို စောင့်ကြပ်နေသည်။ သို့ရာတွင် ယေဟောဝါ၏ကျေးကျွန်တိုင်း အရေးတကြီးဝတ်ဆင်ထားဖို့လိုသည့် ဝိညာဉ်ရေးလက်နက်စုံအကြောင်း ဆွေးနွေးရန် တမန်တော်ကို ဘုရားသခင် မှုတ်သွင်းခဲ့သည်။
၂၃
ယေဟောဝါပြင်ဆင်ပေးသော ဤလက်နက်စုံတွင် ခရစ်ယာန်များ၌ ရှိသင့်ရှိအပ်သော အရည်အသွေးများနှင့် ဘုရားသခင်၏ဝိညာဉ်ရေးပြင်ဆင်ပေးချက်များ ပါဝင်၏။ နောက်ဆောင်းပါးတွင် ဤဝိညာဉ်ရေးလက်နက်စုံကို အသေးစိတ်ဆန်းစစ်ကြည့်ကြမည်။ သို့ဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတိုက်ပွဲအတွက် အဘယ်အတိုင်းအတာအထိ အသင့်ရှိနေသည်ကို သိရှိရလိမ့်မည်။ တစ်ချိန်တည်းတွင် ယေရှုခရစ်၏ အလွန်ကောင်းသောပုံသက်သေက စာတန်ကိုတွန်းလှန်ရာတွင် မည်သို့အောင်မြင်စေနိုင်ကြောင်း သိရှိရလိမ့်မည်။သင်မည်သို့ဖြေဆိုမည်နည်း
• ခရစ်ယာန်အားလုံး အဘယ်တိုက်ပွဲဝင်နေကြရသနည်း။
• စာတန်၏နည်းဗျူဟာအချို့ကို ဖော်ပြပါ။
• ယုံကြည်သူချင်းများ၏ထောက်မကူညီမှုသည် ကျွန်ုပ်တို့ကို မည်သို့ ခွန်အားရရှိစေနိုင်သနည်း။
• မည်သူ၏ခွန်အားကို ကျွန်ုပ်တို့ မှီခိုအားထားကြရမည်နည်း၊ အဘယ်ကြောင့်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ‘နတ်ဆိုးများနှင့် နပန်းသတ်ရ’
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
လောကအမှု၌ စိုးရိမ်ခြင်းသည် ဘုရားသခင့် နိုင်ငံတော်သတင်းစကားကို လွှမ်းမိုးညှဉ်းဆဲနိုင်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခရစ်ယာန်ချင်းတစ်ဦးသည် ‘စိတ်သက်သာမှုရရှိ’ စေနိုင်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ခွန်အားရရှိရန် ဘုရားသခင်ထံ ဆုတောင်းသလော