ယေရှု၏အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော
ယေရှု၏အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော
“နတ်ဆိုးစွဲသောသူအများတို့ကို [ယေရှုခရစ်] အထံတော်သို့ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကိုနှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။” (မဿဲ ၈:၁၆) “ကိုယ်တော် [ယေရှု] သည်ထ၍ ‘တိတ်ဆိတ်ငြိမ်ဝပ်စွာနေ’ ဟု လေနှင့်ပင်လယ်ကိုဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။” (မာကု ၄:၃၉) ဤဖော်ပြချက်များကို သင်မည်သို့ယူဆသနည်း။ တကယ့်ဖြစ်ရပ်မှန်၊ သမိုင်းဆိုင်ရာအဖြစ်အပျက်များဟု သင်ယုံကြည်လက်ခံသလော၊ သို့မဟုတ် ပုံခိုင်းရေးဖွဲ့ဇာတ်လမ်းများ၊ ဒဏ္ဍာရီများဟူ၍သာ သင်ယူမှတ်သလော။
ယနေ့ ယေရှု၏သမိုင်းဝင်အံ့ဖွယ်အမှုများကို အကြီးအကျယ်သံသယဝင်သူ များစွာရှိ၏။ အဝေးကြည့်နှင့် အနီးကြည့်မှန်ပြောင်း၊ အာကာသစူးစမ်းလေ့လာမှုနှင့် မျိုးရိုးဗီဇပြုပြင်ဖန်တီးမှုစသည်တို့ တိုးတက်ထွန်းကားနေသော ဤခေတ်တွင် အံ့ဖွယ်အမှုများနှင့် သဘာဝလွန်ဖြစ်ရပ်သတင်းများကို လူတို့လက်ခံချင်ပုံမရပေ။
အချို့က အံ့ဖွယ်အမှုများသည် စိတ်ကူး၌သာရှိ၏ သို့မဟုတ် ပုံခိုင်းရေးဖွဲ့ထားခြင်းမျှဖြစ်၏ဟု ယူဆကြသည်။ ယေရှု “အစစ်အမှန်” အား ရှာဖွေလေ့လာထားသည်ဟုဆိုသော စာအုပ်ကိုရေးသားသူအရ ခရစ်တော်၏အံ့ဖွယ်အမှုဇာတ်လမ်းများသည် ခရစ်ယာန်ဘာသာပြန့်ပွားစေဖို့ “ဈေးကွက်တင် နည်းပရိယာယ်များ” မျှဖြစ်၏ဟုဆိုသည်။
အခြားသူများကမူ ယေရှု၏အံ့ဖွယ်အမှုများသည် လိမ်လည်မှုသက်သက်ဖြစ်၏ဟု ရှုမြင်ကြသည်။ ယေရှုကိုယ်တော်တိုင်ကိုပင် လှည့်စားတတ်သူဟူ၍ တစ်ခါတစ်ရံ စွပ်စွဲကြသည်။ စီ.အီး. ဒုတိယရာစုမှ ဂျတ်စ်တင်မာတာ၏အဆိုအရ ယေရှုကို ရှုတ်ချပုတ်ခတ်သူများသည် “ကိုယ်တော်အား မှော်ဆရာနှင့် လူတို့ကို လိမ်လည်လှည့်ဖြားသူဟူ၍ပင်
ခေါ်ဆိုခဲ့ကြသည်။” အချို့က ယေရှုသည် “ဂျူးပရောဖက်တစ်ပါးအဖြစ်မဟုတ်ဘဲ မှော်ဆရာတစ်ဦး၊ အယူမှားသူတို့၏ဝတ်ပြုရာကျောင်းများတွင် ဇာတ်သွင်းခံရသူတစ်ဦးအဖြစ် အံ့ဖွယ်အမှုများပြုလုပ်ခဲ့သည်” ဟုဆိုကြ၏။မဖြစ်နိုင်ရာကို အဓိပ္ပာယ်ဖွင့်ခြင်း
ထိုသို့သောသံသယများနောက်တွင် အံ့ဖွယ်အမှုများကို လူတို့မယုံကြသည့် အခြေခံအကြောင်းရင်းရှိရမည်ဟု သင်ယူဆပေမည်။ ထိုသူတို့အတွက် သဘာဝလွန်စွမ်းအားများဖြင့် အံ့ဖွယ်အမှုများပြုလုပ်နိုင်ခြင်းသည် ယုံကြည်လက်ခံနိုင်ဖို့ခက်ပြီး မဖြစ်နိုင်စရာပင်။ မိမိသည် မသိဝါဒီဟုဆိုသော လူရွယ်တစ်ဦးက “အံ့ဖွယ်ရာဆိုတာ မဖြစ်နိုင်ပါဘူး” ဟုပြောခဲ့သည်။ ထို့နောက် သူက “အံ့ဖွယ်အမှုသည် သဘာဝနိယာမတရားများကို ချိုးဖောက်ခြင်းဖြစ်သည်” ဟုရေးသားခဲ့သူ ၁၈ ရာစုမှ စကော့တလန်လူမျိုး ဒဿနပညာရှင် ဒေးဗစ် ဟျူးမ်၏စကားများကို ကိုးကားပြလေသည်။
သို့သော် လူအများက ထူးဆန်းသောအမှုတစ်ခု မဖြစ်ပျက်နိုင်ဟု တထစ်ချမပြောရဲကြချေ။ အံ့ဖွယ်အမှုဟူသည် “သဘာဝနိယာမတရားနှင့်အညီ မရှင်းပြနိုင်သောအဖြစ်အပျက်တစ်ခု” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဆို၏။ ထိုအနက်ဖွင့်ဆိုချက်အတိုင်းဆိုလျှင် အာကာသခရီးစဉ်၊ ကြိုးမဲ့ကြေးနန်းနှင့် ဆက်သွယ်ရေးဂြိုဟ်တုစနစ်တို့သည် လွန်ခဲ့သောအနှစ်တစ်ရာခန့်မှ လူများအတွက် “အံ့ဖွယ်ရာများ” ဖြစ်ပေမည်။ လတ်တလောသိရှိမှုပေါ်မူတည်ပြီး မရှင်းပြနိုင်ရုံနှင့် အဆိုပါအံ့ဖွယ်အမှုများ မဖြစ်နိုင်ဟု တထစ်ချဆိုခြင်းသည် အမှန်ပင်ပညာမဲ့ရာရောက်ပေမည်။
ယေရှုခရစ်ပြုတော်မူခဲ့သော အံ့ဖွယ်အမှုများဆိုင်ရာ ကျမ်းစာအထောက်အထားအချို့ကို ဆန်းစစ်ကြည့်ပါက ကျွန်ုပ်တို့ အဘယ်အရာတွေ့ရှိကြရမည်နည်း။ ယေရှု၏အံ့ဖွယ်အမှုများသည် အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော။