‘ပညာသတိရှိသောသူသည် အသိပညာနှင့်ပြုမူတတ်’
‘ပညာသတိရှိသောသူသည် အသိပညာနှင့်ပြုမူတတ်’
ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာမှလမ်းညွှန်မှုသည် ‘ရွှေထက်မက များစွာသောရွှေစင်ထက် သာ၍နှစ်သက်ဖွယ်ဖြစ်၏။’ (ဆာလံ ၁၉:၇-၁၀) အဘယ်ကြောင့်နည်း။ အကြောင်းမှာ “ပညာရှိသောသူ [ယေဟောဝါ] ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်” သောကြောင့်တည်း။ (သု. ၁၃:၁၄) သမ္မာကျမ်းစာမှ သွန်သင်ချက်များကို လက်တွေ့ကျင့်သုံးသောအခါ ၎င်းတို့သည် ကျွန်ုပ်တို့၏ဘဝအရည်အသွေးကို တိုးတက်စေရုံမက အန္တရာယ်ကျော့ကွင်းများကိုလည်း ရှောင်ရှားစေသည်။ သမ္မာကျမ်းစာအသိပညာကို ရှာဖွေဆည်းပူးကာ သိရှိလာရာများကို လိုက်နာကျင့်သုံးဖို့ အလွန်အရေးကြီး၏!
နယပုံပြင် ၁၃:၁၅-၂၅ တွင်ဖော်ပြထားသည့်အတိုင်း၊ ရှေးခေတ်ဣသရေလရှင်ဘုရင် ရှောလမုန်သည် သာ၍ကောင်းစားပြီး အသက်ပိုရှည်စေသည့်ဘဝကို ကျွန်ုပ်တို့မွေ့လျော်ခံစားနိုင်ဖို့ အသိပညာရှိရှိ ပြုမူဆောင်ရွက်စေသော လမ်းညွှန်မှုကိုပေးခဲ့ပါသည်။ * ကျွန်ုပ်တို့ကို ချစ်ခင်သူများပြီး ဓမ္မအမှုကို သစ္စာရှိရှိ ဆက်ဆောင်ရွက်နိုင်ဖို့နှင့် ဆုံးမခံရခြင်းကို သဘောထားမှန်ဖြင့်လက်ခံ၍ အပေါင်းအသင်းများကို ပညာရှိစွာရွေးပေါင်းနိုင်ရန် သမ္မာကျမ်းစာက မည်သို့ကူညီပေးကြောင်း လိုရင်းတိုရှင်းစကားပုံများဖြင့် သူသိနားလည်စေပါသည်။ ထို့ပြင် အမြော်အမြင်ရှိရှိ သားမြေးများအတွက် အမွေဥစ္စာချန်ရစ်ခြင်းနှင့် သူတို့ကို မေတ္တာဖြင့်ဆုံးမသွန်သင်ခြင်းကိုလည်း သူသုံးသပ်ဖော်ပြသည်။
ကောင်းစွာထိုးထွင်းသိမြင်ခြင်းက မျက်နှာသာရစေ
“ကောင်းစွာထိုးထွင်းသိမြင်တတ်သူသည် မျက်နှာရ၏။ ပြစ်မှားသောသူတို့လမ်းမူကား ကြမ်းတမ်း၏” ဟုရှောလမုန်ဆို၏။ သု. ၁၃:၁၅၊ ကဘ) ‘ကောင်းစွာထိုးထွင်းသိမြင်’ သို့မဟုတ် ကောင်းစွာသဘောပေါက်နားလည်သည်ဆိုသော အသုံးအနှုန်းအတွက် မူရင်းဘာသာစကား အသုံးအနှုန်းသည် “ကောင်းစွာဆင်ခြင်ဆုံးဖြတ်၊ မှန်ကန်စွာအကဲဖြတ်၊ ပညာရှိသည့်ထင်မြင်ချက်များရှိခြင်းကိုဖော်ပြ” ၏ဟု ကိုးကားချက်တစ်ခုကဆိုသည်။ ဤအရည်အသွေးများရှိသူသည် လူအများ၏ ချစ်ခင်နှစ်သက်မှုရရှိဖို့ မခက်ပါ။
(ခရစ်ယာန်တစ်ဦးဖြစ်လာသော ကျွန်ပြေးသြနေသိမ်ကို သူ၏သခင် ခရစ်ယာန်ချင်း ဖိလေမုန်ထံ တမန်တော်ပေါလုပြန်ပို့ပေးချိန်တွင် အမြော်အမြင်ရှိရှိ ပြုမူဆက်ဆံခဲ့ပုံကို သတိပြုပါ။ တမန်တော်အား လက်ခံကြိုဆိုမည့်နည်းတူ ဩနေသိမ်ကို ကြင်နာစွာ ပြန်လက်ခံရန် ဖိလေမုန်ကို ပေါလုတိုက်တွန်းခဲ့သည်။ အမှန်ဆိုသော် ပေါလုက ဩနေသိမ်သည် ဖိလေမုန်ကို ကြွေးတင်နေမည်ဆိုလျှင် မိမိကိုယ်တိုင် ထိုအကြွေးကိုဆပ်ပေးမည်ဟု ပြောခဲ့သည်။ ပေါလုသည် မိမိ၏အခွင့်အာဏာကို အသုံးပြုပြီး ဟုတ်တိုင်းမှန်ရာကိုပြုလုပ်ရန် ဖိလေမုန်အား အမိန့်ပေးနိုင်ပါသည်။ သို့သော် တမန်တော်ပေါလုသည် ထိုကိစ္စကို မေတ္တာပါပါ လိမ္မာပါးနပ်မှုရှိရှိ ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဖြင့် ဖိလေမုန်သည် သူ့အားတောင်းဆိုသည်ထက် သာ၍ပင်ပြုလုပ်လိမ့်မည်ဟု ပေါလုယုံကြည်စိတ်ချခဲ့သည်။ ကျွန်ုပ်တို့လည်း ယုံကြည်သူချင်းများနှင့် ဤနည်းအတိုင်း မဆက်ဆံသင့်ပေလော။—ဖိလေမုန် ၈-၂၁။
တစ်ဖက်တွင် သစ္စာမဲ့သောသူတို့၏လမ်းမူကား “ကြမ်းတမ်း” ၏။ အဘယ်သဘောဖြင့်နည်း။ ပညာရှင်တစ်ဦးအရ ဤတွင်အသုံးပြုထားသော စကားလုံး၏ဆိုလိုချက်မှာ “တင်းမာခြင်း သို့မဟုတ် ခိုင်မာခြင်းဖြစ်ပြီး လူဆိုးတို့၏ အကြင်နာကင်းသောအမူအကျင့်ကို ရည်ညွှန်းသည်။ . . . ဆိုးသောလမ်း၌ စွဲမြဲနေသူသည် သူတစ်ပါးပေးသော ပညာရှိသွန်သင်ချက်ကို ပမာဏမပြု လျစ်လျူရှုတတ်သဖြင့် ပျက်စီးခြင်းလမ်းပေါ်၌ရှိ၏” ဟူ၍ဖြစ်သည်။
ရှောလမုန်ဤသို့ဆက်ပြောသည်– “ပညာသတိရှိ [“လိမ္မာပါးနပ်၊” ကဘ] သောသူသည် အရာရာ၌ အသိပညာနှင့်ပြုမူတတ်၏။ မိုက်သောသူမူကား မိမိမိုက်မဲခြင်းကိုဖွင့်ပြတတ်၏။” (သု. ၁၃:၁၆၊ သမ္မာ) ဤတွင်ဖော်ပြသော လိမ္မာပါးနပ်သူသည် လူလည်ကျသူမဟုတ်ပါ။ အသိပညာနှင့်ယှဉ်နေသော ဤလိမ္မာပါးနပ်မှုသည် အမှုတစ်ခု မပြုမူမီ စဉ်းစားချင့်ချိန်တတ်သော အမြော်အမြင်ရှိသူနှင့် ဆက်စပ်လျက်ရှိသည်။ လိမ္မာပါးနပ်သူသည် မတရားသဖြင့် ဝေဖန်ခံရသောအခါ သို့မဟုတ် စော်ကားခံရသောအခါ၌ပင် သူ၏နှုတ်ကို ချုပ်တည်းထားတတ်သည်။ အလွန်အမင်းစိတ်မဆိုးမိစေရန် သန့်ရှင်းသောဝိညာဉ်တော်အသီးများ ကြိုးစားတင်ပြနိုင်ဖို့ ဘုရားသခင်ထံဆုတောင်းတတ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) အမြော်အမြင်ရှိသူသည် အခြားသူတစ်ဦး သို့မဟုတ် အခြေအနေတစ်ခု၏ ထိန်းချုပ်လွှမ်းမိုးမှုကို မခံချေ။ ယင်းအစား သူသည် ချုပ်တည်းမှုတင်ပြသည်၊ အကဲဆတ်ဗွေယူလွယ်သူ ကြုံတွေ့တတ်သော ရန်ပွဲများကို သူရှောင်ရှားသည်။
ထို့ပြင် လိမ္မာပါးနပ်သူသည် ဆုံးဖြတ်ချက်များချသည့်အခါ အသိပညာနှင့်ပြုမူတတ်သည်။ မှန်းချက်ဖြင့်၊ စိတ်လှုပ်ရှားကာ လူအများကြိုက်လိုက်လုပ်ကိုင်ရုံဖြင့် ပညာရှိသည့်လုပ်ရပ်များ ဖြစ်ပေါ်ခဲကြောင်း သူသိထားသည်။ ထို့ကြောင့် ဖြစ်ပေါ်နေသောအခြေအနေကို အချိန်ယူပြီး ဆန်းစစ်ကြည့်တတ်သည်။ အဖြစ်အပျက်အားလုံးကို ကြည့်ရှုစစ်ဆေးပြီးနောက်မှ မိမိ၌ အဘယ်လုပ်ပိုင်ခွင့်များရှိကြောင်း စူးစမ်းသည်။ ထို့နောက် ကျမ်းစာကို ရှာဖွေလေ့လာပြီး အဘယ်ကျမ်းစာပညတ်များ သို့မဟုတ် မူများကို မိမိလိုက်နိုင်ကြောင်း ဆုံးဖြတ်သည်။ ထိုသို့သောသူ၏လမ်းသည် ဖြောင့်လျက်ရှိ၏။—သု. ၃:၅၊ ၆။
“သစ္စာရှိသောသံတမန်မူကား ကျန်းမာခြင်းအကြောင်းဖြစ်”
ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြေညာရန် တာဝန်ရရှိထားသည်။ ဆက်တင်ပြသော ပညာရှိ၏စကားက ကျွန်ုပ်တို့တာဝန်ကို သစ္စာရှိရှိဆောင်ရွက်ရန် အထောက်အကူပြုသည်။ “မတရားသောအစေခံ [“တမန်၊” ကဘ] သည် သု. ၁၃:၁၇။
မိမိစောင့်သောအမှုကိုဖျက်တတ်၏။ သစ္စာရှိသောသံတမန်မူကား ကျန်းမာခြင်းအကြောင်းဖြစ်၏” ဟုဆိုသည်။—ဤတွင် စေတမန်၏အရည်အသွေးများကို အလေးပေးဖော်ပြထားသည်။ သတင်းပို့သောစေတမန်သည် လိုရာဆွဲ၍ မမှန်မကန်ပြောမည် သို့မဟုတ် သတင်းကိုပြောင်းလဲလိုက်မည်ဆိုလျှင်ကော။ သူ့အပေါ် ဘေးဆိုးရောက်မည်မဟုတ်လော။ ပရောဖက်ဧလိရှဲ၏ကျွန် ဂေဟာဇိကိုသတိရပါ၊ သူသည် ရှုရိစစ်ဗိုလ်ချုပ်နေမန်အား လောဘကြောင့် သတင်းမှားပေးခဲ့၏။ ထိုအခါ ရောဂါပျောက်ကင်းသွားသော နေမန်၏ နူနာရောဂါကို ဂေဟာဇိရရှိခဲ့သည်။ (၄ ဓမ္မရာဇဝင် ၅:၂၀-၂၇) စေတမန်တစ်ဦးသည် သစ္စာမဲ့လာပြီး သတင်းတရားကိုလုံးလုံး မကြေညာတော့လျှင်ကော။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဆိုးသောသူကို သူ၏လမ်းမှလွှဲစေခြင်းငှာ သင်သည်သတိမပေးလျှင် ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင် သူ၏အသက်ကို သင်၌ငါ [ယေဟောဝါ] တောင်းမည်။”—ယေဇကျေလ ၃၃:၈။
တစ်ဖက်တွင်မူ သစ္စာရှိသောစေတမန်သည် သူကိုယ်တိုင်နှင့် သူ့စကားကို နားထောင်သူများအတွက် ကျန်းမာခြင်းအကြောင်းဖြစ်၏။ တိမောသေကို ပေါလုဤသို့တိုက်တွန်းခဲ့သည်– “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမ[မှု]ကိုလည်းကောင်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သစ္စာရှိရှိကြေညာခြင်းကြောင့် ဖြစ်မြောက်လာသော ကုသမှုအကြောင်း စဉ်းစားကြည့်ပါ။ ထိုသတင်းတရားသည် စိတ်ရင်းမှန်သူတို့ကို နှိုးဆွပေးပြီး သူတို့အား လွတ်မြောက်စေသည့် အမှန်တရားသို့ ပို့ဆောင်ပေးသည်။ (ယောဟန် ၈:၃၂) သတင်းတရားကို လူတို့နားမထောင်ကြလျှင်ပင် သစ္စာရှိသောစေတမန်သည် ‘မိမိအသက်ကို ကယ်တင်လိမ့်မည်။’ (ယေဇကျေလ ၃၃:၉) ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်ကို ကျေပွန်ရန် ဘယ်တော့မျှ လျစ်လျူမရှုကြစို့နှင့်။ (၁ ကောရိန္သု ၉:၁၆) ‘နှုတ်မြွက်စကားတော်ကို ဟောပြော’ ရန် အစဉ်သတိရှိကြစို့၊ လျော့ပေါ့ပြောခြင်း သို့မဟုတ် သူတစ်ပါးအကြိုက်လိုက်ပြောခြင်းတို့ကို ဘယ်တော့မျှမပြုကြစို့နှင့်။—၂ တိမောသေ ၄:၂။
‘ဆုံးမသောစကားကို နားထောင်သောသူ ဂုဏ်အသရေကိုရ’
အမြော်အမြင်ရှိသူသည် အကျိုးပြုအကြံဉာဏ်ကို ရရှိသောကြောင့် မကျေမနပ်ဖြစ်သင့်သလော။ နယပုံပြင် ၁၃:၁၈ ကဤသို့ဆို၏– “သွန်သင်ခြင်းကိုငြင်းပယ်သောသူသည် ဆင်းရဲခြင်းနှင့် ရှက်ကြောက်ခြင်းသို့ရောက်လိမ့်မည်။ ဆုံးမသောစကားကို နားထောင်သောသူမူကား ဂုဏ်အသရေကိုရလိမ့်မည်။” မတောင်းခံဘဲရရှိသည့် ဆုံးမစကားကိုပင် ကြိုဆိုလက်ခံခြင်းသည် ပညာရှိရာရောက်၏။ ကျွန်ုပ်တို့လိုအပ်နေသည်ကိုမသိဘဲ ကောင်းသောအကြံဉာဏ်ရရှိခြင်းသည် များစွာ အထောက်အကူဖြစ်နိုင်သည်။ ထိုသို့သောဆုံးမစကားကို အလေးထားလိုက်နာခြင်းသည် နှလုံးကြေကွဲစရာများ မခံစားစေဘဲ ဘေးဆိုးများကိုရှောင်ရန် ထောက်ကူပေးနိုင်ပါသည်။ ယင်းကို လျစ်လျူရှုခြင်းက အရှက်တကွဲဖြစ်စေမည်။
ကျွန်ုပ်တို့သည် ချီးမွမ်းခံရသည့်အခါ စိတ်တက်ကြွလာပြီး အမှန်တကယ် အားရှိသည်။ သို့သော် ဆုံးမခံရခြင်းကိုလည်း အလိုရှိပြီး
လက်ခံရမည်။ တိမောသေထံ တမန်တော်ပေါလုရေးခဲ့သော စာနှစ်စောင်ကို သုံးသပ်ကြည့်ပါ။ တိမောသေ၏တည်ကြည်မှုကို ချီးမွမ်းထားသည့်အပြင် ဆုံးမစကားများလည်း ပါဝင်သည်။ ပေါလုသည် ထိုလူရွယ်အား ယုံကြည်သောသဘောနှင့် ကြည်လင်သောသိစိတ် ဆက်ရှိနေဖို့၊ အသင်းတော်ရှိသူများနှင့် ဆက်ဆံရေးကောင်းဖို့၊ ရောင့်ရဲသောစိတ်နှင့် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို မွေးမြူပျိုးထောင်ဖို့၊ သူတစ်ပါးကိုသွန်သင်ပေးဖို့၊ အယူဖောက်ပြန်မှုကို တိုက်လှန်ဖို့နှင့် သူ၏ဓမ္မအမှုကို ပြီးစီးအောင်ဆောင်ရွက်ဖို့ လွတ်လွတ်လပ်လပ် သွန်သင်ပေးခဲ့သည်။ အသင်းတော်ရှိ ငယ်ရွယ်သူများသည် သာ၍ရင့်ကျက်သောသူများထံမှ ဆုံးမမှုကို ခံယူလိုစိတ်ရှိပြီး တလိုတလားလက်ခံသင့်သည်။‘ပညာရှိတို့နှင့်ပေါင်းဖော်လော့’
ပညာရှိသောရှင်ဘုရင်က ဤသို့ဆိုသည်– “အလိုဆန္ဒပြည့်စုံခြင်းသည် ချိုမြိန်၏။ မိုက်သောသူတို့မူကား အဆိုးမှလွှဲရှောင်ရန် ရွံရှာတတ်၏။” (သု. ၁၃:၁၉၊ သမ္မာ) ဤကျမ်းစကား၏အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ ကိုးကားဖော်ပြချက်တစ်ခုက ဤသို့ဆိုသည်– “ပန်းတိုင်ရောက်ချိန်၊ အလိုဆန္ဒ ပြည့်စုံလာချိန်တွင် လူ့သဘောသည် အလွန်ပီတိဖြာလာတတ်သည်။ . . . ရည်မှန်းချက်တစ်ခု ပြီးမြောက်အောင်မြင်ခြင်းသည် အလွန်စိတ်ကြည်နူးဖွယ်ဖြစ်သောကြောင့် အဆိုးမှလွှဲရှောင်ခြင်းသည် လူမိုက်များအတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ရပေမည်။ ဆိုးသွမ်းသောနည်းများဖြင့်သာ သူတို့၏ဆန္ဒများ ပြည့်နိုင်မည်ဖြစ်ရာ အဆိုးကို သူတို့စွန့်ပယ်ကြမည်ဆိုလျှင် သူတို့၏လိုအင်ဆန္ဒ ပြည့်စုံခြင်း ပျော်ရွှင်မှုကို မရဘဲနေပေမည်။” လျော်ကန်သောလိုအင်ဆန္ဒများရှိဖို့ ကြိုးစားခြင်းသည် အမှန်တကယ်အရေးကြီးသည်!
ကျွန်ုပ်တို့၏အပေါင်းအသင်းများသည် ကျွန်ုပ်တို့၏အတွေးအခေါ်၊ ကြိုက်နှစ်သက်ရာနှင့် မကြိုက်သောအရာများအပေါ် များစွာသြဇာသက်ရောက်နိုင်ပါသည်! ရှောလမုန်က “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” ဟုဆိုရာတွင် မပြောင်းလဲသော အမှန်တရားတစ်ခုကို ဖော်ပြနေပါသည်။ (သု. ၁၃:၂၀) မှန်ပါသည်၊ ဖျော်ဖြေမှုလောက၊ အင်တာနက်နှင့် ဖတ်ရှုရာတို့မှတစ်ဆင့်ပင်ဖြစ်စေ ကျွန်ုပ်တို့၏ပေါင်းဖော်မှုက ကျွန်ုပ်တို့မည်သို့သောသူဖြစ်သည်၊ မည်သို့သောသူဖြစ်လာမည်တို့အပေါ် အကျိုးသက်ရောက်သည်။ အပေါင်းအသင်းများကို ပညာရှိစွာရွေးချယ်ဖို့ အမှန်တကယ်အရေးကြီးသည်!
“အမွေဥစ္စာကိုချန်ထား”
“အပြစ်ရှိသောသူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောအကျိုးကိုခံရလိမ့်မည်” ဟုဣသရေလရှင်ဘုရင်ကြေညာသည်။ (သု. ၁၃:၂၁) ယေဟောဝါသည် ဖြောင့်မတ်သောသူတို့ကို ဂရုစိုက်တော်မူသောကြောင့် ဖြောင့်မတ်စွာပြုကျင့်ခြင်းသည် အကျိုးကျေးဇူးရှိပါသည်။ (ဆာလံ ၃၇:၂၅) သို့သော် ကျွန်ုပ်တို့အားလုံးအပေါ် “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” တို့ကျရောက်တတ်ကြောင်း အသိအမှတ်ပြုကြရမည်။ (ဒေ. ၉:၁၁၊ ကဘ) အခန့်မသင့်ဖြစ်တတ်သော အမှုများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်သလော။
“သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏” ဟုရှောလမုန်ဆိုသည်။ (သု. ၁၃:၂၂က) ယေဟောဝါအားသိကျွမ်းခြင်းပညာကို သားသမီးများအား ပေး၍ ကိုယ်တော်နှင့်ကောင်းသောဆက်ဆံရေးရှိစေသော မိဘများသည် အလွန်အဖိုးတန်သောအမွေအနှစ် ပေးထားရစ်သည်! သို့သော် ဖြစ်နိုင်သည့်အခါ၊ မိဘတစ်ဦး အခန့်မသင့် သေဆုံးသွားခဲ့သော် မိသားစု၏ကာယရေးအတွက် အစီအစဉ်များ ကြိုတင်ပြုလုပ်ထားလျှင် အမြော်အမြင်ရှိရာရောက်မည်မဟုတ်ပေလော။ နေရာဒေသများစွာတွင် အိမ်ထောင်ဦးစီးများသည် အသက်အာမခံထားရန်၊ တရားဝင်သေတမ်းစာ ရေးဆွဲထားရန်၊ ငွေစုဆောင်းထားရန် စီစဉ်ထားနိုင်ပေမည်။
လူဆိုးတို့၏အမွေဥစ္စာနှင့်ပတ်သက်၍ကော မည်သို့ဆိုနိုင်သနည်း။ “အပြစ်ရှိသောသူ၏ စည်းစိမ်မူကား ဖြောင့်မတ်သောသူတို့အဖို့ သိုထားလျက်ရှိ၏” ဟုရှောလမုန်ဆက်ပြောသည်။ (သု. ၁၃:၂၂ခ) ယခုရရှိသော အကျိုးကျေးဇူးများအပြင် “ဖြောင့်မတ်ခြင်းတရားတည်” နေရာ “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ကို ယေဟောဝါသည် ကတိတော်နှင့်အညီ ပြည့်စုံစေသောအခါ ထိုသို့အမှန်ဖြစ်လာပါလိမ့်မည်။ (၂ ပေတရု ၃:၁၃) ထိုအခါ လူဆိုးများ လုံးလုံးရှိတော့မည်မဟုတ်၊ “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ” ကြရပါလိမ့်မည်။—ဆာလံ ၃၇:၁၁။
အမြော်အမြင်ရှိသူသည် စည်းစိမ်ဥစ္စာအနည်းငယ်သာရှိလျှင်ပင် အသိပညာနှင့်ပြုမူတတ်သည်။ “ဆင်းရဲသားလယ်လုပ်ခြင်းအားဖြင့် စားစရာပွားများ၏။ သို့ရာတွင် မတရားသောအမှုကြောင့် ပျက်စီးခြင်းသို့ရောက်တတ်၏” ဟုနယပုံပြင် ၁၃:၂၃ ကဆိုသည်။ ကြိုးစားလုပ်ဆောင်မှုနှင့် ဘုရားသခင့်ကောင်းချီးဖြင့် ဆင်းရဲသောသူသည် အကျိုးများစွာခံစားရ၏။ သို့သော် တရားမျှတမှုကင်းမဲ့သည့်အခါ မတရားသောဆုံးဖြတ်ချက်က စည်းစိမ်ဥစ္စာကို ပျောက်ပျက်သွားစေနိုင်၏။
“သားကို ဆုံးမတတ်၏”
မစုံလင်သူ လူသားများသည် ငယ်သောအရွယ်မှစ၍ ဆုံးမမှုလိုအပ်ကြသည်။ “ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟု ဣသရေလရှင်ဘုရင်ကဆို၏။—သု. ၁၃:၂၄။
ကြိမ်လုံးသည် အခွင့်အာဏာ၏အထိမ်းအမှတ်ဖြစ်သည်။ နယပုံပြင် ၁၃:၂၄ ပါကြိမ်လုံးသည် မိဘ၏အခွင့်အာဏာကို ရည်ညွှန်းသည်။ ဤစကားစပ်အရ ဆုံးမခြင်းကြိမ်လုံးကို အသုံးပြုခြင်းဟူသည် ကလေးအား ရိုက်နှက်ခြင်းကိုသာ ဆိုလိုသည်မဟုတ်။ ယင်းအစား ပုံစံအမျိုးမျိုးဖြစ်နိုင်သော ဆုံးမပဲ့ပြင်ပေးသည့်နည်းများကို ဆိုလိုသည်။ ဥပမာ၊ မတော်မလျော်ပြုမူသည့်အတွက် ကလေးတစ်ဦးကို ကြင်နာစွာ ပြစ်တင်ဆုံးမလိုက်ရုံဖြင့် သူ့ကိုပဲ့ပြင်နိုင်ပေမည်။ အခြားကလေးတစ်ဦးကိုမူ ထိုထက်ပြင်းထန်စွာ ဆိုဆုံးမပေးဖို့လိုပေမည်။ “ဒဏ်ချက်တစ်ရာသည် လူမိုက်၌ထိခိုက်သည်ထက်၊ ဆုံးမစကားတစ်ခွန်းသည် ဉာဏ်ကောင်းသူ၌ သာ၍ထိခိုက်တတ်၏” ဟုနယပုံပြင် ၁၇:၁၀ (သမ္မာ) ကဆို၏။
မိဘများသည် သားသမီးများ၏အကျိုးကိုရည်မျှော်ပြီး မေတ္တာနှင့် ဉာဏ်ပညာရှိရှိ အမြဲ ဆုံးမပဲ့ပြင်ပေးသင့်သည်။ မေတ္တာ ရှိသောမိဘတစ်ဦးသည် ကလေး၏အမှားကို လျစ်လျူရှုမည်မဟုတ်။ ယင်းအစား ကလေး၏ဉာဉ်ဆိုးများ အခိုင်အမာအမြစ်မစွဲမီ ၎င်းတို့ကို ဖယ်ရှားပစ်နိုင်ဖို့ ဂရုစိုက်ကြည့်နေမည်။ မေတ္တာရှိသောမိဘတစ်ဦးသည် ပေါလု၏ဤတိုက်တွန်းချက်ကို အမှန်တကယ်နှလုံးသွင်းပါသည်– “အဘတို့၊ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့။”—ဧဖက် ၆:၄၊ ကဘ။
မိဘဖြစ်သူသည် ကလေးကို အလိုလိုက်ထားပြီး လိုအပ်သလိုပဲ့ပြင်ဆုံးမ မပေးလျှင်ကော။ အလိုလိုက်ခဲ့သည့်အတွက် ထိုသို့ပြုသောမိဘသည် နောက်ပိုင်းတွင် ကျေးဇူးတင်ခံရပါမည်လော။ ဝေးလေစွ! (သု. ၂၉:၂၁) သမ္မာကျမ်းစာက “တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်၏” ဟုဆိုသည်။ (သု. ၂၉:၁၅) မိဘအခွင့်အာဏာကို မသုံးဘဲနေခြင်းက လျစ်လျူသောသဘောရှိကြောင်း၊ မေတ္တာကင်းမဲ့ကြောင်း ဖော်ပြသည်။ သို့သော် အခွင့်အာဏာကို ကြင်နာစွာ၊ ခိုင်မာပြတ်သားစွာ အသုံးပြုခြင်းဖြင့် သားသမီးကိုဂရုစိုက်ပြီး ချစ်ကြောင်း ထင်ရှားစေသည်။
စစ်မှန်သောအသိပညာနှင့်အညီ အမြော်အမြင်ရှိရှိ ရိုးဖြောင့်စွာပြုမူသူသည် ကောင်းချီးခံစားရပါလိမ့်မည်။ ရှောလမုန်က “ဖြောင့်မတ်သောသူသည် ဝစွာစားရသောအခွင့်ရှိ၏။ ဆိုးသောသူတို့မူကား ဝမ်းဟာလျက်ရှိကြ၏” ဟုယုံကြည်စိတ်ချစေသည်။ (သု. ၁၃:၂၅၊ သမ္မာ) ကျွန်ုပ်တို့၏ မိသားစုအရေးကိစ္စ၊ အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး၊ ကျွန်ုပ်တို့၏ဓမ္မအမှု၊ ဆုံးမခံရခြင်း အစရှိသည့်ဘဝကဏ္ဍအသီးသီးတွင် အဘယ်အရာသည် ကျွန်ုပ်တို့ကိုအကျိုးပြုမည်ဖြစ်ကြောင်း ယေဟောဝါသိတော်မူ၏။ ထို့ပြင် သမ္မာကျမ်းစာတွင်ပါသော ကိုယ်တော်၏ဆုံးမစကားကို ပညာရှိရှိ လိုက်နာကျင့်သုံးခြင်းအားဖြင့် အကောင်းဆုံးဘဝလမ်းစဉ်ပေါ် ကျွန်ုပ်တို့ မလွဲဧကန် လျှောက်လှမ်းနေပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 နယပုံပြင် ၁၃:၁-၁၄ ဆွေးနွေးချက်အတွက် ကင်းမျှော်စင် ၂၀၀၃၊ စက်တင်ဘာ ၁၅၊ စာမျက်နှာ ၂၁-၅ ကိုရှု။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
လိမ္မာပါးနပ်သူတစ်ဦးသည် မတရားသဖြင့် ဝေဖန်ခံရ လျှင်ပင် သူ၏နှုတ်ကို ချုပ်တည်းထား
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဘုရားသခင်၏နိုင်ငံတော်သတင်းကို သစ္စာရှိရှိကြွေးကြော်သူသည် ကောင်းမှုများစွာပြု
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ချီးမွမ်းခံရခြင်းသည် အားရှိစေသည်မှန်သော်လည်း ဆုံးမပဲ့ပြင်မှုကိုလည်း တလိုတလားလက်ခံရမည်
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
မေတ္တာရှိသောမိဘတစ်ဦးသည် ကလေး၏ အမှားများကို လျစ်လျူမရှုချေ