စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ဝတ်ပြုရာကျမ်းအခန်းကြီး ၂၅ ၌ဖော်ပြထားသော ယုဘိလနှစ်အစီအစဉ်က အဘယ်အရာကို ကြိုတင်ညွှန်ပြသနည်း။
မောရှေပညတ်က “သတ္တမနှစ်သည် . . . တစ်ပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏” ဟုပြဋ္ဌာန်းသည်။ ထိုနှစ်နှင့်ပတ်သက်၍ ဣသရေလလူမျိုးတို့သည် ဤသို့မိန့်မှာခံရကြသည်– “လယ်မလုပ်ရ။ စပျစ်ဥယျာဉ်ကိုမသုတ်သင် [“မတိညှပ်၊” ကဘ] ရ။ လယ်၌အလိုလိုပေါက်သော အသီးအနှံကိုမျှမရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှမဆွတ်ရ။ တစ်ပြည်လုံး ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်၏။” (ဝတ်ပြုရာ ၂၅:၄၊ ၅) ထို့ကြောင့် သတ္တမနှစ်တိုင်းသည် တစ်ပြည်လုံးဥပုသ်စောင့်ရသည့်နှစ်ဖြစ်ရ၏။ ထို့ပြင် ခုနစ်ကြိမ်မြောက်ဥပုသ်နှစ်ပြီးသည့် နောက်တစ်နှစ်ဖြစ်သော အနှစ် ၅၀ မြောက်သောနှစ်တိုင်းသည် ယုဘိလနှစ်ဖြစ်ရ၏။ အဆိုပါနှစ်တွင် အဘယ်အရာဖြစ်ပျက်ရမည်နည်း။
မောရှေမှတစ်ဆင့် ဣသရေလလူမျိုးကို ယေဟောဝါဤသို့မိန့်တော်မူ၏– “ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့် တစ်ပြည်လုံး၌ ပြည်သားအပေါင်းတို့အား လွတ်ရာအခွင့်ကိုကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍ လူတိုင်းမိမိပိုင်သောမြေ [“အသီးသီးပိုင်ဆိုင်ရာကို ပြန်ပေးရမည်၊” ကဘ]၊ မိမိအဆွေအမျိုးထံသို့ပြန်ရမည်။ ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ်ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုပေါက်သောအပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သောစပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။” (ဝတ်ပြုရာ ၂၅:၁၀၊ ၁၁) ယုဘိလဟူသည် မြေကြီးအတွက် ဥပုသ်ထပ်နှစ်ကိုဆိုလိုသည်။ ပြည်သူပြည်သားများအတွက်မူ လွတ်လပ်ခွင့်ရသောနှစ်ဖြစ်သည်။ ကျွန်အဖြစ် ရောင်းချခံရသော မည်သည့်ဂျူးမဆို ထိုနှစ်တွင်လွတ်မြောက်၏။ မလွှဲမရှောင်သာ ရောင်းလိုက်ရသော ဘိုးဘွားပိုင်မြေယာပစ္စည်းကို ထိုနှစ်တွင် သက်ဆိုင်ရာမိသားစုထံ ပြန်အပ်ရန်ဖြစ်၏။ ယုဘိလနှစ်သည် ရှေးခေတ်ဣသရေလလူမျိုးအတွက် ပြန်လည်ထူထောင်ရာနှစ်၊ လွတ်မြောက်ခြင်းနှစ်ဖြစ်ရ၏။ ယင်းက ခရစ်ယာန်များအတွက် အဘယ်အရာ၏ရှေ့ပြေးပုံရိပ်ဖြစ်သနည်း။
ပထမလူသားအာဒံ၏ ပုန်ကန်မှုက လူသားအပေါင်းကို အပြစ်တရား၏ကျွန် ဖြစ်စေခဲ့သည်။ အပြစ်၏ချုပ်နှောင်မှုမှ လူသားတို့ကိုလွတ်မြောက်စေဖို့ ဘုရားသခင်ပြင်ဆင်ပေးသည့်အစီအစဉ်မှာ ယေရှုခရစ်၏ ရွေးဖိုးပူဇော်ရာယဇ်ဖြစ်သည်။ * (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ၁ ယောဟန် ၂:၁၊ ၂) ခရစ်ယာန်များသည် အပြစ်တရားအောက်မှ အဘယ်အချိန်တွင် လွတ်မြောက်သွားကြသနည်း။ ဝိညာဉ်တော်ဖွားများကို တမန်တော်ပေါလုက ဤသို့ဆိုသည်– “ယေရှုခရစ်၌တည်၍ အသက်ရှင်စေသောဝိညာဉ်တော်၏တရားသည် အပြစ်တရား၏လက်မှလည်းကောင်း၊ သေခြင်းတရား၏လက်မှလည်းကောင်း ငါ့ကိုကယ်လွှတ်ပြီ။” (ရောမ ၈:၂) ကောင်းကင်အသက်တာရဖို့ မျှော်လင့်သူများသည် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရချိန်တွင် ထိုလွတ်မြောက်မှုကို ရရှိကြသည်။ သူတို့သည် အသွေးအသားကိုယ်ခန္ဓာဖြင့် အသက်ရှင်နေပြီး မစုံလင်သူဖြစ်နေကြသေးသော်လည်း ဘုရားသခင်သည် သူတို့ကို ဖြောင့်မတ်သူများအဖြစ် ကြေညာပြီး ဝိညာဉ်ရေးသားများအဖြစ် မွေးစားလိုက်သည်။ (ရောမ ၃:၂၄; ၈:၁၆၊ ၁၇) အုပ်စုလိုက်အနေနှင့် ဝိညာဉ်တော်ဖွားများ၏ ခရစ်ယာန်ယုဘိလသည် စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် စတင်ခဲ့သည်။
မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ကြသူ “အခြားသိုး” များနှင့်ပတ်သက်၍ကော။ (ယောဟန် ၁၀:၁၆) အခြားသိုးများအတွက်မူ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် ပြန်လည်ထူထောင်ခြင်းနှင့် လွတ်မြောက်ခြင်း အခါသမယဖြစ်ပါလိမ့်မည်။ ဤအနှစ်တစ်ထောင်ကြာ ယုဘိလအတောအတွင်း ယေရှုသည် ကိုယ်တော်၏ရွေးဖိုးပူဇော်ရာယဇ်၏ အကျိုးကျေးဇူးများကို ယုံကြည်သူလူသားများအပေါ် အကျိုးသက်ရောက်စေပြီး အပြစ်၏အကျိုးဆက်များကို ချေဖျက်ပစ်မည်။ (ဗျာ. ၂၁:၃၊ ၄) ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအဆုံးတွင် လူအပေါင်းတို့သည် စုံလင်သည့်အဖြစ်သို့ရောက်ရှိပြီး မွေးရာပါ အပြစ်နှင့်သေခြင်းမှလည်း လုံးလုံးလွတ်မြောက်သွားမည်။ (ရောမ ၈:၂၁) အဆိုပါပြီးမြောက်အောင်မြင်မှုနှင့်အတူ ခရစ်ယာန်ယုဘိလ ကုန်ဆုံးသွားပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 အမှန်မှာ၊ ယေရှုသည် “ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်း . . . ကို ပြစေခြင်းငှာ” စေလွှတ်ခံခဲ့ရသည်။ (ဟေရှာယ ၆၁:၁-၇; လုကာ ၄:၁၆-၂၁) ဝိညာဉ်ရေးလွတ်မြောက်မှုကို ကိုယ်တော်ကြေညာခဲ့၏။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အနှစ်တစ်ထောင်ယုဘိလသည် “အခြားသိုး” များအတွက် ပြန်လည်ထူထောင်ခြင်းနှင့် လွတ်မြောက်ခြင်းအခါသမယဖြစ်