ကျွန်ုပ်တို့၏ ပြဿနာများသည် ဘုရားသခင်ကြောင့်လော
ကျွန်ုပ်တို့၏ ပြဿနာများသည် ဘုရားသခင်ကြောင့်လော
မယ်ရီအဲန်၏ အရွယ်ရောက်သမီးသည် ဦးနှောက်တွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားသောအခါ ကျွန်ုပ်တို့အများစုလုပ်တတ်ကြရာကို မယ်ရီအဲန်လည်းပြုလုပ်ခဲ့၏။ * ဘုရားသခင်ထံ သူဆုတောင်းလေသည်။ “ဒီလောက် အကူအညီမဲ့ပြီး အထီးကျန်တာမျိုး မရှိခဲ့ဖူးဘူး” ဟု မယ်ရီအဲန်ကပြောသည်။ နောက်ပိုင်းတွင် သူ့သမီးအခြေအနေ ပိုဆိုးလာသည့်အတွက် ဘုရားသခင်ကို မယ်ရီအဲန် သံသယဝင်လေတော့သည်။ “ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဟု သူမေးမြန်းလိုက်၏။ မေတ္တာပြည့်ဝပြီး ဂရုစိုက်တတ်သည့် ဘုရားသခင်သည် သူ့အား အဘယ်ကြောင့် စွန့်ပစ်ရသည်ကို သူသိလိုခဲ့၏။
မယ်ရီအဲန်၏အဖြစ်သည် အဆန်းမဟုတ်ချေ။ ကမ္ဘာတစ်ဝန်းမှ လူမြောက်မြားစွာတို့သည် အကူအညီလိုအပ်ချိန်တွင် ဘုရားသခင့်အကူအညီမရဘဲ စွန့်ပစ်ထားခံရသည်ဟု ယူမှတ်ခဲ့ကြပြီ။ မြေးလေးအသတ်ခံရပြီးနောက် လီစာက “‘ဘုရားသခင် ဘာကြောင့်ခွင့်ပြုရတာလဲ’ ဆိုတဲ့မေးခွန်းတွေကို ကျွန်မမေးပဲမေးနေတော့တယ်။ ဘုရားသခင်ကို လုံးလုံးမယုံတော့တာ မဟုတ်ပေမဲ့ အရင်လောက်တော့ မယုံကြည်ဘူး” ဟု ပြောပြရှာသည်။ အလားတူ၊ အမျိုးသမီးတစ်ဦးသည် မိမိ၏မွေးကင်းစကလေးနှင့်ပတ်သက်၍ ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကို တွေ့ကြုံရပြီးနောက် ဤသို့ဆိုသည်– “ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်လို့ ဘာနှစ်သိမ့်မှုမှ ဘုရားသခင်မပေးခဲ့ဘူး။ ကျွန်မကိုသနားပါတယ်ဆိုတဲ့လက္ခဏာ ဘာတစ်ခုမှမပြဘူး။ ဘုရားသခင်ကို ကျွန်မဘယ်တော့မှခွင့်မလွှတ်ဘူး။”
အခြားသူတို့သည် မိမိတို့ဝန်းကျင်ရှိ ကမ္ဘာလောကကြီးကို ကြည့်လိုက်သည်နှင့် ဘုရားသခင်အပေါ် နာကြည်းစိတ်များပေါ်လာကြသည်။ ဆင်းရဲမွဲတေကာ ငတ်ပြတ်နေသည့်နိုင်ငံများ၊ မျှော်လင့်ချက်မဲ့နေသည့် စစ်ပြေးများ၊ အေ့ဒ်စ်ရောဂါကြောင့် မိဘမဲ့ဖြစ်ခဲ့ရသည့် မရေမတွက်နိုင်သော ကလေးသူငယ်များနှင့် အခြားရောဂါများစွဲကပ်နေကြသည့် သန်းပေါင်းများစွာသောလူတို့ကို သူတို့တွေ့မြင်ကြရသည်။ ဤကဲ့သို့သောကြေကွဲဖွယ်အဖြစ်ဆိုးများကို တွေ့ကြုံရင်ဆိုင်နေကြရသောအခါ လူများစွာသည် ကြားဝင်ဆောင်ရွက်ပေးဟန်မရှိသော ဘုရားသခင်အား အပြစ်တင်ကြသည်။
အမှန်ပြောရလျှင် လူအပေါင်းကြုံတွေ့နေရသည့် ပြဿနာများမှာ ဘုရားသခင်ကြောင့်မဟုတ်ပါ။ ဘုရားသခင်သည် လူ့မိသားစုအပေါ် ကျရောက်နေသည့် ဘေးအန္တရာယ်တို့ကို မကြာမီ အမှန်တကယ်ပင် ဖြေရှင်းပေးတော့မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှန်တကယ်ပင် ဂရုစိုက်တော်မူကြောင်း သိရှိရန် နောက်ဆောင်းပါးကိုဆက်ဖတ်ပါဟု ဖိတ်ခေါ်ပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 အမည်များကိုပြောင်းထားသည်။