တည်ကြည်ပြီး သတိပညာရှိသော “ကျွန်”
တည်ကြည်ပြီး သတိပညာရှိသော “ကျွန်”
“အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ [တည်ကြည်မှု] နှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကားအဘယ်သူနည်း။”—မဿဲ ၂၄:၄၅။
၁၊ ၂။ ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် ဝိညာဉ်အစာပုံမှန်ရရှိရန် အဘယ်ကြောင့် အရေးကြီးသနည်း။
စီ.အီး. ၃၃၊ နိသန်လ ၁၁ ရက်၊ အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် ယေရှု၏တပည့်များသည် ယနေ့ကျွန်ုပ်တို့အချိန်ကာလအတွက် အလွန်လေးနက်သောအဓိပ္ပာယ်ရှိသည့် မေးခွန်းတစ်ခု မေးခဲ့သည်။ သူတို့မေးခဲ့သည့်မေးခွန်းမှာ ဤသို့ဖြစ်သည်– ‘ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို ... အမိန့်ရှိတော်မူပါ။’ မေးခွန်းကို အဖြေပေးရာတွင် ယေရှုက မှတ်သားဖွယ်ကောင်းသော ပရောဖက်ပြုချက်တစ်ခုကို မြွက်ကြားတော်မူခဲ့သည်။ စစ်များ၊ အစာခေါင်းပါးမှုများ၊ မြေငလျင်များနှင့် ရောဂါဘယများကြောင့် မငြိမ်မသက်ဖြစ်မည့် အချိန်ကာလတစ်ခုအကြောင်း ကိုယ်တော် မိန့်တော်မူခဲ့သည်။ ယင်းတို့သည် “ဆင်းရဲခြင်း၏ အစအဦး” မျှသာဖြစ်မည်။ အခြေအနေ ပို၍ဆိုးလာမည်။ ထိတ်လန့်ကြောက်ရွံ့ဖွယ်ပင်!—မဿဲ ၂၄:၃၊ ၇၊ ၈၊ ၁၅-၂၂; လုကာ ၂၁:၁၀၊ ၁၁။
၂ ၁၉၁၄ ခုနှစ်မှစ၍ ယေရှု၏ပရောဖက်ပြုချက်ပါ သွင်ပြင်လက္ခဏာအများစု ပြည့်စုံလာခဲ့သည်။ “ဆင်းရဲခြင်း” သည် လူသားများအပေါ် အကြီးအကျယ်ကျရောက်လျက်ရှိသည်။ သို့သော် စစ်မှန်သောခရစ်ယာန်များသည် ကြောက်စရာမလိုပါ။ ယေရှုက အာဟာရပြည့်ဝသော ဝိညာဉ်အစာဖြင့် သူတို့ကိုထောက်မမည်ဟု ကတိပြုခဲ့သည်။ ယခု ယေရှုသည် ကောင်းကင်တွင်ရှိနေသောကြောင့် မြေကြီးပေါ်ရှိ ကျွန်ုပ်တို့အတွက် ဝိညာဉ်အစာရရှိရန် ကိုယ်တော် မည်သို့စီစဉ်ပေးခဲ့သနည်း။
၃။ ကျွန်ုပ်တို့ ‘အချိန်တန်အစာ’ ရရှိရန် အဘယ်အစီအစဉ်များကို ယေရှုပြုလုပ်ပေးထားသနည်း။
၃ ယေရှုကိုယ်တော်တိုင်က ထိုမေးခွန်း၏အဖြေကို ဖော်ပြခဲ့သည်။ အရေးကြီးသောပရောဖက်ပြုချက်ကို ကိုယ်တော်မိန့်တော်မူနေစဉ် ဤသို့မေးခဲ့၏– “အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ [တည်ကြည်မှု] နှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကားအဘယ်သူနည်း။” ထို့နောက် ကိုယ်တော် ဤသို့မိန့်တော်မူခဲ့၏– “အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား အရှင်သည် ထိုကျွန်ကို မိမိဥစ္စာရှိသမျှအပေါ်၌ အအုပ်အချုပ်ခန့်ထားလိမ့်မည်။” (မဿဲ ၂၄:၄၅-၄၇၊ သမ္မာ) မှန်ပါသည်၊ ဝိညာဉ်အစာပြင်ဆင်ပေးရန် တာဝန်ပေးခြင်းခံရသော “ကျွန်” တစ်ဦးရှိရမည်ဖြစ်ပြီး ထို “ကျွန်” သည် တည်ကြည်ရမည်ဖြစ်ကာ သတိပညာရှိသူလည်း ဖြစ်ရမည်။ ထိုကျွန်သည် တစ်ယောက်ပြီးတစ်ယောက် ဆက်ခံလာသည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လော၊ သို့မဟုတ် အခြားအရာတစ်ခုခုလော။ တည်ကြည်သောကျွန်သည် လွန်စွာလိုအပ်သောဝိညာဉ်အစာများကို ထောက်ပံ့ပေးနေသောကြောင့် မိမိတို့အကျိုးအတွက် ထိုကျွန်ကိုသိရှိရန် ရှာဖွေဖို့ဖြစ်သည်။
တစ်ဦးတစ်ယောက်လော သို့မဟုတ် အတန်းအစားတစ်ခုလော
၄။ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ သည် လူတစ်ဦးတစ်ယောက် မဖြစ်နိုင်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။
၄ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ သည် လူတစ်ဦးတစ်ယောက် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှု၏စကားအရ ထိုကျွန်သည် ပထမရာစုမှစ၍ ဝိညာဉ်အစာဝေမျှပေးနေခဲ့ပြီး စီ.အီး. ၁၉၁၄ တွင် သခင်ရောက်ရှိချိန်၌ ထိုသို့ပင် ဆက်လုပ်ဆောင်နေလျက်ရှိမည်ဖြစ်၍တည်း။ လူတစ်ဦးတစ်ယောက်ဖြစ်မည်ဆိုလျှင် ထိုသူသည် နှစ်ပေါင်း ၁,၉၀၀ နီးပါးခန့် တည်ကြည်စွာ အမှုဆောင်ခဲ့သူဖြစ်ရပေမည်။ မသုရှလပင် ထိုမျှအသက်မရှည်ခဲ့ပါ!—ကမ္ဘာဦး ၅:၂၇။
၅။ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ဟူသည့်အသုံးအနှုန်းသည် ခရစ်ယာန်တစ်ဦးချင်းစီနှင့် မသက်ဆိုင်ကြောင်း ရှင်းပြပါ။
၅ သို့ဖြစ်လျှင် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ဟူသည့်အသုံးအနှုန်းသည် ယေဘုယျအားဖြင့် ခရစ်ယာန်တစ်ဦးစီနှင့် သက်ဆိုင်နိုင်သလော။ ခရစ်ယာန်အားလုံးသည် တည်ကြည်ပြီး သတိပညာရှိရမည်မှာ မှန်ပါသည်၊ သို့သော် ယေရှုက ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ အကြောင်းပြောဆိုရာတွင် ကိုယ်တော်၌ အခြားအကြံတော်တစ်ခုခုရှိကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့မည်သို့သိရသနည်း။ အကြောင်းမှာ ကိုယ်တော်က “အရှင်သည် ပြန်လာ” ချိန်တွင် ထိုကျွန်ကို “မိမိဥစ္စာရှိသမျှအပေါ်၌” အအုပ်အချုပ်ခန့်ထားလိမ့်မည်ဟု မိန့်တော်မူခဲ့သောကြောင့်ဖြစ်သည်။ ခရစ်ယာန်တစ်ဦးချင်းစီကို အရာခပ်သိမ်း—သခင့်ဥစ္စာ “ရှိသမျှ” အပေါ်၌ မည်သို့ခန့်ထားနိုင်မည်နည်း။ မခန့်ထားနိုင်ပါ!
၆။ ဣသရေလလူမျိုးအား ဘုရားသခင်၏ “ကျွန်” အဖြစ် ဆောင်ရွက်ရန် မည်သို့ရည်ရွယ်ခဲ့သနည်း။
၆ သို့ဖြစ်၍ ဆင်ခြင်တုံတရားနှင့်ညီသော ကောက်ချက်မှာ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ အဖြစ် ခရစ်ယာန်တစ်စုကို ယေရှုရည်ညွှန်းနေခြင်းဖြစ်သည်။ စုပေါင်းကျေးကျွန်ဟူ၍ ရှိနိုင်ပါသလော။ ရှိနိုင်ပါသည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းခုနစ်ရာခန့်က ယေဟောဝါသည် ဣသရေလလူမျိုးတစ်မျိုးလုံးကို “ငါ၏သက်သေ”၊ “ငါရွေးကောက်သောကျွန်” အဖြစ် သမုတ်တော်မူခဲ့သည်။ (ဟေရှာယ ၄၃:၁၀) မောရှေအား ပညတ်ပေးချိန်ဖြစ်သော ဘီ.စီ.အီး. ၁၅၁၃ မှစ၍ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့အထိ ဣသရေလလူမျိုးယောက်တိုင်းသည် ထိုကျွန်အတန်းအစားအဝင် ဖြစ်ခဲ့ကြသည်။ ဣသရေလလူမျိုးအများစုသည် လူမျိုးတော်၏ ကိစ္စရပ်များ စီမံခန့်ခွဲပေးမှု သို့မဟုတ် ဝိညာဉ်အစာကျွေးမွေးခြင်း အစီအစဉ်ဆောင်ရွက်မှုများတွင် တိုက်ရိုက်မပါဝင်ခဲ့ကြပေ။ ထိုတာဝန်များကိုဆောင်ရွက်ရန် ဘုရင်များ၊ တရားသူကြီးများ၊ ပရောဖက်များ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိလူများကို ယေဟောဝါ အသုံးပြုတော်မူခဲ့သည်။ သို့သော် ဣသရေလလူမျိုးသည် လူမျိုးတစ်မျိုးအနေနှင့် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ကိုယ်စားပြုကာ အခြားလူမျိုးများအလယ်တွင် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြရမည်။ ဣသရေလလူမျိုး တစ်ဦးစီသည် ယေဟောဝါ၏ သက်သေတစ်ဦးဖြစ်ကြရမည်။—တရားဟောရာ ၂၆:၁၉; ဟေရှာယ ၄၃:၂၁; မာလခိ ၂:၇; ရောမ ၃:၁၊ ၂။
“ကျွန်” အဖြစ်မှ ရပ်စဲခံရ
၇။ ရှေးဣသရေလလူမျိုးသည် ဘုရားသခင့် “ကျွန်” အဖြစ် အဘယ်ကြောင့် အရည်အချင်းမပြည့်မီသနည်း။
၇ ဣသရေလလူမျိုးသည် ရာစုနှစ်များစွာက ဘုရားသခင်၏ “ကျွန်” ဖြစ်ခဲ့သောကြောင့် ယေရှုမိန့်တော်မူခဲ့သော ကျွန်လည်းဖြစ်ပါသလော။ မဖြစ်ပါ၊ ရှေးဣသရေလလူမျိုးသည် တည်ကြည်မှုမရှိသည့်အပြင် သတိပညာလည်း မရှိသည့်အဖြစ်သို့ ဝမ်းနည်းဖွယ်ရောက်ရှိခဲ့သည်။ လူမျိုးတော်အား ယေဟောဝါမိန့်တော်မူခဲ့သည့်စကားကို ပေါလုကိုးကားရာတွင် အခြေအနေကို ဤသို့အကျဉ်းချုံးဖော်ပြ၏– “တစ်ပါးအမျိုးသားတို့သည် သင်တို့အကျင့်ကိုထောက်၍ ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။” (ရောမ ၂:၂၄) အမှန်ပင်၊ ဣသရေလလူမျိုး၏ နှစ်ပေါင်းကြာရှည်စွာပုန်ကန်မှုသည် ယေရှုကိုငြင်းပယ်ခြင်းအားဖြင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ယင်းကြောင့် သူတို့ကို ယေဟောဝါငြင်းပယ်ခဲ့သည်။—မဿဲ ၂၁:၄၂၊ ၄၃။
၈။ ဣသရေလလူမျိုးနေရာတွင် အစားထိုးသည့် “ကျွန်” ကို အဘယ်အချိန်တွင် ခန့်အပ်ခဲ့သနည်း၊ အဘယ်အခြေအနေများအောက်တွင်နည်း။
၈ ဤ “ကျွန်” ဖြစ်သော ဣသရေလလူမျိုး၏ တည်ကြည်မှုမရှိခြင်းကြောင့် တည်ကြည်သော ဝတ်ပြုကိုးကွယ်သူများကို ဝိညာဉ်အစာထောက်ပံ့ပေးခြင်းမှ ထာဝစဉ်ဖြတ်တောက်လိုက်သည်ဟု မဆိုလိုပါ။ ယေရှုသေဆုံးပြီး ရက်ငါးဆယ်ပြည့်သည့်နေ့၊ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့ အထက်ခန်းမတစ်ခုတွင်ရှိ ကိုယ်တော်၏တပည့် ၁၂၀ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခဲ့သည်။ ထိုအချိန်တွင် လူမျိုးသစ်တစ်မျိုး မွေးဖွားလာသည်။ သင့်လျော်စွာပင်၊ လူမျိုးသစ်အဝင်များသည် “ဘုရားသခင်၏ အံ့ဖွယ်သောအမှုတို့ကို” ယေရုရှလင်မြို့သားများအား ရဲရင့်စွာစတင်ပြောကြားခြင်းဖြင့် လူမျိုးသစ်မွေးဖွားကြောင်း လူသိရှင်ကြားဖြစ်သွားလေသည်။ (တမန်တော် ၂:၁၁) သို့ဖြင့် လူမျိုးသစ်ဖြစ်သော ဝိညာဉ်ရေးဆိုင်ရာလူမျိုးသည် ယေဟောဝါ၏ဘုန်းတော်ကို အခြားလူမျိုးများအားကြေညာပြီး အချိန်တန်အစာထောက်ပံ့ပေးသော “ကျွန်” ဖြစ်လာသည်။ (၁ ပေတရု ၂:၉) သင့်လျော်စွာပင် ယင်းလူမျိုးသည် “ဘုရားသခင်၏ ဣသရေလအမျိုး” ဟု ခေါ်တွင်လာသည်။—ဂလာတိ ၆:၁၆။
၉။ (က) ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ကို မည်သူတို့ဖြင့် ဖွဲ့စည်းထားသနည်း။ (ခ) “အိမ်သူအိမ်သား” တို့ကား မည်သူတို့နည်း။
၉ “ဘုရားသခင်၏ ဣသရေလအမျိုး” ဝင် ယောက်တိုင်းသည် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းခံရသော ကောင်းကင်မျှော်လင့်ချက်ရှိသည့် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသော ခရစ်ယာန်များဖြစ်ကြသည်။ ထို့ကြောင့် ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်မှ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့အထိ မည်သည့်တစ်ချိန်ချိန်တွင်မဆို အသက်ရှင်ခဲ့သော ဣသရေလလူမျိုးအဝင်ယောက်တိုင်းသည် ခရစ်ယာန်ခေတ်မတိုင်မီက ကျွန်အတန်းအစားတွင် ပါဝင်ခဲ့သကဲ့သို့ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ဟူသည့်အသုံးအနှုန်းသည် အုပ်စုလိုက်အနေနှင့် စီ.အီး. ၃၃ ခုနှစ်မှ ယခုအချိန်အထိ မည်သည့်တစ်ချိန်ချိန်တွင်မဆို မြေကြီးပေါ်တွင်အသက်ရှင်ခဲ့သည့် ဝိညာဉ်တော်ဖွား ဝိညာဉ်ရေးလူမျိုးအဝင် ယောက်တိုင်းကို ရည်ညွှန်းသည်။ သို့သော် ထိုကျွန်ထံမှ အာဟာရရှိသော ဝိညာဉ်အစာကို လက်ခံယူကြသည့် “အိမ်သူအိမ်သား” များကား မည်သူများနည်း။ စီ.အီး. ပထမရာစုရှိ ခရစ်ယာန်တိုင်းသည် ကောင်းကင်မျှော်လင့်ချက် ရှိသူများဖြစ်သည်။ သို့ဖြစ်၍ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည်လည်း အိမ်သူအိမ်သားများဖြစ်ခဲ့ကြကာ အုပ်စုလိုက်အနေနှင့်မဟုတ်ဘဲ တစ်ဦးချင်းစီအနေနှင့်ဖြစ်ခဲ့သည်။ အသင်းတော်တွင် တာဝန်ရှိအခွင့်အရေးများ ရရှိထားသူများအပါအဝင် အားလုံးသည် ကျွန်ထံမှ ဝိညာဉ်အစာ လိုအပ်ခဲ့သည်။—၁ ကောရိန္သု ၁၂:၁၂၊ ၁၉-၂၇; ဟေဗြဲ ၅:၁၁-၁၃; ၂ ပေတရု ၃:၁၅၊ ၁၆။
“အသီးသီးဆိုင်ရာအလုပ်”
၁၀၊ ၁၁။ ကျွန်အတန်းအစားဝင် အားလုံးသည် အလုပ်တာဝန်တစ်မျိုးတည်းကိုသာ မရရှိကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။
၁၀ “ဘုရားသခင်၏ ဣသရေလအမျိုး” သည် အလုပ်တာဝန်တစ်ခုရရှိထားသည့် တည်ကြည်ပြီး သတိပညာရှိသော ကျွန်အတန်းအစားဖြစ်ပြီး တစ်ချိန်တည်းတွင် တစ်ဦးစီ၌လည်း ကိုယ်ပိုင်တာဝန်များရှိထားသည်။ မာကု ၁၃:၃၄၊ [သမ္မာ] တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများက ယင်းကို ရှင်းလင်းနားလည်စေသည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်အကြံရှိသည်နှင့် အိမ်မှထွက်သွား၍ မိမိကျွန်တို့အား အခွင့်အာဏာကိုလည်းကောင်း၊ အသီးအသီးဆိုင်ရာအလုပ်ကိုလည်းကောင်း အပ်ထားပြီးလျှင် တံခါးစောင့်အား စောင့်နေလော့ဟု မှာထားခဲ့လေ၏။” ထို့ကြောင့် ကျွန်အတန်းအစား အဖွဲ့ဝင်တစ်ဦးစီသည် တာဝန်တစ်ခုစီ ရရှိထားကြသည်—ခရစ်တော်၏ မြေကြီးဆိုင်ရာဥစ္စာတို့ကို တိုးပွားစေရေးတာဝန်ဖြစ်သည်။ မိမိ၏အစွမ်းသတ္တိနှင့်အညီ ယင်းတာဝန်ကို ဆောင်ရွက်ရသည်။—မဿဲ ၂၅:၁၄၊ ၁၅။
၁၁ ထို့ပြင် တမန်တော်ပေတရုက မိမိခေတ်ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ဤသို့ပြောခဲ့၏– “သင်တို့သည် ဆုကျေးဇူးတော်ကိုအသီးသီးခံရကြသည်နှင့်အညီဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့ အချင်းချင်းဝေငှပေးကမ်းကြလော့။” (၁ ပေတရု ၄:၁၀) ထို့ကြောင့်၊ ထိုဝိညာဉ်တော်ဖွားများသည် မိမိတို့အား ဘုရားသခင်ပေးအပ်ထားသော ဆုကျေးဇူးများကို အချင်းချင်းတို့အား ဝေငှပေးကမ်းရန် တာဝန်ရှိကြသည်။ ထို့ပြင် ပေတရု၏စကားများက ခရစ်ယာန်အားလုံးသည် စွမ်းရည်၊ တာဝန် သို့မဟုတ် အထူးအခွင့်အရေး တစ်မျိုးတည်းရှိကြမည်မဟုတ်ကြောင်း ဖော်ပြသည်။ သို့သော် ကျွန်အတန်းအစားဝင် တစ်ဦးစီသည် ဝိညာဉ်ရေးလူမျိုး၏ ကြီးပွားတိုးတက်မှုအတွက် တစ်နည်းနည်းဖြင့် အကူအညီပေးနိုင်ကြသည်။ မည်သို့အားဖြင့်နည်း။
၁၂။ ကျွန်အတန်းအစားဝင် အမျိုးသား၊ အမျိုးသမီးတိုင်းသည် ကျွန်အတန်းအစား၏ ကြီးပွားတိုးတက်မှုအတွက် မည်သို့ထောက်ကူပေးခဲ့ကြသနည်း။
၁၂ ဦးဆုံး ယောက်တိုင်းသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောကာ ယေဟောဝါသက်သေ တစ်ဦးဖြစ်နေဖို့ လိုသည်။ (ဟေရှာယ ၄၃:၁၀-၁၂; မဿဲ ၂၄:၁၄) ယေရှု ကောင်းကင်သို့မတက်ကြွမီအချိန်တွင် မိမိ၏တည်ကြည်သော တပည့်အားလုံး၊ အမျိုးသားရော အမျိုးသမီးများပါ သွန်သင်သူများဖြစ်ကြရန် ကိုယ်တော် မိန့်မှာခဲ့သည်။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့၏– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ [သွန်သင်] ပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၁၉၊ ၂၀။
၁၃။ ဝိညာဉ်တော်ဖွားအားလုံးတွင် အဘယ်အခွင့်ထူး ရရှိခဲ့သနည်း။
၁၃ တပည့်သစ်များကို တွေ့ရှိကြသောအခါ တပည့်များအား ခရစ်တော်မိန့်မှာခဲ့သမျှကို စောင့်ရှောက်စေရန် ထိုသူတို့ကို အသေအချာ သွန်သင်ပေးခဲ့ကြသည်။ အချိန်တန်သော် တုံ့ပြန်ကြသူများသည် အခြားသူများအား သွန်သင်ရန် အရည်အချင်းရှိလာခဲ့ကြပေမည်။ (၂ တိမောသေ ၂:၂; ဟေဗြဲ ၅:၁၂) ကျေးကျွန်အတန်းအစားဝင်ဖြစ်ရန် အလားအလာရှိသူများအား ဝိညာဉ်အစာ ကျွေးမွေးခြင်းဖြစ်သည့် ယင်းလုပ်ငန်းကို ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးအားလုံးတို့က ဆောင်ရွက်ခဲ့ကြသည်။ (တမန်တော် ၁၈:၂၄-၂၆) ယင်းလုပ်ငန်းကို ကျွန်အတန်းအစား ဦးဆုံးလုပ်ဆောင်ချိန်မှစ၍ ဤအစီအစဉ်စနစ် အဆုံးပိုင်းအထိ ဆက်လုပ်ဆောင်သွားရန်ဖြစ်ခဲ့သည်။
၁၄။ အသင်းတော်တွင် သွန်သင်ခြင်းတာဝန်ကို မည်သူတို့သာ ရရှိထားသနည်း၊ ယင်းကို တည်ကြည်သော ဝိညာဉ်တော်ဖွားအမျိုးသမီးများ မည်သို့ယူမှတ်ခဲ့ကြသနည်း။
၁၄ နှစ်ခြင်းခံခါစလူသစ်များနှင့် ဝိညာဉ်တော်ဖွားများသည် ကျွန်အတန်းအစားဝင်ဖြစ်လာခဲ့ကြပြီး သူတို့ကို ဦးဆုံး မည်သူကပင် သင်ပေးခဲ့ပါစေ အသက်ကြီးသူများအဖြစ် အမှုဆောင်ကြသည့် ကျမ်းဆိုင်ရာအရည်အချင်းများရှိသော အသင်းသားများထံမှ ညွှန်ကြားချက်များကို သူတို့ဆက်၍ခံယူခဲ့ကြရသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၆-၉) သို့ဖြင့် ထိုခန့်အပ်ခံအမျိုးသားများသည် လူမျိုးတော် ကြီးပွားတိုးတက်စေရန် အထူးနည်းလမ်းတစ်ခုဖြင့် ထောက်ကူပေးရသည့် အခွင့်ထူးရရှိခဲ့ကြသည်။ အသင်းတော်တွင် သွန်သင်ခြင်းတာဝန်များကို ခရစ်ယာန်အမျိုးသားများသာရခြင်းကြောင့် တည်ကြည်သောဝိညာဉ်တော်ဖွား ခရစ်ယာန်အမျိုးသမီးများသည် စိတ်မကွက်ခဲ့ကြပါ။ (၁ ကောရိန္သု ၁၄:၃၄၊ ၃၅) ယင်းသို့ဖြစ်မည့်အစား သူတို့သည် အသင်းတော်ရှိ အမျိုးသားတို့၏ ကြိုးစားဆောင်ရွက်မှုကြောင့် ရရှိသည့်အကျိုးကျေးဇူးများအတွက် ဝမ်းသာခဲ့ကြသည့်အပြင် အခြားသူများအား ဝမ်းမြောက်ဖွယ်သတင်းစကား ဟောပြောခြင်းအပါအဝင် မိမိတို့ရရှိသော အခွင့်ထူးများအတွက် ကျေးဇူးတင်လေးမြတ်ခဲ့ကြသည်။ ယနေ့အချိန်တွင် ခန့်အပ်ခံအကြီးအကဲများသည် ဝိညာဉ်တော်ဖွားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထက်သန်သောဝိညာဉ်တော်ဖွားညီအစ်မများသည် ထိုကဲ့သို့သော နှိမ့်ချသည့်အရည်အသွေးကို တင်ပြကြသည်။
၁၅။ ပထမရာစုတွင် ဝိညာဉ်အစာရရှိရန် အဓိကရင်းမြစ်တစ်ခုမှာ အဘယ်နည်း၊ ယင်းကို ဝေမျှရာတွင် မည်သူတို့က ဦးဆောင်ခဲ့သနည်း။
၁၅ ပထမရာစု၌ အခြေခံဝိညာဉ်အစာကို တမန်တော်များနှင့် ဦးဆောင်ရန်တာဝန်ရရှိကြသော အခြားတပည့်များ ရေးသားသည့်စာများမှ တိုက်ရိုက်ဖြန့်ဝေ ရရှိခဲ့သည်။ ထိုစာများ—အထူးသဖြင့် ခရစ်ယာန်ဂရိကျမ်းပိုင်းအဖြစ် စုစည်းခဲ့သည့် မှုတ်သွင်းခံကျမ်းစာ ၂၇ စောင်—ကို အသင်းတော်များအကြားတွင် လက်ဆင့်ကမ်းဖြန့်ဝေပေးခဲ့ရာ ဒေသခံအကြီးအကဲများက သွန်သင်ခြင်းအတွက် အခြေခံအဖြစ် အသုံးပြုခဲ့ကြမည်မှာ သေချာသည်။ ယင်းသို့အားဖြင့် ကျွန်အတန်းအစား ကိုယ်စားလှယ်များသည် စိတ်နှလုံးရိုးဖြောင့်သူ ခရစ်ယာန်များအား အလျှံပယ်ဝိညာဉ်အစာကို တစိုက်မတ်မတ် ဖြန့်ဝေပေးခဲ့သည်။ ပထမရာစုကျွန်အတန်းအစားသည် ရရှိထားသောတာဝန်ကို တည်ကြည်စွာဆောင်ရွက်ခဲ့ကြောင်း သက်သေထူခဲ့ကြသည်။
၁၉ ရာစုကြာပြီးနောက်ပိုင်း “ကျွန်”
၁၆၊ ၁၇။ ယနေ့အချိန်တွင် ကျွန်အတန်းအစားသည် မိမိ၏တာဝန်ကို တည်ကြည်စွာ ဆောင်ရွက်လျက်ရှိကြောင်း မည်သို့သက်သေထူခဲ့ပြီနည်း။
၁၆ ယနေ့အချိန်တွင်ကော မည်သို့နည်း။ ယေရှုရောက်ရှိနေချိန်အစဖြစ်သော ၁၉၁၄ ခုနှစ်တွင် အချိန်တန်အစာကို တည်ကြည်စွာ ဝေမျှပေးနေသော ဝိညာဉ်တော်ဖွားခရစ်ယာန်အုပ်စုတစ်စုကို ကိုယ်တော် တွေ့ရှိခဲ့သလော။ ကိုယ်တော် အမှန်ပင်တွေ့ရှိခဲ့သည်။ ထိုအုပ်စု သီးပွင့်ခဲ့သော အသီးကောင်းများကို ထောက်ရှုခြင်းဖြင့် သူတို့မည်သူဖြစ်ကြောင်း သေချာစွာ ခွဲခြားသိမြင်နိုင်ခဲ့သည်။ (မဿဲ ၇:၂၀) သူတို့သာလျှင် အမှန်ဖြစ်ကြောင်း ထိုအချိန်မှစ၍ သမိုင်းကသက်သေထူလာခဲ့သည်။
၁၇ ယေရှုရောက်ရှိချိန်တွင် အိမ်သူအိမ်သား ၅,၀၀၀ ခန့်သည် ကျမ်းစာအမှန်တရား ဖြန့်ဝေခြင်းတွင် အလုပ်များနေခဲ့ကြသည်။ လုပ်သားနည်းသော်လည်း ကျွန်အတန်းအစားသည် သတင်းကောင်းပျံ့နှံ့စေရန် ပညာသားပါသော နည်းလမ်းများစွာကို အသုံးပြုခဲ့ကြသည်။ (မဿဲ ၉:၃၈) ဥပမာ၊ ကျမ်းစာအကြောင်းအရာ ဟောပြောချက်များကို သတင်းစာ ၂,၀၀၀ နီးပါးတွင် ထည့်သွင်းထုတ်ပြန်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ယင်းနည်းဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော် အမှန်တရားသည် ချက်ချင်းပင် ထောင်သောင်းချီသောစာရှုသူများထံ ရောက်ရှိခဲ့သည်။ ထို့ပြင် ဆေးရောင်စုံ ရုပ်သေနှင့်ရုပ်ရှင်တို့ကို ပေါင်းစပ်ထားသော ရှစ်နာရီကြာပြသသည့် အစီအစဉ်တစ်ခုကိုလည်း ပြင်ဆင်ခဲ့ကြသည်။ ထိုသို့ ပညာသားပါပါပြင်ဆင်မှု၏ ကျေးဇူးကြောင့် ဖန်ဆင်းချိန်မှစ၍ ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအထိ ကျမ်းစာသတင်းစကားသည် တိုက်ကြီးသုံးတိုက်မှ ပရိသတ်ကိုးသန်းကျော်ထံ ရောက်ရှိသွားခဲ့သည်။ ပုံနှိပ်စာပေများသည် အသုံးပြုခဲ့သော နောက်ထပ်နည်းတစ်ခုဖြစ်သည်။ ဥပမာ၊ ၁၉၁၄ ခုနှစ်တွင် ဤဂျာနယ်ကို စောင်ရေ ၅၀,၀၀၀ ထုတ်ဝေခဲ့သည်။
၁၈။ ယေရှုသည် ကျွန်အတန်းအစားကို မိမိ၏ဥစ္စာရှိသမျှအပေါ် အဘယ်အချိန်တွင် ခန့်ထားခဲ့သနည်း၊ ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။
၁၈ အမှန်ပင်၊ သခင်ရောက်ရှိလာသောအခါ ကိုယ်တော်၏တည်ကြည်သောကျွန်သည် သတင်းကောင်းဟောပြောခြင်းအပြင် အိမ်သူအိမ်သားများကို တာဝန်သိသိဖြင့် ကျွေးမွေးနေကြောင်း ကိုယ်တော် တွေ့ရှိခဲ့သည်။ ယခု ထိုကျွန်အတွက် သာ၍ကြီးလေးသောတာဝန်များ စောင့်ဆိုင်းနေသည်။ ယေရှု ဤသို့မိန့်တော်မူခဲ့၏– “ငါအမှန်ဆိုသည်ကား အရှင်သည် ထိုကျွန်ကို မိမိဥစ္စာရှိသမျှအပေါ်၌ အအုပ်အချုပ်ခန့်ထားလိမ့်မည်။” (မဿဲ ၂၄:၄၇၊ သမ္မာ) ကျွန်အတန်းအစားသည် စမ်းသပ်ရာကာလကို လွန်မြောက်ပြီးနောက်ဖြစ်သော ၁၉၁၉ ခုနှစ်တွင် ယင်းသို့ ယေရှု ခန့်ထားခဲ့သည်။ သို့သော် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ သည် သာ၍ကြီးလေးသော တာဝန်များကို အဘယ်ကြောင့် ရရှိခဲ့သနည်း။ အကြောင်းမှာ သခင်၏ဥစ္စာများ တိုးများလာခဲ့သောကြောင့်ဖြစ်သည်။ ယေရှုသည် ၁၉၁၄ ခုနှစ်တွင် ဘုရင့်အရိုက်အရာကို ရရှိခဲ့၍ဖြစ်သည်။
၁၉။ မကြာသေးမီ ဆယ်စုနှစ်များတွင် “လူအုပ်ကြီး” အတွက် ဝိညာဉ်ရေးလိုအပ်ရာများကို မည်သို့ရရှိခဲ့ပုံအကြောင်း ရှင်းပြပါ။
၁၉ ဘုရင့်အရိုက်အရာ ရရှိခါစဖြစ်သော သခင်သည် မိမိ၏တည်ကြည်သောကျွန်အား အပ်နှင်းခဲ့သည့် ဥစ္စာများကား အဘယ်နည်း။ ကိုယ်တော်ပိုင်ဆိုင်တော်မူသော မြေကြီးပေါ်ရှိ ဝိညာဉ်ရေးရာအားလုံးဖြစ်သည်။ ဥပမာ၊ ၁၉၁၄ ခုနှစ်တွင် ခရစ်တော်နန်းထိုင်ပြီး ဆယ်စုနှစ်နှစ်ခုလွန်ပြီးနောက် “အခြားသိုး” အဝင် “လူအုပ်ကြီး” ပေါ်ပေါက်လာခဲ့သည်။ (ဗျာ. ၇:၉၊ ကဘ; ယောဟန် ၁၀:၁၆) သူတို့သည် “ဘုရားသခင်၏ ဣသရေလအမျိုး၊” ဝိညာဉ်တော်ဖွားအဖွဲ့ဝင်များမဟုတ်သော်လည်း ယေဟောဝါကို ချစ်မြတ်နိုးပြီး ဝိညာဉ်တော်ဖွားများကဲ့သို့ပင် ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်လိုကြသည့် မြေကြီးမျှော်လင့်ချက်ရှိသော စိတ်နှလုံးရိုးဖြောင့်သည့် အမျိုးသား၊ အမျိုးသမီးများဖြစ်ကြသည်။ အမှန်မှာ၊ သူတို့သည် ‘တည်ကြည်ပြီး သတိပညာနှင့်ပြည့်စုံသောကျွန်’ ကို ဤသို့ပြောခဲ့ကြ၏– “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည်ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်။” (ဇာခရိ ၈:၂၃) ထိုနှစ်ခြင်းခံခါစလူသစ် ခရစ်ယာန်များသည် ဝိညာဉ်တော်ဖွားအိမ်သူအိမ်သားများကဲ့သို့ ကြွယ်ဝသောဝိညာဉ်အစာကို စားသုံးခဲ့ကြပြီး ထိုအချိန်မှစ၍ အုပ်စုနှစ်စုသည် ထိုဝိညာဉ်ရေးစားပွဲတွင် အတူတကွစားသုံးခဲ့ကြသည်။ “လူအုပ်ကြီး” အဝင်ဖြစ်သူများအတွက် ကောင်းချီးတစ်ရပ်ပင်!
၂၀။ သခင်၏ဥစ္စာ တိုးပွားစေရေးတွင် “လူအုပ်ကြီး” သည် အဘယ်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။
၂၀ “လူအုပ်ကြီး” အဖွဲ့ဝင်များသည် သတင်းကောင်းဟောပြောသူများအဖြစ် ဝိညာဉ်တော်ဖွားကျွန်အတန်းအစားနှင့်အတူ ဝမ်းမြောက်စွာ ပူးပေါင်းခဲ့ကြသည်။ သူတို့ဟောပြောမှုကြောင့် သခင်၏ မြေကြီးဆိုင်ရာဥစ္စာများ တိုးပွားလာခဲ့ရာ ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ တွင် တာဝန်များ ထပ်တိုးလာသည်။ အမှန်တရားကို ဆာလောင်မွတ်သိပ်သူ တိုးများလာသည်နှင့်အမျှ လိုအပ်သောကျမ်းစာစာပေများ ထုတ်ဝေရန် ပုံနှိပ်အဆောက်အအုံများ တိုးချဲ့ဖို့လိုအပ်လာခဲ့သည်။ ယေဟောဝါသက်သေများ၏ဌာနခွဲများကို တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆက်၍ဖွင့်လှစ်ခဲ့ကြသည်။ ခရစ်ယာန်သာသနာပြုများကို “မြေကြီးစွန်းတိုင်အောင်” စေလွှတ်ခဲ့ကြသည်။ (တမန်တော် ၁:၈) ၁၉၁၄ ခုနှစ်တွင် ဝိညာဉ်တော်ဖွား ငါးထောင်နီးပါးသာရှိရာမှ ယနေ့အချိန်တွင် ဘုရားသခင်ကို ချီးမွမ်းထောမနာပြုသူ ခြောက်သန်းကျော်အထိ တိုးများလာခဲ့ပြီး ယင်းတို့ထဲမှအများစုသည် “လူအုပ်ကြီး” အဝင်များဖြစ်သည်။ အမှန်ပင်၊ ဘုရင်၏ဥစ္စာများသည် ၁၉၁၄၊ နန်းတက်ချိန်မှစ၍ အဆပေါင်းများစွာ တိုးပွားခဲ့ပြီ!
၂၁။ နောက်ဆောင်းပါးတွင် အဘယ်ပုံဥပမာနှစ်ခုကို သုံးသပ်ကြမည်နည်း။
၂၁ ယင်းတို့အားလုံးက ကျွန်သည် ‘တည်ကြည်ပြီး သတိပညာရှိ’ ကြောင်း ပြသခဲ့လေပြီ။ ယေရှုသည် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ အကြောင်းပြောပြီးသည်နှင့် ထိုအရည်အချင်းနှစ်ခုကို အလေးအနက်ပေါ်လွင်စေသော ဤဥပမာနှစ်ခုကို ပေးခဲ့သည်– ပညာရှိသောသတို့သမီးနှင့် မိုက်သောသတို့သမီးပုံဥပမာ၊ ငွေခွက်များပုံဥပမာတို့ဖြစ်သည်။ (မဿဲ ၂၅:၁-၃၀) ကျွန်ုပ်တို့ စိတ်ဝင်စားကြသည်! ယင်းပုံဥပမာများသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ကြမည်။
သင်မည်သို့ထင်သနည်း
• ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ကို မည်သူတို့ဖြင့် ဖွဲ့စည်းထားသနည်း။
• “အိမ်သူအိမ်သား” တို့ကား မည်သူတို့နည်း။
• တည်ကြည်သောကျွန်သည် သခင်၏ဥစ္စာရှိသမျှအပေါ် အဘယ်အချိန်တွင် ခန့်အပ်ခံခဲ့ရသနည်း၊ အဘယ်ကြောင့် ထိုအချိန်တွင် ခန့်အပ်ခဲ့သနည်း။
• မကြာသေးမီဆယ်စုနှစ်များက သခင်၏ဥစ္စာများကို တိုးပွားလာစေရန် မည်သူတို့က အကူအညီပေးခဲ့ကြသနည်း၊ မည်သို့အားဖြင့်နည်း။
[လေ့လာရန်မေးခွန်းများ]
[အောက်ခြေမှတ်ချက်]
ပထမရာစုကျွန်အတန်းအစားသည် မိမိ၏တာဝန်ကို တည်ကြည်စွာလုပ်ဆောင်ခဲ့ကြောင်း သက်သေထူခဲ့