ဝေဒနာခံစားရသူများအတွက်နှစ်သိမ့်မှု
ဝေဒနာခံစားရသူများအတွက်နှစ်သိမ့်မှု
အတိတ်မှ တည်ကြည်သောအမျိုးသား၊ အမျိုးသမီးများသည် ဘေးရောက်ချိန်တွင် လမ်းညွှန်မှုအတွက် ဘုရားသခင်ထံ စိတ်အားထက်သန်စွာ ဆုတောင်းခဲ့ကြသည်။ သို့တိုင် သူတို့သည် ထိုဘေးမှလွတ်စေဖို့ ပြုလုပ်နိုင်ရာများကို ကိုယ်တိုင်အစပြု လုပ်ဆောင်ခဲ့ကြသည်၊ ဖိနှိပ်သူများလက်မှ လွတ်မြောက်ရန် ထိုးထွင်းဉာဏ်ကိုအသုံးပြုခြင်းကဲ့သို့သော လုပ်ဆောင်မှုများဖြစ်သည်။ သာဓကအနေနှင့် ယေဟောဝါကိုမှီခိုအားထားပြီး ကိုယ်တိုင်လုံ့လစိုက်ထုတ်ခြင်းတို့ဖြင့် ဒါဝိဒ်သည် သူခံရသည့်ဘေးဆိုးများကို ခံရပ်နိုင်ခဲ့သည်။ ယနေ့ ကျွန်ုပ်တို့ကော အသို့နည်း။
သင်သည် ဘေးနှင့်တွေ့သောအခါ ကိုယ်ကအစပြုပြီး ပြဿနာများကိုဖြေရှင်းပေမည်။ ဥပမာအနေနှင့် သင်သည် အလုပ်လက်မဲ့ဖြစ်သွားလျှင် သင်နှင့် သင့်မိသားစုကိုထောက်ပံ့နိုင်မည့် သင့်လျော်သောအလုပ်တစ်ခုကို ကြိုးစားရှာဖွေမည်မဟုတ်ပေလော။ (၁ တိမောသေ ၅:၈) သို့မဟုတ် သင်သည် ရောဂါတစ်ခုခံစားနေရလျှင် ဆေးကုသမှုကောင်းကောင်း ခံယူမည်မဟုတ်ပေလော။ ဖျားနာမှုအမျိုးမျိုးကို ကုသရန် ဘုရားသခင်ထံမှ တန်ခိုးရရှိခဲ့သူ ယေရှုပင်လျှင် ‘နာသောသူတို့သည် ဆေးသမားကိုလိုအပ်’ ကြောင်း အသိအမှတ်ပြုခဲ့သည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ (မဿဲ ၉:၁၂) သို့သော် သင်တွေ့ကြုံနေရသည့်ဘေးဆိုးများကို အမြဲဖယ်ရှားပစ်နိုင်ချင်မှ ဖယ်ရှားပစ်နိုင်ပေမည်; ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ ဆက်၍ခံရပ်သွားရနိုင်သည်။
သင်၏ပြဿနာကို ယေဟောဝါထံ ဆုတောင်းပြီး တင်ပြကြည့်ပါ။ ဥပမာအနေနှင့် အလုပ်ရှာဖွေသောအခါ ဆုတောင်း၍ ဘုရားသခင်ကိုမှီခိုအားထားခြင်းက ကျမ်းစာမူများနှင့် ဆန့်ကျင်သောအလုပ်ကို လက်မခံမိစေရန် ကျွန်ုပ်တို့ကို ကူညီပေးလိမ့်မည်။ အလိုကြီးခြင်း သို့မဟုတ် ငွေကိုတပ်မက်ခြင်းကြောင့် “ယုံကြည်ခြင်းတရားလမ်းမှလွဲသွား” သည့်အဖြစ်ကိုလည်း ကျွန်ုပ်တို့ရှောင်ရှားရမည်။ (၁ တိမောသေ ၆:၁၀) အမှန်သော် အလုပ်အကိုင်နှင့်ပတ်သက်၍ဖြစ်စေ၊ မိသားစု သို့မဟုတ် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ဖြစ်စေ အရေးကြီးသည့်ဆုံးဖြတ်ချက်များချသောအခါ ဒါဝိဒ်၏ ဤတိုက်တွန်းချက်ကို ကျွန်ုပ်တို့လိုက်နာနိုင်ပါသည်– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား[သခင်]၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။”—ဆာလံ ၅၅:၂၂။
နှလုံးပါပါဆုတောင်းခြင်းကလည်း စိတ်တည်ငြိမ်မှုရှိစေရန် ကူညီပေးသဖြင့် ကျွန်ုပ်တို့ခံစားနေရသည့် ဘေးကြောင့် သောကပိမနေတော့ချေ။ ခရစ်ယာန်စစ်တစ်ဦးဖြစ်သော တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ... သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။” စိတ်ရင်းမှန်နှင့်တောင်းသော ကျွန်ုပ်တို့၏ဆုတောင်းချက်က အဘယ်နည်းဖြင့် နှစ်သိမ့်ပေးနိုင်သနည်း။ “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး [နှင့် စိတ်စွမ်းအား] တို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်၏ငြိမ်သက်ခြင်းကို “အဘယ်သူမျှကြံ၍မမီနိုင်” ချေ။ ထို့ကြောင့် ပူပင်သောကများဖြင့် ကျွန်ုပ်တို့ဝန်ပိနေချိန်များတွင် ယင်းက ကျွန်ုပ်တို့ကို တည်ငြိမ်စေနိုင်သည်။ ယင်းသည် ‘ကျွန်ုပ်တို့၏နှလုံးနှင့် စိတ်စွမ်းအားတို့ကို စောင့်မ’ လိမ့်မည်ဖြစ်ရာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စေနိုင်သည့် စိတ်လိုက်မာန်ပါ ပညာမဲ့စွာလုပ်ဆောင်ခြင်းကို ရှောင်ရှားရန် ကူညီပေးသည်။
ဆုတောင်းခြင်းက လက်ရှိအခြေအနေကိုပင် ထူးခြားသွားစေနိုင်ပါသည်။ တမန်တော်ပေါလုသည် ရောမ၌ အကျဉ်းကျနေစဉ် မိမိအတွက်ဆုတောင်းပေးကြရန် ခရစ်ယာန်ချင်းတို့အား နှိမ့်ချစွာ သူတိုက်တွန်းခဲ့သည်။ အဘယ်ကြောင့် ပေါလု ဤသို့တောင်းဆိုခဲ့သနည်း။ သူက “ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှာ၊ ငါတို့အဖို့ဆုတောင်းမည်အကြောင်း ငါသည် သာ၍နှိုးဆော်တောင်းပန်၏”ဟု သူတို့ထံရေးသားခဲ့သည်။ (ဟေဗြဲ ၁၃:၁၉) တစ်နည်းအားဖြင့် ယုံကြည်သူချင်းတို့၏ စွဲမြဲသောဆုတောင်းချက်များကို ယေဟောဝါနားညောင်းခြင်းက အဘယ်အချိန်တွင် မိမိလွတ်လိမ့်မည်နှင့်ပတ်သက်၍ ထူးခြားမှုရှိစေနိုင်ကြောင်း ပေါလုသိထားသည်။—ဖိလေမုန် ၂၂။
ဆုတောင်းခြင်းက ကျွန်ုပ်တို့ခံစားရသည့် ဘေး၏အကျိုးဆက်ကို ပြောင်းလဲပေးပါမည်လော။ ပြောင်းလဲပေးတန်ကောင်းသည်။ သို့သော် ယေဟောဝါသည် ဆုတောင်းချက်များကို ကျွန်ုပ်တို့မျှော်လင့်သည့်နည်းဖြင့် အမြဲဖြေကြားပေးချင်မှပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိထားသင့်သည်။ ပေါလုသည် ကာယရေးပြဿနာဖြစ်နိုင်ဖွယ်ရှိသော“ကိုယ်၌စူးသောဆူး” နှင့်ပတ်သက်၍ ကြိမ်ဖန်များစွာ ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင်သည် သူခံနေရသည့်ဘေးကို ဖယ်ရှားပေးမည့်အစား “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟု ပေါလုကိုမိန့်ဆိုခဲ့သည်။—၂ ကောရိန္သု ၁၂:၇-၉။
သို့ဖြစ်၍ ကျွန်ုပ်တို့ခံရသည့်ဘေးများသည် ချက်ချင်းပျောက်လွင့်သွားချင်မှ ပျောက်လွင့်သွားမည်။ သို့သော် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို မှီခိုအားထားကြောင်း သက်သေထူခွင့် ရရှိပေမည်။ (ယာကုပ် ၁:၂-၄) ကျွန်ုပ်တို့ခံရသည့်ဘေးများကို ယေဟောဝါ ဖယ်ရှားမပေးသည့်တိုင် “[ကျွန်ုပ်တို့] သည် ခံနိုင်မည်အကြောင်း ... ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်” ပေးနိုင်သည်ကို စိတ်ချပါလေ။ (၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါကို “နှစ်သိမ့်ခြင်းရှိသမျှ၏အရှင်တည်းဟူသော ... ဆင်းရဲဒုက္ခအမျိုးမျိုး၌ ... ငါတို့အားနှစ်သိမ့်” ပေးသူဟု ခေါ်ဆိုထားခြင်းက မှတ်သားဖွယ်ဖြစ်၏။ (၂ ကောရိန္သု ၁:၃၊ ၄၊ သမ္မာ) ကိုယ်တော်သည် ကျွန်ုပ်တို့ခံရပ်နိုင်ရန် လိုအပ်ရာကို ပေးနိုင်ပြီး ထာဝရအသက်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ရရှိထားကြသည်။
ယေဟောဝါသည် “မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဟု ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက ကတိပြုပါသည်။ (ဗျာ. ၂၁:၃၊ ၄) ဘေးဘယမရှိတော့သည့်ကမ္ဘာဟူသည် ယုံရခက်ကြီးဖြစ်မနေပေလော။ ကျွန်ုပ်တို့သည် သောကဝေဒနာနှင့် အသက်ရှင်ရသည်မှာ ကျင့်သားရနေပြီဖြစ်ပါက ယင်းသည် မယုံနိုင်စရာဖြစ်ပေမည်။ သို့သော် ကြောက်ရွံ့မှုနှင့် ဘေးဆိုးတို့မှ လွတ်မြောက်ခြင်းဟူသည် ဘုရားသခင်ကတိထားရာဖြစ်ပြီး ကိုယ်တော်၏ရည်ရွယ်တော်မူချက်သည် မလွဲဧကန်ပြည့်စုံပါလိမ့်မည်။—ဟေရှာယ ၅၅:၁၀၊ ၁၁။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
စိတ်ပျက်အားလျော့ခြင်းမှ စိတ်သက်သာခြင်းသို့