ယေဟောဝါသက်သေများ သင့်ထံ အဘယ်ကြောင့် မကြာခဏ လာရသနည်း
ယေဟောဝါသက်သေများ သင့်ထံ အဘယ်ကြောင့် မကြာခဏ လာရသနည်း
ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများသည်တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ဇွဲရှိရှိပါဝင်ခြင်းအတွက်လူသိများပါသည်။ သက်သေခံများ မကြာခဏလာရသည့်အကြောင်းရင်းကို သိလိုသူအချို့ရှိ၏၊ အထူးသဖြင့် သက်သေခံများ၏သတင်းတရားကို ယခင်က စိတ်ဝင်စားမှုသိပ်မပြခဲ့လျက်နှင့် ပြန်လာလျှင်ဖြစ်သည်။ သူတို့လာရသည့်အကြောင်းရင်းကို ရုရှားနိုင်ငံမှ စာနှစ်စောင်က အဖြေပေးပါသည်။
ခါဘာရော့စ်မြို့မှ မာရှာဟူသော ၁၉ နှစ်အရွယ်မိန်းကလေးက “ရိုးရိုးသားသားပြောရရင် အရင်တုန်းက ယေဟောဝါသက်သေတွေကို ရောဂါတစ်ခုလို ကျွန်မဝေးဝေးရှောင်ခဲ့တယ်” ဟုဝန်ခံသည်။ သို့သော် သက်သေခံများထုတ်ဝေသော မဂ္ဂဇင်းအချို့ကိုဖတ်ရှုပြီးနောက် သူသဘောထားပြောင်းသွားသည်။ မာရှာက “ကျွန်မဖတ်ရတာတွေအားလုံး တော်တော့်ကို စိတ်ဝင်စားစရာကောင်းပြီး အသိလည်းကြွယ်စေပါတယ်၊ အရေးအကြီးဆုံးကတော့ လောကကြီးကို အမြင်တစ်မျိုးနဲ့ကြည့်မြင်စေတယ်။ လူတွေကို ဘာကြောင့် အသက်ရှင်ခွင့်ပေးထားသလဲဆိုတာကို ကျွန်မတဖြည်းဖြည်းနားလည်လာတယ်။”
ဗလာဒီဗော့စ်တော့မြို့၏မြောက်ပိုင်း မိုင် ၅၀ အကွာရှိ ယူဇူရစ်ခ်မြို့မှ ဇဗက်လာနာက ဤသို့ရေးသားခဲ့သည်– “ကင်းမျှော်စင်နဲ့ နိုးလော့! ကို မကြာသေးခင်က ကျွန်မစဖတ်ခဲ့တယ်။ ခုခေတ်ခုအခါကြီးမှာ ဒီလိုမဂ္ဂဇင်းတွေကို ကျွန်မတို့ အရမ်းလိုအပ်နေပြီ။ ဆောင်းပါးအားလုံး ဖတ်လို့သိပ်ကောင်းတာပဲ။ တကယ်စိတ်ဝင်စားစရာဖြစ်ပြီး ဗဟုသုတတိုးစေ၊ အသိလည်းကြွယ်စေပါတယ်။ ကျေးဇူးတင်ပါတယ်! ဒီလောကမှာနေပြီး ဒီလိုကြင်နာတဲ့ မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းကို လုပ်ဆောင်နေတဲ့အတွက် သင်တို့ကို ကျေးဇူးတင်လို့မဆုံးပါဘူး။”
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် “ဟောပြောသောသူမရှိလျှင် အဘယ်သို့ [လူတို့] ကြားနိုင်မည်နည်း” ဟူသော တမန်တော်ပေါလု၏ စဉ်းစားတွေးတောစေသည့်မေးခွန်းကို အလေးထားကြသည်။ (ရောမ ၁၀:၁၄) သက်သေခံများ သင့်ထံသို့ နောက်တစ်ကြိမ်လာသောအခါ မိနစ်အနည်းငယ် အချိန်ပေးနားထောင်ကြည့်ပါလေ။ ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာပါ နှစ်သိမ့်မှုပေးသောသတင်းတရားကို အသင်လည်း နှစ်ခြိုက်သွားပေမည်။