‘ဘုရားသခင်သည် လူ့လက်ဖြစ်များတွင် ကျိန်းဝပ်သည်မဟုတ်’
‘ဘုရားသခင်သည် လူ့လက်ဖြစ်များတွင် ကျိန်းဝပ်သည်မဟုတ်’
တမန်တော်ပေါလုသည် အသီနာကျောင်းကန်များစွာကို အမှန်ပင်တွေ့ဖူးပေမည်၊ အကြောင်းမှာ သူ၏ခရစ်ယာန်သာသနာပြုခရီးစဉ်များအတွင်း သူရောက်ရှိခဲ့သည့် မြို့အများ၌ အဆိုပါကျောင်းကန်များကို တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းအရ အသီနာသည် စစ်မှုနှင့် ဉာဏ်ပညာနတ်ဘုရားမဟူ၍သာမက “စစ်မဲ့ကာလတွင် လက်မှုပညာနှင့် အထွေထွေအတတ်ပညာ” တို့၏နတ်ဘုရားမအဖြစ် ကျော်ကြားခဲ့သည်။
အကျော်ကြားဆုံး အသီနာကျောင်းကန်မှာ ထိုနတ်ဘုရားမအမည်ဖြင့်တည်ထားသည့် အေသင်မြို့ရှိ ပါသေနွန်ကျောင်းကန်ဖြစ်၏။ ရှေးခေတ်က အကျော်ကြားဆုံးကျောင်းကန်များတွင် တစ်ခုပါဝင်သည်ဟု ယူဆရသော ပါသေနွန်ကျောင်းကန်တွင် ပေ ၄၀ မြင့်ပြီး ရွှေစင်နှင့်ဆင်စွယ်တို့ဖြင့် ထုလုပ်ထားသော အသီနာရုပ်ရှိသည်။ အေသင်မြို့သို့ ပေါလုလည်ပတ်ရောက်ရှိသောအချိန်၌ အဆိုပါစကျင်ကျောက်ဖြူကျောင်းကန်သည် ဤမြို့တွင် အနှစ် ၅၀၀ ခန့် ကျော်ကြားခဲ့ပြီဖြစ်၏။
ပေါလုသည် ဤပါသေနွန်ကျောင်းကန်ကို တွေ့မြင်ရသောနေရာတစ်နေရာမှ လူ့လက်ဖြစ် ကျောင်းကန်များတွင် ကျိန်းဝပ်တော်မမူသော ဘုရားသခင်အကြောင်း အေသင်မြို့သားများအား ဟောပြောခဲ့သည်။ (တမန်တော် ၁၇:၂၃၊ ၂၄) အသီနာကျောင်းကန်များ၏ခမ်းနားမှု၊ ထိုနတ်ဘုရားရုပ်များ၏ထည်ဝါမှုတို့သည် ပေါလု၏တရားကို နာသူအချို့အတွက် သူတို့မသိမရှိမမြင်ရသော ဘုရားသခင်ထက် ပို၍စွဲမက်စရာဖြစ်ပုံရ၏။ သို့သော် ပေါလုညွှန်ပြခဲ့သည့်အတိုင်း လူကိုဖန်ဆင်းသည့်အရှင်အား ‘လူတို့ထုလုပ်ရာနှင့် တူတော်မူသည်’ ဟုမထင်မမှတ်သင့်ချေ။—တမန်တော် ၁၇:၂၉။
ကျောင်းကန်များနှင့် ကျောက်ရုပ်များကြောင့် ကျော်ကြားထင်ရှားလာသည့် နတ်ဘုရားများနှင့် အသီနာကဲ့သို့သော နတ်ဘုရားမများ ဖြစ်ပေါ်ထင်ရှားလာ၍ ယခု ကွယ်ပျောက်သွားလေပြီ။ အသီနာနတ်ဘုရားကျောက်ရုပ်သည် စီ.အီး. ငါးရာစုတွင် ပါသေနွန်ကျောင်းကန်မှ ပျောက်ကွယ်သွားပြီး ထိုနတ်ဘုရားမကျောင်းကန်အချို့၏ အကျန်အကြွင်းများသာ ကျန်ရှိလေတော့သည်။ ယနေ့ မည်သူသည် အသီနာနတ်ဘုရားမထံ၌ ဉာဏ်ပညာနှင့် လမ်းညွှန်မှု ရှာယူကြသနည်း။
အဘယ်သူမျှ မမြင်ဖူးသော “ထာဝရဘုရားသခင်” ယေဟောဝါနှင့် အလွန်ကွဲပြားခြားနားလိုက်လေခြင်း။ (ရောမ ၁၆:၂၆၊ သမ; ၁ ယောဟန် ၄:၁၂) ကောရသားများက ‘ထိုဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့ကို ပို့ဆောင်တော်မူလတ္တံ့သတည်း’ ဟုရေးသားခဲ့သည်။ (ဆာလံ ၄၈:၁၄) ယေဟောဝါဘုရားသခင်၏လမ်းညွှန်မှု၌ မွေ့လျော်နိုင်သည့် နည်းတစ်နည်းမှာ ကိုယ်တော်၏နှုတ်ထွက်စကားတော်၊ သမ္မာကျမ်းစာကို လေ့လာပြီး ယင်း၏အကြံပြုချက်များကို လက်တွေ့ကျင့်သုံးခြင်းဖြင့်ဖြစ်သည်။