အသွင်ပြောင်းခဲ့ပြီဖြစ်သောစစ်
အသွင်ပြောင်းခဲ့ပြီဖြစ်သောစစ်
စစ်သည် အစဉ်သဖြင့် ရက်စက်ကြမ်းကြုတ်ခဲ့ပြီ။ အမြဲတစေ ဆုံးရှုံးပျက်ပြားစေပြီး အရပ်သားများကို ဆင်းရဲဝေဒနာခံစားစေခဲ့ပြီ။ သို့သော် မကြာသေးမီနှစ်များအတွင်း စစ်၏အသွင်သဏ္ဌာန် ပြောင်းလဲသွားခဲ့ပြီ။ အဘယ်နည်းဖြင့်နည်း။
ယခုခေတ် စစ်ပွဲများသည် အများအားဖြင့် ပြည်တွင်းစစ်များဖြစ်သည်၊ တစ်နိုင်ငံတည်းရှိ နိုင်ငံသား အချင်းချင်းတိုက်ခိုက်သည့် စစ်များဖြစ်၏။ ပြည်တွင်းစစ်များသည် ပိုကြာရှည်လေ့ရှိသည်၊ တိုင်းသူပြည်သားများကို သောကပိုရောက်စေပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံဆင်နွှဲသည့် စစ်ပွဲများထက် တိုင်းနိုင်ငံများကို ပို၍ပြုတ်ပြုတ်ပြုန်း ပျက်စီးစေသည်။ “ပြည်တွင်းစစ်များတွင် လူထောင်ပေါင်းများစွာသေဆုံးမှု၊ လိင်ဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုများဖြစ်ပြီး အတင်းအကျပ်ပြည်နှင်ဒဏ်ပေးရုံမက အဆိုးဝါးဆုံးကား အမျိုးဖြုတ်သတ်ဖြတ်မှုများ ဖြစ်ပွားစေ၏၊ ယင်းတို့သည် ရက်စက်ကြမ်းကြုတ်၍ သွေးချောင်းစီးစေသော စစ်ဆင်ရေးများဖြစ်သည်” ဟုစပိန်လူမျိုးသမိုင်းပညာရှင် ဂျူလီယန် ခါစာနိုဗာက မှတ်ချက်ချသည်။ အိမ်နီးချင်းအချင်းချင်း ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သည့်အခါ ရလာသောစိတ်ဒဏ်ရာများကို ကုစားရန် နှစ်ပေါင်းရာချီ ကြာနိုင်သည်။
စစ်အေးကာလ ပြီးဆုံးပြီးကတည်းက နိုင်ငံအချင်းချင်းတိုက်ခိုက်သည့်စစ်ပွဲများ မရှိသလောက်ပင်။ “၁၉၉၀-၂၀၀၀ ပြည့်နှစ်အတွင်းဖြစ်ပွားခဲ့၍ မှတ်တမ်းတင်ထားသော လက်နက်ကိုင်တိုက်ပွဲကြီး သုံးခုမှလွဲ၍ ကျန်အားလုံးမှာ ပြည်တွင်းစစ်များဖြစ်သည်” ဟုစတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနဌာန (အက်စ်အိုင်ပီအာရ်အိုင်) ကဖော်ပြသည်။
မှန်ပါသည်၊ ပြည်တွင်းပဋိပက္ခများသည် အန္တရာယ်သိပ်ရှိဟန်မတူ၊ နိုင်ငံတကာသတင်းတွင် များသောအားဖြင့် မပါဘဲနေမည်၊ သို့သော် ထိုစစ်မက်များကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုဝေဒနာများနှင့် ထိခိုက်ပျက်စီးမှုများမှာ အတူတူပင်ဖြစ်သည်။ ပြည်တွင်းပဋိပက္ခများတွင် သေကျေပျက်စီးသူ သန်းပေါင်းများစွာရှိ၏။ အမှန်မှာ လွန်ခဲ့သောအနှစ်နှစ်ဆယ်အတွင်း စစ်ဒဏ်ခံနေရသောနိုင်ငံဖြစ်သည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ဆူဒန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံ သုံးနိုင်ငံတည်းတွင်အသက်ဆုံးရှုံးခဲ့သူ ငါးသန်းနီးပါးရှိသည်။ ဘော်လ်ကန်နိုင်ငံများတွင် ကြောက်မက်ဖွယ်ကောင်းသောလူမျိုးစုတိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၅၀,၀၀၀ နီးပါးအသက်စတေးခဲ့ရပြီး ကိုလံဘီယာနိုင်ငံတွင် အတန်ကြာဖြစ်ပွားခဲ့သော ပြောက်ကျားစစ်ဆင်မှုကြောင့် လူ ၁၀၀,၀၀၀ သေဆုံးခဲ့ရပြီ။
ပြည်တွင်းစစ်၏ ရက်စက်ကြမ်းကြုတ်မှုကို ကလေးငယ်များအပေါ် အကျိုးသက်ရောက်မှုက သိသာထင်ရှားစေသည်။ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ပြည်တွင်းပဋိပက္ခများကြောင့် ကလေး နှစ်သန်းကျော် အသက်ဆုံးရှုံးခဲ့ကြောင်း ယူအဲန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အဆိုအရ သိရှိရသည်။ အခြားကလေးခြောက်သန်းတို့မူ ထိခိုက်ဒဏ်ရာရခဲ့သည်။ စစ်သည်များဖြစ်လာသော ကလေးအရေအတွက်လည်း တိုးများလာပြီ။ ကလေးစစ်သည်တစ်ဦးက ဤသို့ပြောသည်– “ကျွန်တော့်ကို သူတို့လေ့ကျင့်ပေးကြတယ်။ ပြီးတော့ သေနတ်တစ်လက်ပေးတယ်။ ကျွန်တော် မူးယစ်ဆေးသုံးတယ်။ အရပ်သားတွေကို ပစ်သတ်ခဲ့တယ်။ အများကြီးပဲ။ ဒါက စစ်ပွဲလေ ...။ အမိန့်ကို နာခံတာပဲ။ မကောင်းဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်လုပ်ချင်လို့မဟုတ်ဘူး။’
ပြည်တွင်းစစ် ဖြစ်နေကျနိုင်ငံများရှိ ကလေးများစွာသည် ငြိမ်သက်အေးချမ်းမှုကို မကြုံတွေ့ဖူးဘဲ ကြီးပြင်းလာနေကြရသည်။ ကျောင်းများဖျက်ဆီးခံရပြီး သေနတ်ဖြင့် အပြန်အလှန်ဆက်သွယ်သောနေရာများတွင် သူတို့နေထိုင်ကြရသည်။ ၁၄ နှစ်သမီး ဒွန်ဂျေက ဤသို့ပြောပြသည်– “လူတွေအများကြီး အသတ်ခံခဲ့ရပြီ။ ... ငှက်ကလေးတွေရဲ့တွန်ကျူးသံကို မကြားရတော့ဘဲ အမေ၊ အဖေ၊ မွေးချင်းမောင်နှမတွေ ပျောက်ဆုံးလို့ ကလေးငိုသံတွေပဲ ကြားနေကြရတော့တယ်။”
အကြောင်းရင်းများကား အဘယ်နည်း
ဤမျှရက်စက်သော ပြည်တွင်းစစ်များကို အဘယ်အရာက မီးထိုးယပ်ခတ်ပေးသနည်း။ လူမျိုးစုနှင့် မျိုးနွယ်စုမုန်းတီးမှု၊ ဘာသာရေးကွဲပြားမှုများ၊ မတရားမှုနှင့် နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတို့ဖြစ်သည်။ အကြောင်းရင်းနောက်တစ်ခုမှာ ဩဇာအာဏာနှင့် ငွေကို လိုချင်မက်မောခြင်းဖြစ်သည်။ လောဘဇောတိုက်မှုကြောင့် ... စစ်ကိုမီးထိုးယပ်ခတ်ပေးသော မုန်းတီးစိတ်ကို တိုးပွားစေကြသည်။ လက်နက်ကိုင်တိုက်ခိုက်ကြသူအများမှာ “ကိုယ်ကျိုးအတွက်တိုက်” ကြသည်ဟု အက်စ်အိုင်ပီအာရ်အိုင်မှ သတင်းတစ်ပုဒ်က ဖော်ပြသည်။ မှတ်တမ်းများက ဤသို့ဖြည့်စွက်ဖော်ပြသည်– “လောဘကြီးခြင်းကို နည်းအမျိုးမျိုးဖြင့် တွေ့ရသည်၊ ... စိန်ကုန်ကူးမှုကြီးမှသည် သေနတ်ကိုင်လူငယ်များ ရွာထဲဝင်၍ တိုက်ခိုက်လုယူခြင်းအထိဖြစ်၏။”
ဈေးမကြီးသော်လည်း သေစေနိုင်သောလက်နက်များကို လွယ်လွယ်ရခြင်းကလည်း သိမ်းရုံးသတ်ဖြတ်မှုကို တိုးများစေသည်။ လက်နက်ငယ်ဟုခေါ်ကြသော သေနတ်များကြောင့် တစ်နှစ်လျှင် ၅၀၀,၀၀၀ ခန့်သေဆုံးပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်သည်။ အာဖရိကနိုင်ငံတစ်နိုင်ငံတွင် အေကေ-၄၇ ရိုင်ဖယ်တစ်လက်ကို ကြက်တစ်ကောင်အဖိုးဖြင့် ဝယ်ယူနိုင်သည်။ အချို့နေရာများတွင် အိမ်မွေးကြက်ငှက်တမျှ ရိုင်ဖယ်သေနတ်များ များပြားလာခြင်းသည် ဝမ်းနည်းစရာပင်။ ယခုအခါ ကမ္ဘာတစ်ဝန်းတွင် လက်နက်ငယ်များ သန်းပေါင်း ၅၀၀ ရှိသည်ဟုခန့်မှန်းရပြီး အသက်ရှင်သူ ၁၂ ဦးလျှင် တစ်လက်နှုန်းဖြစ်သည်။
ရန်လိုသောပြည်တွင်းပဋိပက္ခများသည် ၂၁ ရာစု၏ ဝိသေသလက္ခဏာဖြစ်လာမည်လော။ ပြည်တွင်းစစ်များကို ထိန်းချုပ်ထားနိုင်သလော။ နောက်ဆုံးတွင် လူတို့သည် သတ်ဖြတ်ခြင်းကို ရပ်စဲပါမည်လော။ နောက်ဆောင်းပါးက ဤမေးခွန်းများကို ဖြေရှင်းပေးလိမ့်မည်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
ပြည်တွင်းစစ်များ၏ ဝမ်းနည်းဖွယ်အခ
နည်းပညာအဆင့်နိမ့်သော်လည်း ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်များတွင်သေကျေပျက်စီးထိခိုက်ဒဏ်ရာရသူ ၉၀ ရာခိုင်နှုန်းမှာ ပါဝင်တိုက်ခိုက်သူများဖြစ်မည့်အစား အရပ်သားများဖြစ်ကြသည်။ “ကလေးသူငယ်များသည် မတော်တဆ သေကျေပျက်စီး ထိခိုက်ဒဏ်ရာရသူများမဟုတ်ဘဲ လက်နက်ကိုင်တိုက်ခိုက်မှုများ၏ ပစ်မှတ်များဖြစ်ကြောင်း ပိုမိုထင်ရှားလာလေပြီ” ဟု ယူအဲန်အထွေထွေအတွင်းရေးမှူး၏ ကလေးများအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုများ အကျိုးသက်ရောက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဂရေစီယာ မီရှယ်လ်ကဖော်ပြသည်။
မုဒိမ်းကျင့်ခြင်းသည် တမင်ရည်ရွယ်၍ပြုသော စစ်နည်းဗျူဟာတစ်ခုဖြစ်လာခဲ့ပြီ။ စစ်ဒဏ်ခံနေရသောဒေသအချို့တွင် သောင်းကျန်းသူများသည် သူတို့ဝင်ရောက်စီးနင်းသော ကျေးရွာများရှိ မြီးကောင်ပေါက်မိန်းကလေး အားလုံးနီးပါးကို မုဒိမ်းကျင့်လေ့ရှိသည်။ ထိုမုဒိမ်းကျင့်မှု၏ရည်ရွယ်ချက်မှာ လူမျိုးစုရန်သူများ အထိတ်တလန့်ဖြစ်စေဖို့နှင့် မိသားစုနှောင်ကြိုးများကို ဖျက်ဆီးပစ်ဖို့ဖြစ်သည်။
စစ်ဖြစ်ပြီးနောက် အစာငတ်မွတ်ခြင်းနှင့် အနာရောဂါတို့ ထက်ကြပ်မကွာလိုက်လာတတ်၏။ ပြည်တွင်းစစ်တစ်ခုဖြစ်လျှင် ကောက်ပဲသီးနှံ စိုက်ပျိုးရိတ်သိမ်းမှု မရှိသလောက်ဖြစ်မည်၊ ဆေးဘက်ဆိုင်ရာဌာနများရှိလျှင်လည်း လည်ပတ်မှုအနည်းငယ်သာရှိပြီး လိုအပ်နေသူများသည် နိုင်ငံတကာအထောက်အပံ့ကို အနည်းငယ်သာ ရရှိကြလိမ့်မည်။ အာဖရိကပြည်တွင်းစစ်တစ်ခုတွင် ထိခိုက်ဒဏ်ရာရသူ ၂၀ ရာခိုင်နှုန်းမှာ အနာရောဂါကြောင့်၊ ၇၈ ရာခိုင်နှုန်းမှာ ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ စစ်တိုက်၍သေဆုံးသူ ၂ ရာခိုင်နှုန်းသာရှိ၏။
ပျမ်းမျှအားဖြင့် ၂၂ မိနစ်တိုင်းတွင် လူတစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိသောကြောင့် ခြေလက်အင်္ဂါတစ်ခု၊ သို့မဟုတ် အသက် ဆုံးရှုံးနေရသည်။ နိုင်ငံပေါင်း ၆၀ ကျော်တွင် မြေမြှုပ်မိုင်းသန်းပေါင်း ၆၀ မှ ၇၀ ကို ဖြန့်ကြဲထားသည်ဟု ခန့်မှန်းရသည်။
မိမိတို့နေအိမ်များမှ မဖြစ်မနေ ထွက်ပြေးခဲ့ကြရသူများလည်းရှိသည်။ ကမ္ဘာတစ်ဝန်းတွင် ယခု ဒုက္ခသည်နှင့် စစ်ပြေးများ သန်း ၅၀ ရှိ၍ ထက်ဝက်မှာ ကလေးသူငယ်များဖြစ်နေကြသည်။
[Picture Credit Line on page 2]
COVER: Boy: Photo by Chris Hondros/Getty Images
[Picture Credit Line on page 3]
Photo by Chris Hondros/Getty Images