ကမ္ဘာမြေပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်
ကမ္ဘာမြေပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်
သန်းနှင့်ချီသူတို့သည် နောက်ဆုံးတွင် ဤကမ္ဘာမြေကို စွန့်ခွာ၍ ကောင်းကင်သွားကြမည်ဟု သမိုင်းတစ်လျှောက် ယုံကြည်လာခဲ့ကြသည်။ ဤကမ္ဘာမြေပေါ် ကျွန်ုပ်တို့ ထာဝစဉ်နေထိုင်ဖို့ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က တစ်ခါမျှမရည်ရွယ်ခဲ့ဟု အချို့က ယူဆကြ၏။ ခြိုးခြံစွာကျင့်ကြံသူများမူ ထိုထက်ပင် တစ်ဖက်စွန်းရောက်ကြ၏။ ဤသူအများက ကမ္ဘာမြေနှင့် ပစ္စည်းဥစ္စာရှိရှိသမျှသည် မနှစ်မြို့ဖွယ်ရာဖြစ်ပြီး စစ်မှန်သောဝိညာဉ်ရေး ကျေနပ်အားရမှုနှင့် ဘုရားသခင်နှင့်ရင်းနှီးမှုရှိရန် အတားအဆီးဖြစ်စေ၏ဟု ယူမှတ်ကြသည်။
အထက်ပါအယူအဆများရှိသူတို့သည် ကမ္ဘာ့ပရဒိသုအကြောင်း ဘုရားသခင်မိန့်ဆိုရာတို့ကို မသိရှိကြချေ၊ သို့မဟုတ် တမင်တကာလျစ်လျူရှုထားကြ၏။ အမှန်ဆိုရလျှင် ဘုရားသခင်သည် မိမိ၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် ဤအကြောင်းအရာကို မည်သို့မှတ်တမ်းတင်ရေးသားစေခဲ့ကြောင်း ဆန်းစစ်ကြည့်ဖို့ ယနေ့ လူအများ စိတ်မဝင်စားကြချေ။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် လူတို့၏သီအိုရီများကို ခံယူမည့်အစား ဘုရားသခင့်စကားတော်ကို သက်ဝင်ယုံကြည်ခြင်းက ပညာရှိရာရောက်သည်မဟုတ်ပေလော။ (ရောမ ၃:၄) အမှန်မှာ၊ ထိုသို့သက်ဝင်ယုံကြည်ရန် အလွန်အရေးကြီး၏၊ အကြောင်းမှာ တန်ခိုးကြီးပြီး မျက်မြင်မရ မကောင်းဆိုးဝါးတစ်ဦးသည် ဝိညာဉ်ရေးအရ လူတို့၏ဉာဏ်မျက်စိကို ကွယ်ထားပြီး ယခု “ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား” လျက်ရှိကြောင်း သမ္မာကျမ်းစာက သတိပေးထား၏။—ဗျာ. ၁၂:၉; ၂ ကောရိန္သု ၄:၄။
အဘယ်ကြောင့် ရှုပ်ထွေးရသနည်း
ဝိညာဉ်နှင့်ပတ်သက်သည့် ဆန့်ကျင်ကွဲပြားသော အယူအဆများက ဤကမ္ဘာမြေနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ရည်ရွယ်ချက်ကို ရှုပ်ထွေးစေခဲ့သည်။ လူ့ကိုယ်ခန္ဓာနှင့်သီးခြားရှိပြီး မသေဘဲ အသက်ရှင်ကျန်ရစ်သည့် မသေနိုင်သောဝိညာဉ် ကျွန်ုပ်တို့တွင်ရှိ၏ဟု လူအများက ယုံကြည်ကြသည်။ အခြားသူများကမူ ဝိညာဉ်သည် လူ့ကိုယ်ခန္ဓာကို မဖန်ဆင်းမီကတည်းက ရှိနှင့်သည်ဟု ယုံကြ၏။ အကိုးအကားစာအုပ်တစ်အုပ်အရ “ဝိညာဉ်သည် ကောင်းကင်တွင် ကျူးလွန်ခဲ့သော အပြစ်များအတွက် ဒဏ်ပေးခံရသည့်အနေဖြင့် ခန္ဓာကိုယ်တွင်း ချုပ်နှောင်ခြင်းခံရသည်” ဟူ၍ ဂရိအတွေးအခေါ်ပညာရှင် ပလေတိုက ယူဆခဲ့ကြောင်းဆို၏။ ထိုနည်းတူ တတိယရာနှစ်မှ ခရစ်ယာန်ဓမ္မပညာရှင် ဩရီဂျင်က “ဝိညာဉ်များသည် ခန္ဓာကိုယ်တစ်ခုနှင့် မပေါင်းစပ်မီ [ကောင်းကင်တွင်] အပြစ်ကျူးလွန်ခဲ့” ရာ “၎င်းတို့၏အပြစ်များအတွက် ဒဏ်ပေးခံရသည့်အနေဖြင့် [ကမ္ဘာမြေပေါ်တွင် ထိုခန္ဓာကိုယ်အတွင်း] ချုပ်နှောင်ခြင်းခံရသည်” ဟုဆိုခဲ့၏။ လူ၏ကောင်းကင်ခရီးစဉ်တွင် ဤကမ္ဘာမြေသည် စမ်းသပ်ရာအရပ်မျှသာဖြစ်၏ဟု သန်းနှင့်ချီသူတို့က ယူမှတ်ကြ၏။
လူတစ်ဦးသေဆုံးသောအခါ ဝိညာဉ်မည်သို့ဖြစ်သွားကြောင်းနှင့်ပတ်သက်၍လည်း အယူအဆအမျိုးမျိုးရှိ၏။ အနောက်တိုင်းအတွေးအခေါ်ပညာသမိုင်း စာအုပ်အရ အီဂျစ်လူတို့က “လူသေ၏ဝိညာဉ်သည် မြေအောက်ကမ္ဘာသို့ ရောက်ရှိသွားသည်” ဟုယူဆကြ၏။ နောက်ပိုင်းတွင် အတွေးအခေါ်ပညာရှင်များက “လူသေ၏ဝိညာဉ်သည် အမှောင်မြေအောက်ကမ္ဘာသို့ မရောက်ဘဲ အမှန်မှာ ပိုမိုအဆင့်မြင့်ကောင်းကင်ဝိညာဉ်ဘုံသို့ တက်သွားသည်” ဟူ၍ အငြင်းပွားခဲ့ကြ၏။ လူသေ၏ဝိညာဉ်သည် “မျက်မြင်မရလောကသို့ ရောက်ရှိသွားပြီး . . . နတ်ဘုရားများနှင့် အတူနေသည်” ဟု ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီးက ဖော်ပြ၏။
သမ္မာကျမ်းစာက မည်သို့ဆိုသနည်း
လူတို့တွင် မသေနိုင်သောဝိညာဉ်ရှိသည်ဟူ၍ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာ၏ မည်သည့်နေရာ၌မျှ မတွေ့ရချေ။ ကမ္ဘာဦး ၂:၇ ပါမှတ်တမ်းကို အသင်ကိုယ်တိုင်ဖတ်ပါ။ “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ [“ဝိညာဉ်စိုးလ်၊” ကဘ] ဖြစ်လေ၏” ဟုဆိုသည်။ ၎င်းသည် ရှင်းလင်းပြတ်သားပါသည်။ ဘုရားသခင်သည် ပထမလူသားအာဒံကို ဖန်ဆင်းချိန်တွင် သူ၏ခန္ဓာကိုယ်ထဲ ရုပ်မဲ့ပစ္စည်းတစ်မျိုးတစ်မည် မထည့်သွင်းပေးခဲ့ချေ။ အကြောင်းမှာ သမ္မာကျမ်းစာက “လူသည် အသက်ရှင်သောသတ္တဝါ [“ဝိညာဉ်စိုးလ်၊” ကဘ] ဖြစ်လေ၏” ဟုဆိုထားသည်။ ထိုသူတွင် ဝိညာဉ်စိုးလ်မရှိချေ။ သူကိုယ်နှိုက် ဝိညာဉ်စိုးလ်ဖြစ်၏။
ယေဟောဝါသည် ကမ္ဘာမြေနှင့် လူ့မိသားစုကို ဖန်ဆင်းရာတွင် လူသေဖို့ တစ်ခါမျှ မရည်ရွယ်ခဲ့ချေ။ လူတို့သည် ပရဒိသုအခြေအနေရှိ ကမ္ဘာမြေပေါ်တွင် ထာဝစဉ်နေထိုင်သွားရန် ဘုရားသခင် ရည်ရွယ်တော်မူ၏။ ဘုရားသခင်၏ပညတ်ကို အာဒံ မနာခံ၍သာ သေဆုံးခဲ့ရခြင်းဖြစ်သည်။ (ကမ္ဘာဦး ၂:၈၊ ၁၅-၁၇; ၃:၁-၆; ဟေရှာယ ၄၅:၁၈) ပထမလူသား သေဆုံးသောအခါ သူသည် ဝိညာဉ်ဘုံတစ်ခုခုသို့ ရောက်သွားသလော။ မရောက်ပါ! ဝိညာဉ်စိုးလ်အာဒံသည် သူ့ကို ဖန်ဆင်းခဲ့သည့် သက်မဲ့မြေမှုန့်ဘဝသို့ ပြန်ရောက်သွားသည်။—ကမ္ဘာဦး ၃:၁၇-၁၉။
ကျွန်ုပ်တို့အားလုံးသည် ဘိုးဘေးအာဒံမှ အပြစ်နှင့်သေခြင်းကို အမွေရခဲ့ကြသည်။ (ရောမ ၅:၁၂) ဤသေခြင်းသည် အသက်ရှင်တည်ရှိမှု ရပ်စဲခြင်းဖြစ်သည်၊ အာဒံအသက်ရှင်မှု ရပ်သွားသကဲ့သို့ပင်။ (ဆာလံ ၁၄၆:၃၊ ၄) အမှန်ဆိုရလျှင် သမ္မာကျမ်းစာ၏ ၆၆ စောင်စလုံးတွင် “ဝိညာဉ်စိုးလ်” ကို “မသေနိုင်သော” သို့မဟုတ် “ထာဝစဉ်” ဟူသော စကားလုံးများနှင့် တစ်ခါမျှ ချိတ်ဆက် မဖော်ပြထားချေ။ ၎င်းအစား၊ ကျမ်းစာက ဝိညာဉ်စိုးလ်ဖြစ်သော လူသည် သေနိုင်၏ဟု ရှင်းလင်းပြတ်သားစွာ ဖော်ပြသည်။ ဝိညာဉ်စိုးလ် သေ၏။—ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄။
ပစ္စည်းဥစ္စာများ မနှစ်မြို့ဖွယ်ရာများလော
ကမ္ဘာမြေအပါအဝင် ပစ္စည်းဥစ္စာများသည် မနှစ်မြို့ဖွယ်ရာဖြစ်သည်ဟူသော အယူအဆနှင့်ပတ်သက်၍ကော အသို့နည်း။ စီ.အီး. တတိယရာစုတွင် ပါးရှားနိုင်ငံမှ မာနီဆိုသူ တည်ထောင်ခဲ့သော ဝတ်ပြုရေးအဖွဲ့ မာနီခေအစ်ဇမ်၏ နောက်လိုက်များသည် ထိုအယူအဆကို ခံယူခဲ့ကြ၏။ ဗြိတဲန်နီကာစွယ်စုံကျမ်းသစ် ကဤသို့ဆိုသည်– “လူတို့အမွေရထားသော ပူဆွေးဝမ်းနည်းဖွယ် အခြေအနေကြောင့် မာနီခေအစ်ဇမ်ဘာသာတရား ပေါ်ထွက်လာခြင်းဖြစ်သည်။” လူဖြစ်ရခြင်းသည် “သဘာဝမကျ၊ မခံမရပ်နိုင်စရာ၊ လုံးဝမနှစ်မြို့ဖွယ်ရာ” ဖြစ်၏ဟု မာနီယူဆခဲ့သည်။ အဆိုပါပူဆွေးဝမ်းနည်းဖွယ်အခြေအနေမှ လွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ထိုဝိညာဉ်သည် ကိုယ်ခန္ဓာမှထွက်၍ ကမ္ဘာမြေကိုစွန့်ပြီး ဝိညာဉ်လောကတွင် ဝိညာဉ်ဘဝရရှိရန်ဖြစ်သည်ဟူ၍လည်း သူခံယူခဲ့၏။
ယင်းနှင့်ဆန့်ကျင်၍ သမ္မာကျမ်းစာဆိုသည်မှာ ကမ္ဘာမြေနှင့် လူကို ဘုရားသခင် ဖန်ဆင်းချိန်က “ဖန်ဆင်းသမျှသောအရာတို့” သည် “အလွန်ကောင်းသည်” ဟူ၍ ကိုယ်တော်ရှုမြင်ခဲ့၏။ (ကမ္ဘာဦး ၁:၃၁) ထိုအချိန်တွင် လူသားများနှင့် ဘုရားသခင်စပ်ကြား အဘယ်အတားအဆီးမျှ မရှိခဲ့ချေ။ စုံလင်သောလူသား ယေရှုခရစ်သည် ကောင်းကင်ခမည်းတော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသကဲ့သို့ပင် အာဒံနှင့်ဧဝတို့သည်လည်း ယေဟောဝါနှင့် ရင်းနှီးစွာဆက်ဆံခဲ့ကြသည်။—မဿဲ ၃:၁၇။
ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့သည် အပြစ်မပြုခဲ့လျှင် သူတို့သည် ကမ္ဘာ့ပရဒိသုတွင် ယေဟောဝါဘုရားသခင်နှင့် ထာဝစဉ်ရင်းနှီးစွာ ဆက်ဆံရကြလိမ့်မည်။ သူတို့သည် ပရဒိသုတွင် ဘဝစခဲ့ကြသည်၊ အကြောင်းမှာ သမ္မာကျမ်းစာက “ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏” ဟုဆိုသည်။ (ကမ္ဘာဦး ၂:၈) ထိုပရဒိသုဥယျာဉ်၌ပင် ဧဝကို ဖန်ဆင်းတော်မူခဲ့၏။ အကယ်၍ အာဒံနှင့်ဧဝတို့သာ အပြစ်မပြုခဲ့လျှင် သူတို့နှင့် သူတို့၏စုံလင်သော သားစဉ်မြေးဆက်များသည် ကမ္ဘာမြေတစ်ဝန်း ပရဒိသုဖြစ်လာသည့်အထိ ပျော်ရွှင်စွာ အတူတူလုပ်ဆောင်ကြလိမ့်မည်။ (ကမ္ဘာဦး ၂:၂၁; ၃:၂၃၊ ၂၄) ကမ္ဘာ့ပရဒိသုသည် လူသားတို့ ထာဝစဉ်နေထိုင်ရာစံအိမ် ဖြစ်လိမ့်မည်။
ကောင်းကင်သို့ အချို့ အဘယ်ကြောင့်သွားကြသနည်း
‘ဒါပေမဲ့ ကောင်းကင်သွားမယ့်သူတွေအကြောင်း သမ္မာကျမ်းစာက ဖော်ပြထားတယ်မဟုတ်လား’ ဟုသင်ဆိုပေမည်။ မှန်ပါသည်။ အာဒံအပြစ်ပြုပြီးနောက် ယေဟောဝါသည် ကောင်းကင်နိုင်ငံတော်တည်ထောင်ရန် ရည်ရွယ်တော်မူ၏၊ ထိုတွင် အာဒံ၏သားစဉ်မြေးဆက်အချို့သည် ယေရှုခရစ်နှင့်အတူ ‘မြေကြီးကိုစိုးစံ’ ကြရလိမ့်မည်။ (ဗျာ. ၅:၁၀; ရောမ ၈:၁၇) သူတို့သည် ကောင်းကင်တွင် မသေနိုင်သောအသက်တာရဖို့ ရှင်ပြန်ထမြောက်လာကြလိမ့်မည်။ နောက်ဆုံးတွင် သူတို့၏အရေအတွက်သည် ၁၄၄,၀၀၀ ဖြစ်ပြီး သူတို့ထဲမှ ပထမဦးဆုံးသောသူများမှာ ယေရှု၏တည်ကြည်သော ပထမရာစုတပည့်များဖြစ်ကြ၏။—လုကာ ၁၂:၃၂; ၁ ကောရိန္သု ၁၅:၄၂-၄၄; ဗျာ. ၁၄:၁-၅။
သို့ရာတွင် ဖြောင့်မတ်သူများ ကမ္ဘာမြေကိုစွန့်၍ ကောင်းကင်တက်သွားခြင်းသည် ဘုရားသခင်၏ မူလရည်ရွယ်ချက်မဟုတ်ချေ။ ယေရှု ကမ္ဘာပေါ်ရှိစဉ် ကိုယ်တော်သည် “ကောင်းကင်ဘုံက ဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၃:၁၃) “လူသား” ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် ယေရှု၏ပူဇော်ရာယဇ်ကို ယုံကြည်သူများ ထာဝရအသက်ရရှိစေနိုင်ရန် ရွေးနုတ်ဖိုးကို စီစဉ်ပေးတော်မူခဲ့သည်။ (ရောမ ၅:၈) သို့ရာတွင် ဤသန်းနှင့်ချီသူတို့သည် အဘယ်နေရာတွင် ထာဝစဉ်နေထိုင်ကြမည်နည်း။
ဘုရားသခင်၏မူလရည်ရွယ်ချက် ပြည့်စုံလိမ့်မည်
ကောင်းကင်နိုင်ငံတော်တွင် ယေရှုခရစ်နှင့်အတူ တွဲဖက်အုပ်ချုပ်သူများအဖြစ် လူ့မိသားစုမှအချို့ကို ခေါ်ယူရန် ဘုရားသခင်ရည်ရွယ်ခဲ့သော်လည်း ယင်းကြောင့် လူကောင်းအားလုံး ကောင်းကင်သွားရမည်ဟု မဆိုလိုချေ။ ယေဟောဝါသည် ဤကမ္ဘာမြေကို လူ့မိသားစု၏ ပရဒိသုစံအိမ်ဖြစ်စေရန် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် ထိုမူလရည်ရွယ်ချက်ကို များမကြာမီ ပြည့်စုံစေလိမ့်မည်။—မဿဲ ၆:၉၊ ၁၀။
ယေရှုခရစ်နှင့် ကိုယ်တော်၏ကောင်းကင်တွဲဖက်အုပ်ချုပ်သူများ၏ လက်အောက်၌ ဤကမ္ဘာပေါ်တွင် ငြိမ်သက်မှုနှင့် ပျော်ရွှင်မှု ရှိပါလိမ့်မည်။ (ဆာလံ ၃၇:၉-၁၁) ဘုရားသခင်၏မှတ်ဉာဏ်၌ရှိသူများ ထမြောက်လာကြပြီး လုံးဝကောင်းသော ကျန်းမာရေး ခံစားကြရလိမ့်မည်။ (တမန်တော် ၂၄:၁၅) နာခံမှုရှိသူတို့သည် ဘုရားသခင်ကို တည်ကြည်ကြသောကြောင့် ကျွန်ုပ်တို့၏ကနဦးမိဘများ ဆုံးရှုံးခဲ့သည့် ပရဒိသုကမ္ဘာမြေပေါ်တွင် စုံလင်သူများအဖြစ် ထာဝစဉ်စံစားကြရလိမ့်မည်။—ဗျာ. ၂၁:၃၊ ၄။
ယေဟောဝါဘုရားသခင်သည် ရည်ရွယ်တော်မူသည့်အတိုင်း ဖြစ်မြောက်စေ၏။ ကိုယ်တော်၏ပရောဖက်ဟေရှာယအားဖြင့် ဤသို့ကြေညာခဲ့သည်– “မိုးရေနှင့်မိုးပွင့်တို့သည် မိုးကောင်းကင်မှဆင်းသက်၍ နောက်တစ်ဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်း ပေးမည်အကြောင်း မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကိုသီးစေသကဲ့သို့၊ ထိုအတူ ငါ၏နှုတ်[မြွက်]စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။”—ဟေရှာယ ၅၅:၁၀၊ ၁၁။
ပရဒိသုကမ္ဘာမြေပေါ်တွင် အဘယ်သို့နေထိုင်ရမည်ကို ဟေရှာယကျမ်းမှ ကျွန်ုပ်တို့ ကြိုသိရသည်။ ပရဒိသုတွင်နေထိုင်သူ မည်သူမဆို “ငါနာသည်” ဟုပြောဆိုကြမည်မဟုတ်ပေ။ (ဟေရှာယ ၃၃:၂၄) တိရစ္ဆာန်များသည် လူကို အန္တရာယ်ပြုတော့မည်မဟုတ်။ (ဟေရှာယ ၁၁:၆-၉) လူတို့သည် လှပသောအိမ်များကို ဆောက်လုပ်နေထိုင်ကြပြီး ကောက်ပဲသီးနှံများကို စိုက်ပျိုး၍ စိတ်တိုင်းကျ စားသုံးကြရလိမ့်မည်။ (ဟေရှာယ ၆၅:၂၁-၂၅) ထို့ပြင် ဘုရားသခင်သည် ‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။’—ဟေရှာယ ၂၅:၈။
နာခံမှုရှိသူတို့သည် ဤသို့သောကောင်းချီးများကို များမကြာမီ ခံစားရတော့မည်။ သူတို့သည် “ဘုရားသခင်သားတို့၏ ထူးမြတ်သော လွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ချမ်းသာကို ဝင်စား” ရတော့မည်။ (ရောမ ၈:၂၁) ကတိထားရာကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်နေထိုင်ရခြင်းသည် တကယ့်ကိုကောင်းလိုက်မည်ဖြစ်ခြင်း! (လုကာ ၂၃:၄၃) သင်သည် တိကျမှန်ကန်သော ကျမ်းစာအသိပညာအတိုင်း ပြုမူလုပ်ဆောင်ပြီး ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ကို ယုံကြည်မည်ဆိုလျှင် ထိုတွင် နေထိုင်ရလိမ့်မည်။ ထို့ပြင် သင်သည် ကမ္ဘာ့ပရဒိသုဖြစ်လာမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ကမ္ဘာမြေပရဒိသုတွင် ထာဝစဉ်နေထိုင်ရန် အာဒံနှင့်ဧဝကို ဖန်ဆင်းခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကမ္ဘာမြေပရဒိသုတွင် . . .
သူတို့ အိမ်များဆောက်ကြလိမ့်မည်
စပျစ်ဥယျာဉ်များ စိုက်ကြလိမ့်မည်
သူတို့ကို ယေဟောဝါ ကောင်းချီးပေးလိမ့်မည်
[Picture Credit Line on page 4]
U.S. Fish & Wildlife Service, Washington, D.C./NASA