မိသားစုကို စည်းလုံးစေသည့် စစ်မှန်သောဝတ်ပြုရေး
မိသားစုကို စည်းလုံးစေသည့် စစ်မှန်သောဝတ်ပြုရေး
အသက် ၁၃ နှစ်အရွယ်ရှိ မာရီအာနှင့် သူ၏ညီမ လူစီတို့သည် ယေဟောဝါအကြောင်းနှင့် မြေကြီးပရဒိသုမျှော်လင့်ချက်အကြောင်းတို့ကို ဆွေမျိုးတစ်ယောက်ထံမှ ကြားသိခဲ့ကြ၏။ သူတို့သည် သိလိုစိတ်ဖြင့် အဆိုပါဆွေမျိုးနှင့်အတူ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ လိုက်သွားခဲ့ကြသည်။ ထိုတွင်ပေးသည့် ရှင်းလင်းသောသွန်သင်ချက်ကို မာရီအာစွဲမှတ်သွားသည်။ တစ်ချိန်လုံး သီချင်းသာသီဆိုနေကြသည့် သူတို့ချာ့ခ်ျနှင့် အလွန်ကွာခြားလိုက်လေခြင်း! မကြာမီ သူတို့သည် ယေဟောဝါသက်သေတစ်ဦးနှင့် ကျမ်းစာလေ့လာလေတော့သည်။
သူတို့၏အစ်ကိုကြီး ယူဂိုသည် အတွေးအခေါ်ပညာနှင့် ဆင့်ကဲအယူအဆတို့ကို စိတ်ဝင်စားသည်။ သူ့ကိုယ်သူ ဘုရားသခင်မဲ့ဝါဒီတစ်ဦးဟုဆို၏။ သို့သော် သူစစ်မှုထမ်းနေစဉ်အတွင်း အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] * စာအုပ်ကို ဖတ်ရှုခဲ့ရသည်။ အဘယ်ဘာသာတရားမျှမပေးနိုင်သည့် မေးခွန်းများ၏အဖြေများကို သူတွေ့ရှိသွားခဲ့၏။ စစ်မှုထမ်းပြီးနောက်တွင် သမ္မာကျမ်းစာကိုလေ့လာကာ ညီမများနှင့်အတူ အစည်းအဝေးများ တက်ရောက်ခြင်းအားဖြင့် သူအသစ်တွေ့ရှိခဲ့သည့် ဘုရားသခင်အပေါ်ယုံကြည်မှုကို စတင်ခိုင်ခံ့စေခဲ့သည်။ အမှန်တရားကိုဦးဆုံးကြားသိပြီး နောက်နှစ်နှစ်အကြာ ၁၉၉၂ ခုနှစ်တွင် မာရီအာနှင့် လူစီတို့နှစ်ခြင်းခံခဲ့ကြသည်၊ သူတို့အစ်ကိုလည်း နောက်နှစ်နှစ်အကြာတွင် နှစ်ခြင်းခံလိုက်လေသည်။
ထိုအတောအတွင်း ချာ့ခ်ျထုံးတမ်းစဉ်လာများကို ယုံကြည်သက်ဝင်ကြသည့် သူတို့၏မိဘများမူ အမှန်တရားကို စိတ်မဝင်စားခဲ့ကြချေ။ သူတို့သားသမီးများ အိမ်သို့ဖိတ်ခေါ်လာခဲ့သည့် သက်သေခံလူငယ်များ၏ ကောင်းသောအမူအကျင့်နှင့် ဣန္ဒြေရှိသောဝတ်စားဆင်ယင်မှုကိုမူ သူတို့နှစ်သက်သဘောကျကြသော်လည်း ယေဟောဝါသက်သေများသည် စိတ်အနှောင့်အယှက်ဖြစ်စေသူများဟု ယူမှတ်ခဲ့ကြသည်။ ထို့ပြင် အစာစားချိန်များတွင် သားသမီးများက အစည်းအဝေးများမှ သိရှိလာရာများကို ပြောဆိုကြသောအခါ မိဘများ၌ သိလိုစိတ်ဖြစ်ပေါ်လာသည်။
သို့သော် မိဘနှစ်ပါးစလုံးသည် စုန်းကဝေအတတ်ကိုသာ စိတ်ဝင်စားခဲ့ကြ၏။ ဖခင်ဖြစ်သူမှာ အရက်သမားဖြစ်ရာ မိခင်ကိုရိုက်နှက်တတ်၏။ မိသားစုပြိုကွဲမည့်အခြေဆိုက်နေလေသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူသည် မူးရူးသောက်စားမှုကြောင့် ထောင်နှစ်ပတ်ကျခဲ့၏။ အကျဉ်းထောင်ထဲတွင်ရှိနေစဉ် ကျမ်းစာကို သူစတင်ဖတ်ရှုခဲ့သည်။ ကျမ်းစာကိုဖတ်ရှုသည်နှင့်အမျှ နောက်ဆုံးသောနေ့ရက်များ၏ နိမိတ်လက္ခဏာများနှင့်စပ်လျဉ်းသည့် ယေရှု၏စကားများကို သူသတိပြုမိသည်။ ယင်းက စိတ်ရှုပ်ထွေးသွားစေရာ မိဘနှစ်ဦးစလုံး ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ရောက်သွားကြပြီး အိမ်တွင်းကျမ်းစာသင်အံမှုပြုဖို့လည်း လက်ခံလိုက်ကြသည်။ အမှန်တရားကိုသင်ယူသိရှိလာကြသောအခါ စုန်းအတတ်နှင့်ဆိုင်သည့်စာအုပ်အားလုံးကို ဖျက်ဆီးလိုက်ပြီး ယေဟောဝါ၏နာမတော်ကိုခေါ်ဆိုခြင်းအားဖြင့် နတ်ဆိုးတိုက်ခိုက်မှုများမှ သက်သာရာရခဲ့ကြသည်။ သူတို့၏ဥပဓိရုပ်များကိုလည်း အတော်အတန် စတင်ပြုပြင်ပြောင်းလဲလိုက်ကြသည်။
၁၉၉၉ ခုနှစ် ဘိုလီးဗီးယားနိုင်ငံရှိ ခရိုင်စည်းဝေးကြီးတစ်ခုတွင် မိဘများအား ယူဂိုနှစ်ခြင်းပေးနေသည်ကို မာရီအာနှင့် လူစီတို့ရှုစားနေချိန်တွင် မည်မျှစိတ်လှုပ်ရှားခဲ့မည်ကို သင်မြင်ယောင်ကြည့်နိုင်ပါသလော။ ယေဟောဝါနှင့်ကိုယ်တော့်ကတိတော်များအကြောင်း မာရီအာနှင့်လူစီတို့ ဦးဆုံးကြားသိလိုက်ချိန်မှစ၍ ကိုးနှစ်ကြာခဲ့ပြီဖြစ်၏။ ယခု သူတို့သည် ယူဂိုနှင့်အတူ ခရစ်ယာန်ဓမ္မအမှုတွင် အချိန်ပြည့်ပါဝင်နေကြသည်။ စစ်မှန်သောဝတ်ပြုရေးက သူတို့မိသားစုကို စည်းလုံးစေခဲ့သည့်အတွက် သူတို့အလွန်ပင်ပျော်ရွှင်နေကြသည်!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ယေဟောဝါသက်သေများထုတ်ဝေသည်။