နွမ်းပါးသည်ထက်နွမ်းပါးလာ
နွမ်းပါးသည်ထက်နွမ်းပါးလာ
“အဖွဲ့ဝင်အများစုသည် ဆင်းရဲနွမ်းပါးနေကြရာ အဘယ်လူ့အဖွဲ့အစည်းမျှ အမှန်ပင်တိုးတက်ကြီးပွား၊ ပျော်ရွှင်ခြင်းမရှိနိုင်ပေ။”
ဘောဂဗေဒပညာရှင် အယ်ဒမ် စမစ်သည် ထိုစကားကို ၁၈ ရာစုနှစ်က ပြောခဲ့သည်။ သူပြောခဲ့သောစကား အလွန်မှန်ကန်ကြောင်း ယနေ့ ပိုထင်ရှားသည်။ လူကုံထံနှင့် လူမွဲတို့၏ ကွာဟမှုသည် ယခု သာ၍ပင်သိသာထင်ရှားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသုံးပုံတစ်ပုံသည် တစ်နေ့လျှင် ၁ ဒေါ်လာ (ယူ.အက်စ်.) ပင်မရရှိကြချေ၊ ချမ်းသာသောနိုင်ငံများတွင် ထိုငွေပမာဏကို မိနစ်ပိုင်းအတွင်းရှာနိုင်၏။ “ကမ္ဘာ့အချမ်းသာဆုံးလူ ၅ ရာခိုင်နှုန်း၏ဝင်ငွေသည် နွမ်းပါးဆုံးလူ ၅ ရာခိုင်နှုန်း၏ဝင်ငွေထက် ၁၁၄ ဆများသည်” ဟုကုလသမဂ္ဂလူ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ ၂၀၀၂ ကဆိုသည်။
လူအချို့သည် အသင့်အတင့်သက်သောင့်သက်သာနေရကြသော်လည်း သန်းနှင့်ချီသောသူတို့သည် တဲထိုးနိုင်သော မည်သည့်နေရာတွင်မဆို ကျူးကျော်နေကြ၏။ အခြားသူများမှာမူ၊ ထိုသို့ပင်မနေနိုင်ကြချေ; ကတ်ထူစက္ကူ၊ သို့မဟုတ် ပလတ်စတစ်ခင်းပြီး လမ်းပေါ်အိပ်ကြရ၏။ ဤသူတို့အနက် အများစုမှာ အမှိုက်ပုံများကို မွှေနှောက်ရှာဖွေခြင်း၊ ကူလီထမ်းခြင်း၊ တွန်းလှည်းများဖြင့် ပြန်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ရှာဝယ်ခြင်းတို့နှင့် အသက်ဆက်နေကြရသည်။
“နိုင်ငံတိုင်းတွင် ‘ဆင်းရဲသားရပ်ကွက်များ’ ရှိ၏” ဟုကမ္ဘာ့ဘဏ်က ဖော်ပြထားသည့်အတိုင်း လူချမ်းသာနှင့် လူမွဲစပ်ကြား မမျှတမှုများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာ တွေ့ရခြင်းမဟုတ်ချေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယူနိုက်တက်စတိတ်နိုင်ငံအထိရှိ လူအချို့သည် မည်မျှပင်ချမ်းသာကြွယ်ဝပါစေ၊ စားဖို့သောက်ဖို့၊ နေစရာနေရာရှိဖို့ ရုန်းကန်နေရရှာသူများစွာရှိသည်။ နယူးယော့ခ်တိုင်းမ်က ယူနိုက်တက်စတိတ်တွင် လူချမ်းသာနှင့် လူမွဲတို့၏အခြေအနေသည် ပို၍ကွာဟလာနေကြောင်း ဖော်ပြထားသော ၂၀၀၁ ယူ.အက်စ်. အစိုးရသန်းခေါင်းစာရင်းဌာန၏ အစီရင်ခံစာတစ်ခုကို ကိုးကားဖော်ပြ၏။ ယင်းက ဤသို့ဆိုသည်– “ယမန်နှစ်က လူဦးရေ၏ငါးပုံတစ်ပုံ အချမ်းသာဆုံးသူများသည် တိုင်းပြည်ဝင်ငွေ၏ ထက်ဝက်ကို ရရှိခဲ့သည်။ . . . လူဦးရေ၏ငါးပုံတစ်ပုံ အနွမ်းပါးဆုံးသူများမှာမူ ၃.၅ ရာခိုင်နှုန်းရရှိခဲ့သည်။” အခြားနိုင်ငံများစွာတွင် ထိုသို့ပင်ဖြစ်သည်၊ သို့မဟုတ် ထိုထက်ပင် ဆိုးရွားသေးသည်။ ကမ္ဘာ့လူဦးရေ ၅၇ ရာခိုင်နှုန်းခန့်သည် တစ်နေ့လျှင် ၂ ဒေါ်လာနှင့်သာ အသက်ရှင်ကြရကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတစ်ခုက ဖော်ပြ၏။
ပို၍ဆိုးရွားသည်မှာ၊ ၂၀၀၂ ခုနှစ်တွင် အလုပ်အမှုဆောင်အဖွဲ့ဝင်များစွာသည် မတရားနည်းဖြင့် ချမ်းသာကြွယ်ဝလာသည့်သတင်းများကြောင့် လူသန်းပေါင်းများစွာသည် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြ၏။ တရားမဝင်ရာများကို ဗြောင်ကျကျ မပြုလုပ်ခဲ့လျှင်ပင် ဖော်ကျွန်း မဂ္ဂဇင်းတွင် ဖော်ပြထားသည့်အတိုင်း အဆိုပါကုမ္ပဏီအရာရှိများသည် “အလွန်အမင်း၊ ထူးထူးခြားခြား၊ အမြင်မတော်သည့်အထိ ချမ်းသာကြွယ်ဝနေကြသည်။” ကမ္ဘာ့ဖြစ်ရပ်များကို ဆင်ခြင်သုံးသပ်ကြည့်သော် လူအများသည် နွမ်းပါးနေစဉ် အချို့သည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာသန်းရာပေါင်းများစွာ မထင်မမှတ်ဘဲ ချမ်းသာလာကြခြင်းသည် တရားပါ၏လောဟု သိလိုကြသည်။
နွမ်းပါးမှု ရှိမြဲရှိမည်လော
အလွန်အမင်းနွမ်းပါးခြင်းနှင့်ပတ်သက်၍ မည်သူမျှ မကြိုးစားဟု မဆိုလိုပါ။ စိတ်ရင်းကောင်းသော အစိုးရအရာရှိများနှင့် အထောက်အကူပြု အဖွဲ့အစည်းများသည် ပြောင်းလဲရေးအဆိုပြုချက်များစွာကို ထုတ်ပြန်ခဲ့ကြ၏။ မည်သို့ပင်
ဆိုစေ စိတ်ဓာတ်ကျစရာများ ရှိမြဲရှိနေသည်။ တိုးတက်လာစေရန် အစွမ်းကုန်ကြိုးစားကြသော်လည်း “တိုင်းနိုင်ငံများစွာသည် လွန်ခဲ့သော ၁၀ နှစ်၊ အနှစ် ၂၀၊ အချို့ဆိုလျှင် အနှစ် ၃၀ ကျော်ကထက် ဆင်းရဲလျက်ရှိ၏” ဟု လူ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ ၂၀၀၂ ကဆိုသည်။ယင်းကြောင့် နွမ်းပါးသူများ မျှော်လင့်ချက်ကင်းမဲ့နေသလော။ ယခုပင် သင့်ကိုအကူအညီပေးနိုင်သည့် လက်တွေ့ကျဉာဏ်ပညာအပြင် သင်မစဉ်းစားမိသည့် ဖြေရှင်းနည်းများကို ဆင်ခြင်သုံးသပ်ကြည့်ရန် နောက်ဆောင်းပါးကို ဖတ်ရှုစေလိုပါသည်။