ယေဟောဝါ၏နေ့ နီးလာသည်နှင့်အမျှ လူတို့ကို မည်သို့ရှုမြင်သင့်သနည်း
ယေဟောဝါ၏နေ့ နီးလာသည်နှင့်အမျှ လူတို့ကို မည်သို့ရှုမြင်သင့်သနည်း
“ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကို သည်းခံတော်မူ၏။”—၂ ပေတရု ၃:၉။
၁၊ ၂။ (က) ယေဟောဝါသည် ယနေ့ လူတို့ကို မည်သို့ရှုမြင်တော်မူသနည်း။ (ခ) ကျွန်ုပ်တို့ကိုယ်ကို အဘယ်မေးခွန်းများ မေးနိုင်သနည်း။
ယေဟောဝါ၏ ကျေးကျွန်များသည် ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ရန်တာဝန်ရရှိထားကြသည်။ (မဿဲ ၂၈:၁၉) ဤတာဝန်ကို ကျွန်ုပ်တို့ထမ်းဆောင်ရင်း ‘ယေဟောဝါ၏နေ့ကြီး’ ကိုစောင့်မျှော်နေစဉ် လူတို့ကို ကိုယ်တော်ရှုမြင်သကဲ့သို့ ရှုမြင်ရန်လိုသည်။ (ဇေဖနိ ၁:၁၄) မည်သို့ရှုမြင်ရမည်နည်း။ တမန်တော်ပေတရုက ဤသို့ဆို၏– “လူအချို့တို့သည် နှေးခြင်းကိုမှတ်သည်အတိုင်း ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကိုသည်းခံတော်မူ၏။” (၂ ပေတရု ၃:၉) ဘုရားသခင်သည် လူတို့ကို နောင်တယူနိုင်ကြမည့်သူများအဖြစ် ရှုမြင်တော်မူ၏။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏။” (၁ တိမောသေ ၂:၄) “ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်” သည်ကို ယေဟောဝါ အလွန်နှစ်သက်အားရတော်မူ၏!—ယေဇကျေလ ၃၃:၁၁။
၂ ကျွန်ုပ်တို့ကိုယ်တိုင် လူများကို ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်ကြပါသလော။ ကိုယ်တော်နည်းတူ လူအမျိုးအနွယ်တိုင်းမှသူတို့ကို “အထံတော်၌ကျက်စားသော သိုးစု” တွင်ပါဝင်လာနိုင်သူများအဖြစ် ကျွန်ုပ်တို့ယူမှတ်သလော။ (ဆာလံ ၁၀၀:၃; တမန်တော် ၁၀:၃၄၊ ၃၅) ဘုရားသခင်ရှုမြင်သကဲ့သို့ရှုမြင်ခြင်း၏ အရေးကြီးမှုကိုဖော်ပြသည့် ပုံနမူနာနှစ်ခုကို သုံးသပ်ကြည့်ကြစို့။ ထိုအဖြစ်အပျက်နှစ်ခုစလုံးတွင် ဖျက်ဆီးခံရလုနီးပြီဖြစ်ပြီး ပျက်စီးတော့မည့်အကြောင်း ယေဟောဝါ၏ကျေးကျွန်များ ကြိုတင်အသိပေးခံခဲ့ရသည်။ ယေဟောဝါ၏နေ့ကြီးကို ကျွန်ုပ်တို့စောင့်မျှော်နေကြစဉ် ထိုပုံနမူနာတို့သည် အထူးအဓိပ္ပာယ်ရှိသည်။
ယေဟောဝါအမြင် အာဗြဟံ၌ရှိ
၃။ သောဒုံ၊ ဂေါမောရမြို့သားများကို ယေဟောဝါ မည်သို့ရှုမြင်သနည်း။
၃ ပထမပုံနမူနာသည် သစ္စာရှိဘိုးဘေးအာဗြဟံနှင့် ဆိုးသွမ်းသော သောဒုံနှင့်ဂေါမောရမြို့တို့ဖြစ်သည်။ ယေဟောဝါသည် “သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သောအသံ” ကိုကြားသောအခါ ကိုယ်တော်သည် ထိုမြို့များနှင့် မြို့သူမြို့သားအားလုံးကို ချက်ချင်းမဖျက်ဆီးခဲ့ပါ။ ဦးဆုံး စုံစမ်းစစ်ဆေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀၊ ၂၁) ကောင်းကင်တမန်နှစ်ပါးကို သောဒုံမြို့သို့ စေလွှတ်ခဲ့ရာ သူတို့သည် ထိုမြို့ရှိ ဖြောင့်မတ်သူ လောတအိမ်၌ တည်းခိုခဲ့ကြသည်။ ကောင်းကင်တမန်များရောက်လာသည့်ညတွင် “မြို့သားယောက်ျား အကြီးအငယ်၊ အရပ်ရပ်ကလာသောသူအပေါင်းတို့သည်” ကောင်းကင်တမန်များနှင့် လိင်တူမေထုန်ပြုလို၍ “အိမ်ကိုဝိုင်း” ထားကြသည်။ မြို့သူမြို့သားများ၏ ယုတ်ညံ့သောအခြေအနေက သူတို့ဖျက်ဆီးခံထိုက်ကြောင်း ထင်ရှားသည်။ သို့တိုင် ကောင်းကင်တမန်များက လောတကို ဤသို့ပြောခဲ့၏– “ဤအရပ်၌ သင်နှင့်ဆိုင်သောသူရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်ကထုတ်ဆောင်လော့!” ထိုမြို့၌နေထိုင်သူအချို့ကို ကယ်တင်ရန် ယေဟောဝါလမ်းဖွင့်ပေးခဲ့သည်၊ သို့သော် နောက်ဆုံးတွင် လောတနှင့် သူ၏သမီးနှစ်ယောက်သာ ဖျက်ဆီးခြင်းဘေးမှ လွတ်မြောက်ခဲ့သည်။—ကမ္ဘာဦး ၁၉:၄၊ ၅၊ ၁၂၊ ၁၆၊ ၂၃-၂၆။
၄၊ ၅။ အာဗြဟံသည် သောဒုံမြို့သားများအတွက် အဘယ်ကြောင့် အသနားခံခဲ့သနည်း၊ လူများအပေါ် သူ၏ရှုမြင်ပုံသည် ဘုရားသခင်၏ ရှုမြင်ပုံနှင့် ကိုက်ညီသလော။
၄ ယခု ယေဟောဝါက သောဒုံနှင့် ဂေါမောရမြို့တို့ကို စုံစမ်းစစ်ဆေးရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ချိန်ကို ပြန်ပြောင်းကြည့်ကြစို့။ ထိုအချိန်က အာဗြဟံသည် ဤသို့အသနားခံခဲ့သည်– “ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင် ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူကဲ့သို့ ခံစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။” “ကိုယ်တော်နှင့်ဝေးပါစေသတည်း” ဟူသည့်အသုံးအနှုန်းကို အာဗြဟံ နှစ်ကြိမ်အသုံးပြုခဲ့သည်။ သူသိထားသည့်အတိုင်း ယေဟောဝါသည် လူဆိုးများနှင့်အတူ ဖြောင့်မတ်သူများကို ဖျက်ဆီးလိမ့်မည်မဟုတ်။ ယေဟောဝါက “မြို့၌ ဖြောင့်မတ်သောသူ ငါးဆယ်” ကိုတွေ့လျှင် သောဒုံမြို့ကို ဖျက်ဆီးမည်မဟုတ်ဟု မိန့်တော်မူသည့်အခါ အာဗြဟံသည် ဆယ်ဦးအထိ အရေအတွက်ကို တဖြည်းဖြည်းလျှော့ချခဲ့သည်။—ကမ္ဘာဦး ၁၈:၂၂-၃၃။
၅ အာဗြဟံ၏ အသနားခံချက်များသည် ယေဟောဝါ၏ရှုမြင်ပုံနှင့် မကိုက်ညီလျှင် ကိုယ်တော် နားထောင်တော်မူမည်လော။ နားထောင်မည်မဟုတ်ပါ။ ‘ယေဟောဝါ၏အဆွေ’ အာဗြဟံသည် ကိုယ်တော်၏ရှုမြင်ပုံကို သိရှိပြီး ထို့အတူရှုမြင်ခဲ့မည်။ (ယာကုပ် ၂:၂၃) ယေဟောဝါသည် သောဒုံနှင့် ဂေါမောရမြို့ကို အာရုံလှည့်ချိန်တွင် အာဗြဟံ၏ အသနားခံချက်များကို ဆင်ခြင်သုံးသပ်ရန် လိုလိုလားလားရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် “အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှ တို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” တော်မူသောကြောင့်ဖြစ်သည်။
လူတို့ကို ယောနရှုမြင်ပုံ —လုံးဝကွာခြား
၆။ နိနေဝေမြို့သားများသည် ယောန၏ကြွေးကြော်ချက်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၆ ယခု ဒုတိယပုံနမူနာဖြစ်သော ယောနအကြောင်း သုံးသပ်ကြည့်ပါ။ ဤအကြိမ်တွင် ဖျက်ဆီးခံရမည့်မြို့မှာ နိနေဝေမြို့ဖြစ်သည်။ ထိုမြို့ပြုသော ဆိုးသွမ်းမှုသည် ‘ယေဟောဝါရှေ့သို့ တက်လာပြီ’ ဟုကြွေးကြော်ဖို့ ပရောဖက်ယောနကို ညွှန်ကြားခဲ့သည်။ (ယောန ၁:၂) နိနေဝေမြို့၏ ဆင်ခြေဖုံးရပ်ကွက်များအပါအဝင် ၎င်းသည် “သုံးရက်ခရီး ကျယ်ဝန်းသောမြို့” ကြီးတစ်မြို့ဖြစ်သည်။ ယောနသည် နောက်ဆုံးတွင် နာခံကာ နိနေဝေမြို့သို့ရောက်လာသောအခါ “အရက်လေးဆယ်လွန်သော် နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်” ဟုကြွေးကြော်ခဲ့၏။ ထိုအခါ “နိနေဝေမြို့သားတို့သည် ဘုရားသခင်၏အမိန့်တော်ကိုယုံ၍ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကိုကြော်ငြာ၍ လျှော်တေအဝတ်ကိုဝတ်ကြ၏။” နိနေဝေမင်းကြီးကိုယ်တိုင် နောင်တယူခဲ့သည်။—ယောန ၃:၁-၆။
၇။ နိနေဝေမြို့သားများ၏ နောင်တရသောသဘောထားကို ယေဟောဝါမည်သို့ရှုမြင်ခဲ့သနည်း။
၇ သောဒုံမြို့၏တုံ့ပြန်ပုံနှင့် အလွန်ကွာခြားပါသည်တကား! ယေဟောဝါသည် နောင်တယူကြသော နိနေဝေမြို့သားများကို မည်သို့ ရှုမြင်ခဲ့သနည်း။ ယောန ၃:၁၀ [ကဘ] ကဤသို့ဆို၏– “စစ်မှန်သောဘုရားသခင်သည် သူတို့အပေါ် ဘေးဒဏ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့သည်အတွက် ဝမ်းနည်းတော်မူပြီး ထိုဘေးဒဏ်မပေးဘဲ နေတော်မူ၏။” နိနေဝေမြို့သားများသည် သူတို့၏အကျင့်များ ပြုပြင်ပြောင်းလဲခဲ့ကြသောကြောင့် သူတို့နှင့် ယေဟောဝါဆက်ဆံပုံ ပြောင်းလဲသွားသည့်သဘောမျိုးဖြင့် ကိုယ်တော် “ဝမ်းနည်းတော်မူ” ခဲ့၏။ ဘုရားသခင်၏စံနှုန်းများ မပြောင်းလဲသော်လည်း နိနေဝေမြို့သားများ နောင်တရသည်ကို ယေဟောဝါမြင်တော်မူလျှင် ကိုယ်တော်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့သည်။—မာလခိ ၃:၆။
၈။ ယောနသည် အဘယ်ကြောင့် စိတ်ကောက်သွားသနည်း။
၈ နိနေဝေမြို့သည် ဖျက်ဆီးခံရတော့မည်မဟုတ်ကြောင်း ယောနသိရှိလာသည့်အခါ သူသည် ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်ခဲ့သလော။ မရှုမြင်ခဲ့ပါ၊ ကျွန်ုပ်တို့သိရသည်မှာ “ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်” ခဲ့၏။ ထို့နောက် ယောနအဘယ်အရာပြုလုပ်ခဲ့သေးသနည်း။ မှတ်တမ်းကဤသို့ဆို၏– “ ‘အိုထာဝရဘုရား အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ် ဤသို့ပြောပါပြီမဟုတ်လော။ ထို့ကြောင့် ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ပြေးပါ၏။ ကိုယ်တော်သည် သနားစုံမက်တတ်သောဘုရား[သခင်]ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည်အမှုကို နောင်တရတတ်သောသဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏’ . . . ဟု တောင်းလျှောက်လေ၏။” (ယောန ၄:၁-၃) ယောနသည် ယေဟောဝါ၏ အရည်အသွေးများကိုသိရှိခဲ့၏။ သို့သော် ဤအချိန်တွင် ပရောဖက်သည် စိတ်ကောက်သွားပြီး နောင်တရသော နိနေဝေမြို့သားများကို ဘုရားသခင်ရှုမြင်သကဲ့သို့ မရှုမြင်ခဲ့ပါ။
၉၊ ၁၀။ (က) ယေဟောဝါသည် ယောနကို အဘယ်သင်ခန်းစာပေးခဲ့သနည်း။ (ခ) နောက်ဆုံးတွင် ယောနသည် နိနေဝေမြို့သားများအပေါ် ယေဟောဝါ၏ရှုမြင်ပုံကို လက်ခံခဲ့သည်ဟု အဘယ်ကြောင့် ယူမှတ်နိုင်သနည်း။
၉ ယောနသည် မြို့ပြင်ထွက်၍ တဲထိုးပြီးလျှင် “မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှာ” အရိပ်အောက်တွင် ထိုင်၍နေ၏။ ယေဟောဝါသည် ယောနအရိပ်ရစေရန် ဘူးပင်တစ်ပင်ပေါက်စေခဲ့သည်။ သို့သော် နောက်နေ့တွင် အပင်ညှိုးနွမ်းသွားလေသည်။ ထို့ကြောင့် ယောနစိတ်တိုသောအခါ ယေဟောဝါ ဤသို့မိန့်တော်မူခဲ့၏– “သင်သည် . . . [ဘူး]ပင်ကို နှမြောသည်တကား။ ငါသည် များစွာသောတိရစ္ဆာန်တို့ကိုမဆို ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ယောန ၄:၅-၁၁) လူတို့ကို ယေဟောဝါရှုမြင်ပုံနှင့်ပတ်သက်၍ ယောနအတွက် တကယ်ကောင်းသောသင်ခန်းစာပါတကား!
ကိုမျှ ပိုင်းခြား၍မသိသောသူ တစ်သိန်းနှစ်သောင်းမက လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လော။” (၁၀ နိနေဝေမြို့သားများကို သက်ညှာသနားခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ မိန့်တော်မူချက်ကို ယောနတုံ့ပြန်ပုံအကြောင်း မှတ်တမ်းမတင်ထားပါ။ သို့တိုင် နောင်တရသော နိနေဝေမြို့သားများအပေါ် ပရောဖက်၏ရှုမြင်ပုံကို ပြောင်းလဲခဲ့ကြောင်း ထင်ရှားသည်။ ယေဟောဝါသည် ဤမှုတ်သွင်းခံကျမ်းစောင်ကို မှတ်တမ်းတင်ရန် ယောနကိုအသုံးပြုခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ ထိုသို့ကောက်ချက်ချကြသည်။
သင်၌ မည်သည့်သဘောထားရှိသနည်း
၁၁။ ယနေ့ အသက်ရှင်သူများကို အာဗြဟံ မည်သို့ရှုမြင်လိမ့်မည်နည်း။
၁၁ ယနေ့ ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ကြီးတွင် ဤလက်ရှိအစီအစဉ်စနစ်ဆိုးကို ဖျက်ဆီးပစ်မည့် နောက်ထပ်ပျက်စီးခြင်းဘေးကို တွေ့ကြုံရကြမည်ဖြစ်သည်။ (လုကာ ၁၇:၂၆-၃၀; ဂလာတိ ၁:၄; ၂ ပေတရု ၃:၁၀) မကြာမီ ဖျက်ဆီးခံရတော့မည့် ဤလောကရှိလူသားများကို အာဗြဟံ မည်သို့ရှုမြင်မည်ထင်သနည်း။ ဘုရားသခင့် ‘နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း’ ကို မကြားရသေးသူများအတွက် သူစိုးရိမ်မကင်းဖြစ်မည်မှာ သေချာသည်။ (မဿဲ ၂၄:၁၄၊ ကဘ) အာဗြဟံသည် သောဒုံမြို့ရှိ ဖြောင့်မတ်သူများဖြစ်မည့်သူတို့အတွက် ဘုရားသခင်ထံ အထပ်ထပ် တောင်းပန်ခဲ့သည်။ အခွင့်အရေးပေးမည်ဆိုလျှင် နောင်တယူပြီး ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ကြမည့် စာတန့်ထိန်းချုပ်မှုအောက်ရှိ ဤလောကလမ်းစဉ်ကို ငြင်းပယ်ကြမည့်သူတို့အတွက် ကျွန်ုပ်တို့စိုးရိမ်မကင်းဖြစ်ကြပါသလော။—၁ ယောဟန် ၅:၁၉; ဗျာ. ၁၈:၂-၄။
၁၂။ ခရစ်ယာန်ဓမ္မအမှု၌ တွေ့ဆုံရသူများအပေါ် ယောနကဲ့သို့သော သဘောထားမျိုးဖြစ်ပေါ်ရန် အဘယ်ကြောင့်လွယ်ကူသနည်း၊ ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၂ ဆိုးသွမ်းမှုများ အဆုံးတိုင်မည်ကို တမ်းတကြခြင်းသည် သဘာဝကျပါသည်။ (ဟဗက္ကုတ် ၁:၂၊ ၃) သို့တိုင် နောင်တရနိုင်သူများ၏ အကျိုးကို မထောက်ထားမိသော ယောန၏စိတ်ထားမျိုး ကျွန်ုပ်တို့တွင် အလွန်အလွယ်တကူ ဖြစ်ပေါ်လာနိုင်သည်။ အထူးသဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောရန် လူများ၏အိမ်သို့သွားသည့်အခါ စိတ်ဝင်စားမှုမရှိသူ၊ အတိုက်အခံပြုသူ၊ သို့မဟုတ် ရန်လိုသူများနှင့်ပင် ဆက်တိုက်တွေ့ကြုံရမည်ဆိုလျှင် ထိုသဘောထားမျိုးပေါ်လာနိုင်သည်။ ဤအစီအစဉ်စနစ်ဆိုးထဲမှ ယေဟောဝါစုသိမ်းဦးမည့်သူများကို ကျွန်ုပ်တို့ မေ့လျော့နေနိုင်သည်။ (ရောမ ၂:၄) ကျွန်ုပ်တို့ အသေအချာစစ်ဆေးရာတွင် ကျွန်ုပ်တို့၌ နိနေဝေမြို့သားများအပေါ် ယောန၏ပထမစိတ်ထားမျိုး အနည်းအကျဉ်းပင်ရှိနေကြောင်း တွေ့ရှိရလျှင် ယေဟောဝါရှုမြင်သည်နည်းတူ ကျွန်ုပ်တို့ရှုမြင်ရန် ကူညီပေးဖို့ ဆုတောင်းနိုင်သည်။
၁၃။ ယေဟောဝါသည် ယနေ့ လူများအတွက် စိုးရိမ်မကင်းဖြစ်သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
၁၃ ယေဟောဝါအား မကိုးကွယ်သေးသူများအတွက် ကိုယ်တော်စိုးရိမ်မကင်းဖြစ်တော်မူပြီး ကိုယ်တော်အား ဆက်ကပ်အပ်နှံထားသူများ၏ အသနားခံချက်များကို ကိုယ်တော်နားထောင်တော်မူ၏။ (မဿဲ ၁၀:၁၁) ဥပမာ၊ သူတို့၏ဆုတောင်းချက်များကို နားညောင်းသည့်အနေဖြင့် ‘တရားသဖြင့်ပြုတော်မူမည်။’ (လုကာ ၁၈:၇၊ ၈) ထို့ ပြင် ယေဟောဝါသတ်မှတ်ထားသောအချိန်တွင် ကတိတော်များနှင့် ရည်ရွယ်တော်မူချက်အားလုံးကို ပြည့်စုံစေတော်မူမည်။ (ဟဗက္ကုတ် ၂:၃) ယင်းတို့တွင် ဆိုးသွမ်းမှုကို နိနေဝေမြို့သားများ ပြန်လည်ပြုကျင့်ကြခြင်းကြောင့် သူတို့ကို ကိုယ်တော်ဖျက်ဆီးပစ်ခဲ့သကဲ့သို့ မကောင်းမှုမှန်သမျှကို ဖယ်ရှားခြင်းပါဝင်မည်။—နာဟုံ ၃:၅-၇။
၁၄။ ယေဟောဝါ၏နေ့ကြီးကို စောင့်မျှော်နေကြစဉ် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နေသင့်သနည်း။
၁၄ ယေဟောဝါ၏နေ့ကြီးတွင် ဤအစီအစဉ်စနစ်ဆိုးကို မဖျက်ဆီးမီအချိန်အထိ ကျွန်ုပ်တို့သည် ကိုယ်တော်၏အလိုတော်ဆောင်ခြင်း၌ အလုပ်များကာ စိတ်ရှည်စွာစောင့်မျှော်နေကြမည်လော။ ယေဟောဝါ၏နေ့မရောက်မီ ဟောပြောခြင်းလုပ်ငန်းကို မည်မျှအထိ ပြုလုပ်ဆောင်ရွက်ရမည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို ကျွန်ုပ်တို့မသိကြသော်လည်း အဆုံးမတိုင်မီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဘုရားသခင်ကျေနပ်သည်အထိ လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရမည်ကို ကျွန်ုပ်တို့သိထားကြသည်။ ထို့ပြင် ယေဟောဝါသည် မိမိ၏အိမ်တော်ကို ဆက်၍ဘုန်းနှင့်ပြည့်နေစေချိန်တွင် အိမ်တော်ထဲ ခေါ်ဆောင်ရဦးမည့် “နှစ်သက်ဖွယ်သောအရာ” များအတွက် ကျွန်ုပ်တို့ အမှန်စိုးရိမ်မကင်းဖြစ်သင့်သည်။—ဟဂ္ဂဲ ၂:၇။
ကျွန်ုပ်တို့၏လုပ်ရပ်များက ကျွန်ုပ်တို့၏ရှုမြင်ပုံကို ထင်ရှားပြ
၁၅။ ဟောပြောခြင်းလုပ်ငန်းအတွက် လေးမြတ်မှုကို အဘယ်အရာက တိုးမြှင့်စေနိုင်သနည်း။
၁၅ ဟောပြောခြင်းလုပ်ငန်းကို စိတ်ဝင်စားမှုမရှိသော ရပ်ကွက်၌ ကျွန်ုပ်တို့နေထိုင်ကာ ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများ သာ၍လိုအပ်သော ဒေသသို့ပြောင်းရွှေ့ရန်လည်း အခြေအနေကမပေးဟုဆိုပါစို့။ အဆုံးမတိုင်မီ ကျွန်ုပ်တို့ရပ်ကွက်တွင် လူဆယ်ယောက်ကိုတွေ့ရှိနိုင်သည်ဆိုပါစို့။ ထိုဆယ်ယောက်ကို ရှာဖွေထိုက်သည်ဟု သင်ယူမှတ်သလော။ ယေရှုသည် “ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်” သောလူအုပ်ကိုတွေ့၍ “သနားခြင်းစိတ်ရှိတော်မူ၏။” (မဿဲ ၉:၃၅၊ ၃၆) သမ္မာကျမ်းစာကိုလေ့လာပြီး ကင်းမျှော်စင်နှင့် နိုးလော့!ပါ ဆောင်းပါးများကို ဂရုတစိုက်ဖတ်ရှုခြင်းအားဖြင့် ဤလောက၏အခြေအနေကို ကျွန်ုပ်တို့ ပို၍ထိုးထွင်းသိမြင်နိုင်သည်။ ယင်းကတစ်ဖန် သတင်းကောင်းဟောပြောရန်လိုကြောင်း ကျွန်ုပ်တို့ ပိုသိရှိစေနိုင်သည်။ ထို့ပြင် “သစ္စာနှင့် သတိပညာရှိသောကျွန်” မှတစ်ဆင့် ပြင်ဆင်ပေးသော ကျမ်းစာအခြေပြုစာပေများကို တန်ဖိုးထားလေးမြတ်စွာ အသုံးပြုခြင်းဖြင့် မကြာခဏအမှုဆောင်ရသော ရပ်ကွက်၌ ကျွန်ုပ်တို့၏သွေးဆောင်နိုင်စွမ်းကို ပိုတိုးတက်စေနိုင်သည်။—မဿဲ ၂၄:၄၅-၄၇၊ သမ; ၂ တိမောသေ ၃:၁၄-၁၇။
၁၆။ ကျွန်ုပ်တို့ဓမ္မအမှု၏ အကျိုးဖြစ်ထွန်းမှုကို မည်သို့တိုးမြှင့်စေနိုင်သနည်း။
၁၆ အသက်ပေးသည့် ကျမ်းစာသတင်းစကားကို တုံ့ပြန်လက်ခံကြဦးမည့်သူများအတွက် ကျွန်ုပ်တို့စိုးရိမ်မကင်းဖြစ်ခြင်းက ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အိမ်ရှင်များထံ ချဉ်းကပ်နိုင်မည့်အချိန်များနှင့် နည်းမျိုးစုံကို ဆင်ခြင်သုံးသပ်ရန် လှုံ့ဆော်ပေးပေလိမ့်မည်။ ကျွန်ုပ်တို့ လည်ပတ်သွားသည့်အခါ အိမ်တွင်အိမ်ရှင်မရှိသည်ကို သတိပြုမိပါသလော။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သက်သေခံထွက်ချိန်နှင့် နေရာကိုပြောင်းပေးခြင်းအားဖြင့် ကျွန်ုပ်တို့ဓမ္မအမှု၏ အကျိုးဖြစ်ထွန်းမှုကို တိုးတက်စေနိုင်ပေမည်။ တံငါသည်များသည် ငါးရနိုင်သည့်အချိန်တွင် ငါးဖမ်းထွက်ကြသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးငါးဖမ်းခြင်းလုပ်ငန်းတွင်လည်း အလားတူလုပ်ဆောင်နိုင်ပါသလော။ (မာကု ၁:၁၆-၁၈) ညနေပိုင်းတွင် သက်သေခံထွက်ခြင်းနှင့် တယ်လီဖုန်းဖြင့်သက်သေခံခြင်းတို့ကို ပြုလုပ်ခွင့်ရှိလျှင် ထိုသို့ပြုလုပ်ရန် ကြိုးစားကြည့်ပါ။ အချို့က ကားရပ်ရန်နေရာများ၊ ထရပ်ကားများ ရပ်နားသည့်နေရာများ၊ ဓာတ်ဆီဆိုင်များနှင့် စတိုးဆိုင်ကြီးများသည် ဖြစ်ထွန်းသည့် ‘ငါးဖမ်းရာနေရာများ’ ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပြီ။ ကျွန်ုပ်တို့သည် အလွတ်သဘောသက်သေခံရန် အခွင့်အရေးများကို အရယူခြင်းဖြင့် လူတို့အပေါ် အာဗြဟံကဲ့သို့သော သဘောထားရှိကြောင်း အထင်အရှားဖော်ပြကြသည်။
၁၇။ တိုင်းတစ်ပါးတွင် အမှုဆောင်နေကြသော ခရစ်ယာန်သာသနာပြုများနှင့် အခြားသူများကို ကျွန်ုပ်တို့ အဘယ်နည်းများဖြင့် အားပေးနိုင်ကြသနည်း။
၁၇ ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို မကြားရသေးသူ သန်းနှင့်ချီရှိသေးသည်။ ကျွန်ုပ်တို့၏ ဟောပြောခြင်းလုပ်ငန်းအပြင် ထိုသို့သောသူများအတွက် စိုးရိမ်မကင်းဖြစ်ကြောင်း အိမ်ပြင်မထွက်ဘဲ တင်ပြနိုင်မည်လော။ တိုင်းတစ်ပါးတွင် အမှုဆောင်နေကြသော ခရစ်ယာန်သာသနာပြုများ၊ သို့မဟုတ် အချိန်ပြည့်ဓမ္မအမှုဆောင်များကို ကျွန်ုပ်တို့သိပါသလော။ သိမည်ဆိုလျှင် သူတို့၏လုပ်ဆောင်မှုကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြောင်း စာရေးအကြောင်းကြားနိုင်သည်။ ထိုသို့ပြုခြင်းက လူများအပေါ် ကျွန်ုပ်တို့ စိုးရိမ်မကင်းဖြစ်ကြောင်းတင်ပြရာ မည်သို့ရောက်မည်နည်း။ ကျွန်ုပ်တို့၏ အားပေး၊ ချီးမွမ်းစာများသည် ခရစ်ယာန်သာသနာပြုများအား သူတို့တာဝန်ကျရာနေရာတွင် ဆက်အမှုဆောင်ရန် အားပေးမှုဖြစ်စေနိုင်သည်၊ သို့ဖြင့် တခြားသူများစွာတို့ကို အမှန်တရားအသိပညာရရှိလာစေရန် ကူညီပေးရာရောက်သည်။ (တရားသူကြီး ၁၁:၄၀) ခရစ်ယာန် သာသနာပြုများအတွက်နှင့်၊ တိုင်းတစ်ပါးရှိ အမှန်တရားဆာမွတ်နေသူများအတွက် ကျွန်ုပ်တို့ဆုတောင်းပေးနိုင်သည်။ (ဧဖက် ၆:၁၈-၂၀) စိုးရိမ်မကင်းဖြစ်ကြောင်းတင်ပြနိုင်သည့် အခြားနည်းတစ်နည်းမှာ ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေးလှူဒါန်းခြင်းဖြင့်ဖြစ်သည်။—၂ ကောရိန္သု ၈:၁၃၊ ၁၄; ၉:၆၊ ၇။
သင်ပြောင်းရွှေ့နိုင်သလော
၁၈။ ခရစ်ယာန်အချို့သည် မိမိတို့နေထိုင်သည့်နိုင်ငံအတွင်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးတက်စေရန် အဘယ်အရာ ပြုလုပ်နိုင်ခဲ့ကြပြီနည်း။
၁၈ ဘုရားသခင့်နိုင်ငံတော်သတင်း ကြွေးကြော်သူများ သာ၍လိုအပ်နေသည့် ဒေသများသို့ ပြောင်းရွှေ့နေထိုင်နိုင်ခဲ့သူများသည် သူတို့၏ကိုယ်ကျိုးစွန့်မှုများကြောင့် ကောင်းချီးများစွာခံစားခဲ့ကြရပြီ။ အခြား ယေဟောဝါသက်သေများမှာမူ မိမိတို့၏နေရင်းဒေသတွင် နေထိုင်ရင်း တိုင်းတစ်ပါးမှ လာရောက်နေထိုင်ကြသူများကို ဝိညာဉ်ရေးအရကူညီပေးရန် ဘာသာခြားစကားကို သင်ယူခဲ့ကြပြီ။ ထိုကဲ့သို့သော ကြိုးစားအားထုတ်မှုများသည် အမှန်ပင် များစွာအကျိုးဖြစ်ထွန်းသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှ တရုတ်လူမျိုးများကို အကူအညီပေးခဲ့ကြသော သက်သေခံခုနစ်ဦးသည် ၂၀၀၁ ခုနှစ်၊ သခင့်ညစာစားပွဲတက်ရောက်သူ ၁၁၄ ဦးကို ကြိုဆိုနိုင်ခဲ့သည်။ ထိုကဲ့သို့သော အုပ်စုများကို ကူညီပေးနေကြသူများသည် စပါးရိတ်ရန်အသင့်ဖြစ်နေသော လယ်ကွင်းများကို ရှာတွေ့ခဲ့ကြပြီ။—မဿဲ ၉:၃၇၊ ၃၈။
၁၉။ သင်သည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်း တိုးချဲ့ရန် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့နေထိုင်ဖို့ ရည်ရွယ်ချက်ရှိမည်ဆိုပါက အဘယ်အရာပြုလုပ်လျှင် ကောင်းမည်နည်း။
၁၉ သင်နှင့်သင့်မိသားစုသည် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူများ သာ၍လိုအပ်သည့် ဒေသတစ်ခုခုသို့ ပြောင်းရွှေ့နိုင်သည့် အခြေအနေမျိုးတွင်ရှိသည်ဆိုပါစို့။ ‘ရှေးဦးစွာထိုင်၍ ကုန်စရိတ်ကိုချင့်တွက်’ ခြင်းသည် အမှန်ပင်ပညာရှိရာရောက်သည်။ (လုကာ ၁၄:၂၈) အထူးသဖြင့် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့ရန် စဉ်းစားနေသူ ဖြစ်မည်ဆိုလျှင် ယင်းသို့ချင့်တွက်သင့်သည်။ ထိုသို့ပြောင်းရွှေ့နိုင်မည်ဟု ထင်သူများသည် မိမိကိုယ်ကို ဤမေးခွန်းများ မေးသင့်သည်– ‘ငါ့ရဲ့မိသားစုကို ထောက်ပံ့ကျွေးမွေးနိုင်မလား။ သင့်တော်တဲ့ ပြည်ဝင်ခွင့်ဗီဇာရနိုင်မလား။ အဲ့ဒီနိုင်ငံရဲ့ ဘာသာစကားကို ငါပြောတတ်သလား၊ ဒါမှမဟုတ် သင်ယူချင်စိတ်ရှိသလား။ အဲ့ဒီနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုတွေကိုရော ထည့်စဉ်းစားထားသလား။ အဲ့ဒီနိုင်ငံမှာရှိတဲ့ ယုံကြည်သူချင်းတွေအတွက် ဝန်ထုပ်တစ်ခုမဟုတ်ဘဲ “ခွန်အားရှိစေသော အထောက်အကူ” တကယ်ဖြစ်နိုင်မလား။’ (ကောလောသဲ ၄:၁၀၊ ၁၁၊ ကဘ) သင်,ပြောင်းရွှေ့နေထိုင်ရန် စဉ်းစားထားသည့်နိုင်ငံတွင် အကူအညီမည်မျှလိုအပ်နေသည်ကို သိရှိရန် ထိုဒေသ၌ ဟောပြောခြင်းလုပ်ငန်းကို ဦးစီးနေသော ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ စာရေးမေးမြန်းခြင်းသည် အစဉ်သဖြင့် သင့်လျော်သည်။ *
၂၀။ ခရစ်ယာန်လူငယ်တစ်ဦးသည် တိုင်းတစ်ပါးရှိ ယုံကြည်သူများနှင့် အခြားသူများ၏အကျိုးကိုသယ်ပိုးရန် မည်သို့အသုံးခံခဲ့သနည်း။
၂၀ ဂျပန်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ရေး၌ ပါဝင်ခဲ့သူ ခရစ်ယာန်တစ်ဦးသည် ပါရာဂွေးနိုင်ငံတွင် ဝတ်ပြုကိုးကွယ်ရာနေရာဆောက်လုပ်ရန် အရည်အချင်းပြည့်မီသော လုပ်သားများလိုအပ်ကြောင်း သိရှိခဲ့သည်။ သူသည် တစ်ကိုယ်ရေဖြစ်ပြီး လူငယ့်အစွမ်းခွန်အားရှိသူဖြစ်ရာ ထိုနိုင်ငံသို့ပြောင်းရွှေ့သွားကာ ဆောက်လုပ်ရေးစီမံကိန်းတွင် တစ်ဦးတည်းသော အချိန်ပြည့်လုပ်သားအဖြစ် ရှစ်လကြာအမှုဆောင်ခဲ့သည်။ ထိုတွင်သူနေထိုင်စဉ် စပိန်ဘာသာစကား သင်ယူခဲ့ပြီး အိမ်တွင်းကျမ်းစာသင်အံမှုများ ကျင်းပခဲ့သည်။ ထိုနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်သူများ လိုအပ်ကြောင်း သူတွေ့ရှိခဲ့သည်။ ဂျပန်နိုင်ငံသို့ သူပြန်သွားခဲ့သော်လည်း မကြာမီ ပါရာဂွေးနိုင်ငံသို့ ပြန်သွားပြီး သူကိုယ်တိုင်ဆောက်လုပ်ခဲ့သော ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ လူများစွာကို စုသိမ်းပို့ဆောင်ပေးခဲ့သည်။
၂၁။ ယေဟောဝါ၏နေ့ကြီးကို စောင့်မျှော်နေစဉ် ကျွန်ုပ်တို့ အဓိကစိုးရိမ်မကင်းဖြစ်သင့်သည့်အရာနှင့် ရှုမြင်ပုံမှာ အဘယ်အရာဖြစ်သင့်သနည်း။
၂၁ ဘုရားသခင်သည် ကိုယ်တော်၏အလိုတော်နှင့်အညီ ဟောပြောခြင်းလုပ်ငန်းကို အပြည့်အဝလုပ်ဆောင်စေတော်မူမည်။ ယနေ့ ကိုယ်တော်သည် အပြီးသတ်ဝိညာဉ်ရေးရိတ်သိမ်းခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်လျက်ရှိသည်။ (ဟေရှာယ ၆၀:၂၂) ယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့စောင့်မျှော်နေစဉ် ရိတ်သိမ်းခြင်းလုပ်ငန်းတွင် ဇွဲလုံ့လနှင့်ပါဝင်ဆောင်ရွက်ကာ လူများကို မေတ္တာရှင်ဘုရားသခင် ရှုမြင်သကဲ့သို့ ရှုမြင်ကြစို့။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 19 ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားသော၊ သို့မဟုတ် ကန့်သတ်ချုပ်ချယ်ထားသော နိုင်ငံတစ်ခုခုသို့ ပြောင်းရွှေ့နေထိုင်ခြင်းသည် သင့်အတွက် အမြဲအထောက်အကူမဖြစ်စေပါ။ ထိုသို့ပြောင်းရွှေ့သွားမည်ဆိုလျှင် ၎င်းအခြေအနေများအောက် ပညာသတိနှင့် အမှုဆောင်နေကြသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူများကိုပင် အခက်တွေ့စေနိုင်သည်။
သင်မှတ်မိသလော
• ယေဟောဝါ၏နေ့ကို စောင့်မျှော်နေစဉ် လူများကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။
• သောဒုံမြို့တွင်ရှိကောင်းရှိမည့် ဖြောင့်မတ်သူများကို အာဗြဟံ မည်သို့ ရှုမြင်သနည်း။
• နောင်တယူသော နိနေဝေမြို့သားများကို ယောန မည်သို့ ရှုမြင်ခဲ့သနည်း။
• သတင်းကောင်း မကြားရသေးသူများကို ယေဟောဝါရှုမြင် သကဲ့သို့ ကျွန်ုပ်တို့ ရှုမြင်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အာဗြဟံသည် လူများကို ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်ခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယောနသည် နောင်တရသော နိနေဝေမြို့သားများကို ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်တတ်လာ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
လူများအတွက် စိုးရိမ်မကင်းဖြစ်မှုက သတင်းကောင်းဟောရန် အချိန်အခါများနှင့် နည်းလမ်းများကို ကျွန်ုပ်တို့အား သုံးသပ်စေ