မသန်မစွမ်းမှု အမျိုးမျိုး
မသန်မစွမ်းမှု အမျိုးမျိုး
အာဖရိကနိုင်ငံတစ်နိုင်ငံတွင် နေထိုင်သော ခရစ်ရှန်ဆိုသူကို စစ်သားများက ဖမ်းဆီး၍ စစ်ထဲသွင်းရန် အတင်းကြိုးစားခဲ့ကြသော်လည်း ကျမ်းစာဖြင့်လေ့ကျင့်ထားသော သူ၏သိစိတ်ကြောင့် အလျှော့ပေးလိုက်လျောခြင်းမရှိခဲ့ချေ။ ထို့ကြောင့် စစ်သားများသည် ခရစ်ရှန်ကို စစ်စခန်းသို့ခေါ်ဆောင်သွားပြီး ထိုတွင် လေးရက်တိုင်ရိုက်နှက်၍ သူတို့ထဲမှတစ်ဦးက သူ၏ခြေထောက်ကို သေနတ်နှင့်ပစ်လိုက်သည်။ ခရစ်ရှန်သည် ဆေးရုံသို့ရောက်သွားသော်လည်း သူ၏ခြေထောက်ကို ဒူးဆစ်အောက်ပိုင်းမှ ဖြတ်လိုက်ရ၏။ အာဖရိကရှိ အခြားနိုင်ငံတစ်နိုင်ငံတွင် ကလေးငယ်များ၏ ခြေတံလက်တံများကိုပင် လက်နက်ကိုင်သူပုန်များက ဖြတ်ပစ်ခဲ့ကြသည်။ ကမ္ဘောဒီးယားမှ ဘော်လ်ကန်အထိ၊ အာဖဂန်နစ္စတန်မှ အင်ဂိုလာအထိ မြေမြှုပ်ဗုံးများကြောင့် လူကြီးလူငယ်မရွေး ခြေလက်ပြတ်ကာ မသန်မစွမ်းဘဝ ရောက်ရရှာသည်။
မတော်တဆဖြစ်ပျက်မှု၊ ဆီးချိုရောဂါကဲ့သို့သော ရောဂါတို့ကြောင့်လည်း လူများစွာသေဆုံးနေကြ၏။ ပတ်ဝန်းကျင်ရှိ အဆိပ်များပင်လျှင် မသန်မစွမ်းဖြစ်စေနိုင်သည်။ ဥပမာ၊ အရှေ့ဥရောပမြို့တစ်မြို့တွင် ကပ်လျက်ရှိသောရပ်ကွက်များမှ ကလေးအတော်များများသည် လက်ဖျံတစ်ဖက်မပါဘဲ မွေးဖွားလာခဲ့ကြသည်။ သူတို့၏ တံတောင်ဆစ်အောက်ပိုင်းတွင် လက်ငုတ်တိုလေးသာ ရှိကြသည်။ စစ်ဆေးကြည့်ရာ ဓာတုညစ်ညမ်းမှုကြောင့် မျိုးရိုးဗီဇပျက်စီးခဲ့သည်ကို သိရှိရ၏။ မရေမတွက်နိုင်သော အခြားသူများမှာမူ သူတို့၏ခြေတံလက်တံအားလုံး စုံသော်လည်း သွက်ချာပါဒ သို့မဟုတ် အခြားရောဂါတစ်ခုခုကြောင့် မသန်မစွမ်းဖြစ်နေရရှာ၏။ မသန်မစွမ်းမှုသည် အမှန်တကယ်ပင် အကန့်အသတ်မရှိချေ။
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ မသန်မစွမ်းမှုများသည် ဝမ်းနည်းကြေကွဲစရာပင်ဖြစ်၏။ အသက် ၂၀ အရွယ်တွင် ဂျူနီယာသည် သူ၏ဘယ်ဘက်ခြေထောက်အောက်ပိုင်းကို ဖြတ်လိုက်ရသည်။ သူက “ကျွန်တော်အတော်လေးကို စိတ်ဆင်းရဲခဲ့တယ်။ ကျွန်တော့်မှာ ခြေထောက်တစ်ဖက် ဘယ်တော့မှရှိမှာ မဟုတ်တော့ဘူးဆိုပြီး ကျွန်တော်ခဏခဏငိုခဲ့ရတယ်။ ဘာလုပ်ရမှန်းမသိဘူး။ တကယ်ကိုစိတ်ရှုပ်ခဲ့တာ” ဟုနောက်ပိုင်းတွင် ပြောပြခဲ့သည်။ သို့ရာတွင် အချိန်တန်လေသော် ဂျူနီယာ၏စိတ်ထားသည် သိသိသာသာပြောင်းလဲသွား၏။ သူသည် ကျမ်းစာစလေ့လာခဲ့ရာ ခံနိုင်ရည်ရှိလာရုံမက ဤကမ္ဘာမြေကြီးပေါ်တွင်ပင် ပျော်ရွှင်ဖွယ်အနာဂတ်မျှော်လင့်ချက်ရှိကြောင်း သိရှိလာ၏။ အကယ်၍ သင်သည် မသန်မစွမ်းဖြစ်နေလျှင် ထိုမျှော်လင့်ချက်ကို အသင်လည်း ရလိုပါသလော။
သို့ဆိုလျှင် နောက်ဆောင်းပါးကို ကျေးဇူးပြု၍ ဖတ်ရှုပါ။ ဖန်ဆင်းရှင်၏ရည်ရွယ်ချက်ကိုသိလာပြီး ၎င်းနှင့်အညီအသက်ရှင်ရန် မိမိတို့ဘဝကိုပြုပြင်သူများအတွက် အနာဂတ်တွင် ကိုယ်တော်အဘယ်အရာပြုလုပ်ပေးမည်ကိုသိနိုင်ဖို့ သင်၏ကိုယ်ပိုင်ကျမ်းစာမှ ကျမ်းစာရည်ညွှန်းချက်များကို ဖွင့်ကြည့်ပါဟု ကျွန်ုပ်တို့အကြံပြုပါသည်။