“ငါ့ထံ၌နည်းခံကြလော့”
“ငါ့ထံ၌နည်းခံကြလော့”
“ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။”—မဿဲ ၁၁:၂၉၊ ကဘ။
၁။ ယေရှုထံမှသင်ယူခြင်းသည် အဘယ်ကြောင့်နှစ်လိုဖွယ်ဖြစ်၍ ပိုပြည့်ဝစေနိုင်သနည်း။
ယေရှုခရစ်သည် အစဉ်သဖြင့် သင့်လျော်စွာ စဉ်းစား၊ သွန်သင်၍ ပြုမူတော်မူခဲ့သည်။ ကိုယ်တော်မြေကြီးပေါ် အသက်ရှင်ခဲ့ချိန်သည် တိုတောင်းသော်လည်း အကျိုးဖြစ်ထွန်း၍ ကျေနပ်ဖွယ်ကောင်းသောလုပ်ငန်း၌ မွေ့လျော်တော်မူခဲ့ပြီး ပျော်ရွှင်ခဲ့သည်။ တပည့်တော်များကို ကိုယ်တော်ရွေးချယ်၍ ဘုရားသခင်အား မည်သို့ဝတ်ပြုရန်၊ လူသားတို့ကိုချစ်ရန် လောကကိုအောင်နိုင်ရန် သွန်သင်ပေးတော်မူခဲ့သည်။ (ယောဟန် ၁၆:၃၃) ကိုယ်တော်သည် သူတို့၏နှလုံးကို မျှော်လင့်ချက်ဖြင့်ပြည့်စေပြီး “အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစေ” ခဲ့သည်။ (၂ တိမောသေ ၁:၁၀) အသင်သည် သင့်ကိုသင် ကိုယ်တော့်တပည့်တစ်ဦးအဖြစ်သတ်မှတ်လျှင် တပည့်ဟူသည် အဘယ်အရာဖြစ်သည်ဟု သင်ထင်သနည်း။ တပည့်တော်များနှင့်ပတ်သက်၍ ယေရှုမိန့်ဆိုရာကို သုံးသပ်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့၏ဘဝကို မည်သို့ပို၍ပြည့်ဝစေနိုင်ကြောင်း သင်ယူနိုင်သည်။ ထိုတွင် ကိုယ်တော့်ရှုမြင်ပုံကိုလက်ခံ၍ အခြေခံမူအချို့ကို ကျင့်သုံးခြင်းပါဝင်သည်။—မဿဲ ၁၀:၂၄၊ ၂၅; လုကာ ၁၄:၂၆၊ ၂၇; ယောဟန် ၈:၃၁၊ ၃၂; ၁၃:၃၅; ၁၅:၈။
၂၊ ၃။ (က) ယေရှု၏တပည့်ဟူသည် အဘယ်နည်း။ (ခ) ‘ကျွန်ုပ်သည် အဘယ်သူ၏တပည့်ဖြစ်နေပြီနည်း’ ဟုမိမိကိုယ်ကိုမေးဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၂ ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် “တပည့်” ဟုပြန်ဆိုထားသောစကားလုံးသည် အခြေခံအားဖြင့် တစ်စုံတစ်ခုကိုအာရုံစူးစိုက်သူ သို့မဟုတ် သင်ယူသူကိုဆိုလိုသည်။ သက်ဆိုင်ရာစကားလုံးတစ်လုံးကို ကျွန်ုပ်တို့၏အဓိကကျမ်းချက်ဖြစ်သော မဿဲ ၁၁:၂၉ (ကဘ) တွင်တွေ့ရှိရသည်– “ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။” မှန်ပါသည်၊ တပည့်တစ်ဦးသည် နည်းခံသင်ယူသူတစ်ဦးဖြစ်၏။ ခရစ်ဝင်ကျမ်းများက “တပည့်” ဟူသောစကားလုံးကို ယေရှု၏ရင်းနှီးသောနောက်လိုက်များနှင့်စပ်လျဉ်း၍ အသုံးပြုလေ့ရှိသည်၊ သူတို့သည် ကိုယ်တော်လှည့်လည်ဟောပြောချိန်တွင် အတူလိုက်ပါ၍ ကိုယ်တော်၏သွန်သင်မှုကို ခံယူသူများဖြစ်ကြသည်။ အချို့သူတို့သည် ယေရှု၏ သွန်သင်ချက်များကို လက်ခံကြောင်း လျှို့ဝှက်ထားကြ၏။ (လုကာ ၆:၁၇; ယောဟန် ၁၉:၃၈) ခရစ်ဝင်ကျမ်းရေးသူများသည် “ယောဟန် [နှစ်ခြင်းဆရာ] ၏တပည့်တို့နှင့် ဖာရိရှဲတို့၏တပည့်တို့” ဟူ၍လည်းဖော်ပြခဲ့သည်။ (မာကု ၂:၁၈) “ဖာရိရှဲ . . . တို့၏ [သွန်သင်ချက်] ကိုကြဉ်ရှောင်” ရန်ယေရှုသတိပေးခဲ့သည်ဖြစ်ရာ ‘ကျွန်ုပ်သည် အဘယ်သူ၏တပည့်ဖြစ်နေပြီနည်း’ ဟုမိမိကိုယ်ကိုမေးမြန်းနိုင်သည်။—မဿဲ ၁၆:၁၂။
၃ ကျွန်ုပ်တို့သည် ယေရှု၏တပည့်များဖြစ်ကြမည်၊ ကိုယ်တော့်ထံမှသင်ယူခဲ့ကြပြီဆိုလျှင် အခြားသူတို့သည် ကျွန်ုပ်တို့နှင့်ပေါင်းသင်းရခြင်းမှ ဝိညာဉ်ရေးလန်းဆန်းမှုရသင့်သည်။ ကျွန်ုပ်တို့သည် ပို၍နူးညံ့သိမ်မွေ့နှိမ့်ချမှုရှိသူများဖြစ်လာကြောင်း သူတို့တွေ့မြင်သင့်သည်။ ကျွန်ုပ်တို့သည် အလုပ်ခွင်တွင် စီမံခန့်ခွဲရသောတာဝန်များရှိမည်၊ မိဘများဖြစ်မည်၊ သို့မဟုတ် ခရစ်ယာန်အသင်းတော်တွင် သိုးထိန်းတာဝန်များရှိမည်ဆိုလျှင် ကျွန်ုပ်တို့ဂရုစိုက်ကြည့်ရှုရသူတို့က ယေရှုပြုမူသကဲ့သို့ သူတို့ကို ကျွန်ုပ်တို့ပြုမူဆက်ဆံသည်ဟု ခံစားကြရပါသလော။
လူတို့နှင့် ယေရှုဆက်ဆံခဲ့ပုံ
၄၊ ၅။ (က) ပြဿနာများရှိသူတို့နှင့် ယေရှုဆက်ဆံခဲ့ပုံကိုသိဖို့ အဘယ်ကြောင့်မခက်ခဲသနည်း။ (ခ) ဖာရိရှဲတစ်ဦး၏နေအိမ်တွင် ယေရှုညစာစားနေစဉ် အဘယ်အမှုကိုတွေ့ကြုံခဲ့ရသနည်း။
၄ လူတို့နှင့်၊ အထူးသဖြင့် ကြီးလေးသောပြဿနာရှိသူတို့နှင့် ယေရှုဆက်ဆံခဲ့ပုံကို ကျွန်ုပ်တို့သိထားဖို့လိုသည်။ ယင်းကိုသင်ယူရန် မခက်ခဲသင့်ပေ; ယေရှုသည် ပူပင်သောကရောက်နေသူများအပါအဝင် အခြားသူများနှင့် မည်သို့ဆက်ဆံခဲ့ကြောင်း သမ္မာကျမ်းစာတွင်များစွာဖော်ပြထား၏။ အလားတူပြဿနာများရှိသူတို့နှင့် ဘာသာရေးခေါင်းဆောင်များ၊ အထူးသဖြင့် ဖာရိရှဲများ မည်သို့ဆက်ဆံခဲ့သည်ကိုလည်း အကဲခတ်ကြည့်ကြစို့။ ၎င်းကွာခြားမှုက ပို၍သိရှိစေပါလိမ့်မည်။
၅ စီ.အီး. ၃၁ ခုနှစ်တွင် ဂါလိလဲနယ်၌ ယေရှုလှည့်လည်ဟောပြောစဉ် “ဖာရိရှဲတစ်ယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော် [ယေရှု] ကိုခေါ်ပင့်” လေ၏။ ယေရှုသည် ဖိတ်ခေါ်ချက်ကိုမတွန့်မဆုတ်လက်ခံခဲ့သည်။ “ထိုဖာရိရှဲ၏အိမ်သို့ကြွ၍ စားပွဲ၌လျောင်းတော်မူ၏။ ထိုသို့စားပွဲ၌လျောင်းတော်မူသည်ကို ထိုမြို့၌ဆိုးသော [“အပြစ်ရှိသော၊” ကဘ] မိန်းမတစ်ယောက်သည်သိလျှင်၊ ဆီမွှေးကျောက်ဖြူခွက်တစ်လုံးကိုယူခဲ့၍၊ နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်းနမ်း၍ ဆီမွှေးနှင့်လိမ်းလျက်နေလေ၏။”—၆။ ‘အပြစ်ရှိ’ သောအမျိုးသမီးသည် ဖာရိရှဲအိမ်တွင် အဘယ်ကြောင့်ရောက်ရှိနေနိုင်သနည်း။
၆ ယင်းကို သင်မြင်ယောင်ကြည့်နိုင်သလော။ ကိုးကားဖော်ပြချက်တစ်ခုက ဤသို့ဆို၏– “၎င်းအမျိုးသမီး (အခန်းငယ် ၃၇) သည် ထိုသို့သောစားသောက်ပွဲကြီးတစ်ခုမှ ကျန်ကြွင်းရာကိုစားဖို့ ဆင်းရဲသားများအား လာခွင့်ပြုသော လူမှုရေးထုံးစံကို အခွင့်ကောင်းယူခဲ့သည်။” ယင်းက ခေါ်ဖိတ်မခံရဘဲ လူတစ်ဦး မည်သို့ရောက်ရှိနိုင်ကြောင်း ရှင်းပြပေမည်။ စားသောက်ပွဲအပြီးတွင် အကြွင်းအကျန်စုသိမ်းလိုသော အခြားသူများလည်းရှိပေမည်။ သို့သော် ဤအမျိုးသမီး၏ပြုမူပုံမှာ ထူးဆန်း၏။ သူသည် ညစာစားသောက်ပြီးသည်အထိ ဘေးတွင် ရပ်စောင့်မနေခဲ့ပါ။ သူသည် ‘အပြစ်ရှိ’ သူအဖြစ် နာမည်ပျက်ရရှိထားရာ ယေရှုက သူ၌ “များစွာသောအပြစ် [ရှိခဲ့]” သည်ကို မိမိသိကြောင်းဖော်ပြခဲ့သည်။—လုကာ ၇:၄၇။
၇၊ ၈။ (က) လုကာ ၇:၃၆-၃၈ တွင်မှတ်တမ်းတင်ထားသော အခြေအနေမျိုးအောက်တွင် ကျွန်ုပ်တို့မည်သို့တုံ့ပြန်ခဲ့ကြမည်နည်း။ (ခ) ရှိမုန် မည်သို့တုံ့ပြန်ခဲ့သနည်း။
၇ ထိုခေတ်၌ သင်အသက်ရှင်ခဲ့၍ ယေရှု၏နေရာတွင်ရှိနေသည်ဆိုကြပါစို့။ သင်မည်သို့တုံ့ပြန်ခဲ့မည်နည်း။ ဤအမျိုးသမီး သင့်ထံသို့ချဉ်းကပ်လာသည့်အခါ စိတ်ကသိကအောက်ဖြစ်မည်လော။ ထိုသို့သောအခြေအနေမျိုးက သင့်ကိုမည်သို့ထိခိုက်မည်နည်း။ (လုကာ ၇:၄၅) အထိတ်တလန့်ဖြစ်မည်လော။
၈ သင်သည် ဧည့်သည်တစ်ဦးဖြစ်ခဲ့လျှင် သင်၏အတွေးသည် ဖာရိရှဲရှိမုန်၏အတွေးနှင့် ခပ်ဆင်ဆင်ဖြစ်မည်လော။ “[ယေရှု] ကိုခေါ်ပင့်သောဖာရိရှဲသည်မြင်လေသော်၊ ‘ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကိုသိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏’ ဟုထင်မှတ်၏။” (လုကာ ၇:၃၉) ယေရှုမူကား အလွန်သနားကြင်နာတတ်သူတစ်ဦးဖြစ်၏။ ကိုယ်တော်သည် ထိုအမျိုးသမီး၏အခြေအနေကို နားလည်ပြီး သူစိတ်ဆင်းရဲနေရကြောင်း သတိပြုမိသည်။ အပြစ်သားဘဝသို့ သူမည်သို့ရောက်သွားကြောင်း ကျွန်ုပ်တို့မသိရပါ။ သူသည် ပြည့်တန်ဆာအမှန်ဖြစ်ခဲ့လျှင် ဘာသာတရားကိုင်းရှိုင်းသော ဂျူးအမျိုးသားများသည် သူ့ကိုမကူညီခဲ့ကြောင်းထင်ရှားသည်။
၉။ ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း၊ အဘယ်အရာဖြစ်ပျက်နိုင်ခဲ့သနည်း။
၉ သို့သော် သူ့ကိုယေရှုကူညီပေးလိုခဲ့သည်။ ကိုယ်တော်က “သင်သည် အပြစ်တို့နှင့်လွတ်လေပြီ” ဟုသူ့ကိုပြောပြီးနောက် “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့” ဟုထပ်၍မိန့်ဆိုခဲ့သည်။ (လုကာ ၇:၄၈-၅၀) ဤတွင် မှတ်တမ်းပြီးဆုံးသွားသည်။ သို့သော် အချို့က ထိုအမျိုးသမီးကို ယေရှုသိပ်အကူအညီမပေးခဲ့ဟု ပြောကောင်းပြောပေမည်။ အမှန်မှာ ကိုယ်တော်သည် သူ့ကိုကောင်းချီးပေး၍ ပြန်လွှတ်လိုက်ခဲ့မည်သာ။ သူ၏အထင်အမြင်သေးဖွယ် ဘဝလမ်းစဉ်သို့ ပြန်သွားလိမ့်မည်လော။ တပ်အပ်မပြောနိုင်သော်လည်း လုကာမည်သို့ဆက်ပြောသည်ကို သတိပြုပါ။ ယေရှုသည် “မြို့ရွာအစဉ်အတိုင်း . . . လှည့်လည်၍ ဘုရားသခင့်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ” ကြောင်းသူပြောပြသည်။ ထို့အပြင် “မိန်းမအချို့” သည် ယေရှုနှင့် ကိုယ်တော့်တပည့်တော်များနှင့်အတူရှိပြီး ‘မိမိတို့ဥစ္စာကိုလှူ၍ သူတို့ကိုလုပ်ကျွေး” ကြကြောင်းကိုလည်း လုကာမှတ်တမ်းတင်ခဲ့သည်။ ဖြစ်နိုင်ခြေရှိသည်မှာ နောင်တရပြီး ကျေးဇူးသိတတ်သည့် ဤအမျိုးသမီးသည် ကြည်လင်သောသိစိတ်ဖြင့် ဘုရားသခင်နှစ်သက်သောဘဝလမ်းစဉ်ကိုစတင်ခဲ့ရာ ယခုသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပေမည်၊ သူ့မှာ ပြန်လည်သစ်ဆန်းခဲ့သော ရည်ရွယ်ချက်ရှိပြီး ဘုရားသခင်ကိုပိုမိုချစ်မြတ်နိုးနေပေမည်။—လုကာ ၈:၁-၃။
ယေရှုနှင့် ဖာရိရှဲများ ကွာခြားပုံ
၁၀။ ယေရှုနှင့် ရှိမုန်၏နေအိမ်မှအမျိုးသမီး၏မှတ်တမ်းကို သုံးသပ်ခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
၁၀ ဤထူးခြားသောမှတ်တမ်းမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။ ယင်းက ကျွန်ုပ်တို့ကိုစိတ်လှုပ်ရှားစေသည်မဟုတ်လော။ ရှိမုန်၏နေအိမ်၌ သင့်ကိုယ်သင်မြင်ယောင်ကြည့်ပါ။ သင်မည်သို့ခံစားရမည်နည်း။ ယေရှုကဲ့သို့ သင်တုံ့ပြန်မည်လော သို့မဟုတ် အိမ်ရှင်ဖြစ်သူ ထိုဖာရိရှဲ၏စိတ်ထားအနည်းငယ် သင်၌ရှိမည်လော။ ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်သောကြောင့် ကိုယ်တော်ကဲ့သို့ ကျွန်ုပ်တို့ထပ်တူခံစား၍ ပြုမူမည်မဟုတ်ပါ။ အခြားတစ်ဖက်တွင်မူ ဖာရိရှဲဖြစ်သူ ရှိမုန်နှင့်တူလိုကြမည်မဟုတ်ပေ။ ဖာရိရှဲတစ်ဦးဖြစ်ခြင်းကို ဂုဏ်ယူမည့်သူနည်းပါလိမ့်မည်။
၁၁။ ကျွန်ုပ်တို့သည် ဖာရိရှဲများနှင့် တစ်တန်းစားတည်း အဘယ်ကြောင့်မဖြစ်လိုကြသနည်း။
၁၁ ကျမ်းစာနှင့် လောကသမိုင်းအထောက်အထားများကို လေ့လာကြည့်ရာတွင် ဖာရိရှဲများသည် လူထုနှင့် တိုင်းပြည်အကျိုးကို ဆောင်သူများအဖြစ် မိမိတို့ကိုယ်ကိုယူမှတ်ကြကြောင်း နားလည်ရသည်။ ဘုရားသခင့်ပညတ်တော်သည် အခြေခံအားဖြင့် ရှင်းလင်းပြတ်သားပြီး *
နားလည်ရလွယ်ကူသည်ကို သူတို့ဘဝင်မကျခဲ့ကြချေ။ ပညတ်တရားသည် ယတိပြတ်တင်ပြထားပုံမရှိသည့်အခါတိုင်းတွင် သိစိတ်ကိုအသုံးပြုဖို့ လိုအပ်မှုကိုဖယ်ရှားရန် ပြဋ္ဌာန်းချက်များဖြင့် ထပ်ဆင့်ထည့်သွင်းရန် သူတို့ကြိုးပမ်းခဲ့ကြသည်။ ဤဘာသာရေးခေါင်းဆောင်များသည် ကိစ္စရပ်တိုင်း၌ အမူအကျင့်ကိုထိန်းချုပ်ရန် အသေးအဖွဲကိစ္စများတွင်ပင် ပညတ်ချက်ထုတ်ဖို့ကြိုးစားခဲ့ကြသည်။၁၂။ ဖာရိရှဲများသည် မိမိတို့ကိုယ်ကို မည်သို့ရှုမြင်ခဲ့ကြသနည်း။
၁၂ ဖာရိရှဲများသည် သူတို့ကိုယ်ကိုသူတို့ သနားကြင်နာသူ၊ တရားမျှတသူ၊ သူတို့၏လုပ်ငန်းအတွက် အရည်အချင်းပြည့်မီသူများဖြစ်ကြသည်ဟု ယူမှတ်ကြကြောင်း ပထမရာစုဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်က အထင်အရှားဖော်ပြသည်။ သူတို့ထဲမှအချို့သည် ထိုသို့ဖြစ်ကောင်းဖြစ်မည်မှန်၏။ ဤတွင် နိကောဒင်ကို သင်မှတ်မိပေမည်။ (ယောဟန် ၃:၁၊ ၂; ၇:၅၀၊ ၅၁) အတန်ကြာသော် သူတို့ထဲမှအချို့သည် ခရစ်ယာန်လမ်းစဉ်ကို တလိုတလားလက်ခံခဲ့ကြသည်။ (တမန်တော် ၁၅:၅) ဖာရိရှဲများအစရှိသည့် ဂျူးအချို့နှင့်ပတ်သက်၍ ခရစ်ယာန်တမန်တော်ပေါလုက “ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်” ဟုရေးသားခဲ့၏။ (ရောမ ၁၀:၂) သို့ရာတွင် လူအများက သူတို့ကို မာနထောင်လွှားသော၊ မောက်မာသော၊ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သော၊ အပြစ်ရှာသော၊ တရားစီရင်လိုသော သူတစ်ဖက်သားကိုနှိမ်တတ်သောသူများအဖြစ် ရှုမြင်ကြကြောင်း ခရစ်ဝင်ကျမ်းများက ဖော်ပြသည်။
ယေရှု၏ရှုမြင်ပုံ
၁၃။ ယေရှုသည် ဖာရိရှဲများနှင့်ပတ်သက်၍ အဘယ်အရာပြောဆိုခဲ့သနည်း။
၁၃ ကျမ်းတတ်များနှင့် ဖာရိရှဲများသည် ကြောင်သူတော်များဖြစ်၏ဟု ယေရှုပြစ်တင်ရှုတ်ချခဲ့သည်။ “သူတို့သည် . . . အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာတင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှမရွှေ့လိုကြ။” လူတို့အပေါ် သူတို့တင်သောဝန်မှာ လေးပင်၍ ထမ်းပိုးမှာ ကြမ်းတမ်းလေ့ရှိသည်။ ကျမ်းတတ်များနှင့် ဖာရိရှဲများကို ယေရှုက “လူမိုက် . . . မဿဲ ၂၃:၁-၄၊ ၁၆၊ ၁၇၊ ၂၃။
တို့” ဟူ၍ပင်ခေါ်ဆိုခဲ့သေးသည်။ လူမိုက်တစ်ဦးသည် ပြည်သူပြည်သားတို့အတွက် အန္တရာယ်ဖြစ်၏။ ကျမ်းတတ်များနှင့် ဖာရိရှဲများကို ယေရှုက “လမ်းပြသောလူကန်းတို့” ဟူ၍လည်းခေါ်ဆို၍ သူတို့သည် “တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ [တည်ကြည်] ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ” ၏ဟု အတိအလင်းပြောဆိုခဲ့သည်။ ဖာရိရှဲဆန်သည်ဟု ယေရှုယူမှတ်သည်ကို မည်သူခံလိုမည်နည်း။—၁၄၊ ၁၅။ (က) မဿဲလေဝိနှင့် ယေရှုဆက်ဆံပုံတို့က ဖာရိရှဲတို့အကြောင်း အဘယ်အရာကိုဖော်ပြသနည်း။ (ခ) ဤမှတ်တမ်းမှ အဘယ်အရေးကြီးသောသင်ခန်းစာများကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။
၁၄ ခရစ်ဝင်ကျမ်းမှတ်တမ်းများ ဖတ်ရှုသူအားလုံးနီးပါးသည် ဖာရိရှဲအများစု၏ အပြစ်ရှာတတ်သောသဘောကို တွေ့မြင်နိုင်သည်။ အခွန်ခံမဿဲလေဝိကို တပည့်တစ်ဦးဖြစ်လာရန် ယေရှုဖိတ်ခေါ်ပြီးနောက် လေဝိသည် ကိုယ်တော်အတွက် ဧည့်ခံပွဲကြီးတစ်ခုတည်ခင်းခဲ့သည်။ မှတ်တမ်းကဤသို့ဆို၏– “ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က၊ ‘သင်တို့သည်အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့်စားသောက်ကြသနည်း’ ဟု တပည့်တော်တို့ကို ကဲ့ရဲ့ပြစ်တင်ကြ၏။ ယေရှုကလည်း၊ ‘. . . ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကိုခေါ်ခြင်းငှာ ငါလာသတည်း’ ဟု မိန့်တော်မူ၏။”—လုကာ ၅:၂၇-၃၂။
၁၅ လေဝိကိုယ်တိုင်လည်း ထိုအချိန်တွင် ယေရှုမိန့်ဆိုခဲ့သော ဤစကားကို သဘောပေါက်ခဲ့သည်– “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ ဟူသောကျမ်းစကားကိုနားလည်ခြင်းငှာ သင်တို့သွား၍သင်ကြလော့။” (မဿဲ ၉:၁၃) ဖာရိရှဲများသည် ဟေဗြဲပရောဖက်များ၏အရေးအသားများကို ယုံကြည်သည်ဟုဆိုကြသော်လည်း ဟောရှေ ၆:၆ မှအဆိုပါစကားကို သူတို့လက်မခံခဲ့ကြချေ။ ထုံးတမ်းစဉ်လာကို မပျက်မကွက်နာခံသောကြောင့် မှားသွားလျှင် ဝန်မလေးကြချေ။ ကျွန်ုပ်တို့တစ်ဦးစီ မိမိကိုယ်ကို ဤသို့မေးမြန်းနိုင်သည်၊ ‘ကိုယ်ပိုင်ထင်မြင်ချက်ဖြစ်ကြောင်းထင်ရှားသော၊ သို့မဟုတ် သာမန်အသိဉာဏ်နှင့်ဆိုင်သော စည်းမျဉ်းအချို့ကို အတိအကျလိုက်နာဖို့တောင်းဆိုသူတစ်ဦးအဖြစ် ကျွန်ုပ်နာမည်ရထားသလော။ သို့မဟုတ် ကျွန်ုပ်ကို သနားကြင်နာတတ်သူတစ်ဦးအဖြစ် လူတို့ယူမှတ်ကြသလော။
၁၆။ ဖာရိရှဲတို့၏လမ်းစဉ်ကား အဘယ်နည်း၊ သူတို့နှင့်တူခြင်းကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်သနည်း။
၁၆ ဖာရိရှဲများ၏ထုံးစံသည် သူတစ်ပါး၏အပြစ်အနာအဆာများ—အမှန်ပင်ဖြစ်စေ၊ ထင်ကြေးမျှဖြစ်စေ—ကိုအမြဲရှာလေ့ရှိကြရာ လူတို့အား မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် အမြဲအသင့်ရှိစေကာ သူတို့၏အားနည်းချက်များကို သတိရနေစေသည်။ ဖာရိရှဲများသည် ပင်စိမ်း၊ စမွှတ်နှင့် ဇီယာတို့ကဲ့သို့သော အသေးငယ်ဆုံးအပင်များကို ဆယ်ဖို့တစ်ဖို့ပေးသည့်အတွက် မိမိတို့ကိုယ်ကိုဂုဏ်ယူခဲ့ကြသည်။ မိမိတို့သည် ဘာသာရေးကိုင်းရှိုင်းကြောင်းကို သူတို့၏အဝတ်အစားဖြင့် တင်ပြကြပြီး လူမျိုးတော်ကိုလမ်းညွှန်ဖို့ ကြိုးစားခဲ့ကြသည်။ ကျွန်ုပ်တို့၏လုပ်ရပ်များကို ယေရှုချမှတ်ခဲ့သော ပုံသက်သေနှင့်ကိုက်ညီစေလိုလျှင် သူတစ်ပါး၏အပြစ်အနာအဆာများကို အမြဲရှာ၍ ဖော်ပြလိုစိတ်ကို ရှောင်ကြဉ်ကြရမည်။
ပြဿနာများကို ယေရှုမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း
၁၇-၁၉။ (က) အလွန်ဆိုးရွားသော အကျိုးဆက်များဖြစ်ပေါ်စေနိုင်သည့် အခြေအနေတစ်ခုကို ယေရှုမည်သို့ကိုင်တွယ်ခဲ့ကြောင်း ရှင်းပြပါ။ (ခ) အဘယ်အရာက ထိုအခြေအနေကို ဖိစီးမှုများစေပြီး မနှစ်လိုဖွယ်ဖြစ်စေခဲ့သနည်း။ (ဂ) ယေရှုထံ ထိုအမျိုးသမီးချဉ်းကပ်ချိန်၌ သင်ရှိခဲ့လျှင် မည်သို့တုံ့ပြန်ခဲ့မည်နည်း။
၁၇ ပြဿနာများကို ယေရှုကိုင်တွယ်ဖြေရှင်းပုံသည် ဖာရိရှဲများနှင့် လုံးဝကွာခြားသည်။ အလွန်အရေးပါနိုင်သော အခြေအနေတစ်ခုကို ယေရှုမည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ၁၂ နှစ်တိုင်တိုင် သွေးသွန်နာစွဲသည့် အမျိုးသမီးတစ်ဦးနှင့်ပတ်သက်သည်။ ၎င်းအဖြစ်အပျက်ကို လုကာ ၈:၄၂-၄၈ တွင် သင်ဖတ်ရှုနိုင်သည်။
၁၈ မာကု၏မှတ်တမ်းအရ ထိုအမျိုးသမီးသည် “ကြောက်ရွံ့တုန်လှုပ်” နေသည်ဟုဆို၏။ (မာကု ၅:၃၃) အဘယ်ကြောင့်နည်း။ ဘုရားသခင့်ပညတ်တော်ကို သူချိုးဖောက်ခဲ့သည်ကို သိ၍ပင်ဖြစ်မည်။ ဝတ်ပြုရာ ၁၅:၂၅-၂၈ အရ၊ ပုံမှန်အတိုင်းမဟုတ်သော သွေးသွန်သည့်အမျိုးသမီးတစ်ဦးသည် သွေးသွန်နေသမျှကာလပတ်လုံးအပြင် နောက်တစ်ပတ်အကြာအထိ မစင်ကြယ်ပေ။ ထို့ပြင် သူ တို့ထိသည့်အရာအားလုံး၊ သူနှင့်တွေ့ထိသူမှန်သမျှ မစင်ကြယ်တော့ချေ။ ဤအမျိုးသမီးသည် ယေရှုထံရောက်နိုင်ဖို့ လူအုပ်ကြားတိုးဝှေ့ခဲ့ရသည်။ အနှစ် ၂,၀၀၀ လွန်လေပြီးနောက် ဤမှတ်တမ်းကို ကျွန်ုပ်တို့ဖတ်ကြည့်ကြသောအခါ သူ၏အနေရအထိုင်ရခက်မှုကို သနားမိကြသည်။
၁၉ ထိုနေ့တွင် သင်ရှိနေခဲ့လျှင် ၎င်းအခြေအနေကို သင်မည်သို့ရှုမြင်မည်နည်း။ သင် အဘယ်သို့ပြောဆိုခဲ့မည်နည်း။ ယေရှုသည် ဤအမျိုးသမီးဖြစ်ပေါ်စေခဲ့နိုင်သည့် မည်သည့်ပြဿနာကိုမျှ အရိပ်အမြွက်ပြောခြင်းပင်မပြုဘဲ သူ့ကို ကြင်ကြင်နာနာ၊ မေတ္တာပါပါ စာနာမှုရှိရှိ ဆက်ဆံခဲ့ကြောင်းသတိပြုပါ။—မာကု ၅:၃၄။
၂၀။ ဝတ်ပြုရာ ၁၅:၂၅-၂၈ သည် မျက်မှောက်ခေတ်တောင်းဆိုချက်တစ်ခုဖြစ်ခဲ့လျှင် အဘယ်စိန်ခေါ်ချက်ကို ကျွန်ုပ်တို့ရင်ဆိုင်ရမည်နည်း။
ဝတ်ပြုရာ ၁၅:၂၅-၂၈ သည် မျက်မှောက်ခေတ် ခရစ်ယာန်တောင်းဆိုချက်တစ်ခုဖြစ်ပြီး ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ထိုပညတ်ကိုကျူးလွန်မိကာ စိတ်ချောက်ချား၍ ခိုကိုးရာမဲ့ဖြစ်နေသည်ဆိုကြပါစို့။ သင်မည်သို့တုံ့ပြန်လိမ့်မည်နည်း။ မညှာတာသောပြစ်တင်စကားဖြင့် သူ့ကိုဆုံးမပြီး လူသူရှေ့အရှက်ရစေမည်လော။ “အိုး၊ ကျွန်တော်ဘယ်တော့မှ အဲလိုလုပ်မှာမဟုတ်ဘူး! ယေရှုရဲ့ပုံသက်သေကိုအတုယူပြီး ကြင်နာမှုရှိရှိ၊ မေတ္တာပါပါ၊ ထောက်ထားစာနာမှုကို ကျွန်တော်အတတ်နိုင်ဆုံးပြမယ်” ဟုသင်ဆိုပေမည်။ အလွန်ကောင်းပါသည်! သို့သော် ယင်းကိုပြုလုပ်ရန်၊ ယေရှု၏နမူနာကိုအတုယူရန်မှာ စိန်ခေါ်ချက်တစ်ခုဖြစ်သည်။
၂၀ ဤအဖြစ်အပျက်မှ ကျွန်ုပ်တို့တစ်စုံတစ်ရာ သင်ယူနိုင်သလော။ သင်သည် မျက်မှောက်ခေတ် ခရစ်ယာန်အသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးဖြစ်သည်ဆိုပါစို့။၂၁။ ပညတ်တော်နှင့်စပ်လျဉ်း၍ လူတို့ကို ယေရှုအဘယ်အရာသင်ပေးခဲ့သနည်း။
၂၁ အဓိကအားဖြင့် လူတို့သည် ယေရှုကြောင့် လန်းဆန်းမှုရပြီး စိတ်အားတက်ကြွလာခဲ့ကြသည်။ ဘုရားသခင့်ပညတ်တော်သည် တိကျပြတ်သားသောအခါတွင် ပြောထားသည့်အတိုင်းဆိုလိုသည်။ အတိအကျပြောပုံမဟုတ်လျှင် လူတို့သည် သူတို့၏သိစိတ်ကိုပို၍အသုံးပြုရပြီး မိမိတို့၏ဆုံးဖြတ်ချက်များအားဖြင့် ဘုရားသခင်ကိုချစ်ကြောင်း ဖော်ပြနိုင်ကြသည်။ ပညတ်တော်သည် သူတို့ကိုပြောင်းသာလွဲသာရှိစေသည်။ (မာကု ၂:၂၇၊ ၂၈) ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကိုချစ်တော်မူ၏၊ သူတို့ကောင်းကျိုးအတွက် အမြဲတစေလုပ်ဆောင်တော်မူ၍ သူတို့မှားယွင်းသောအခါ ကရုဏာပြဖို့အသင့်ရှိတော်မူ၏။ ယေရှုလည်းထိုနည်းတူပင်။—ယောဟန် ၁၄:၉။
ယေရှုသွန်သင်ချက်များ၏ရလဒ်များ
၂၂။ ယေရှုထံမှသင်ယူခြင်းဖြင့် တပည့်တော်များတွင် အဘယ်စိတ်သဘောထားရှိခဲ့ကြသနည်း။
၂၂ ယေရှု၏စကားကိုနားထောင်ပြီး တပည့်များဖြစ်လာကြသူတို့သည် “ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟူသော ကိုယ်တော့်ကြေညာချက် မှန်ကန်ကြောင်း သဘောပေါက်ခဲ့ကြသည်။ (မဿဲ ၁၁:၃၀) သူတို့သည် ကိုယ်တော်ကြောင့် ဝန်လေးသည်၊ စိတ်အနှောင့်အယှက်ဖြစ်သည် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းခံရသည်ဟု တစ်ခါမျှမခံစားခဲ့ကြချေ။ သူတို့သည် ဘုရားသခင်နှင့်လည်းကောင်း၊ အချင်းချင်းနှင့်လည်းကောင်းဆက်ဆံရာတွင် သာ၍လွတ်လပ်၊ ပျော်ရွှင်၍ ယုံကြည်စိတ်ချမှုပိုရှိခဲ့ကြသည်။ (မဿဲ ၇:၁-၅; လုကာ ၉:၄၉၊ ၅၀) ဝိညာဉ်ရေးဘက် ဦးစီးဦးဆောင်သူတစ်ဦးဖြစ်ခြင်းတွင် သူတစ်ပါးကိုလန်းဆန်းမှုရှိစေခြင်း၊ နှိမ့်ချသောစိတ်နှလုံး တင်ပြခြင်းတို့လိုကြောင်း ကိုယ်တော့်ထံမှ သူတို့သင်ယူခဲ့ကြသည်။—၁ ကောရိန္သု ၁၆:၁၇၊ ၁၈; ဖိလိပ္ပိ ၂:၃။
၂၃။ တပည့်တော်များသည် ယေရှုနှင့်အတူရှိခဲ့ခြင်းမှ အဘယ်အရေးပါသောသင်ခန်းစာရရှိခဲ့ပြီး အဘယ်ကောက်ချက်များချရန် အကူအညီရခဲ့သနည်း။
၂၃ ထို့အပြင် လူအများသည် ခရစ်တော်နှင့်တစ်စည်းတစ်လုံးတည်းရှိနေခြင်းနှင့် ကိုယ်တော်တင်ပြခဲ့သောစိတ်သဘောထားကို လက်ခံယူခြင်း၏ အရေးပါမှုကို အလွန်စွဲမှတ်သွားခဲ့ကြသည်။ တပည့်တော်များအား ကိုယ်တော်ဤသို့မိန့်ဆိုခဲ့သည်– “ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။ ငါသည်ငါ့ခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကိုစောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။” (ယောဟန် ၁၅:၉၊ ၁၀) သူတို့သည် ဘုရားသခင်၏အမှုဆောင်များနှင့် ကျေးကျွန်များအဖြစ် အောင်မြင်လိုကြမည်ဆိုလျှင် ဘုရားသခင်၏တကယ်ကောင်းသောသတင်းကို လူသိရှင်ကြား ဟောပြောခြင်းနှင့် သွန်သင်ခြင်း၌သာမက မိသားစုနှင့် မိတ်ဆွေများနှင့်ဆက်ဆံရာတွင် ယေရှုထံမှသင်ယူခဲ့သမျှကို ဝီရိယရှိရှိကျင့်သုံးရန်လိုပေမည်။ ညီအစ်ကိုများအသင်းအပင်းသည် အသင်းတော်များအဖြစ် ကြီးထွားလာသောအခါ ကိုယ်တော့်လမ်းစဉ်သည် လမ်းမှန်ဖြစ်ကြောင်း မိမိတို့ကိုယ်ကို မိမိတို့ ထပ်ခါတလဲသတိပေးရန်လိုအပ်ပေမည်။ ကိုယ်တော်သွန်သင်ခဲ့ရာသည် အမှန်တရားဖြစ်ပြီး သူတို့တွေ့မြင်ခဲ့သော ကိုယ်တော်၏အသက်ရှင်ပုံသည် သူတို့အမှန်ကြိုးပမ်းရယူရမည့် အသက်ရှင်ပုံဖြစ်သည်။—ယောဟန် ၁၄:၆; ဧဖက် ၄:၂၀၊ ၂၁။
၂၄။ ယေရှု၏ပုံသက်သေမှ ကျွန်ုပ်တို့နှလုံးသွင်းသင့်သည့်အရာများကား အဘယ်နည်း။
၂၄ ကျွန်ုပ်တို့ဆွေးနွေးခဲ့ရာအချို့ကို ယခု ပြန်လည်သုံးသပ်ကြည့်သောအခါ တိုးတက်ရန်လိုအပ်မည့်နည်းများကို သင်မြင်သလော။ ယေရှုသည် အစဉ်သဖြင့် သင့်လျော်စွာ စဉ်းစား၊ သွန်သင်၍ ပြုမူတော်မူခဲ့သည်ဟု သင်လက်ခံသလော။ သို့ဖြစ်လျှင် အားယူပါ။ ကျွန်ုပ်တို့ကို ကိုယ်တော်ဤသို့အားပေးသည်– “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏။”—ယောဟန် ၁၃:၁၇။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 “[ယေရှုနှင့်ဖာရိရှဲတို့စပ်ကြား] ကွာခြားချက်ကို ဘုရားသခင်နှင့်ပတ်သက်၍ ဆန့်ကျင်သော သဘောပေါက်နားလည်မှုနှစ်မျိုးဖြင့်သာ သိရှိရသည်။ ဖာရိရှဲများက ဘုရားသခင်သည် အဓိကအားဖြင့် အတင်းအကျပ်တောင်းဆိုချက်များပြုသူဖြစ်သည်ဟု ဆို၏; ယေရှုအတွက်မှာမူ ကိုယ်တော်သည် သနားကြင်နာတတ်ပြီး စာနာမှုရှိ၏။ ဘုရားသခင်သည် ကောင်းမြတ်၍ မေတ္တာရှိကြောင်းကို ဖာရိရှဲတစ်ဦး မငြင်းဆိုပါ၊ သို့သော် ဆုကျေးဇူးအဖြစ်ရရှိထားသော တိုရာ [ပညတ်တရား] နှင့် ထိုတွင်ပါသော တောင်းဆိုချက်များကို ဖြည့်စွက်နိုင်ခြေရှိခြင်းတွင် ယင်းတို့ထင်ရှားသည်ဟုဆို၏။ . . . နှုတ်တိုက်ထုံးတမ်းစဉ်လာနှင့် ပညတ်တရားကိုအနက်ဖွင့်သည့် စည်းမျဉ်းများကို စောင့်ထိန်းခြင်းသည် တိုရာကျမ်းကို ကျေပွန်စွာလိုက်နာသည့်နည်းဖြစ်သည်ဟု ဖာရိရှဲကရှုမြင်၏။ . . . ယေရှုသည် မေတ္တာတရားဆိုင်ရာပညတ်နှစ်ခု (မဿဲ ၂၂:၃၄-၄၀) ကို လက်ခံဖွယ်အနက်ဖွင့်ချက်စံနှုန်းအဖြစ်သို့ မြှင့်တင်ခြင်းနှင့် နှုတ်တိုက်ထုံးတမ်းစဉ်လာ၏ ကန့်သတ်ချုပ်ချယ်သည့်သဘောကို ငြင်းပယ်ခဲ့ခြင်းက ဖာရိရှဲတို့၏စဉ်းလဲသောဆင်ခြေမှုနှင့် တခြားစီဖြစ်စေခဲ့သည်။”—ဓမ္မသစ်ကျမ်း၏အပြည်ပြည်ဆိုင်ရာအဘိဓာန်သစ်။
သင်မည်သို့ဖြေဆိုသနည်း
• ယေရှု၏တပည့်တစ်ဦးဖြစ်ခြင်းသည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း။
• ယေရှုသည် လူတို့နှင့် မည်သို့ဆက်ဆံခဲ့သနည်း။
• ယေရှု၏သွန်သင်နည်းမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
• ယေရှုသည် ဖာရိရှဲများနှင့် မည်သို့ကွာခြားခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံ]
လူတို့အပေါ် ယေရှုထားရှိသော သဘောထားသည် ဖာရိရှဲများနှင့် ကွာခြားလိုက်လေခြင်း!