မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားတရားမဲ့လောကတွင် ဘုရားသခင်နှင့်အတူ ဧနောက်သွားလာခဲ့

ဘုရားတရားမဲ့လောကတွင် ဘုရားသခင်နှင့်အတူ ဧနောက်သွားလာခဲ့

ဘုရားတရား​မဲ့​လောကတွင် ဘုရားသခင်​နှင့်အတူ ဧနောက်​သွားလာ​ခဲ့

လူသား​အားလုံး​ကို ဘုရားသခင်​ထံ​မှ လှည့်ထွက်​သွား​စေနိုင်​သည်​ဟု စာတန်​အခိုင်အမာ​ပြောဆို​ပြီး တစ်ခါတစ်ရံ သူ​အောင်မြင်​ပုံ​ရှိသည်။ အာဗေလ​သေဆုံး​ပြီး​နောက် ငါး​ရာစု​နီးပါး​တိုင် ယေဟောဝါ​၏​သစ္စာရှိ​ကျေးကျွန်​အဖြစ် ထင်ရှား​လာ​သူ မည်သူမျှ​မရှိခဲ့​ချေ။ ယင်းအစား၊ မကောင်းမှု​နှင့် ဘုရားတရား​မဲ့​အကျင့်​တို့သည် သ​မား​ရိုး​ကျ​ဖြစ်လာ​၏။

ဤသို့​ဝိညာဉ်​ရေး​ယိုယွင်း​ချိန်​အတွင်း ဧနောက်​အသက်ရှင်ခဲ့​သည်။ ကျမ်းစာ​သက္ကရာဇ်စဉ်​က ဘီ.စီ.အီး. ၃၄၀၄ တွင်​သူ​မွေးဖွား​ကြောင်း ဖော်ပြ​၏။ ဧနောက်​သည် သူ၏​တစ်ခေတ်​တည်း​သားများ​နှင့်​မတူဘဲ ဘုရားသခင်​နှစ်သက်​လက်ခံသူ​ဖြစ်သည်။ တမန်​တော်​ပေါလု​က ခရစ်ယာန်​များ​အတွက် ပုံ​နမူနာ​အဖြစ် သူ၏​ယုံကြည်ခြင်းကို ယေဟောဝါ​၏​ကျေးကျွန်​များ​စာရင်း​တွင် ထည့်သွင်း​ခဲ့​သည်။ ဧနောက်​ကား မည်သူ​နည်း။ မည်သည့်​အခက်အခဲ​များ​ကို သူ​ရင်ဆိုင်ခဲ့​ရသနည်း။ သူသည် ယင်း​တို့ကို မည်သို့​ကျော်လွှား​အောင်မြင်​ခဲ့​သနည်း။ သူ၏​တည်ကြည်မှု​သည် ကျွန်ုပ်​တို့​နှင့် မည်သို့​သက်ဆိုင်​သနည်း။

ဧနောက်​ခေတ်​မတိုင်မီ လေး​ရာစု​နီးပါး​က ဧ​နုတ်​ခေတ်​၌ “ယေဟောဝါ​၏​နာမကို ခေါ်​စ​ပြု​ကြ​၏။” (ကမ္ဘာဦး ၄:၂၆က​ဘ) လူ့​သမိုင်း​စတင်​ကတည်းက ဘုရားသခင့်​နာမတော်​ကို အသုံးပြု​ခဲ့​ကြသည်။ ထို့​ကြောင့် ဧ​နုတ်​အသက်ရှင်ခဲ့​ချိန် စတင်​ခဲ့​ရာ​သည် စင်ကြယ်သော​ဝတ်ပြုရေးတွင် ယုံကြည်ခြင်း​နှင့် ယေဟောဝါ​အား ခေါ်​ခဲ့​ခြင်း​မဟုတ်​ချေ။ ဟေဗြဲ​ကျမ်း​ပညာရှင်​အချို့​က ကမ္ဘာဦး ၄:၂၆ သည် “စ​တင်၍​မထီမဲ့မြင်​ပြု​ကြသည်” သို့​မဟုတ် “ထို​အခါ မထီမဲ့မြင်​ပြုခြင်း​စတင်​လာ​သည်” ဟူ၍ ဖြစ်​သင့်​သည်​ဟု​ယူမှတ်​ကြသည်။ လူတို့သည် မိမိတို့​ကိုယ်နှိုက်​ကို သို့​မဟုတ် ကြားခံ​ဖြင့် ဘုရားသခင်​ကို​ချဉ်းကပ်​ဝတ်ပြု​ဟန်ဆောင်​ရန် အခြား​သူများကို ယေဟောဝါ​၏​နာမတော်​ဖြင့် ခေါ်​ခဲ့​ကြ​ပေမည်။ သို့​မဟုတ် ရုပ်ပုံများ​ကို ကိုယ်တော်​၏​နာမတော်​ဖြင့် ခေါ်​ခဲ့​ကြ​ပေမည်။

‘စစ်မှန်သော​ဘုရားသခင်​နှင့်အတူ ဧနောက်​သွားလာ​ခဲ့’

ဧနောက်​သည် ဘုရားတရား​မဲ့​ဝန်းကျင်​၌ အသက်ရှင်ခဲ့​သော်လည်း သူသည် စစ်မှန်သော ယေဟောဝါ “ဘုရားသခင်​နှင့်အတူ​သွားလာ​၏။” သူ၏​ဘိုးဘေး​များ​ဖြစ်​ကြသော ရှေ​သ၊ ဧ​နုတ်၊ ကာဣန​န်၊ မဟာ​လေ​လ​နှင့် ယာ​ရက်​တို့သည် ဘုရားသခင်​နှင့်အတူ သွားလာ​ခဲ့​ကြသည်​ဟု မဆို​ထား​ချေ။ အနည်းဆုံး​တော့ သူတို့သည် ဧနောက်​သွားလာ​သကဲ့သို့ မသွား​လာ​ခဲ့​ကြ​ချေ၊ ဧနောက်​၏​ဘဝ​လမ်းစဉ်သည် သူတို့နှင့် လုံးလုံးလျားလျား​ခြားနား​ခဲ့​သည်။—ကမ္ဘာဦး ၅:၃-၂၇

ယေဟောဝါ​နှင့်အတူ​သွားလာခြင်း​သည် ဘုရားသခင်​နှင့်​ရင်းနှီးမှု​ရှိ​ခြင်း ဟူ​သည့်​သဘော​တင်ပြ​သည်​ဖြစ်​ရာ ဧနောက်​သည် ဘုရားသခင့်​အလိုတော်နှင့်​အညီ အသက်ရှင်ခဲ့​သောကြောင့်​သာ ထိုသို့​ပြု​နိုင်​ခြင်း​ဖြစ်သည်။ ယေဟောဝါ​သည် ဧနောက်​၏​ဆည်းကပ်​ဝတ်ပြုမှု​ကို လက်ခံခဲ့​၏။ ‘ဧနောက်​သည် ဘုရားသခင်​၏​အလိုတော်နှင့်​တွေ့ခဲ့​သည်’ ဟု​ဂရိ​စက်ပ်တွားဂျင့်​က​ဆို​သော​အချက်​ကို တမန်​တော်​ပေါလု​က​လည်း ဖော်ပြ​ခဲ့​သည်။—ကမ္ဘာဦး ၅:၂၂; ဟေဗြဲ ၁၁:၅

ဧနောက်​သည် ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​ကောင်း​ရခြင်း​မှာ အဓိက​အားဖြင့် သူ၏​ယုံကြည်ခြင်း​ကြောင့်​ဖြစ်၏။ ကတိထားရာ ဘုရားသခင့် “မိန်းမ​၏​အမျိုးအနွယ်” ကို​ယုံကြည်​ကြောင်း သူ​တင်ပြ​ခဲ့​ပေမည်။ ဧနောက်​သည် အာဒံ​နှင့်​ရင်းနှီးမှု​ရှိခဲ့​လျှင် ဧဒင်ဥယျာဉ်​တွင် ပထမ​လူသား​မောင်နှံစုံ​နှင့် ဘုရားသခင်​ဆက်ဆံ​ခဲ့​သည့် အချက်အလက်​အချို့​ကို သူသိ​ရှိ​ပေမည်။ ဘုရားသခင်​အကြောင်း ဧနောက်​သိရှိ​ထား​သည့်​အချက်အလက်​တို့​က သူ့​အား “ကိုယ်တော်​ကို​ရှာ​သော” လူစားမျိုး​ဖြစ်စေ​ခဲ့​၏။—ကမ္ဘာဦး ၃:၁၅; ဟေဗြဲ ၁၁:၆၊ ၁၃

ဧနောက်​နှင့် ကျွန်ုပ်​တို့၏​အဖြစ်အပျက်​တွင် ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​ကောင်း​ရှိ​ရန် ဘုရားသခင်​နှင့်​သိကျွမ်း​ရုံ​မျှ​မ​ကလို​အပ်​သည်။ လူတစ်ဦး​နှင့်​ရင်းနှီးမှုကို ကျွန်ုပ်​တို့​အလွန်​တန်ဖိုး​ထား​မည်​ဆိုလျှင် ထို​သူ၏​ယူဆချက်များ​သည် ကျွန်ုပ်​တို့၏​အတွေးအခေါ်​နှင့် အပြု​အမူ​များ​ကို လွှမ်းမိုး​မည်​မဟုတ်ပေ​လော။ ထို​ရင်းနှီးမှုကို ပျက်စီးစေ​မည့် စကား​နှင့် အပြု​အမူ​များ​ကို ကျွန်ုပ်​တို့​ရှောင်ရှား​ကြ​မည်​ဖြစ်သည်။ ကျွန်ုပ်​တို့၏​အခြေအနေ​ကို ပြောင်းလဲမှု​အချို့​ပြုလုပ်​ရန် စဉ်းစား​လျှင်​ပင် ယင်းက ထို​ဆက်ဆံ​ရေး​ကို မည်သို့​ထိခိုက်​နိုင်​မည်​ကိုလည်း ဆင်ခြင်​သုံးသပ်​မည် မဟုတ်ပေ​လော။

ထို​နည်းတူ​စွာ ဘုရားသခင်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ထိန်းသိမ်း​ထား​လို​ခြင်း​သည် ကျွန်ုပ်​တို့​ပြုလုပ်​ရာ​အပေါ် မူတည်​သည်။ ကိုယ်တော်​နှစ်သက်​သည့်​အရာ၊ မနှစ်သက်​သည့်​အရာ​တို့ကို တိကျ​မှန်ကန်​စွာ​သိရှိ​ထား​ရန်လို​သည်။ ထို့နောက် ကျွန်ုပ်​တို့၏​အတွေးအခေါ်​နှင့် အပြု​အမူ​၌​ပင် ကိုယ်တော်​၏​စိတ်တော်နှင့်​တွေ့​စေရန် ကြိုးစား​အားထုတ်​၍ ထို​အသိပညာ​၏​လမ်းညွှန်မှုကို ခံယူ​ဖို့​လို​သည်။

မှန်သည်၊ ဘုရားသခင်​နှင့်အတူ​သွားလာ​ရန် ကိုယ်တော်​၏​စိတ်တော်နှင့်​တွေ့​စေ​ရမည်။ ဧနောက်​သည် နှစ်ပေါင်း​ရာ​နှင့်​ချီ​၍ ထိုသို့​ပြုမူ​ခဲ့​၏။ အမှန်​ဆို​ရ​လျှင် ဘုရားသခင်​နှင့်အတူ ဧနောက် “သွားလာ” ခဲ့​သည်​ဟူ၍​ဖော်ပြ​သော ဟေဗြဲ​ကြိယာ​ပုံစံ​သည် ထပ်ခါတလဲ၊ ဆက်၍​လုပ်ဆောင်​သည့် အဓိပ္ပာယ်​ရသည်။ “ဘုရားသခင်​နှင့်အတူ​သွားလာ” ခဲ့​သော တည်ကြည်သူ​နောက်​တစ်ဦး​မှာ နောဧ​ဖြစ်သည်။—ကမ္ဘာဦး ၆:၉

ဧနောက်​သည် ဇနီးသည်​နှင့် “သားသမီး​များ” ရှိသော အိမ်ထောင်သည်​တစ်ဦး​ဖြစ်သည်။ သူ၏​သား​တစ်ဦး​မှာ မ​သု​ရှ​လ​ဖြစ်၏။ (ကမ္ဘာဦး ၅:၂၁၊ ၂၂) ဧနောက်​သည် သူ၏​အိမ်ထောင်​ကို ကောင်းစွာ​အုပ်ထိန်း​ရန် အတတ်နိုင်ဆုံး​ပြုလုပ်​ခဲ့​ပေမည်။ သို့သော် သူ့​ပတ်လည်​တွင် ဘုရားတရား​မဲ့​သူများ ဝိုင်းရံ​နေသော​ကြောင့် ဘုရားသခင်​၏​အမှုတော်​ဆောင်ရန် သူ့​အတွက် မလွယ်ကူ​ခဲ့​ချေ။ သူ၏​ခေတ်တွင် နောဧ​၏​ဖခင်​လာ​မက်​သာ ယေဟောဝါ​ကို​ယုံကြည်​ကြောင်း တင်ပြ​သူ​ဖြစ်​ပေမည်။ (ကမ္ဘာဦး ၅:၂၈၊ ၂၉) သို့​တိုင် စစ်မှန်သော​ဝတ်ပြုရေးကို ဧနောက် သတ္တိရှိရှိ​ကျင့်သုံး​ခဲ့​၏။

ဘုရားသခင်​ကို ဆက်လက်​တည်ကြည်​ရန် ဧနောက်​ကို အဘယ်အရာက ကူညီပေး​ခဲ့​သနည်း။ ယေဟောဝါ​၏​နာမတော်​ကို မထီမဲ့မြင်​ပြုသူ​များ သို့​မဟုတ် ဘုရားသခင်​ကို​ဝတ်ပြုသူ​တစ်ဦး​အတွက် မအပ်စပ်​သည့်​အပေါင်းအဖော်​များနှင့် သူ​မပေါင်းသင်း​ခဲ့​သည်​မှာ သေချာ​ပါ​သည်။ ယေဟောဝါ​၏​အကူအညီကို ဆုတောင်း၍ တောင်းဆိုခြင်း​က​လည်း မိမိ၏​ဖန်ဆင်း​ရှင်​မနှစ်သက်​သည့် တစ်စုံတစ်ရာ​ကို​ရှောင်ရန် ဧနောက်​၏​သန္နိ​ဋ္ဌာန်​ကို ခိုင်မြဲ​စေနိုင်​ခဲ့​သည်။

ဘုရားတရား​မဲ့​သူတို့​အပေါ် ပရောဖက်ပြုချက်

ဘုရားတရား​မဲ့​သူများ ကျွန်ုပ်​တို့ကို​ဝိုင်းရံ​ချိန်​တွင် မြင့်မားသော​စံနှုန်း​များ​ကို ထိန်းသိမ်း​ရန် အတော့်​ကို​ခက်ခဲ​သည်။ သို့သော် ဧနောက်​သည် မတရားသော​သူတို့​အပေါ် မ​လိုက်လျော​သော တရား​စီရင်ချက်​သတင်းကို​လည်း ဟောခဲ့​သည်။ ဘုရားသခင့်​ဝိညာဉ်​တော်​၏ လမ်းညွှန်မှုဖြင့် ဧနောက်​သည် ဤသို့​ပရောဖက်ပြု​ကြေညာ​ခဲ့​သည်– “ထာဝရ​ဘုရား​သည် ခပ်သိမ်း​သော​သူတို့ကို တရား​စီရင်တော်မူ​၍ မတရားသော​သူတို့သည် မတရား​သဖြင့်​ပြုသော အဓမ္မအမှု​ရှိသမျှ​တို့၏​အပြစ်ကို​လည်းကောင်း၊ မတရားသော​လူဆိုး​တို့သည် ဘုရားသခင်​ကို​ပြစ်မှား​၍​ပြော​သော ကြမ်းတမ်းသော​စကား​ရှိသမျှ​တို့၏​အပြစ်ကို​လည်းကောင်း ဖော်ပြခြင်း​ငှာ အတိုင်းမသိ​များစွာသော မိမိ​သန့်ရှင်းသူ​တို့​နှင့်​တကွ ကြွလာ​တော်​မူ​လိမ့်​မည်။”—ယုဒ ၁၄၊ ၁၅

ထို​သတင်းတရားသည် မယုံကြည်​သူများ​အပေါ် မည်သည့်​အကျိုး​သက်ရောက်​နိုင်​မည်​နည်း။ အဆိုပါ​နာကြည်း​စေသော​စကား​များသည် ဧနောက်​ကို ပြောင်လှောင်​ကဲ့ရဲ့​ခြိမ်းခြောက်​သည့်​အထိ​ပင် မ​နှစ်လိုဖွယ်​ဖြစ်စေ​သည်​ဟု ယူမှတ်​နိုင်​စ​ရာ​အကြောင်း​ရှိသည်။ အချို့​က သူ့ကို သတ်ပစ်​လို​ခဲ့​ကြ​မည်။ သို့သော် ဧနောက်​မကြောက်​ခဲ့​ချေ။ ဖြောင့်မတ်​သော​အာဗေလ​၏​အဖြစ်အပျက်​ကို ဧနောက်​သိရှိ​ခဲ့​ရာ မည်သို့​ပင်​ဖြစ်​လာပါစေ သူ​ကဲ့သို့​ပင် ဘုရားသခင်​၏​အမှုတော်ကို ထမ်းဆောင်​ရန် သန္နိ​ဋ္ဌာန်​ချ​ခဲ့​သည်။

‘သူ့ကို ဘုရားသခင်​သိမ်းယူ​ခဲ့’

ဧနောက်​ကို “ဘုရားသခင်​သိမ်းယူ” သောအခါ သူသည် အသက်​အန္တရာယ်​နှင့် ကြုံ​ခဲ့​ရ​ဖွယ်​ရှိသည်။ (ကမ္ဘာဦး ၅:၂၄) ခက်ထန်​နေသော​ရန်သူများ​လက်ထဲ​တွင် မိမိ၏​သစ္စာရှိ​ပရောဖက်​အား ဆင်းရဲခံ​စေရန် ယေဟောဝါ​ခွင့်​မပြု​ခဲ့​ချေ။ တမန်​တော်​ပေါလု​၏​အဆို​အရ “ဧနောက်​သည် . . . သေခြင်းနှင့်​လွတ်​၍ ဘဝ​ပြောင်း​ရ၏။” (ဟေဗြဲ ၁၁:၅) ဧနောက်​သည် မသေ​ဘဲ အသက်ဆက်ရှင်​ရန် ကောင်းကင်​သို့ သူ့ကို ဘုရားသခင်​သိမ်းယူ​ခဲ့​သည်​ဟု လူအများ​က​ဆို​ကြသည်။ သို့သော် ယေရှု​က “ကောင်းကင်ဘုံ​က​ဆင်းသက်​၍ ကောင်းကင်ဘုံ​၌​ရှိနေ​သော​လူသား​မှတစ်ပါး အဘယ်သူမျှ​ကောင်းကင်ဘုံ​သို့​မ​တက်​ပြီ” ဟု​ရှင်းလင်းစွာ မိန့်ဆိုခဲ့သည်။ ယေရှုသည် ကောင်းကင်​သို့​တက်​သော​သူ​ရှိသမျှ​တွင် “ရှေ့ဆောင်​၍​ဝင်​သော​သူ” ဖြစ်သည်။—ယောဟန် ၃:၁၃; ဟေဗြဲ ၆:၁၉၊ ၂၀

သို့​ဖြစ်​လျှင် ဧနောက်​အဘယ်​သို့​ဖြစ်​ခဲ့​သနည်း။ “သေခြင်းနှင့်​ကင်းလွတ်​၍ ဘဝ​ပြောင်း​ရ” သည့်​သူ၏​အဖြစ်​မှာ သူ့​အား ပရောဖက်ပြုချက်​ဆိုင်ရာ​အတွေး​နယ်​ထဲ ဘုရားသခင်​ခေါ်ဆောင်​သွားပြီး ထို​အခြေအနေ​မျိုး​၌​ရှိနေစဉ်​ပင် သူ​အသက်​သေဆုံး​သွား​ရခြင်း​ကို​ဆိုလို​ပေမည်။ ထိုသို့​သော​အခြေအနေ​မျိုး​တွင် ဧနောက်​သည် သေခြင်း​ဝေဒနာ​ကို ခံစား​ခဲ့​ရ​လိမ့်​မည်​မဟုတ်။ ထို့နောက် မောရှေ၏​ကိုယ်ခန္ဓာ​ကို ယေဟောဝါ​ဖျောက်​လိုက်​သကဲ့သို့ပင် သူ၏​ကိုယ်ခန္ဓာ​ကိုလည်း ဖျောက်​လိုက်​ရာ “နောက်​တစ်ဖန်​မ​ပေါ်​မရှိ” ရခြင်း​ပင်​ဖြစ်သည်။—တရားဟောရာ ၃၄:၅၊ ၆

ဧနောက်​သည် ၃၆၅ နှစ်​သာ​အသက်ရှင်ခဲ့​သည်—သူ၏​တစ်ခေတ်​တည်း​သား​အများစု​ကဲ့သို့ အသက်​မရှည်​ခဲ့​ချေ။ သို့ရာတွင် ယေဟောဝါ​ကို​ချစ်​မြတ်နိုးသူ​များ​အတွက် အရေးကြီးဆုံး​မှာ သေ​သည်​တိုင် ကိုယ်တော်​၏​အမှုတော်ကို သစ္စာရှိ​စွာ​ထမ်းဆောင်ခြင်း​ဖြစ်သည်။ ထိုသို့​ဧနောက်​ပြု​ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြသည်၊ အကြောင်း​မှာ “သူသည် ဘဝ​မပြောင်းမီ ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့သော​သူ​ဖြစ်သည်ဟု သက်သေခံခြင်း​ကို​ရလေ​၏။” ယင်းကို ဧနောက်​အား ယေဟောဝါ​မည်သို့​ပြောပြ​ကြောင်း ကျမ်းစာ​က​မဖော်​ပြ​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ ဧနောက်​မသေမီ ဘုရားသခင်​၏​မျက်နှာသာတော်​ရရှိကြောင်း သူ့ကို စိတ်ချ​စေ​ခဲ့​ပြီး ရှင်ပြန်ထမြောက်ခြင်း​တွင် သူ့ကို ယေဟောဝါ​သတိရ​မည်​မှာ သေချာ​သည်။

ဧနောက်​၏​ယုံကြည်ခြင်းကို တုပ​လော့

ဘုရားသခင့်​လူတို့၏​ယုံကြည်ခြင်းကို ကျွန်ုပ်​တို့ သင့်လျော်​စွာ​တုပ​နိုင်​သည်။ (ဟေဗြဲ ၁၃:၇) ဧနောက်​သည် ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​၏​ပထမ​ဆုံး သစ္စာရှိ​ပရောဖက်​အဖြစ် အမှုထမ်းဆောင်​ခဲ့​၏။ ဧနောက်​ခေတ်​ရှိလော​က​သည် ကျွန်ုပ်​တို့​ခေတ်​ရှိလော​က​ကဲ့သို့​ပင် အကြမ်းဖက်မှု၊ ညစ်ညမ်းမှု​နှင့် ဘုရားတရား​မဲ့​မှု​တို့​ရှိသည်။ သို့သော် ဧနောက်​သည် သူတို့နှင့်​မတူ​ခဲ့​ချေ။ သူ့​တွင် စစ်မှန်သော​ယုံကြည်ခြင်း​ရှိပြီး ဘုရားသခင်​ကို​ဆည်းကပ်​ဝတ်ပြုခြင်း​၌ သူသည် စံနမူနာ​ဖြစ်​ခဲ့​၏။ အရေးကြီးသော​စီရင်ခြင်း​သတင်းကို သူ့​အား ယေဟောဝါ​ကြေညာ​ခိုင်း​သော်လည်း ခွန်အား​လည်း​ပေး​ခဲ့​သည်။ ဧနောက်​သည် မိမိ​တာဝန်​ကို သတ္တိရှိရှိ​လုပ်ဆောင်ခဲ့​ပြီး ရန်သူ​တို့၏​အတိုက်အခံ​ကို သူ​ကြုံ​ရသောအခါ သူ့ကို ဘုရားသခင်​ကြည့်ရှု​စောင့်ရှောက်​ပေး​ခဲ့​သည်။

ဧနောက်​ကဲ့သို့ ကျွန်ုပ်​တို့​ယုံကြည်ခြင်းကို​တင်ပြ​မည်​ဆိုလျှင် ဤ​နောက်ဆုံး​နေ့ရက်​များ​၌ ယေဟောဝါ​၏​သတင်းတရားကို ကြေညာ​ရန် ကျွန်ုပ်​တို့ကို ကိုယ်တော်​ခွန်အား​ပေး​ပါ​လိမ့်​မည်။ အတိုက်အခံ​ကို သတ္တိရှိရှိ​ရင်ဆိုင်​ရန် ကျွန်ုပ်​တို့ကို ကိုယ်တော်​ကူညီပေး​ပြီး ကျွန်ုပ်​တို့၏​ဘုရားသခင်​ကို ဆည်းကပ်​ဝတ်ပြုခြင်းက ဘုရားတရား​မဲ့​သူများ​နှင့် အလွန်​ခြားနား​စေမည်​ဖြစ်သည်။ ယုံကြည်ခြင်းက ဘုရားသခင်​နှင့်အတူ ကျွန်ုပ်​တို့ကို​သွားလာ​စေပြီး ကိုယ်တော်​၏​စိတ်​ကို ရွှင်လန်းစေသည့်​လမ်းစဉ်​အတိုင်း ပြုမူ​စေမည်။ (သု. ၂၇:၁၁) ဖြောင့်မတ်​သော​ဧနောက်​သည် ယုံကြည်ခြင်း​အားဖြင့် ဘုရားတရား​မဲ့​လောကတွင် ယေဟောဝါ​နှင့်အတူ​သွားလာခြင်း​၌ အောင်​မြင်ခဲ့​ပြီး ကျွန်ုပ်​တို့​လည်း ထိုသို့​သွားလာ​နိုင်​ကြ​ပါ​သည်။

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]

ဧနောက်​ဝတ္ထု​မှ သမ္မာကျမ်းစာ​ကိုးကား​သလော

ဧနောက်​ဝတ္ထု​သည် ကျမ်း​ပို​ဖြစ်​ပြီး ကျောက်စာ​အတု​ဖြစ်၏။ ယင်းကို ဧနောက်​ရေးသားခဲ့​သည်​ဟု မှားယွင်းစွာ​ယူဆကြ​သည်။ ဘီ.စီ.အီး. ဒုတိယ​ရာစု​နှင့် ပထမ​ရာစု​အတွင်း တစ်ချိန်ချိန်​တွင်​ရေးနိုင်​ဖွယ်​ရှိသော ဧနောက်​ဝတ္ထု​သည် ယုတ္တိမရှိ၊ သမိုင်း​တွင်​မရှိသည့် ဂျူး​ဒဏ္ဍာရီ​များ​ကို စုဆောင်း​ထားခြင်း​ဖြစ်​ကာ ကမ္ဘာဦးကျမ်း​တွင် ဧနောက်​အကြောင်း အကျဉ်းချုပ်​ဖော်ပြ​ထားခြင်း​အပေါ် အကျယ်ချဲ့​ဖွင့်ဆို​ရေးသား​ထား​သည်​မှာ ထင်ရှား​ပါ​သည်။ ဤ​အချက်​တစ်ခု​တည်း​က​ပင် ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​ကို မြတ်နိုးသူ​များ​အတွက် ၎င်းကို​ထုတ်​ဖယ်​ပစ်​ရန် လုံလောက်​ပေ​သည်။

သမ္မာကျမ်းစာ​တွင် ယုဒ​ကျမ်း​တစ်ခု​တည်း​၌​သာ ဧနောက်​၏​ဤ​ပရောဖက်ပြုချက်​ပါရှိ​သည်— “ထာဝရ​ဘုရား​သည် ခပ်သိမ်း​သော​သူတို့ကို တရား​စီရင်တော်မူ​၍ မတရားသော​သူတို့သည် မတရား​သဖြင့်​ပြုသော အဓမ္မအမှု​ရှိသမျှ​တို့၏​အပြစ်ကို​လည်းကောင်း၊ မတရားသော​လူဆိုး​တို့သည် ဘုရားသခင်​ကို​ပြစ်မှား​၍​ပြော​သော ကြမ်းတမ်းသော​စကား​ရှိသမျှ​တို့၏ အပြစ်ကို​လည်းကောင်း ဖော်ပြခြင်း​ငှာ အတိုင်းမသိ​များစွာသော မိမိ​သန့်ရှင်းသူ​တို့​နှင့်​တကွ ကြွလာ​တော်​မူ​လိမ့်​မည်။” (ယုဒ ၁၄၊ ၁၅) ဘုရားတရား​မဲ့​တစ်ခေတ်​တည်း​သားများ​နှင့်​ပတ်သက်​သည့် ဧနောက်​၏​ပရောဖက်ပြုချက်​ကို ဧနောက်​ဝတ္ထု​မှ​တိုက်ရိုက်​ကိုးကား​သည်​ဟု ကျမ်း​ပညာရှင်​များစွာက အခိုင်အမာ​ပြောဆို​ကြသည်။ ယုဒ​သည် မိမိ၏​ကိုးကားချက်​အဖြစ် စိတ်ချ​၍​မရ​နိုင်သော​ကျမ်း​ပို​ကို အသုံးပြု​ရေးသား​မည်​လော။

ဧနောက်​၏​ပရောဖက်ပြုချက်​ကို ယုဒ​မည်သို့​သိရှိ​ခဲ့​ကြောင်း ကျမ်းစာ​တွင် မဖော်​ပြ​ထား​ပါ။ ရှေး​ကတည်းက လက်ဆင့်ကမ်း​လာ​ခဲ့​သော အများ​သိ​အကြောင်းအရာ​တစ်ခု၊ ယုံကြည်​စိတ်ချ​ရသော​စကား​များ​ကို သူ​ကိုးကား​နေခြင်း​သာ​ဖြစ်သည်။ မောရှေ​ကို​အတိုက်အခံပြု​သည့် အမည်​မ​ပေါ်သော ဖာရော​နန်းတွင်းသား မှော်ဆရာ​များ​အား ယန္နေ​နှင့်​ယံဗြေ​အဖြစ် အမည်တပ်​၍ ပေါလု​ခေါ်​ခဲ့​စဉ်​က​လည်း အလားတူ​ကိုးကား​ခဲ့​ခြင်း​ဖြစ်သည်​မှာ ထင်ရှား​ပါ​သည်။ အကယ်၍ ဧနောက်​ဝတ္ထု​ရေးသူ​သည် ရှေး​အဖြစ်အပျက်​ကို ဤနည်းဖြင့်​သိရှိ​ခဲ့​လျှင် ယုဒ​သည်လည်း ထို​ကဲ့သို့​သိရှိ​ခဲ့​မည်​ကို အဘယ်ကြောင့်​ငြင်းဆို​သင့်​သနည်း။ *ထွက်မြောက်ရာ ၇:၁၁၊ ၂၂; ၂ တိမောသေ ၃:၈

ဘုရားတရား​မဲ့​သူများ​နှင့်​စပ်လျဉ်း၍ ဧနောက်​၏​သတင်းတရားကို ယုဒ​မည်သို့​ရရှိခဲ့​ခြင်း​သည် အရေး​မကြီး​သော​အသေးအမွှား​ကိစ္စ​ဖြစ်၏။ ယုဒ​သည် ဘုရားသခင့်​မှုတ်သွင်းခြင်း​အားဖြင့် ရေးသားခဲ့​သည့်​အချက်​က ၎င်းကို ယုံကြည်​စိတ်ချ​စေပါ​သည်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​က မဟုတ်မမှန်​သည့်​အကြောင်းအရာ​တစ်စုံတစ်ခု​ကို​မျှ မဖော်​ပြ​ရန် သူ့ကို​ကာကွယ်​ပေး​ခဲ့​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 28 ကျမ်းစာ​၏​မည်သည့်​နေရာ၌​မျှ မ​တွေ့ ရှိ​ရသော​အကြောင်းအရာ​တစ်ခု​ကို တပည့်တော်​သတေဖန်​လည်း ဖော်ပြ​ခဲ့​သည်။ အီဂျစ်​အတတ်ပညာ​ကို မောရှေ​သင်​ခဲ့​ကြောင်း၊ အီဂျစ်​မှ သူ​ထွက်ပြေး​စဉ်​က အသက် ၄၀ ရှိကြောင်း၊ မိဒျန်​ပြည်​တွင်​အနှစ် ၄၀ နေထိုင်​ကြောင်း​နှင့်၊ မောရှေ​ပညတ္တိကျမ်း​ပေး​ရာ​၌ ကောင်းကင်တမန်​၏​ကဏ္ဍ​အကြောင်း​တို့​ဖြစ်သည်။—တမန်​တော် ၇:၂၂၊ ၂၃၊ ၃၀၊ ၃၈

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဧနောက်​သည် ယေဟောဝါ​၏​သတင်းတရားကို သတ္တိရှိရှိ​ဟောပြောခဲ့