ကျွန်ုပ်တို့၏စိတ်နှလုံး၌ ခရစ်တော်၏ ငြိမ်သက်ခြင်း မည်သို့ထိန်းချုပ်နိုင်သနည်း
ကျွန်ုပ်တို့၏စိတ်နှလုံး၌ ခရစ်တော်၏ ငြိမ်သက်ခြင်း မည်သို့ထိန်းချုပ်နိုင်သနည်း
“သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်း အုပ်စိုး [“ထိန်းချုပ်၊” ကဘ] စေ။ ထိုသို့အလို့ငှာ သင်တို့သည် တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြ” ရသည်။—ကောလောသဲ ၃:၁၅။
၁၊ ၂။ ခရစ်ယာန်တစ်ဦး၏စိတ်နှလုံးတွင် “ခရစ်တော်၏ငြိမ်သက်ခြင်း” သည် အဘယ်နည်းဖြင့် ထိန်းချုပ်သနည်း။
ထိန်းချုပ်ဟုဆိုလိုက်လျှင် နှိပ်ကွပ်ခြင်း၊ ကြိုးကိုင်ခြင်းများကို မြင်ယောင်စေရာ ယင်းစကားလုံးကို လူအများကမနှစ်မြို့ကြချေ။ သို့ဖြစ်၍ ‘သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်း ထိန်းချုပ်စေ’ ဟုကောလောသဲရှိ ယုံကြည်သူခရစ်ယာန်ချင်းတို့အား ပေါလုနှိုးဆော်ခဲ့ခြင်းကို အချို့က ကျိုးကြောင်းမညီညွတ်ဟု ယူမှတ်ပေမည်။ (ကောလောသဲ ၃:၁၅) ကျွန်ုပ်တို့သည် လွတ်လပ်စွာရွေးချယ်ခွင့် ရှိကြသူများမဟုတ်ပေလော။ ကျွန်ုပ်တို့၏စိတ်နှလုံးအား တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ယောက်ကို အဘယ်ကြောင့်ထိန်းချုပ်စေသင့်သနည်း။
၂ ကောလောသဲအသင်းသားတို့အား သူတို့၏လွတ်လပ်စွာရွေးချယ်ခွင့်ကို စွန့်လွှတ်ဖို့ ပေါလုပြောနေခဲ့ခြင်းမဟုတ်ပေ။ ကောလောသဲ ၃:၁၅ တွင် “ထိန်းချုပ်” ဟူ၍ပြန်ဆိုထားသော ဂရိအသုံးအနှုန်းသည် ထိုခေတ်အခါက ပြေးခုန်ပစ်ပြိုင်ပွဲများ၌ ဆုပေးခဲ့သော ဒိုင်လူကြီးအတွက် အသုံးပြုသည့်စကားလုံးနှင့် ဆက်စပ်၏။ ပြိုင်ပွဲဝင်သူများသည် ကစားနည်း၏စည်းကမ်းချက်များဘောင်အတွင်း အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရှိသော်လည်း အဆုံးတွင် စည်းကမ်းများအတိုင်း မည်သူလိုက်လျှောက်၍ သို့ဖြင့် အနိုင်ရကြောင်းကို ဒိုင်လူကြီးက အဆုံးအဖြတ်ပေးခဲ့ရသည်။ အလားတူ ကျွန်ုပ်တို့ဘဝတွင် ဆုံးဖြတ်ချက်များစွာကို လွတ်လပ်စွာချခွင့်ရှိသော်လည်း ထိုသို့ပြုရာ၌ ခရစ်တော်၏ငြိမ်သက်ခြင်းသည် အမြဲပင် “ဒိုင်လူကြီး” အဖြစ်ဆုံးဖြတ်ပေးသင့်သည်၊ သို့မဟုတ် ဘာသာပြန်သူ အက်ဒ်ဂါ ဂျေ၊ ဂွတ်စပီဒ်ဆိုသည့်အတိုင်း ၎င်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးတွင် “စိုးမိုးထိန်းချုပ်သည့်အခြေခံမူ” ဖြစ်သင့်သည်။
၃။ “ခရစ်တော်၏ငြိမ်သက်ခြင်း” ကား အဘယ်နည်း။
၃ “ခရစ်တော်၏ငြိမ်သက်ခြင်း” ကား အဘယ်နည်း။ ကျွန်ုပ်တို့သည် ယေရှု၏တပည့်များဖြစ်လာကြပြီး ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်၏ချစ်ခင်မှုနှင့် မျက်နှာသာကိုရရှိကြောင်း ကျွန်ုပ်တို့သိရှိလာကြသောအခါ ကျွန်ုပ်တို့ရရှိကြသည့် ဆိတ်ငြိမ်အေးချမ်းမှု၊ စိတ်တွင်းငြိမ်သက်မှုဖြစ်သည်။ တပည့်တော်များနှင့် ခွဲခွာခါနီးတွင် ယေရှုက သူတို့ကို ဤသို့မိန့်တော်မူခဲ့သည်– “ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ . . . သင်တို့စိတ်နှလုံး ပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။” (ယောဟန် ၁၄:၂၇) ခရစ်တော်၏ ခန္ဓာကိုယ်အဝင် တည်ကြည်သည့်ကောင်းကင်အတန်းအစား၌ပါဝင်သူများသည် အဆိုပါငြိမ်သက်ခြင်းကို နှစ်ပေါင်း ၂,၀၀၀ နီးပါးမွေ့လျော်ခဲ့ကြပြီး ယနေ့ သူတို့၏အပေါင်းပါများဖြစ်သော “အခြားသိုး” တို့သည် ၎င်းကိုဝေမျှခံစားကြသည်။ (ယောဟန် ၁၀:၁၆) အဆိုပါငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် စိုးမိုးထိန်းချုပ်လျက်ရှိသင့်သည်။ ကျွန်ုပ်တို့အပြင်းအထန်စမ်းသပ်ခံရသောအခါ ကြောက်ပြီး ကြက်သေသေသွားခြင်း သို့မဟုတ် အလွန်အမင်းစိုးရိမ်ပူပန်ခြင်းမရှိစေရန် ယင်းက ကူညီပေးနိုင်၏။ မတရားမှုကို ကျွန်ုပ်တို့ကြုံတွေ့ကြရသောအခါ၊ စိုးရိမ်ပူပန်မှုများ ဝန်းရံနေသောအခါနှင့် မထိုက်မတန်ဟုကျွန်ုပ်တို့ခံစားကြရသောအခါ ထိုသို့အမှန်ဖြစ်လာပုံကို ကြည့်ကြစို့။
ကျွန်ုပ်တို့ မတရားမှုကြုံတွေ့ကြရသောအခါ
၄။ (က) ယေရှုသည် မတရားမှုကို မည်သို့အကျွမ်းဝင်လာခဲ့သနည်း။ (ခ) ခရစ်ယာန်များသည် မတရားမှု၏သားကောင်များဖြစ်ရခြင်းကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၄ ရှောလမုန်ဘုရင်က ဤသို့အသိအမှတ်ပြုခဲ့သည်– လူသည် “အကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ကြပြီ။ (ဒေ. ၈:၉) ထိုစကားများ မှန်ကန်ကြောင်း ယေရှုသိတော်မူသည်။ ကိုယ်တော်ကောင်းကင်၌ရှိစဉ်ပင် လူသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး အကြီးအကျယ်မတရားသဖြင့် ပြုမူကြကြောင်းကို တွေ့မြင်ခဲ့သည်။ မြေကြီးပေါ်တွင် ကိုယ်တော်တိုင်ပင် အကြီးမားဆုံးသောမတရားမှုကို တွေ့ကြုံခံစားခဲ့ရ၏၊ ကိုယ်တော်သည် အပြစ်မဲ့သောလူသားတစ်ဦးဖြစ်သော်လည်း ဘုရားသခင်ကို စော်ကားသူအဖြစ် စွပ်စွဲခံခဲ့ရပြီး ရာဇဝတ်သားတစ်ဦးအဖြစ် သေဒဏ်ပေးခံခဲ့ရသည်။ (မဿဲ ၂၆:၆၃-၆၆; မာကု ၁၅:၂၇) ယနေ့ မတရားမှု နှံ့ပြားလျက်ရှိဆဲဖြစ်ပြီး စစ်မှန်သောခရစ်ယာန်များကို ‘ခပ်သိမ်းသောလူမျိုးတို့ မုန်းကြ’ ခြင်းကြောင့် အကြီးအကျယ်ဆင်းရဲခြင်းခံစားခဲ့ကြရ၏။ (မဿဲ ၂၄:၉) သို့တိုင် နာဇီအသေ ခံစခန်းများနှင့် ဆိုဗီယက်ဂူလက်ခ်ချွေးတပ်စခန်းတို့တွင် ကြောက်မက်ဖွယ် အတွေ့အကြုံများခံခဲ့ကြရသည့်ကြား၊ လူအုပ်၏အကြမ်းဖက်မှု၊ မတရားစွပ်စွဲခံရပြီး မဟုတ်မမှန်တိုက်ခိုက်ပြောဆိုခံခဲ့ကြရသည့်ကြားမှ ခရစ်တော်၏ငြိမ်သက်ခြင်းသည် သူတို့ကို ဆက်လက်၍ခိုင်မြဲတည်ကြည်စေခဲ့ပြီ။ “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏” ဟုကျွန်ုပ်တို့ဖတ်ရသည့် ယေရှုကို သူတို့အတုယူကြ၏။—၁ ပေတရု ၂:၂၃။
၅။ အသင်းတော်၌ မတရားဟန်ရှိသည့်ကိစ္စတစ်ရပ်အကြောင်း ကြားသိသောအခါ ဦးဆုံး အဘယ်အရာကိုသုံးသပ်သင့်သနည်း။
၅ အသေးစားအနေနှင့် ခရစ်ယာန်အသင်းတော်တစ်ခုတွင် တစ်ဦးတစ်ယောက်သည် မတရားသဖြင့်ဆက်ဆံခံရသည်ဟု ကျွန်ုပ်တို့ ယူမှတ်ကြပေမည်။ ထိုသို့သောကိစ္စမျိုးတွင် ဤသို့ပြောခဲ့သော ပေါလုကဲ့သို့ ကျွန်ုပ်တို့ခံစားရပေမည်– “အဘယ်သူသည် ထိမိ၍လဲသနည်း၊ ငါသည် အမျက်မထွက်ဘဲနေသလော။” (၂ ကောရိန္သု ၁၁:၂၉၊ ကဘ) ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။ ကျွန်ုပ်တို့ကိုယ်ကို ‘ဒါတကယ်ပဲ မတရားမှုလား’ ဟူ၍မေးသင့်သည်။ ကျွန်ုပ်တို့သည် မကြာခဏ အကြောင်းစုံမသိကြချေ။ သိပါသည်ဟုဆိုသူ၏စကားကိုနားထောင်ပြီးနောက် ကျွန်ုပ်တို့သည် ပြင်းထန်စွာတုံ့ပြန်နေခြင်းဖြစ်နိုင်၏။ အကြောင်းကောင်းရှိ၍ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။” (သု. ၁၄:၁၅) သို့ဖြစ်၍ ကျွန်ုပ်တို့ သတိထားကြရန်လိုသည်။
၆။ အသင်းတော်အတွင်း မတရားမှုများကို သိမြင်သောအခါ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်နိုင်သနည်း။
၆ သို့သော် ကျွန်ုပ်တို့ကိုယ်တိုင် မတရားသဖြင့် ပြုမူခံရသည်ဆိုပါစို့။ စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းရှိသူတစ်ဦးသည် မည်သို့တုံ့ပြန်လိမ့်မည်နည်း။ ကျွန်ုပ်တို့ကို ပြစ်မှားသည်ဟု မိမိထင်မှတ်သူနှင့် စကားစမြည်ပြောဆိုဖို့လိုပေမည်။ ထို့နောက် အဆိုပါအကြောင်းကို နားထောင်မည့်သူ မည်သူမဆိုနှင့် ဆွေးနွေးတိုင်ပင်မည့်အစား ဆုတောင်းခြင်းဖြင့် ယေဟောဝါထံ ထိုကိစ္စကိုပုံအပ်ပြီး တရားသဖြင့် ပြုမူဆောင်ရွက်ပေးတော်မူလိမ့်မည်ဟု ယုံကြည်စိတ်ချနေပါ။ (ဆာလံ ၉:၁၀; သု. ၃:၅) ထိုသို့ပြုလုပ်ပြီးပြီဆိုလျှင် အဆိုပါကိစ္စသည် ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ကျေနပ်စရာဖြစ်သွားပြီး “တိတ်ဆိတ်ခြင်းရှိကြ” လိမ့်မည်။ (ဆာလံ ၄:၄) ပေါလု၏ ဤဆုံးမစကားသည် ဖြစ်ရပ်အတော်များများနှင့် သက်ဆိုင်လိမ့်မည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ [ယေဟောဝါ] သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။”—ကောလောသဲ ၃:၁၃။
၇။ ညီအစ်ကိုများနှင့် ကျွန်ုပ်တို့ဆက်ဆံရာတွင် အဘယ်အရာကို အမြဲပင်သတိရသင့်သနည်း။
၇ သို့သော် ကျွန်ုပ်တို့အဘယ်အရာကိုပင် ပြုလုပ်ပါစေ ဖြစ်ပျက်လာသည့်အရာကို ကျွန်ုပ်တို့မထိန်းချုပ်နိုင်သော်လည်း ကျွန်ုပ်တို့၏တုံ့ပြန်မှုကိုမူ ထိန်းချုပ်နိုင်ကြောင်း သတိရကြရမည်။ ကျွန်ုပ်တို့သိမြင်သော မတရားမှုတစ်ခုခုကို မမျှမတ တုံ့ပြန်မည်ဆိုလျှင် ယင်းက ထိုမတရားမှုကိုယ်နှိုက်ထက် ကျွန်ုပ်တို့၏ငြိမ်သက်ခြင်းကို သာ၍အကျိုးယုတ်စေပေမည်။ (သု. ၁၈:၁၄) ထိုအခါ ကျွန်ုပ်တို့သည် ထိမိလဲ၍ တရားမျှတစွာမပြုမချင်း အသင်းတော်နှင့်ပေါင်းသင်းဆက်ဆံမှု ရပ်စဲပစ်လိုက်နိုင်ပေသည်။ ယေဟောဝါ၏ပညတ်တော်များကို ချစ်မြတ်နိုးသူတို့အတွက် “စိတ်ပျက်စရာအကြောင်းမရှိ” ဟုဆာလံဆရာရေးသားခဲ့၏။ (ဆာလံ ၁၁၉:၁၆၅) အမှန်မှာ လူတိုင်းပင် အခါအားလျော်စွာ မတရားစွာဆက်ဆံခံရသည်။ ဤကဲ့သို့ အကြောင်းမလှသောအတွေ့အကြုံများက ယေဟောဝါအား သင်အမှုဆောင်နေခြင်းကို အနှောင့်အယှက်မပေးမိပါစေနှင့်။ ၎င်းအစား ခရစ်တော်၏ငြိမ်သက်ခြင်းသည် သင်၏စိတ်နှလုံးကို ထိန်းချုပ်ပါလေစေ။
စိုးရိမ်ပူပန်မှုများဖြင့် ဝန်းရံခံရသောအခါ
၈။ စိုးရိမ်ပူပန်စေသောအရာအချို့ကား အဘယ်နည်း၊ စိုးရိမ်ပူပန်မှုသည် အဘယ်အရာကိုဖြစ်စေနိုင်သနည်း။
၈ ဤ “နောက်ဆုံးသောနေ့ရက်များ” ၌ ဘဝတွင် စိုးရိမ်ပူပန်မှု တကယ်ရှိ၏။ (၂ တိမောသေ ၃:၁၊ သမ္မာ) ယေရှုက “သင်တို့သည် အဘယ်သို့စားရမည်ဟူ၍ အသက်အဖို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟူ၍ ကိုယ်အဖို့မစိုးရိမ်ကြနှင့်” ဟုမိန့်တော်မူခဲ့သည်မှာ မှန်ပေ၏။ (လုကာ ၁၂:၂၂) သို့သော် စိုးရိမ်ပူပန်မှုတိုင်း ရုပ်ပစ္စည်းနှင့်ပတ်သက်သည်မဟုတ်။ လောတသည် သောဒုံမြို့၏အကျင့်ပျက်ပြားမှုကြောင့် “နှောင့်ယှက်ခြင်းကိုခံ” ခဲ့ရသည်။ (၂ ပေတရု ၂:၇) ပေါလု သည် ‘အသင်းတော်အပေါင်းတို့အတွက် စိုးရိမ်သောစိတ်’ ၏ဖိစီးမှုကိုခံခဲ့ရသည်။ (၂ ကောရိန္သု ၁၁:၂၈) ယေရှုသည် မသေဆုံးမီညတွင် “ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်” သည့်အထိ ပြင်းပြစွာစိတ်ပူပန်ခဲ့သည်။ (လုကာ ၂၂:၄၄) ရှင်းနေသည်ကား စိုးရိမ်ပူပန်တိုင်း ယုံကြည်ခြင်းအားနည်းသောကြောင့်မဟုတ်ပေ။ သို့သော် မည်သည့်အကြောင်းကြောင့်မဆို စိုးရိမ်ပူပန်ပါစေ အလွန်အမင်း၊ ကြာမြင့်စွာစိုးရိမ်နေပါက စိတ်ငြိမ်သက်မှု ပျောက်ဆုံးသွားနိုင်ပါသည်။ စိုးရိမ်ပူပန်မှုသည် အချို့သူတို့ကို လွှမ်းမိုးဝါးမျိုသွားခဲ့ပြီး ယေဟောဝါအမှုတော်ထမ်းခြင်းနှင့်ဆိုင်သောတာဝန်များကို သူတို့ဆက်မထမ်းဆောင်နိုင်တော့ပေဟု သူတို့အား ခံစားစေသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “စိုးရိမ်ကြောင့်ကြခြင်းသည် ညှိုးငယ်စေတတ်၏။” (သု. ၁၂:၂၅၊ သမ္မာ) သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်နေပါက အဘယ်အရာပြုလုပ်နိုင်သနည်း။
၉။ စိုးရိမ်ပူပန်မှုလျော့နည်းစေရန် အသုံးချနိုင်သည့် လက်တွေ့ကျနည်းလမ်းအချို့ကား အဘယ်နည်း၊ သို့သော် စိုးရိမ်ပူပန်စေသည့် အဘယ်အရာအချို့ကိုမူ မဖယ်ရှားနိုင်သနည်း။
၉ အခြေအနေအချို့တွင် လက်တွေ့ကျကျဖြေရှင်းနည်းများ ရှိနိုင်ပေသည်။ ကျန်းမာရေးကြောင့် စိုးရိမ်ပူပန်နေရလျှင် ယင်းကို ဂရုစိုက်သင့်သည်၊ သို့သော် ဤကိစ္စသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၍ ကိုယ်တိုင်ဆုံးဖြတ်ရပေလိမ့်မည်။ * (မဿဲ ၉:၁၂) တာဝန်များလွန်း၍ ဝန်ပိနေမည်ဆိုလျှင် ယင်းတာဝန်အချို့ကို အခြားသူတို့အား လွှဲအပ်နိုင်ပေမည်။ (ထွက်မြောက်ရာ ၁၈:၁၃-၂၃) သို့သော် မိဘဖြစ်သူတို့ကဲ့သို့ လွှဲအပ်ရန်မဖြစ်နိုင်သော ကြီးလေးသည့်တာဝန်များရှိလျှင်ကော အသို့နည်း။ အတိုက်အခံပြုသောအိမ်ထောင်ဖက်နှင့် နေထိုင်ရသော ခရစ်ယာန်တစ်ဦးဖြစ်လျှင်ကော အသို့နည်း။ စီးပွားရေး အလွန့်အလွန်ကျပ်တည်းသောမိသားစု သို့မဟုတ် စစ်နယ်မြေတစ်ခုတွင် နေထိုင်ရလျှင်ကော အသို့နည်း။ ရှင်းနေသည်ကား ဤအစီအစဉ်စနစ်ရှိ စိုးရိမ်ပူပန်စေသောအရာအားလုံးကို ကျွန်ုပ်တို့မဖယ်ရှားနိုင်ချေ။ သို့တိုင် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ခရစ်တော်၏ငြိမ်သက်ခြင်းရှိစေနိုင်ပါသည်။ မည်သို့နည်း။
၁၀။ စိုးရိမ်ပူပန်မှုလျော့နည်းစေရန် ခရစ်ယာန်တစ်ဦး ပြုလုပ်နိုင်သည့်နည်းနှစ်နည်းကား အဘယ်နည်း။
၁၀ ဘုရားသခင့်နှုတ်မြွက်စကားတော်မှ နှစ်သိမ့်မှုရှာယူခြင်းမှာ တစ်နည်းဖြစ်၏။ ဘုရင်ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “အကျွန်ုပ်၏စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြခြင်းများပြားသောအခါ နှစ်သိမ့်တော်မူခြင်းသည် အကျွန်ုပ်ကိုရွှင်လန်းစေပါ၏။” (ဆာလံ ၉၄:၁၉၊ သမ္မာ) သမ္မာကျမ်းစာတွင် ယေဟောဝါ၏ “နှစ်သိမ့်တော်မူခြင်း” ကို တွေ့ရှိနိုင်သည်။ ထိုမှုတ်သွင်းခံစာစောင်ကို မှန်မှန်လေ့လာခြင်းက ကျွန်ုပ်တို့၏စိတ်နှလုံး၌ ခရစ်တော်၏ငြိမ်သက်ခြင်းရှိစေရန် အကူအညီရပေလိမ့် မည်။ သမ္မာကျမ်းစာက “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ” ဟုဆိုသည်။ (ဆာလံ ၅၅:၂၂) ထိုနည်းထပ်တူ ပေါလုဤသို့ရေးသားခဲ့သည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) စိတ်ထက်သန်စွာဖြင့် မှန်မှန်ဆုတောင်းခြင်းသည် ကျွန်ုပ်တို့တွင်ငြိမ်သက်ခြင်းရှိစေရန် အကူအညီပေးပေလိမ့်မည်။
၁၁။ (က) ဆုတောင်းခြင်းကိစ္စတွင် ယေရှုသည် စံနမူနာကောင်း မည်သို့ဖြစ်ခဲ့သနည်း။ (ခ) ဆုတောင်းခြင်းကို ကျွန်ုပ်တို့မည်သို့ယူမှတ်သင့်သနည်း။
၁၁ ယင်းနှင့်ပတ်သက်၍ ယေရှုသည် အကောင်းဆုံးစံနမူနာရှင်ဖြစ်ခဲ့သည်။ ကိုယ်တော်သည် မကြာခဏပင် နာရီနှင့်ချီပြီး မိမိ၏ကောင်းကင်ခမည်းတော်အား ဆုတောင်း၍စကားပြောဆိုခဲ့၏။ (မဿဲ ၁၄:၂၃; လုကာ ၆:၁၂) ဆုတောင်းခြင်းက ကိုယ်တော်အား အဆိုးဝါးဆုံးစမ်းသပ်မှုများကို ခံရပ်စေခဲ့သည်။ ကိုယ်တော်မသေဆုံးမီညတွင် ကိုယ်တော်၏စိတ်ပူပန်မှုမှာ အလွန်ပြင်းထန်ခဲ့သည်။ မည်သို့တုံ့ပြန်တော်မူခဲ့သနည်း။ ကိုယ်တော်သည် “အထူးသဖြင့်ကြိုးစား၍” ဆုတောင်းတော်မူခဲ့သည်။ (လုကာ ၂၂:၄၄) မှန်ပါသည်၊ ဘုရားသခင်၏စုံလင်သောသားတော်သည် အမြဲဆုတောင်းခဲ့သူဖြစ်သည်။ သို့ဖြစ်လျှင် ကိုယ်တော်၏မစုံလင်သောနောက်လိုက်များသည် ဆုတောင်းခြင်းအလေ့အထကို သာ၍ပင်မွေးမြူသင့်သည်တကား! ယေရှုသည် မိမိ၏တပည့်များကို “အားမလျော့ဘဲ ကြိုးစား၍ဆုတောင်း” ဖို့သွန်သင်ပေးခဲ့၏။ (လုကာ ၁၈:၁) ဆုတောင်းခြင်းသည် အမှန်တကယ်ဖြစ်ကာ ကျွန်ုပ်တို့ကိုယ်ကိုသိသည်ထက် ကျွန်ုပ်တို့ကိုသာ၍သိတော်မူသောအရှင်နှင့် အလွန်အရေးပါသော ဆက်သွယ်ခြင်းဖြစ်သည်။ (ဆာလံ ၁၀၃:၁၄) ကျွန်ုပ်တို့၏စိတ်နှလုံးထဲ ခရစ်တော်၏ငြိမ်သက်ခြင်းကိုရှိစေလိုလျှင် ကျွန်ုပ်တို့သည် “မခြားမလပ်ဆုတောင်း” ကြရမည်။—၁ သက်သာလောနိတ် ၅:၁၇။
ကျွန်ုပ်တို့၏ချွတ်ယွင်းချက်များကို အနိုင်ယူခြင်း
၁၂။ မိမိတို့၏အမှုတော်ဆောင်ခြင်းသည် အရည်အချင်းမပြည့်မီဟု အဘယ်အကြောင်းများကြောင့် အချို့ခံစားရမည်နည်း။
၁၂ ယေဟောဝါသည် မိမိကျေးကျွန်တစ်ဦးစီကို အဖိုးထိုက်သောသူအဖြစ် ရှုမြင်တော်မူ၏။ (ဟဂ္ဂဲ ၂:၇၊ သမ္မာ) သို့ဖြစ်သော်လည်း ယင်းကို လူအများလက်ခံရခက်သည်။ အချို့တို့မှာ အသက်အရွယ်အိုမင်းလာ၍ဖြစ်စေ၊ မိသားစုတာဝန်ကြီးလာ၍ဖြစ်စေ၊ ကျန်းမာရေးချို့ယွင်းလာ၍ဖြစ်စေ စိတ်ပျက်အားလျော့ကြပေမည်။ အခြားသူတို့မှာမူ ငယ်စဉ်ဘဝ မသာယာခဲ့ခြင်းကြောင့် တစ်ပန်းရှုံးသည်ဟုခံစားရပေမည်။ အတိတ်ကအမှားကြောင့် အလူးအလဲဆက်ခံစားရဖွယ်ရှိပြီး သူတို့ကို ယေဟောဝါခွင့်လွှတ်နိုင်ပါမည်လောဟု ခံစားနေရသူများလည်းရှိပေမည်။ (ဆာလံ ၅၁:၃) ထိုသို့သော ခံစားချက်များရှိနေမည်ဆိုလျှင် ကျွန်ုပ်တို့အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၃။ အရည်အချင်းမပြည့်မီဟု ခံစားရသူတို့အတွက် အဘယ်ကျမ်းချက်က နှစ်သိမ့်မှုပေးသနည်း။
၁၃ ခရစ်တော်၏ငြိမ်သက်ခြင်းက ကျွန်ုပ်တို့အား ယေဟောဝါချစ်တော်မူကြောင်း စိတ်ချစေလိမ့်မည်။ ကျွန်ုပ်တို့၏လုပ်ဆောင်ချက်နှင့် အခြားသူတို့၏ဆောင်ရွက်ချက်ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့၏တန်ဖိုးကိုတိုင်းတာသည်ဟု ယေရှု မည်သည့်အခါကမျှ မိန့်တော်မမူခဲ့ကြောင်း ပြန်စဉ်းစားဆင်ခြင်ခြင်းဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ ငြိမ်သက်ခြင်း ပြန်ရှိစေနိုင်သည်။ (မဿဲ ၂၅:၁၄၊ ၁၅; မာကု ၁၂:၄၁-၄၄) ကိုယ်တော် အလေးပေးဖော်ပြခဲ့သည်မှာ သစ္စာစောင့်သိခြင်းဖြစ်သည်။ တပည့်တော်များကို ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၃) ယေရှုကိုယ်တော်တိုင်ပင် လူတို့၏ “မထီမဲ့မြင်ပြုခြင်းခံ” ခဲ့ရသော်လည်း မိမိ၏ခမည်းတော်သည် မိမိအားချစ်တော်မူကြောင်း ကိုယ်တော်လုံးဝသံသယမဝင်ခဲ့ချေ။ (ဟေရှာယ ၅၃:၃; ယောဟန် ၁၀:၁၇) တပည့်တော်များသည်လည်း ချစ်မြတ်နိုးခံရကြောင်း သူတို့အား ကိုယ်တော်မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄:၂၁) ၎င်းကိုအလေးပေးဖော်ပြရန် ယေရှုက “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၀:၂၉-၃၁) ယေဟောဝါ၏မေတ္တာနှင့်ပတ်သက်၍ နွေးထွေးမှုရှိစေသည့် အာမခံချက်ပါတကား!
၁၄။ ကျွန်ုပ်တို့တစ်ဦးစီကို ယေဟောဝါတန်ဖိုးထားကြောင်း အဘယ်အာမခံချက်ရှိသနည်း။
၁၄ ယေရှုက “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင်၊ အဘယ်သူမျှငါ့ထံသို့မလာနိုင်” ဟုလည်းမိန့်တော်မူခဲ့သည်။ (ယောဟန် ၆:၄၄) ယေရှုနောက်သို့လိုက်ရန် ကျွန်ုပ်တို့ကို ယေဟောဝါသွေးဆောင်တော်မူခဲ့ပြီဖြစ်ရာ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းရစေလို၍ဖြစ်ရမည်။ မိမိ၏တပည့်တော်များကို ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” (မဿဲ ၁၈:၁၄) သို့ဖြစ်၍ သင်သည် စိတ်နှလုံးအပြည့်ဖြင့် အမှုထမ်းဆောင်နေမည်ဆိုလျှင် သင်၏ကောင်းသောလုပ်ငန်းများတွင် ဝမ်းမြောက်နိုင်ပေသည်။ (ဂလာတိ ၆:၄) သင်သည် အတိတ်ကအမှားများကြောင့် အလူးအလဲခံနေရမည်ဆိုလျှင် ယေဟောဝါသည် အမှန်တကယ် နောင်တယူသူများကို “အထူးသဖြင့်” ခွင့်လွှတ် တော်မူကြောင်း ယုံကြည်စိတ်ချပါလေ။ (ဟေရှာယ ၄၃:၂၅; ၅၅:၇) သင်သည် အခြားအကြောင်းတစ်ခုခုကြောင့် စိတ်ပျက်အားလျော့နေမည်ဆိုလျှင် “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ” ကြောင်း သတိရပါလေ။—ဆာလံ ၃၄:၁၈။
၁၅။ (က) ကျွန်ုပ်တို့၏စိတ်ငြိမ်သက်မှု ပျောက်ဆုံးသွားရန် စာတန်မည်သို့ကြိုးပမ်းမည်နည်း။ (ခ) အဘယ်အရာနှင့်ပတ်သက်ပြီး ယေဟောဝါ၌ ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သနည်း။
၁၅ သင်၌ စိတ်ငြိမ်သက်မှုမရှိခြင်းကို စာတန်အလိုလားဆုံးဖြစ်သည်။ သူသည် ကျွန်ုပ်တို့အားလုံး ဆိုင်ပြိုင်တွန်းလှန်နေကြရသော အမွေခံအပြစ်၏ အဓိကတရားခံဖြစ်သည်။ (ရောမ ၇:၂၁-၂၄) သင်၏မစုံလင်မှုကြောင့် သင်၏အမှုတော်ဆောင်ခြင်းကို ဘုရားသခင် လက်သင့်ခံနိုင်မည်မဟုတ်ဟု သင့်အား အမှန်ပင်ခံစားစေလိုသည်။ သင့်ကို စိတ်ဓာတ်ကျစေရန် စာတန်ကို ဘယ်သောအခါမျှ ခွင့်မပြုပါလေနှင့်! သူ၏ဉာဏ်နီဉာဏ်နက်များကို သတိထားပါ၊ ထိုသို့သတိထားခြင်းက သင့်အား ခံနိုင်ရည်ရှိရန် ဆုံးဖြတ်ချက်ချနိုင်ပါစေ။ (၂ ကောရိန္သု ၂:၁၁; ဧဖက် ၆:၁၁-၁၃) “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကိုသိတော်မူ” ကြောင်းကိုသတိရပါလေ။ (၁ ယောဟန် ၃:၂၀) ယေဟောဝါသည် ကျွန်ုပ်တို့၏ချွတ်ယွင်းချက်များထက် ပို၍မြင်သည်။ ကျွန်ုပ်တို့၏သဘောထားများနှင့် ရည်ရွယ်ချက်များကိုလည်း ကိုယ်တော်မြင်တော်မူ၏။ သို့ဖြစ်၍ ဆာလံဆရာ၏ ဤစကားများမှ နှစ်သိမ့်မှုရယူပါ– “ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကိုစွန့်ပစ်တော်မမူ။”—ဆာလံ ၉၄:၁၄။
ခရစ်တော်၏ငြိမ်သက်ခြင်း၌ စည်းလုံးညီညွတ်နေခြင်း
၁၆။ ကျွန်ုပ်တို့သည် ခံနိုင်ရည်ရှိရန် ကြိုးစားနေကြရာတွင် အဘယ်နည်းဖြင့် ထီးတည်းမဟုတ်သနည်း။
၁၆ ကျွန်ုပ်တို့သည် “တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ထားတော်မူခြင်း” ခံရကြသောကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးအထဲတွင် ခရစ်တော်၏ငြိမ်သက်ခြင်း ထိန်းချုပ်သင့်၏ဟု ပေါလုရေးသားခဲ့သည်။ ပေါလုစာရေးခဲ့သော ကောင်းကင်အတန်းအစား ခရစ်ယာန်များကို ခရစ်တော်ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းဖြစ်ရန် ခေါ်ဆောင်ထားခဲ့သကဲ့သို့ ယနေ့ ကောင်းကင်အတန်းအစား အကြွင်းအကျန်များလည်း ထပ်တူပင်ဖြစ်သည်။ သူတို့၏အပေါင်းပါများဖြစ်ကြသော “အခြားသိုး” သည် “သိုးထိန်းတစ်ပါးတည်း” ဖြစ်သော ယေရှုခရစ်အောက်၌ “သိုးအုပ်တစ်အုပ်၊ [သမ္မာ]” တည်းအဖြစ် သူတို့နှင့်စည်းစည်းလုံးလုံးရှိကြ၏။ (ယောဟန် ၁၀:၁၆) တပေါင်းတစည်းတည်းဖြင့် ကမ္ဘာတစ်လွှား သန်းနှင့်ချီသော “သိုးအုပ်” သည် ခရစ်တော်၏ငြိမ်သက်ခြင်းကို သူတို့၏စိတ်နှလုံးတွင် ထိန်းချုပ်ခွင့်ပြုနေကြသည်။ ကျွန်ုပ်တို့သည် ထီးတည်းမဟုတ်ကြောင်း သိထားခြင်းက ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိစေသည်။ ပေတရုက ဤသို့ရေးသားခဲ့သည်– “လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍ [စာတန်] . . . ကိုဆီးတားကြလော့။”—၁ ပေတရု ၅:၉။
၁၇။ ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ခရစ်တော်၏ငြိမ်သက်ခြင်း ထိန်းချုပ်စေရန် အဘယ်လှုံ့ဆော်ပေးချက်ရှိသနည်း။
၁၇ သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံး ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ အရေးပါသောအသီးဖြစ်သည့် ငြိမ်သက်ခြင်းကို ဆက်လက်မွေးမြူကြပါစေ။ (ဂလာတိ ၅:၂၂၊ ၂၃) အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ ငြိမ်သက်စွာရှိသူများဖြစ်ကြောင်း ယေဟောဝါတွေ့ရှိသူတို့သည် အဆုံးတွင် ဖြောင့်မတ်ခြင်းတည်နေရာ မြေကြီးပရဒိသုပေါ်မှာ ထာဝစဉ်အသက်ရှင်ခြင်းကောင်းချီး ခံစားကြရပေလိမ့်မည်။ (၂ ပေတရု ၃:၁၃၊ ၁၄) ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ခရစ်တော်၏ငြိမ်သက်ခြင်း ထိန်းချုပ်စေရန် ကျွန်ုပ်တို့၌ အကြောင်းကောင်းများစွာရှိပေသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 အချို့ကိစ္စများတွင် ပြင်းထန်သည့်စိတ်ကျဝေဒနာများကဲ့သို့သော ကျန်းမာရေးအခြေအနေများကြောင့် စိုးရိမ်ပူပန်ပေမည်၊ သို့မဟုတ် စိုးရိမ်ပူပန်မှုပြင်းထန်လာပေမည်။
သင်မှတ်မိသလော
• ခရစ်တော်၏ငြိမ်သက်ခြင်းကား အဘယ်နည်း။
• မတရားမှုကို ကျွန်ုပ်တို့ကြုံတွေ့ကြရသောအခါ ခရစ်တော်၏ငြိမ်သက်ခြင်းက ကျွန်ုပ်တို့၏စိတ်နှလုံးကို မည်သို့ထိန်းချုပ်နိုင်သနည်း။
• ခရစ်တော်၏ငြိမ်သက်ခြင်းက စိုးရိမ်ပူပန်မှုကိုကိုင်တွယ်ရန် မည်သို့ကူညီပေးသနည်း။
• မထိုက်တန်ဟု ကျွန်ုပ်တို့ခံစားရသောအခါ ခရစ်တော်၏ငြိမ်သက်ခြင်းက မည်သို့စိတ်သက်သာရာရစေသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေရှုသည် အပြစ်တင်စွပ်စွဲသူများရှေ့တွင် ယေဟောဝါထံ မိမိကိုယ်ကိုအပ်နှံခဲ့
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
မေတ္တာရှိသော ဖခင်တစ်ဦး၏ပွေ့ဖက်မှုကဲ့သို့ပင် ယေဟောဝါ၏နှစ်သိမ့်ပေးမှုသည် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုကို ငြိမ်းအေးစေနိုင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ခံနိုင်ရည်သည် ယေဟောဝါအတွက် များစွာတန်ဖိုးရှိ