“လူတွေကို ငရဲမှာ မီးမြှိုက်ခံရဖို့ ဘုရားသခင် တကယ်ပဲ စီရင်သလား”
“လူတွေကို ငရဲမှာ မီးမြှိုက်ခံရဖို့ ဘုရားသခင် တကယ်ပဲ စီရင်သလား”
“ခင်ဗျား ခရစ်ယာန်ဓမ္မပညာရပ်ကို လေ့လာနေတာလား။”
ထိုမေးခွန်းက ဂျိုဝဲလ်နှင့် ကားလ်တို့ကို အံ့အားသင့်စေခဲ့သည်။ နယူးယောက်၊ ဘရွတ်ကလင်ရှိ ယေဟောဝါသက်သေများ၏ဌာနချုပ်တွင် စေတနာ့ဝန်ထမ်း အမှုဆောင်များဖြစ်ကြသူ ထိုလူငယ်နှစ်ဦးသည် အနီးအနားရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် စာအုပ်များကို လှန်လှောဖတ်ရှုနေကြ၏။ ဂျိုဝဲလ်သည် ကျမ်းစာမှန်ပြမာတိကာများကို ဆန်းစစ်ကြည့်ရှုနေစဉ် ကားလ်က ခရစ်ယာန်ဓမ္မအမှုတွင် သူတွေ့ ကြုံခဲ့ရသည့် ဆွေးနွေးခန်းတစ်ခုကို ပြန်ပြောပြနေသည်။ အပြန်အလှန်ပြောဆိုခဲ့ကြသော ဤစကားကို နားစွန်နားဖျားကြားပြီးနောက် အနီးတွင်ရပ်နေသူတစ်ဦးက သူတို့အား ဤသို့မေးရန် လှုံ့ဆော်ခံခဲ့ရ၏။
သို့ရာတွင် ထိုလူငယ်နှစ်ဦး ခရစ်ယာန်ဓမ္မပညာရပ်ကို လေ့လာနေ၊ မနေသိလိုသည်ထက် သူစိုးရိမ်နေသည့်အကြောင်းတစ်ခုကို ထိုသူသိလိုခဲ့သည်။ သူဤသို့ ရှင်းပြခဲ့သည်– “ကျွန်တော်က ဂျူးတစ်ယောက်ပါ၊ ဂျူးတွေဟာ ယေရှုကိုငြင်းပယ်ခဲ့တဲ့အတွက် ကျွန်တော်ဟာ ငရဲကျပြီး မီးမြှိုက်ခံရလိမ့်မယ်လို့ ကျွန်တော့်ရဲ့ခရစ်ယာန်မိတ်ဆွေတွေက ပြောကြတယ်။ အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးနေတယ်ဗျာ။ မေတ္တာရှင်ဘုရားသခင်က ဒီလိုပြစ်ဒဏ်ပေးတာဟာ မတရားပုံရှိတယ်။ လူတွေကို ငရဲမှာ မီးမြှိုက်ခံရဖို့ ဘုရားသခင် တကယ်ပဲစီရင်သလား။”
ဂျိုဝဲလ်နှင့်ကားလ်က မိမိတို့သည် စိတ်အားထက်သန်သော ကျမ်းစာကျောင်းသားများဖြစ်ကြောင်း ထိုစိတ်ရင်းမှန်သူအား ပြောပြခဲ့သည်။ သေသောသူများသည် အသိစိတ်မရှိတော့ဘဲ ရှင်ပြန်ထမြောက်ခြင်းကိုစောင့်နေရင်း သေခြင်းတွင်အိပ်ပျော်နေခြင်းသာဖြစ်ကြောင်း သမ္မာကျမ်းစာမှ သူ့အားရှင်းပြခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မီးငရဲ၌ညှဉ်းဆဲမှု သို့မဟုတ် နာကျင်မှုမခံကြရချေ။ (ဆာလံ ၁၄၆:၃၊ ၄; ဒေ. ၉:၅၊ ၁၀; ဒံယေလ ၁၂:၁၃; ယောဟန် ၁၁:၁၁-၁၄၊ ၂၃-၂၆) ၄၅ မိနစ်ကြာ စကားပြောဆိုဆွေးနွေးပြီးနောက် ထိုသူသည် ဂျိုဝဲလ်နှင့် ကားလ်အား သူ၏လိပ်စာပေး၍ ထိုအကြောင်းနှင့်ပတ်သက်၍ ထပ်ဆင့်သိလိုကြောင်း ပြောခဲ့သည်။
ငရဲသည် မီးဖြင့်ညှဉ်းဆဲရာ နေရာတစ်ခုဖြစ်လျှင် ထိုနေရာသို့အပို့ခံရရန် တောင်းဆိုမည့်သူ ရှိလိမ့်မည်လော။ သို့တိုင် ရှေးဘိုးဘေးယောဘက သူ၏အခြေအနေဆိုးမှလွတ်မြောက်လို၍ ဤသို့တောင်းဆိုခဲ့သည်– “ကိုယ်တော်သည် အကျွန်ုပ်ကိုသင်္ချိုင်းတွင်း [“ငရဲ၊” ဒူးဝေးဘာသာပြန်ကျမ်း] ၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။” (ယောဘ ၁၄:၁၃) ငရဲသည် ညှဉ်းဆဲရာနေရာတစ်ခုဖြစ်သည်ဟု ယောဘမယုံကြည်ခဲ့ကြောင်း ရှင်းနေပါသည်။ ယင်းအစား ထိုတွင်အကာအကွယ်ရလိုခဲ့သည်။ သေခြင်းသည် မတည်ရှိတော့သည့်အခြေအနေမျိုးဖြစ်ပြီး ကျမ်းစာအရ ငရဲသည် လူသားတို့၏သာမန်သင်္ချိုင်းပင်ဖြစ်သည်။
ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသည်၊ နောင်ဘဝအတွက် အဘယ်မျှော်လင့်ချက်ရှိသည်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုလျှင် အောက်ပါကမ်းလှမ်းချက်ကိုတုံ့ပြန်ရန် သင့်အားလှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါသည်။