ပျော်ရွှင်သော ဘုရားသခင်နှင့်အတူ ရွှင်လန်းပါ
ပျော်ရွှင်သော ဘုရားသခင်နှင့်အတူ ရွှင်လန်းပါ
“အဆုံးစကားမှာ ညီအစ်ကိုတို့ အစဉ်မပြတ်သက်သာဝမ်းမြောက် . . . ကြလော့။ သို့ပြုလျှင် ချစ်ခြင်း၊ ငြိမ်သက်ခြင်းအရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ တည်နေတော်မူလိမ့်မည်။”—၂ ကောရိန္သု ၁၃:၁၁၊ ကဘ။
၁၊ ၂။ (က) လူအများသည် ဘဝတွင် ရွှင်လန်းမှုအဘယ်ကြောင့်မရှိကြသနည်း။ (ခ) ရွှင်လန်းမှုဟူသည် အဘယ်နည်း၊ ယင်းကို ကျွန်ုပ်တို့မည်သို့မွေးမြူနိုင်သနည်း။
အမှောင်လွှမ်းသော ဤခေတ်တွင် လူအများအဖို့ ပျော်စရာအကြောင်းမရှိသလောက်ပင်။ မိမိတို့ကိုယ်တိုင်၊ မိမိတို့ချစ်မြတ်နိုးရသူတစ်ဦးဦး၊ ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးနှင့်ကြုံရသည့်အခါ ရှေးခေတ်က ယောဘပြောသကဲ့သို့ ‘လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဆင်းရဲခြင်းနှင့်ပြည့်စုံပါ၏’ ဟုခံစားရပေမည်။ (ယောဘ ၁၄:၁) ခရစ်ယာန်တို့သည် “ခဲယဉ်းသောကာလ” ၏ ဖိစီးမှုသောကများနှင့် မလွတ်ကင်းနိုင်ကြရာ ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ ရံဖန်ရံခါ စိတ်ပျက်အားလျော့ကြခြင်းမှာ အံ့ဩစရာမဟုတ်ပေ။—၂ တိမောသေ ၃:၁။
၂ သို့သော် ခရစ်ယာန်များသည် စုံစမ်းမှုခံနေရချိန်တွင်ပင် ရွှင်လန်းနိုင်ကြသည်။ (တမန်တော် ၅:၄၀၊ ၄၁) ယင်းသို့ရွှင်လန်းနေနိုင်ပုံကိုနားလည်ရန် ရွှင်လန်းမှု၏အဓိပ္ပာယ်ကို ဦးဆုံးသုံးသပ်ကြည့်ပါ။ ရွှင်လန်းမှုဟူသည် “ကောင်းသောအရာတစ်ခုကို ရယူပိုင်ဆိုင်ခြင်းကြောင့် သို့မဟုတ် ယင်းကိုရနိုင်မည်ဟုမျှော်လင့်နိုင်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုဟု အနက်ဖွင့်ထားသည်။” * သို့ဖြစ်ရကား ကမ္ဘာသစ်တွင် ကျွန်ုပ်တို့အတွက်အသင့်ရှိသည့် ရွှင်လန်းမှုများကို တွေးတောစဉ်းစားစဉ် မိမိတို့၏လက်ရှိကောင်းချီးများကို အချိန်ယူရေတွက်ကြည့်မည်ဆိုလျှင် ရွှင်လန်းနေနိုင်သည်။
၃။ လူတိုင်းတွင် ယုတ်စွအဆုံး ပျော်စရာအကြောင်း အနည်းငယ်ရှိသည်ဟု အဘယ်သဘောဖြင့် ဆိုနိုင်သနည်း။
၃ လူတိုင်းတွင် ပီတိဖြစ်စရာကောင်းချီးအချို့ ပိုင်ဆိုင်ထားကြသည်။ အိမ်ထောင်ဦးစီးဖြစ်သူသည် အလုပ်ပြုတ်သွားပေမည်။ သူစိုးရိမ်ပူပန်လာသည်မှာ သဘာဝပင်။ မိမိချစ်ရသူတို့အတွက် သူထောက်ပံ့ကျွေးမွေးလို၏။ သို့တိုင် သန်စွမ်းကျန်းမာနေလျှင် ဤအတွက်ကျေးဇူးတင်နိုင်သည်။ သူအလုပ်ရသည့်အခါ အားစိုက်ခွန်စိုက်လုပ်ကိုင်နိုင်လိမ့်မည်။ နောက်နမူနာတစ်ခုအနေနှင့် ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အားယုတ်စေသည့်ရောဂါတစ်မျိုးမျိုးကို ရုတ်တရက်ရသွားပေမည်။ သို့သော် သူသည် မိမိ၏နာမကျန်းဖြစ်မှုကို သိက္ခာရှိရှိ ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်ရန် အကူအညီပေးလှာကြသည့် မေတ္တာပြည့်ဝသော မိတ်ဆွေများနှင့် မိသားစု၏ထောက်မမှုအတွက် ကျေးဇူးတင်စကားဆိုနိုင်ပေမည်။ ထို့အပြင် ခရစ်ယာန်စစ်တိုင်းသည် မည်သည့်အခြေအနေတွင်ပင်ရှိနေပါစေ “ပျော်ရွှင်သောဘုရားသခင်၊” ယေဟောဝါနှင့် “ပျော်ရွှင်ပြီး တစ်ပါးတည်းသော အစိုးရသူဖြစ်တော်မူသော” ယေရှုခရစ်တို့ကို သိကျွမ်းခွင့်ရခြင်းကြောင့် ရွှင်မြူးအားရနိုင်ပါသည်။ (၁ တိမောသေ ၁:၁၁၊ ကဘ; ၆:၁၅၊ ကဘ) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့သည် အလွန်ပျော်ရွှင်တတ်သူများဖြစ်ကြသည်။ ကမ္ဘာပေါ်ရှိအခြေအနေများသည် မူလက ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့် တခြားစီဖြစ်နေလျက်ပင် သူတို့၏ ရွှင်လန်းမှုကို ဆက်၍ထိန်းသိမ်းထားနိုင်ကြသည်။ သူတို့၏နမူနာက ကျွန်ုပ်တို့ မည်သို့ဆက်၍ရွှင်လန်းနိုင်ကြောင်း များစွာသင်ပေးသည်။
သူတို့သည် မည်သည့်အခါမျှ ရွှင်လန်းမှုမပျောက်ခဲ့
၄၊ ၅။ (က) ကနဦးလူသားတို့ ပုန်ကန်ကြသည့်အခါ ယေဟောဝါမည်သို့တုံ့ပြန်တော်မူသနည်း။ (ခ) ယေဟောဝါသည် အဘယ်နည်းဖြင့် လူသားတို့အပေါ် အပြုသဘောထားရှိတော်မူခဲ့သနည်း။
၄ ဧဒင်ဥယျာဉ်တွင် အာဒံနှင့်ဧဝတို့သည် ဒေါင်ဒေါင်မြည်ကျန်းမာရေးနှင့် ပြည့်ဝစုံလင်သောစိတ်သဘောထားရှိခဲ့ကြသည်။ သူတို့၌ အကျိုးဖြစ်ထွန်းသောအလုပ်အကိုင်ရှိကြပြီး ယင်းကိုလုပ်ဆောင်နိုင်သည့် အကောင်းဆုံးဝန်းကျင်လည်းရှိသည်။ အကောင်းတကာ့အကောင်းဆုံးမှာ သူတို့သည် ယေဟောဝါနှင့် မှန်မှန်ဆက်သွယ်နိုင်ခွင့်ရရှိထားခြင်းပင်တည်း။ သူတို့တွင် ပျော်ရွှင်သောအနာဂတ်ရှိဖို့ ဘုရားသခင်ရည်ရွယ်တော်မူခဲ့၏။ သို့သော် ကျွန်ုပ်တို့၏ကနဦးမိဘတို့သည် ကောင်းမွန်သော ဤဆုကျေးဇူးအားလုံးဖြင့် မရောင့်ရဲခဲ့ကြပေ; “ကောင်းမကောင်းသိကျွမ်းရာအပင်” မှ တားမြစ်ထားသည့်အသီးကို သူတို့ခိုးယူစားသုံးခဲ့ကြသည်။ ဤမနာခံသည့်လုပ်ရပ်က သူတို့၏သားမြေးများဖြစ်သော ကျွန်ုပ်တို့ ယနေ့တွေ့ကြုံနေကြရသည့် စိတ်မချမ်းမြေ့စရာအရပ်ရပ်အတွက် အုတ်မြစ်ချပေးခဲ့သည်။—ကမ္ဘာဦး ၂:၁၅-၁၇; ၃:၆; ရောမ ၅:၁၂။
၅ သို့ရာတွင် ယေဟောဝါသည် အာဒံနှင့် ဧဝတို့၏ကျေးဇူးကန်းစိတ်ကြောင့် မိမိ၏ရွှင်လန်းမှုကို ပျောက်လွင့်မသွားစေခဲ့ပါ။ ယုတ်စွအဆုံး သူတို့၏သားမြေးအချို့၏နှလုံးသည် မိမိအားဝတ်ပြုရန် လှုံ့ဆော်ခံရမည်ဟု ကိုယ်တော်ယုံကြည်စိတ်ချခဲ့သည်။ ကိုယ်တော် အမှန်ပင်ယုံကြည်စိတ်ချသဖြင့် အာဒံနှင့် ဧဝတို့၏သားဦးမမွေးမီကပင် သူတို့၏နာခံမှုရှိသောသားမြေးများကို ကယ်တင်မည်ဟူသည့် မိမိရည်ရွယ်တော်မူချက်ကို ထုတ်ဖော်ကြေညာခဲ့သည်။ (ကမ္ဘာဦး ၁:၃၁; ၃:၁၅) ယင်းနောက် ရာစုနှစ်များတွင် လူသားအများစုသည် အာဒံနှင့်ဧဝတို့၏ခြေရာနင်းခဲ့ကြသော်လည်း ဤသို့သော အကြီးအကျယ်မနာခံမှုကြောင့် လူ့မိသားစုကြီးကို ယေဟောဝါကျောခိုင်းစွန့်ခွာခြင်းမပြုခဲ့ပေ။ ယင်းသို့မပြုဘဲ ‘မိမိ၏စိတ်တော်ကို ရွှင်လန်းစေ’ သော၊ မိမိအားချစ်၍ အလိုတော်တွေ့ရန် အမှန်အားထုတ်ကြိုးပမ်းကြသော အမျိုးသားအမျိုးသမီးများအပေါ် ကိုယ်တော်အာရုံစိုက်တော်မူခဲ့သည်။—သု. ၂၇:၁၁; ဟေဗြဲ ၆:၁၀။
၆၊ ၇။ ယေရှု ဆက်၍ရွှင်လန်းနေစေရန် အဘယ်အချက်များက ထောက်ကူပေးသနည်း။
၆ ယေရှုကော မိမိ၏ရွှင်လန်းမှုကို မည်သို့ဆက်၍ရှိစေခဲ့သနည်း။ ခွန်အားကြီးသော ကောင်းကင်နာမ်ဝိညာဉ်သတ္တဝါတစ်ပါးအနေနှင့် ယေရှုသည် ကမ္ဘာပေါ်ရှိ အမျိုးသားအမျိုးသမီးတို့၏လှုပ်ရှားဆောင်ရွက်မှုများကို အပြည့်အဝဆန်းစစ်လေ့လာနိုင်ခွင့်ရှိသည်။ သူတို့၏မစုံလင်မှုများကို အထင်အရှားတွေ့နေရလျက်နှင့် သူတို့ကို ယေရှုချစ်တော်မူသည်။ (သု. ၈:၃၁) နောက်ပိုင်း ကမ္ဘာပေါ်သို့ ကိုယ်တော်ကြွလာပြီး လူသားတို့နှင့် အမှန်ပင် “နေတော်မူ” သည့်အခါ လူသားတို့အပေါ် ကိုယ်တော်၏အမြင် မပြောင်းသွားပါ။ (ယောဟန် ၁:၁၄) ဘုရားသခင်၏ စုံလင်သောသားတော်အနေဖြင့် အပြစ်ရှိလူ့မိသားစုအပေါ် ဤကဲ့သို့ ဆက်၍အကောင်းမြင်သည့်အရာကား အဘယ်နည်း။
၇ ဦးဆုံးအရာမှာ ယေရှုသည် မိမိကိုယ်တိုင်ကိုကော အခြားသူတို့ထံမှပါ အကျိုးသင့်အကြောင်းသင့် မျှော်လင့်တတ်ခြင်းဖြစ်သည်။ မိမိသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်ရန် ကြွလာခြင်းမဟုတ်ကြောင်း ကိုယ်တော်သိတော်မူသည်။ (မဿဲ ၁၀:၃၂-၃၉) ထို့ကြောင့် စိတ်ရင်းမှန်သူတစ်ဦးက ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို လိုလိုလားလားတုံ့ပြန်လျှင်ပင် ကိုယ်တော် ပျော်ရွှင်သည်။ မိမိတပည့်တော်တို့၏ အပြုအမူနှင့်သဘောထားတို့ကို များစွာအားရမှုမရှိသော်လည်း သူတို့သည် ဘုရားသခင့်အလိုတော်ကို အမှန်ဆောင်လိုစိတ်ရှိကြောင်း ယေရှုသိတော်မူရာ ဤအတွက်ကြောင့် သူတို့ကိုကိုယ်တော်ချစ်တော်မူသည်။ (လုကာ ၉:၄၆; ၂၂:၂၄၊ ၂၈-၃၂၊ ၆၀-၆၂) ထူးခြားသည်မှာ ကောင်းကင်ခမည်းတော်ထံ ယေရှုဆုတောင်းသည့်အခါ တပည့်တော်များသည် ထိုအချိန်အထိ ‘ကိုယ်တော်၏စကားတော်ကို စောင့်ကြပါ၏’ ဟုသူတို့၏အပြုသဘောလမ်းစဉ်ကို အကျဉ်းရုံးဖော်ပြခဲ့သည်။—ယောဟန် ၁၇:၆။
၈။ ဆက်၍ရွှင်လန်းမှုရှိရေးနှင့်ပတ်သက်လျှင် ယေဟောဝါနှင့် ယေရှုတို့ကို ကျွန်ုပ်တို့တုပနိုင်သည့် နည်းလမ်းအချို့ကို ဖော်ပြပါ။
၈ ဤကဏ္ဍတွင် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ချမှတ်ခဲ့သော စံနမူနာကို စေ့စေ့သုံးသပ်ခြင်းမှ ကျွန်ုပ်တို့အားလုံး အကျိုးရရှိမည်မှာသေချာသည်။ ကိစ္စရပ်များသည် ကျွန်ုပ်တို့မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာလျှင် အစိုးရိမ်မလွန်ခြင်းအားဖြင့် ယေဟောဝါကို သာ၍အပြည့်အဝတုပနိုင်ဖွယ်ရှိမည်လော။ မိမိတို့၏လက်ရှိအခြေအနေအပေါ် အမြဲအပြုသဘောထားခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်တိုင်နှင့် အခြားသူများထံမှ အကျိုးသင့်အကြောင်းသင့် မျှော်လင့်ခြင်းဖြင့်လည်းကောင်း ယေရှု၏ခြေရာကို သာ၍ထက်ကြပ်မကွာလိုက်လျှောက်နိုင်ကြမည်လော။ အရပ်ရပ်မှ ဇွဲရှိသောခရစ်ယာန်များ နှလုံးအကြိုက်တွေ့သည့် လယ်ကွင်းခရစ်ယာန်ဓမ္မအမှုကဏ္ဍတွင် ဤမူအချို့ကို လက်တွေ့ကျကျ မည်သို့အသုံးချနိုင်ပုံကို ကြည့်ကြစို့။
ခရစ်ယာန်ဓမ္မအမှုအပေါ် ဆက်၍ အပြုသဘောထားပါ
၉။ ယေရမိ၏ရွှင်လန်းမှုသည် မည်သို့ပြန်လည်တောက်ပလာသနည်း၊ သူ၏စံနမူနာက ကျွန်ုပ်တို့ကို မည်သို့ အကူအညီပေးနိုင်သနည်း။
၉ ယေဟောဝါသည် ကိုယ်တော်၏အမှုတော်တွင် ကျွန်ုပ်တို့ကို ပျော်ရွှင်စေလိုသည်။ ကျွန်ုပ်တို့၏ရွှင်လန်းမှုသည် ကျွန်ုပ်တို့ရရှိသည့်အကျိုးရလဒ်များအပေါ်တွင် မတည်မှီသင့်ပါ။ (လုကာ ၁၀:၁၇၊ ၂၀) ပရောဖက်ယေရမိသည် အကျိုးမဖြစ်ထွန်းသောရပ်ကွက်တွင် နှစ်နှင့်ချီ၍ ဟောပြောခဲ့သည်။ သူသည် လူတို့၏အပျက်သဘောပါ တုံ့ပြန်မှုကိုသာ အာရုံစိုက်ခဲ့သောအခါ သူ၏ရွှင်လန်းမှုပျောက်သွားသည်။ (ယေရမိ ၂၀:၈) သို့သော် သတင်းစကားကိုယ်နှိုက်၏ နှစ်လိုဖွယ်ဖြစ်မှုကို သူတွေးတောဆင်ခြင်သည့်အခါ သူ၏ရွှင်လန်းမှုသည် ပြန်လည်တောက်ပလာခဲ့သည်။ ယေရမိသည် ယေဟောဝါထံ ဤသို့ကြားလျှောက်သည်– ‘အကျွန်ုပ်တွေ့သောနှုတ်မြွက်စကားတော်ကို ခံယူပါပြီ။ နှုတ်မြွက်စကားတော်သည် အကျွန်ုပ်ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။’ (ယေရမိ ၁၅:၁၆) မှန်ပါသည်၊ ယေရမိသည် ဘုရားသခင့်စကားတော်ကို ဟောပြောရသည့် သူ၏အခွင့်ထူးတွင် ဝမ်းမြောက်ပျော်ရွှင်သည်။ ကျွန်ုပ်တို့လည်းထိုနည်းလည်းကောင်းပင်ဖြစ်နိုင်၏။
၁၀။ ကျွန်ုပ်တို့၏ရပ်ကွက်သည် လောလောဆယ်အကျိုးမဖြစ်ထွန်းသေးလျှင်ပင် ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်ုပ်တို့ မည်သို့ဆက်၍ရွှင်လန်းနိုင်သနည်း။
၁၀ အများစုက သတင်းကောင်းကိုတုံ့ပြန်ရန် ငြင်းဆန်လျှင်ပင် လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်ကြစဉ် ရွှင်လန်းစရာအကြောင်းများစွာရှိသည်။ အချို့သူတို့သည် ယေဟောဝါအမှုတော်ဆောင်ရန် လှုံ့ဆော်ခံရကြမည်ကို ကိုယ်တော်လုံးဝယုံကြည်စိတ်ချကြောင်း သတိရပါ။ ယေဟောဝါကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း ယုတ်စွအဆုံး လူအချို့သည် တဖြည်းဖြည်းနှင့် အရေးကြီးသည့်ကိစ္စကို သိမြင်လာကာ ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို လက်ခံလာလိမ့်မည်ဟူသည့် မျှော်လင့်ချက်ကို ဘယ်တော့မျှ မစွန့်လွှတ်သင့်ပါ။ လူတို့၏အခြေအနေများသည် ပြောင်းလဲတတ်ကြောင်း ကျွန်ုပ်တို့မမေ့ရပါ။ ကိုယ့်ဘဝနှင့်ကိုယ် ကျေနပ်နေသူတို့ပင် မမျှော်လင့်ဘဲ ဆုံးပါးမှု သို့မဟုတ် အကျပ်အတည်းဖြစ်မှုတို့ကြုံရသည့်အခါ ဘဝ၏အဓိပ္ပာယ်ကို အလေးထားစဉ်းစားလာတတ်ကြသည်။ ထိုကဲ့သို့သောသူတစ်ဦးသည် ‘သူ၏ဝိညာဉ်ရေးလိုအပ်ချက်ကို သိ’ လာသောအခါ ကူညီပေးဖို့ အသင့်ရှိနေမည်လော။ (မဿဲ ၅:၃) သင့်ရပ်ကွက်ရှိသူတစ်ဦးသည် သင်နောက်တစ်ခေါက်လည်ပတ်ချိန်တွင် သတင်းကောင်းကိုနားထောင်ရန် အသင့်ဖြစ်နေနိုင်သည်!
၁၁၊ ၁၂။ မြို့တစ်မြို့တွင် အဘယ်အရာဖြစ်ခဲ့သနည်း၊ ယင်းမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။
၁၁ ကျွန်ုပ်တို့ရပ်ကွက်ဖွဲ့စည်းပုံလည်း အပြောင်းအလဲရှိနိုင်သည်။ နမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ မြို့လေးတစ်မြို့တွင် သားသမီးများရှိပြီး ရင်းနှီးသည့် ငယ်ရွယ်သောအိမ်ထောင်သည်များတစ်စုရှိသည်။ ယေဟောဝါသက်သေများ သူတို့ထံရောက်သွားသည့်အခါ အိမ်တိုင်းတွင် “ကျုပ်တို့စိတ်မဝင်စားဘူး!” ဟူသည့်တုံ့ပြန်ချက်ချည်းသာကြားခဲ့ရ၏။ ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို တစ်စုံတစ်ယောက်စိတ်ဝင်စားမှုပြခဲ့လျှင်လည်း အိမ်နီးချင်းတို့က ချက်ချင်းဆိုသလိုပင် ယေဟောဝါသက်သေတို့နှင့် နောက်တစ်ကြိမ်အဆက်အသွယ်မလုပ်ရန် ဖျက်တတ်ကြသည်။ ဤနေရာတွင်ဟောပြောရခြင်းမှာ စိန်ခေါ်ချက်တစ်ခုဖြစ်သည်ကို ပြောရန်ပင်မလိုပါ။ မည်သို့ပင်ဖြစ်စေ၊ ယေဟောဝါသက်သေတို့သည် လက်မလျှော့ပါ; သူတို့ ဟောမြဲဟောနေကြ၏။ ရလဒ်ကားအဘယ်နည်း။
၁၂ အချိန်တန်သော် ထိုမြို့ရှိကလေးများသည် ကြီးပြင်းလာကြကာ အိမ်ထောင်ရက်သားကျပြီး ကိုယ့်အိမ်ကိုယ့်ရာနှင့်ဖြစ်နေကြလေပြီ။ မိမိတို့ဘဝလမ်းစဉ်သည် အမှန်ပျော်ရွှင်မှုမရစေကြောင်းသိမြင်လာကြရာ အရွယ်ရောက်လာသူလူငယ်အချို့သည် အမှန်တရားကို စရှာကြလေသည်။ ယေဟောဝါသက်သေတို့ကြွေးကြော်သည့် သတင်းကောင်းကို လိုလိုလားလားတုံ့ပြန်လိုက်သည့်အခါ အမှန်တရားကို သူတို့တွေ့သွားကြလေသည်။ သို့နှင့် နှစ်ပေါင်းများစွာကြာပြီးနောက်မှ ဤအသင်းတော်ငယ်လေးသည် စတင်ကြီးထွားလာသည်။ လက်မလျှော့ခဲ့ကြသော နိုင်ငံတော်ကြွေးကြော်သူများ၏ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါလေ! ဘုန်းကျက်သရေနှင့်ပြည့်စုံသော နိုင်ငံတော်သတင်းဝေမျှရာတွင် ဇွဲရှိခြင်းကြောင့် ကျွန်ုပ်တို့လည်း ရွှင်လန်းနိုင်ကြပါစေ!
ယုံကြည်သူချင်းတို့က သင့်ကို ထောက်မမည်
၁၃။ ကျွန်ုပ်တို့စိတ်ပျက်အားလျော့နေချိန်တွင် မည်သူ့ကို အားကိုးနိုင်သနည်း။
၁၃ ဖိစီးမှုများစုပုံလာသည့်အခါ သို့မဟုတ် ဘဝက သင့်အား အပြင်းအထန်ထိုးနှက်သည့်အခါ နှစ်သိမ့်မှုရရန် မည်သူ့ကိုမျှော်ကိုးနိုင်လုကာ ၂၂:၂၈) ဤတပည့်တော်တို့သည် မစုံလင်သူများဖြစ်ကြသည်မှာမှန်ပါသည်၊ သို့သော် သူတို့၏တည်ကြည်မှုသည် ဘုရားသခင့်သားတော်အဖို့ နှစ်သိမ့်စရာဖြစ်သည်။ ကျွန်ုပ်တို့လည်း ဝတ်ပြုသူချင်းတို့ထံမှ ခွန်အားရယူနိုင်ပါသည်။
သနည်း။ ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန် သန်းပေါင်းများစွာတို့သည် ဦးဆုံးယေဟောဝါထံဆုတောင်းပြီးနောက် မိမိတို့၏ခရစ်ယာန်ညီအစ်ကိုညီအစ်မတို့ထံသွားကြသည်။ ဤကမ္ဘာပေါ်တွင်ရှိစဉ် ယေရှုကိုယ်တော်တိုင် တပည့်တော်တို့၏ထောက်မမှုကို တန်ဖိုးထားခဲ့သည်။ ကိုယ်တော်မသေမီညတွင် “ငါသည်စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏” ဟု သူတို့အား ကိုယ်တော်မိန့်တော်မူခဲ့သည်။ (၁၄၊ ၁၅။ သားဖြစ်သူသေဆုံးမှုကို ရင်ဆိုင်နိုင်ရန် မောင်နှံတစ်စုံကို အဘယ်အရာက အကူအညီပေးခဲ့သနည်း၊ သူတို့၏တွေ့ကြုံမှုမှ သင်အဘယ်အရာ သင်ယူနိုင်သနည်း။
၁၄ ခရစ်ယာန်မောင်နှံစုံဖြစ်သော မီရှယ်နှင့် ဒိုင်ယန်းတို့သည် သူတို့၏ညီအစ်ကိုညီအစ်မများ၏အထောက်အမသည် မည်မျှအဖိုးတန်ကြောင်း သိရှိသွားကြသည်။ သူတို့၏အသက် ၂၀ အရွယ်သားဖြစ်သူ အားအင်ပြည့်ဝပြီး အလားအလာရှိခရစ်ယာန်လူငယ် ဂျော်နသန်သည် ဦးနှောက်ရောင် ရောဂါလက္ခဏာပြနေသည်။ ဆရာဝန်များက သူ့အသက်ကိုကယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားကုသကြသော်လည်း ဂျော်နသန်၏အခြေအနေမှာ ဆိုးသည်ထက်ဆိုးလာရာ တစ်ရက်သောညနေနှောင်းပိုင်းတွင် သေခြင်း၌အိပ်စက်သွားလေသည်။ မီရှယ်နှင့်ဒိုင်ယန်းတို့မှာ ယူကျုံးမရဖြစ်ကြရလေသည်။ ဤညနေတွင်ကျင်းပသော လုပ်ငန်းတော်အစည်းအဝေးမှာ ပြီးလုပြီဖြစ်ကြောင်း သူတို့သိကြသည်။ သို့သော် နှစ်သိမ့်မှုအကြီးအကျယ်လိုအပ်နေသည်ဖြစ်ရာ သူတို့နှင့်အတူရှိနေသောအကြီးအကဲအား သူတို့နှင့်အတူ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့လိုက်ပေးဖို့ တောင်းဆိုခဲ့သည်။ အသင်းတော်၌ ဂျော်နသန်သေကြောင်း အကြောင်းကြားသည့်အချိန်တွင် သူတို့ရောက်ရှိလာကြသည်။ အစည်းအဝေးပြီးနောက် ငိုနေကြသောမိဘဖြစ်သူတို့ထံ ညီအစ်ကိုညီအစ်မတို့လာ ဖက်ယမ်း၊ နှစ်သိမ့်စကားပြောကြနှင့် ဝိုင်းအုံနေသည်။ “ခန်းမကို ကျွန်မတို့ရောက်သွားတဲ့အခါ ရင်ထဲမှာ ဟာနေတယ်၊ ဒါပေမဲ့ ညီအစ်ကိုတွေရဲ့အားပေးမှုဟာ တကယ်ကိုနှစ်သိမ့်မှုရစေပါတယ်! ကျွန်မတို့ရဲ့နာကျင်မှုကို သူတို့ယူမပစ်နိုင်ပေမဲ့လည်း ဖိစီးမှုဒဏ်ကို ခံနိုင်ရအောင်တော့ ကူညီပေးခဲ့ကြပါတယ်!” ဟုဒိုင်ယန်းက ပြန်ပြောပြသည်။—ရောမ ၁:၁၁၊ ၁၂; ၁ ကောရိန္သု ၁၂:၂၁-၂၆။
၁၅ ဤသောကဗျာပါရကြောင့် မီရှယ်နှင့် ဒိုင်ယန်းတို့သည် သူတို့၏ညီအစ်ကိုများနှင့် သာ၍ရင်းနှီးသွားသည်။ ယင်းကြောင့် သူတို့အချင်းချင်းလည်း သာ၍ရင်းနှီးသွားသည်။ “ကျွန်တော်ချစ်ရတဲ့ဇနီးကို ပိုပြီးတောင်မြတ်နိုးတတ်လာတယ်။ စိတ်ပျက်အားလျော့ချိန်တွေမှာ ကျွန်တော်တို့ဟာ ကျမ်းစာအမှန်တရားအကြောင်းနဲ့ ယေဟောဝါဟာ ကျွန်တော်တို့ကို ဘယ်လိုထောက်မပေးနေတဲ့အကြောင်းတွေကို နှစ်ယောက်သားဆွေးနွေးကြတယ်” ဟု မီရှယ်ကပြောပြသည်။ “နိုင်ငံတော်မျှော်လင့်ချက်ဟာ ကျွန်မတို့အတွက် ခုပိုပြီးတောင်အဓိပ္ပာယ်ရှိလာတယ်” ဟုဒိုင်ယန်းက ထပ်၍ပြောသည်။
၁၆။ ကျွန်ုပ်တို့၏လိုအပ်ချက်များကို ကိုယ်ကစ၍ ညီအစ်ကိုများအား အသိပေးရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၆ မှန်ပါသည်၊ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် ဘဝ၏ခက်ခဲချိန်များ၌ ကျွန်ုပ်တို့အတွက် “စိတ်သက်သာစေ” သူများဖြစ်လာပြီး ကျွန်ုပ်တို့ ဆက်၍ရွှင်လန်းနေစေရန် ကူညီပေးနိုင်သည်။ (ကောလောသဲ ၄:၁၁) အမှန်ဆိုလျှင် သူတို့သည် ကျွန်ုပ်တို့၏စိတ်ကိုမသိနိုင်ကြပါ။ ထို့ကြောင့် အကူအညီလိုသည့်အခါ သူတို့ကိုအသိပေးသင့်သည်။ ထို့နောက် ကျွန်ုပ်တို့၏ညီအစ်ကိုများပေးနိုင်သည့် မည်သည့်နှစ်သိမ့်မှုကိုမဆို ယေဟောဝါထံမှလာသည်ဟုရှုမြင်ကာ အမှန်တန်ဖိုးထားကြောင်းပြောပြနိုင်သည်။—သု. ၁၂:၂၅; ၁၇:၁၇။
သင့်အသင်းတော်ကို ကြည့်လိုက်ပါ
၁၇။ ကြင်ဖော်မဲ့မိခင်တစ်ဦး အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ရသနည်း၊ ထိုကဲ့သို့သောသူများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သနည်း။
၁၇ ယုံကြည်သူချင်းများကို သင်ပို၍အနီးကပ်ကြည့်လေလေ သူတို့ကိုပို၍ တန်ဖိုးထားတတ်လာပြီး သူတို့နှင့်ပေါင်းသင်းရခြင်းကို ပို၍ရွှင်လန်းလာလေဖြစ်သည်။ သင့်အသင်းတော်ကို ကြည့်ပါ။ အဘယ်အရာမြင်သနည်း။ အမှန်တရားနည်းလမ်းဖြင့် မိမိ၏သားသမီးများကို ကြိုးစားမွေးမြူပေးနေသည့် ကြင်ဖော်မဲ့မိဘတစ်ဦးရှိသလော။ သူပြသသည့်ပုံသက်သေကောင်းကို သင် ကောင်းကောင်းစဉ်းစားကြည့်ဖူးသလော။ သူရင်ဆိုင်ရသည့်ပြဿနာအချို့ကို ကြိုးစားပြီးမြင်ယောင်ကြည့်ပါ။ ဂျင်းနီအမည်ရှိ ကြင်ဖော်မဲ့မိခင်တစ်ဦးက အချို့အဝက်ကို ဤသို့ဖော်ပြသည်– အထီးကျန်ဆန်မှု၊ အလုပ်ခွင်မှအမျိုးသားတို့၏ မလိုလားအပ်စွာဖြားယောင်းမှုများနှင့် ဝင်ငွေထွက်ငွေ အကြီးအကျယ်အကျပ်အတည်းဖြစ်မှု။ အားလုံးထဲတွင် ကျော်လွှားရသည့်အကြီးမားဆုံးအရာမှာ ကလေးတစ်ယောက်တစ်မျိုးစီဖြစ်သောကြောင့် သူ့ကလေးတို့၏စိတ်လှုပ်ရှားမှုပိုင်း လိုအပ်ချက်ကို ဂရုစိုက်ပေးရခြင်းဖြစ်ကြောင်း သူကဆိုသည်။ ဂျင်းနီက နောက်ပြဿနာတစ်ခုကိုလည်း တင်ပြသည်– “လင်သားမရှိတဲ့အတွက် သူ့နေရာမှာ သားဖြစ်သူကို အစားထိုးတာဝန်ယူစေချင်တဲ့ဆန္ဒကို ချိုးနှိမ်ပစ်ဖို့ဆိုတာဟာ တကယ့်စိန်ခေါ်ချက်ဖြစ်နိုင်ပါတယ်။ ကျွန်မမှာ သမီးတစ်ယောက်ရှိတယ်၊ ကျွန်မရင်တွင်းခံစားချက်တွေ ဖွင့်ချပြောပြခြင်းကြောင့် သူ့ခမျာအရွယ်နဲ့မလိုက်အောင် ဝန်ပိသွားအောင်မလုပ်မိဖို့ သတိမရဘဲဖြစ်ဖြစ်သွားတယ်။” ဘုရားသခင်ကို ကြောက်ရွံ့သော ထောင်သောင်းချီသည့် ကြင်ဖော်မဲ့မိဘများကဲ့သို့ပင် ဂျင်းနီသည် အချိန်ပြည့်အလုပ်လုပ်ရသည့်အပြင် မိသားစုကိုပါ ပြုစုဂရုစိုက်ပေးရသည်။ သားသမီးတို့နှင့် ကျမ်းစာလေ့လာ၊ ခရစ်ယာန်ဓမ္မအမှုမှာ သူတို့ကိုလေ့ကျင့်ပေးပြီး အသင်းတော်အစည်းအဝေးများသို့လည်း ခေါ်သွားရသည်။ (ဧဖက် ၆:၄) ဆက်၍ သမာဓိစောင့်သိရန် ဤမိသားစု၏ကြိုးပမ်း အားထုတ်မှုကို ယေဟောဝါနေ့စဉ်တွေ့နေရခြင်းသည် ကိုယ်တော်အတွက် မည်မျှပျော်ရွှင်စရာဖြစ်လိုက်မည်ဖြစ်ခြင်း! ဤသို့သောသူများ ကျွန်ုပ်တို့တွင်ရှိနေခြင်းက နှလုံးရွှင်လန်းစေသည်မဟုတ်လော။ အမှန်ရွှင်လန်းစေပါသည်။
၁၈၊ ၁၉။ အသင်းတော်သားများအပေါ် ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုကို မည်သို့နက်ရှိုင်းလာစေနိုင်ကြောင်း နမူနာပေးဖော်ပြပါ။
၁၈ သင့်အသင်းတော်ကို ပြန်ကြည့်လိုက်ပါဦး။ အစည်းအဝေးများကို “ဘယ်တော့မျှမပျက်” ကြသည့် တည်ကြည်သော မုဆိုးဖို၊ မုဆိုးမတို့ကိုလည်း တွေ့မြင်ပေမည်။ (လုကာ ၂:၃၇၊ ကဘ) သူတို့သည် အထီးကျန်စိတ် ရံဖန်ရံခါ ခံစားရကြပါသလော။ ခံစားရပါသည်။ သူတို့၏အိမ်ထောင်ဖက်တို့ကို အလွန်လွမ်းဆွတ်ကြ၏! သို့သော် သူတို့သည် ယေဟောဝါ၏အမှုတော်တွင် အလုပ်များနေလျက် အခြားသူများကို စိတ်ဝင်စားမှုတင်ပြကြသည်။ သူတို့၏မြဲမြံသော အပြုသဘောထားကြောင့် အသင်းတော်တွင် ရွှင်လန်းမှုတိုးရလေသည်! အနှစ် ၃၀ ထက်မက အချိန်ပြည့်ဓမ္မအမှုတွင် အမှုဆောင်ခဲ့သော ခရစ်ယာန်တစ်ဦး ဤသို့ထုတ်ပြောသည်– “ကျွန်မကိုရွှင်လန်းမှုအဖြစ်စေဆုံးအရာတစ်ခုကတော့ စုံစမ်းမှုများစွာကို ဖြတ်ကျော်ခဲ့ကြတဲ့ သက်ကြီးညီအစ်ကိုညီအစ်မတွေ ယေဟောဝါရဲ့အမှုတော်ကို တည်တည်ကြည်ကြည်အမှုဆောင်နေကြဆဲဖြစ်တာကို တွေ့မြင်ရခြင်းပါပဲ!” မှန်ပါသည်၊ ကျွန်ုပ်တို့ထဲတွင်ရှိသော သက်ကြီးခရစ်ယာန်များသည် လူငယ်လူရွယ်များအတွက် အကြီးအကျယ်အားပေးမှုဖြစ်သည်။
၁၉ မကြာသေးမီကမှ အသင်းတော်နှင့် စတင်ပေါင်းသင်းလာသည့် လူသစ်များကော အသို့နည်း။ အစည်းအဝေးများတွင် သူတို့၏ယုံကြည်ခြင်းကို ထုတ်ဖော်ပြောကြသောအခါ ကျွန်ုပ်တို့ စိတ်မတက်ကြွလာပေလော။ ကျမ်းစာစသင်ချိန်ကတည်းက သူတို့၏တိုးတက်မှုကို စဉ်းစားကြည့်ပါလေ။ ယေဟောဝါသည် သူတို့ကို အလွန်နှစ်ခြိုက်ပေမည်။ ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့၏နှစ်လိုမှုကို ပြောပြပြီး သူတို့၏ကြိုးပမ်းအားထုတ်မှုကို ချီးမွမ်းသလော။
၂၀။ အသင်းတော်သားတစ်ဦးစီသည် အသင်းတော်တွင် အရေးကြီးကဏ္ဍမှပါဝင်နေကြသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၂၀ သင်သည် အိမ်ထောင်သည်လော၊ တစ်ကိုယ်ရေလော၊ ကြင်ဖော်မဲ့မိဘလော။ သင်သည် အဖမဲ့ (အမိမဲ့) သား သို့မဟုတ် သမီးလော၊ မုဆိုးဖို၊ မုဆိုးမလော။ သင်သည် နှစ်ပေါင်းများစွာ အသင်းတော်နှင့်ပေါင်းသင်းလာခဲ့သူလော၊ သို့မဟုတ် မကြာသေးခင်ကမှ စတင်ပေါင်းသင်းသူလော။ သင်၏ တည်ကြည်သောပုံသက်သေက ကျွန်ုပ်တို့အားလုံးကို အမှန်ပင်အားရှိစေပါသည်။ နိုင်ငံတော်သီချင်းတစ်ပုဒ်ကို သင်ပါဝင်သီဆိုသည့်အခါ၊ အဖြေပေးသည့်အခါ သို့မဟုတ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသားတာဝန်တစ်ခုကို သင်ထမ်းဆောင်သည့်အခါ သင့်ပါဝင်ထောက်မမှုကြောင့် ကျွန်ုပ်တို့ရွှင်လန်းမှုတိုးလာပါသည်။ ထို့ထက်ကား ယင်းကြောင့် ယေဟောဝါ၏နှလုံးတော်ကို ရွှင်လန်းစေပါသည်။
၂၁။ အဘယ်အရာလုပ်ဆောင်စရာအကြောင်း များစွာရှိသနည်း၊ အဘယ်မေးခွန်းများ ပေါ်လာသနည်း။
၂၁ မှန်ပါသည်၊ ကျပ်တည်းဆင်းရဲမှုမြားမြောင်လှသည့် ဤခေတ်တွင်ပင် ကျွန်ုပ်တို့၏ ပျော်ရွှင်သောဘုရားသခင်အားဝတ်ပြုခြင်းမှ ရွှင်လန်းမှုရနိုင်ပါသည်။ ပေါလု၏ ဤတိုက်တွန်းအားပေးချက်ကိုတုံ့ပြန်ရန် ကျွန်ုပ်တို့တွင် အကြောင်းရင်းများစွာရှိပါသည်– “အစဉ်မပြတ်သက်သာဝမ်းမြောက်ခြင်းရှိကြလော့။ . . . မေတ္တာနှင့်ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလတ္တံ့။” (၂ ကောရိန္သု ၁၃:၁၁၊ ကဘ) ကျွန်ုပ်တို့သည် သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် အကြီးအကျယ် စီးပွားရေးအကျပ်အတည်းဖြစ်မှု တစ်ခုခုကို ရင်ဆိုင်ရလျှင်ကော အသို့နည်း။ အဆိုပါအခြေအနေများ၌ပင် ကျွန်ုပ်တို့ဆက်၍ ရွှင်လန်းနိုင်ပါမည်လော။ နောက်ဆောင်းပါးကိုသုံးသပ်စဉ် ကိုယ်ပိုင်ကောက်ချက်များကို ထုတ်နုတ်ကြည့်ပါလေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 ယေဟောဝါသက်သေတို့ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း [လိပ်]အတွဲ ၂၊ စာမျက်နှာ ၁၁၉၊ ရှု။
သင်ဖြေဆိုနိုင်သလော
• ရွှင်လန်းမှုကို မည်သို့ဖော်ပြထားသနည်း။
• အပြုသဘောထား ထားရှိခြင်းသည် ကျွန်ုပ်တို့ကို မည်သို့ဆက်၍ရွှင်လန်းစေနိုင်သနည်း။
• ကျွန်ုပ်တို့၏အသင်းတော်ရပ်ကွက်အပေါ် အပြုသဘောမြင်ရန် အဘယ်အရာက ထောက်ကူနိုင်သနည်း။
• သင့်အသင်းတော်ရှိ ညီအစ်ကိုညီအစ်မများကို အဘယ်နည်းများဖြင့် တန်ဖိုးထားလေးမြတ်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့ရပ်ကွက်ရှိ လူများသည် ပြောင်းလဲနိုင်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
သင့်အသင်းတော်ရှိသူများသည် အဘယ်စိန်ခေါ်ချက်များ ရင်ဆိုင်ရသနည်း