မွန်မြတ်သောအကျင့်ကို ကျွန်ုပ်တို့ပြုစုပျိုးထောင်နိုင်ပုံ
မွန်မြတ်သောအကျင့်ကို ကျွန်ုပ်တို့ပြုစုပျိုးထောင်နိုင်ပုံ
ခေတ်သစ်အဘိဓာန်ကျမ်းများက “မွန်မြတ်သောအကျင့်” ကို “ကိုယ်ကျင့်တရား မွန်မြတ်ခြင်း၊ ကောင်းသောဂုဏ်အင်္ဂါရှိခြင်း” ဟုဖော်ပြကြသည်။ ယင်းသည် “မှန်ကန်စွာ ပြုမူစဉ်းစားခြင်း၊ အကျင့်စရိုက်ကောင်းမွန်ခြင်း” ဖြစ်သည်။ “မွန်မြတ်သောအကျင့်” ဟုပြန်ဆိုသည့် ဂရိစကားလုံး၏ကနဦးဂန္ထဝင်မြောက်သဘောမှာ “မည်သည့်ထူးချွန်မှုမျိုးမဆိုဖြစ်သည်” ဟုအဘိဓာန်ပြုစုသူ မာဗင် အာရ်၊ ဗင်စင့်တ်ကပြောပါသည်။ ထို့ကြောင့် ဉာဏ်အမြော်အမြင်ရှိခြင်း၊ ရဲရင့်ခြင်း၊ မိမိကိုယ်ကိုဆုံးမပဲ့ပြင်ခြင်း၊ တရားမျှတမှုရှိခြင်း၊ သနားကြင်နာခြင်း၊ ဇွဲကောင်းခြင်း၊ ရိုးသားခြင်း၊ ကျိုးနွံခြင်းနှင့် သစ္စာစောင့်သိခြင်းစသော အရည်အသွေးများကို တစ်ချိန်မဟုတ်တစ်ချိန်က မွန်မြတ်သောအကျင့်အဖြစ် ချီးမြှောက်ထားသည်မှာ အံ့ဩစရာမဟုတ်ချေ။ မွန်မြတ်သောအကျင့်ကို “မှန်ကန်သောစံနှုန်းနှင့်ညီခြင်း” ဟူ၍လည်းဖော်ပြသေးသည်။
မွန်မြတ်ကောင်းမွန်၍ မှန်ကန်သော မည်သူ့စံနှုန်းများကို ကျွန်ုပ်တို့လိုက်နာသင့်သနည်း။ “ထင်ရှားသော ကိုယ်ကျင့်တရားအတွေးအခေါ်သင်ကြားမှုအရ ဉာဏ်အလင်းရ၍ဖြစ်ပေါ်လာသည့် သံသယသဘောထားက အမှားနှင့်အမှန်ဟူသည့် အယူအဆအားလုံးကို ကိုယ့်အကြိုက်၊ စိတ်လှုပ်ရှားမှုအရပိုနှစ်သက်မှု သို့မဟုတ် ယဉ်ကျေးမှုအရရွေးချယ်မှု ကိစ္စရပ်များအဖြစ် တစ်ပေါင်းတည်းထားလိုက်သည်” ဟုနယူးစ်ဝိခ်မဂ္ဂဇင်းကဆိုသည်။ သို့သော် ပို၍ကြိုက်နှစ်သက်ရုံမျှနှင့် အမှားအမှန်ကိုဆုံးဖြတ်ခြင်းသည် ကျေနပ်ဖွယ်ကောင်းသောနည်းလမ်းလော။ မဟုတ်ပါ။ ကျွန်ုပ်တို့အတွက် မွန်မြတ်သောအကျင့်ကိုပြုစုပျိုးထောင်ရန် အကောင်းအဆိုးဆိုင်ရာ အားထားလောက်သောစံနှုန်းတစ်ခုလိုအပ်သည်—တစ်စုံတစ်ရာသော အပြုအမူ၊ သဘောထား သို့မဟုတ် အရည်အသွေးသည် မှားသည် (သို့မဟုတ်) မှန်သည်ဟု ဆုံးဖြတ်နိုင်ရန် စံနှုန်းဖြစ်သည်။
ကျင့်ဝတ်စံနှုန်းများဆိုင်ရာ တစ်ခုတည်းသောစစ်မှန်သည့်ဇာစ်မြစ်
ကျင့်ဝတ်စံနှုန်းများအတွက် တစ်ခုတည်းသောစစ်မှန်သည့်ဇာစ်မြစ်မှာ လူသားတို့ကိုဖန်ဆင်းသောအရှင် ယေဟောဝါဘုရားသခင်ဖြစ်သည်။ ပထမလူသားအာဒံကိုဖန်ဆင်းပြီးမကြာမီ ယေဟောဝါဘုရားသခင်သည် လူယောက်ျားကို ဤအမိန့် ထုတ်ပြန်ခဲ့သည်– “ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) ယေဟောဝါဘုရားသခင်သည် မိမိ၏ဖန်ဆင်းရာ များအတွက် အကောင်းအဆိုးဆိုင်ရာ ကိုယ်တော်၏ အကြွင်းမဲ့ဆုံးဖြတ်ပိုင်ထိုက်မှုကိုထင်ရှားစေရန် ထိုသစ်ပင်ကို ထူးခြားသောအမည် ပေးတော်မူသည်။ သို့နှင့် အကောင်းအဆိုးဆိုင်ရာ ဘုရားသခင့်စံနှုန်းများသည် လူတစ်ဦး၏အပြုအမူ၊ သဘောထားနှင့် ပင်ကိုစရိုက်များကို တရားစီရင်ရန် သို့မဟုတ် အကဲဖြတ်ရန်အတွက် အခြေခံဖြစ်လာသည်။ ယင်းသို့သောစံနှုန်းများမရှိဘဲ အမှားနှင့်အမှန်ကို ကျွန်ုပ်တို့မှန်ကန်စွာခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ။
ကောင်းမကောင်းသိကျွမ်းရာအပင်နှင့်ပတ်သက်သည့် ပညတ်က အာဒံနှင့်ဧဝတို့ နာခံမည်၊ မနာခံမည်ကို ရွေးချယ်စေသည်။ သူတို့အတွက် မွန်မြတ်သောအကျင့်ဟူသည် ထိုပညတ်တော်ကိုနာခံခြင်းသာတည်း။ အချိန်တန်သော် ယေဟောဝါသည် မိမိအလိုတော်နှင့်တွေ့သည့်အရာများနှင့် အလိုတော်နှင့်မတွေ့သည့်အရာများကို ထပ်မံဖော်ပြကာ ယင်းကိုကျွန်ုပ်တို့အတွက် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်စေသည်။ ထို့ကြောင့် မွန်မြတ်သောအကျင့်ကိုပြုစုပျိုးထောင်ရန် ကျမ်းစာ၌ပြဋ္ဌာန်းထားသည့် ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများကို လိုက်နာရန်လိုအပ်သည်။
ဘုရားသခင်၏စံနှုန်းများနှင့် အပြည့်အဝအကျွမ်းတဝင်ရှိပါ
ယေဟောဝါဘုရားသခင်သည် အကောင်းအဆိုးနှင့်ပတ်သက်သည့်စံနှုန်းများကို သတ်မှတ်ပေးထားကာ သမ္မာကျမ်းစာတွင် ယင်းတို့ကိုဖော်ပြထားသည်ဖြစ်၍ ကျွန်ုပ်တို့သည် ၎င်းတို့နှင့် အပြည့်အဝအကျွမ်းတဝင်မရှိသင့်ပေလော။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ကျမ်းစာရှိသမျှသည် ဘုရားသခင် ဝိညာဉ်တော်မှုတ်သွင်းထား၍ ဘုရားသခင်၏လူကို အစွမ်းသတ္တိအပြည့်အဝရှိစေရန်၊ ကောင်းသောအလုပ်တိုင်းအတွက် စုံလင်စွာပြင်ဆင်လေ့ကျင့်ပေးရန်၊ သင်ကြားခြင်း၊ အပြစ်ကိုဖော်ပြဆုံးမခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းတို့၌ အကျိုးရှိ၏။”—၂ တိမောသေ ၃:၁၆၊ ၁၇၊ ကဘ။
ဥပမာ၊ မိမိယဉ်ကျေးမှုရှုမြင်ချက်နှင့်အညီ ကျိုးနွံခြင်းကိုတင်ပြခဲ့သောအခါ ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သည့် ကူနီဟီတိုတွေ့ကြုံရသည့် နားလည်မှုလွဲခြင်းကို သုံးသပ်ကြည့်ပါ။ နောက်ပိုင်းတွင် သမ္မာကျမ်းစာဆိုင်ရာစံနှုန်းများကို အနီးကပ်သုံးသပ်ခြင်းက ပို၍မျှတသောအမြင်ရှိစေရန် အကူအညီရခဲ့သည်။ သမ္မာကျမ်းစာက ကျိုးနွံမှုကို အမှန်အားပေးထောက်ခံပြီး ယုံကြည်စိတ်ချလွန်းခြင်းနှင့် ရောင့်တက်ခြင်းတို့မရှိရန် ဆုံးမထားသည်။ (သု. ၁၁:၂; မိက္ခာ ၆:၈) သို့တိုင် “ကြီးကြပ်မှူးအရာ” အတွက်အရည်အချင်းများကိုဖော်ပြရာတွင် တမန်တော်ပေါလုက ထိုအခွင့်ထူးအတွက် “လက်လှမ်းယူခြင်း” အကြောင်း ပြောကြားခဲ့သည်။ (၁ တိမောသေ ၃:၁၊ ကဘ) ဤသို့ “လက်လှမ်းယူခြင်း” သည် ကြွားဝါမှု သို့မဟုတ် ရောင့်တက်မှုမရှိဘဲပြုရန်သာမက အကြောင်းမဲ့ မိမိကိုယ်ကိုရှုတ်ချခြင်းလည်း မပြုရန်ဖြစ်သည်။
စီးပွားရေးပြိုင်ဆိုင်မှုနယ်ပယ်တွင် ကိုယ်ကျင့်တရားမွန်မြတ်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဘာမိန့်မှာသနည်း။ သံသယဖြစ်ဖွယ်ရှိသော နည်းလမ်းများအသုံးပြုခြင်း သို့မဟုတ် အစိုးရစည်းမျဉ်းများနှင့် အခွန်ဥပဒေများကို ဖြတ်လမ်းလိုက်ခြင်းသည် မျက်မှောက်ခေတ်စီးပွားရေးလောကတွင် လုပ်ရိုးလုပ်စဉ်အကျင့်တစ်ခုဖြစ်သည်။ သို့ရာတွင် အခြားသူများမည်သို့ပင်ပြုစေကာမူ သမ္မာကျမ်းစာစံနှုန်းက ကျွန်ုပ်တို့သည် ‘အရာရာ၌ ရိုးဖြောင့်စွာကျင့်ကြံပြုမူရန်’ ဖြစ်သည်။ (ဟေဗြဲ ၁၃:၁၈၊ ကဘ) သို့ဖြစ်၍ ကျွန်ုပ်တို့သည် အလုပ်ရှင်များ၊ အလုပ်သမားများ၊ ဖောက်သည်များ၊ လောကအစိုးရများနှင့်ဆက်ဆံရာတွင် ရိုးသားမှုရှိကာ တရားမျှတမှုရှိခြင်းဖြင့် မွန်မြတ်သောအကျင့်ကို ပြုစုပျိုးထောင်ကြသည်။ (တရားဟောရာ ၂၅:၁၃-၁၆; ရောမ ၁၃:၁; တိတု ၂:၉၊ ၁၀) ရိုးသားမှုသည် ယုံကြည်စိတ်ချပြီး စေတနာထားရန် အမှန်ပင်တိုးမြှင့်ပေးသည်။ ထို့ပြင် သဘောတူညီချက်များကို ရေးသားထားခြင်းဖြင့် နားလည်မှုလွဲမှားခြင်းနှင့် “တင်ကြိုမမြင်ရသည့်ဖြစ်ပျက်မှု” ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရှုပ်ထွေးမှုများမဖြစ်ပေါ်စေရန် တားဆီးပေးလေ့ရှိသည်။—ဒေ. ၉:၁၁; ယာကုပ် ၄:၁၃၊ ၁၄။
ဝတ်စားဖြီးလိမ်းပုံသည် မွန်မြတ်သောအကျင့်ကို ပြုစုပျိုးထောင်ရန်ကျွန်ုပ်တို့လိုအပ်သည် နောက်နယ်ပယ်တစ်ရပ်ဖြစ်သည်။ အဝတ်အစားရွေးချယ်မှုများသည် ယဉ်ကျေးမှုအရ အမျိုးမျိုးကွဲပြားပြီး နောက်ဆုံးပေါ်စတိုင်များနှင့် ခေတ်ရေစီးကြောင်းအတိုင်း ထက်ကြပ်မကွာလိုက်ရန် ဖိအားပေးမှုမှာ ပြင်းထန်နိုင်သည်။ သို့သော် ထွက်သမျှခေတ်ပေါ်ဖက်ရှင်တိုင်းကို ကျွန်ုပ်တို့အဘယ်ကြောင့်လိုက်တုသင့်သနည်း။ သမ္မာကျမ်းစာက “ဤအစီအစနစ်၏ ပုံသွင်းခြင်းကိုမခံ” ရန်ကျွန်ုပ်တို့ကို ဆုံးမထားသည်။ (ရောမ ၁၂:၂၊ ကဘ) ပုံသေစည်းမျဉ်းထုတ်မည့်အစား မှုတ်သွင်းခံရမှုအောက်တွင် တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။” (၁ တိမောသေ ၂:၉၊ ၁၀) ဤအခြေခံစံနှုန်းသည် အမျိုးသားနှင့်အမျိုးသမီး ညီတူညီမျှသက်ဆိုင်သည်။ အမှန်မှာ ယဉ်ကျေးမှုအရပိုနှစ်သက်ရာ သို့မဟုတ် ကိုယ့်အကြိုက်တို့ရှိသောကြောင့် နှစ်ခြိုက်ရာပုံစံအမျိုးမျိုးကို ဝတ်ဆင်ခွင့်ရှိပါသည်။
ဘုရားသခင် အတိအလင်းရှုတ်ချသည့် ယိုယွင်းသောအကျင့်များကိုလည်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ ၁ ကောရိန္သု ၆:၉၊ ၁၀ တွင် သတိပေးချက်ကို ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်မှီ၌ဝဲသောသူ၊ ရုပ် . . . ကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” ဤကျမ်းချက် က အစောပိုင်းတွင်ဖော်ပြခဲ့သော မာရီအာကို ဖန်ဆင်းရှင်သတ်မှတ်ထားသည့် ကိုယ်ကျင့်တရားမွန်မြတ်မှုစံနှုန်းအရ ဝှမ်နှင့်သူ၏ပတ်သက်မှုသည်မှားကြောင်းနှင့် ဘုရားသခင့်မျက်နှာသာရလိုလျှင် ယင်းကို အဆုံးသတ်ရမည်ဖြစ်ကြောင်းကို နားလည်ရန်ကူညီပေးခဲ့သည်။ ရှင်းနေသည်မှာ မွန်မြတ်သောအကျင့်ကို ပြုစုပျိုးထောင်ရန် ယေဟောဝါ၏စံနှုန်းများနှင့် လုံးလုံးလျားလျားအကျွမ်းတဝင်ရှိဖို့လိုသည်။
နှလုံးဖြင့်သင်ယူပါ
မွန်မြတ်သောအကျင့်ဟူသည် မကောင်းမှုကို ရှောင်ရုံမျှသာမဟုတ်ပါ။ ယင်းတွင် ကျင့်ဝတ်ဆိုင်ရာစွမ်းအား ပါရှိသည်။ မွန်မြတ်သောအကျင့်ရှိသူတွင် ကောင်းမြတ်ခြင်းရှိ၏။ “မွန်မြတ်သောအကျင့်ကို စိတ်နှင့်သာမကနှလုံးနှင့်ပါ သင်ယူဖို့လိုသည်” ဟု ပါမောက္ခတစ်ဦးကဆိုသည်။ ထို့ကြောင့် မွန်မြတ်သောအကျင့်ကို ပြုစုပျိုးထောင်ရန် ဘုရားသခင့်နှုတ်မြွက်တော်နှင့် လုံးလုံးလျားလျားအကျွမ်းတဝင်ရှိရုံနှင့်မပြီးပါ။ ကျွန်ုပ်တို့၏နှလုံးများတွင် ယေဟောဝါကိုကျေးဇူးတင်စိတ်ပြည့်စေရန်နှင့် ဘဝအသက်တာတွင် ကျမ်းဆိုင်ရာမူများကိုကျင့်သုံးဖို့လှုံ့ဆော်ခံရရန် ထိုတွင်ရေးသားထားရာများကို ဆင်ခြင်သုံးသပ်ဖို့ လိုအပ်သည်။
“ကိုယ်တော်၏တရားကို အကျွန်ုပ်သည်အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏” ဟုဆာလံဆရာကြွေးကြော်ခဲ့သည်။ (ဆာလံ ၁၁၉:၉၇) ထို့ပြင် ဘုရင်ဒါဝိဒ်ဤသို့ရေးသားခဲ့သည်– “ရှေးလွန်လေပြီးသောကာလကိုအောက်မေ့၍ အလုံးစုံသော [ဘုရားသခင်၏] အမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သောအရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။” (ဆာလံ ၁၄၃:၅) ကျွန်ုပ်တို့လည်း စိတ်အားထက်သန်စွာဆင်ခြင်သုံးသပ်ခြင်းကို ကျမ်းစာနှင့်ကျမ်းစာအခြေပြုစာပေများကိုလေ့လာခြင်း၏ အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်စေသင့်သည်။
ဆင်ခြင်သုံးသပ်ခြင်းနှင့်တကွ အပတ်တကုတ်လေ့လာရန်အတွက် အချိန်ပေးခြင်းသည် စိန်ခေါ်ချက်တစ်ရပ် အမှန်ပင်ဖြစ်နိုင်ပါသည်။ သို့သော် မွန်မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ရန် အခြားလုပ်ဆောင်မှုများမှ အချိန်ကိုဝယ်ယူရန်လိုသည်။ (ဧဖက် ၅:၁၅၊ ၁၆) အသက် ၂၄ နှစ်ရှိ အာရွန်သည် ယခင်ကထက် အိပ်ရာမှ မိနစ် ၃၀ စော၍ထခြင်းဖြင့် နေ့စဉ် ထိုသို့အချိန်ကိုဝယ်ယူခဲ့သည်။ သူဤသို့ပြောပြသည်– “အစကတော့ နာရီဝက်လုံးလုံးကို ကျမ်းစာဖတ်ရုံသက်သက်ပဲ။ ဆင်ခြင်သုံးသပ်ခြင်းရဲ့အရေးပါမှုကို မကြာခင်ကမှ သဘောပေါက်လာတယ်။ ဒါကြောင့် အခုဆို ကျွန်တော်ဖတ်ပြီးရာတွေကိုဆင်ခြင်သုံးသပ်ဖို့ အဲဒီအချိန်ရဲ့တစ်ဝက်ကိုအသုံးပြုတယ်။ အဲဒါက တကယ့်ကို အကျိုးဖြစ်ထွန်းစေတယ်။” ဆင်ခြင်သုံးသပ်ခြင်းကို အခြားအချိန်များ၌လည်း ပြုလုပ်နိုင်ပါသည်။ ယေဟောဝါအား ထောမနာသီချင်းဆိုရာတွင် ဒါဝိဒ်က “ညယံတို့၌ ကိုယ်တော့်အကြောင်းကို ဆင်ခြင်လျက်နေ” သည်ဟုသီဆိုခဲ့သည်။ (ဆာလံ ၆၃:၆၊ သမ္မာ) ထို့ပြင် သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ဣဇာက်သည် . . . ညဦးအချိန်၌ ဆင်ခြင်လိုသောငှာ တောအရပ်သို့ထွက်သွား . . . ၏။”—ကမ္ဘာဦး ၂၄:၆၂၊ ၆၃။
ဆင်ခြင်သုံးသပ်ခြင်းသည် ယေဟောဝါခံစားသကဲ့သို့ခံစားတတ်ရန်နှင့် ကိုယ်တော်ရှုမြင်သကဲ့သို့ရှုမြင်တတ်ရန် ကျွန်ုပ်တို့ကို ထောက်ကူပေးသောကြောင့် ယင်းသည် မွန်မြတ်သောအကျင့်ကို ပြုစုပျိုးထောင်ရာတွင် တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်သည်။ ဥပမာ မာရီအာသည် မတရားမေထုန်ပြုခြင်းကို ဘုရားသခင်တားမြစ်ကြောင်း သိထားသည်။ သို့သော် ‘ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာ၍ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်’ ရန် အဓိကကျမ်းချက်များကို ဆင်ခြင်သုံးသပ်ဖို့လိုအပ်ခဲ့သည်။ (ရောမ ၁၂:၉) ‘မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ သွေးသားတပ်မက်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ တပ်မက်စိတ်လွန်ကျူးခြင်းတည်းဟူသော ကျွန်ုပ်တို့၏ ကိုယ်အင်္ဂါများကိုသေစေကြ’ ဖို့တိုက်တွန်းထားသည့် ကောလောသဲ ၃:၅ ကိုဖတ်ပြီးနောက် ပြောင်းလဲမှုများပြုရန်လိုအပ်ကြောင်း နားလည်ဖို့အကူအညီရရှိခဲ့သည်။ မာရီအာသည် မိမိကိုယ်ကို ဤသို့မေးခဲ့သည်– “ဘယ်လိုသွေးသားတပ်မက်မှုမျိုးကို ငါသေစေရမလဲ။ ညစ်ညူးတဲ့တပ်မက်မှုကို နှိုးဆွပေးနိုင်တဲ့ဘယ်အရာကို ငါရှောင်ကြဉ်သင့်သလဲ။ လိင်ခြားသူနဲ့ ငါ့ရဲ့ဆက်ဆံပုံမှာ ပြုပြင်ပြောင်းလဲဖို့လိုတဲ့အရာတွေရှိသလား။’
ဆင်ခြင်သုံးသပ်ခြင်းတွင် အပြုအမူတစ်ခု၏အကျိုးဆက်ကို သုံးသပ်ခြင်းပါဝင်သည်။ မည်သူမျှ “လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့်မပြစ်မှားစေခြင်းငှာ” မတရားသောမေထုန်၌မှီဝဲခြင်းကိုကြဉ်၁ သက်သာလောနိတ် ၄:၃-၇) ဆင်ခြင်သုံးသပ်ရန်ကောင်းသောမေးခွန်းများမှာ– ‘ဤအမှုကိုကျူးလွန်ခြင်းဖြင့် ကိုယ်ကိုလည်းကောင်း၊ ကိုယ့်မိသားစု သို့မဟုတ် အခြားသူများကိုလည်းကောင်း မည်သို့ထိခိုက်စေမည်နည်း။ အကျွန်ုပ်သည် ဝိညာဉ်ရေး၊ စိတ်လှုပ်ရှားမှုနှင့် ကိုယ်ခန္ဓာတွင် မည်သို့ထိခိုက်ခံရမည်နည်း။ တစ်ချိန်က ဘုရားသခင်၏ပညတ်ကိုကျူးလွန်ခဲ့သော အခြားသူတို့၏အခြေအနေ မည်သို့ဖြစ်သွားကြပြီနည်း။’ ထိုကဲ့သို့ စေ့စေ့စဉ်းစားဆင်ခြင်ခြင်းက မာရီအာ၏စိတ်နှလုံးကို ပိုမိုသန်မာစေခဲ့သည်ဖြစ်ရာ ကျွန်ုပ်တို့ကိုလည်း အလားတူဖြစ်စေနိုင်ပါသည်။
ရှောင်ပြီး ချုပ်တည်းခြင်းရှိရကြမည်ဟု ခရစ်ယာန်များကို ပေါလုတိုက်တွန်းခဲ့သည်။ (စံနမူနာများမှသင်ယူပါ
မွန်မြတ်သောအကျင့်ကို စာသင်ခန်းတွင် ပို့ချပေးနိုင်မည်လော။ ယင်းသည် အတွေးအခေါ်ပညာရှင်များကို နှစ်ပေါင်းထောင်နှင့်ချီ၍ ခေါင်းရှုပ်စေခဲ့သည့် မေးခွန်းတစ်ခုဖြစ်သည်။ ဂရိအတွေးအခေါ်ပညာရှင်ပလေတိုက ယင်းသည်ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆခဲ့သည်။ အခြားတစ်ဖက်တွင်မူ အရစ္စတိုတယ်က မွန်မြတ်သောအကျင့်သည် လေ့ကျင့်ရာမှရသည်ဟု ဆင်ခြင်ခဲ့သည်။ သတင်းစာဆရာတစ်ဦးက ဤအကြောင်းအရာနှင့်ပတ်သက်၍ အချေအတင်ပြောဆိုခြင်းကို အကျဉ်းချုပ်၍ ဤသို့ဆိုသည်– “အချုပ်ဆိုရသော် မွန်မြတ်သောအကျင့်ဆိုင်ရာလူ့ကျင့်ဝတ်သည် သင်ကြားခြင်းတစ်ခုတည်းနှင့်မရနိုင်ပါ။ ပြဋ္ဌာန်းစာအုပ်များမှလည်း သင်ပေး၍မရနိုင်ပါ။ ကောင်းသောအကျင့်စရိုက်သည် မွန်မြတ်သောအကျင့်ကို အားပေးထောက်မ၍ ချီးမြှင့်သည့် ရပ်ရွာများတွင်နေထိုင်ခြင်းဖြင့်ရရှိသည်။” သို့သော် မွန်မြတ်သောအကျင့်အမှန်တကယ်ရှိသူများကို မည်သည့်နေရာတွင်ရှာတွေ့မည်နည်း။ ယဉ်ကျေးမှုအများစုက အနည်းဆုံး သူတို့၏ဒဏ္ဍာရီလာ သူရဲကောင်းများနှင့် ပုံပြင်များထဲမှ မွန်မြတ်သောအကျင့်ဆိုင်ရာစံနမူနာအချို့ကို တင်ပြနေစဉ် သမ္မာကျမ်းစာတွင်မူ တိကျမှန်ကန်သည့်စံနမူနာ မြောက်မြားစွာပါရှိသည်။
မွန်မြတ်သောအကျင့်ဆိုင်ရာ အထင်ရှားဆုံးစံနမူနာရှင်မှာ ယေဟောဝါဖြစ်သည်။ ကိုယ်တော်သည် မွန်မြတ်သောကျင့်စဉ်နှင့်အညီ အမြဲပြုမူတော်မူ၍ ဖြောင့်မတ်သည့်အရာ၊ ကောင်းမြတ်သည့်အရာတို့ကို ပြုတော်မူ၏။ ကျွန်ုပ်တို့သည် “ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်” ခြင်းဖြင့် မွန်မြတ်သောအကျင့်ကို ပြုစုပျိုးထောင်နိုင်သည်။ (ဧဖက် ၅:၁) ထို့ပြင် ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ‘ကိုယ်တော်၏ခြေရာကို ထက်ကြပ်မကွာလိုက်လျှောက်ရန် စံနမူနာကိုထားတော်မူသည်။’ (၁ ပေတရု ၂:၂၁) ထို့အပြင် သမ္မာကျမ်းစာတွင် အာဗြဟံ၊ စာရာ၊ ယောသပ်၊ ရုသ၊ ယောဘ၊ ဒံယေလနှင့် သူ၏အပေါင်းအဖော် ဟေဗြဲလူငယ်သုံးဦးကဲ့သို့သော တည်ကြည်မှုရှိသူမြောက်မြားစွာ၏မှတ်တမ်းများ ပါဝင်သည်။ မျက်မှောက်ခေတ် ယေဟောဝါ၏ကျေးကျွန်များထဲရှိ မွန်မြတ်သောအကျင့်ဆိုင်ရာ စံနမူနာကောင်းများကိုလည်း လျစ်လျူမရှုသင့်ပေ။
ကျွန်ုပ်တို့အောင်မြင်နိုင်
ဘုရားသခင်၏ရှေ့တော်၌ မွန်မြတ်သည့်အမူအကျင့်များကိုပြုကျင့်ရာတွင် ကျွန်ုပ်တို့အမှန်အောင်မြင်နိုင်မည်လော။ မစုံလင်မှုကိုအမွေရရှိထားခြင်းကြောင့် တစ်ခါတစ်ရံ စိတ်ဓာတ်နှင့်သွေးသား—မွန်မြတ်သောအကျင့်များကို ပြုလိုစိတ်နှင့် အပြစ်ပြုလိုသောဉာဉ်ဆိုးများနောက်လိုက်လိုသော သွေးသားဆန္ဒတို့အကြားတွင် ပြင်းထန်သည့်တိုက်ပွဲများကို တိုက်လှန်ရပေမည်။ (ရောမ ၅:၁၂; ၇:၁၃-၂၃) သို့သော် ဘုရားသခင်၏အကူအညီဖြင့် တိုက်ပွဲကိုအောင်မြင်နိုင်ပါသည်။ (ရောမ ၇:၂၄၊ ၂၅) ယေဟောဝါသည် ကိုယ်တော့်နှုတ်မြွက်တော်နှင့် ကျမ်းစာအခြေပြုစာပေများကို ပြင်ဆင်ပေးထားသည်။ ကျမ်းစာစောင်များကို အပတ်တကုတ်လေ့လာပြီး ယင်းတို့ကို စိတ်အားထက်သန်စွာ ဆင်ခြင်သုံးသပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် စိတ်နှလုံးဖြူစင်သူများဖြစ်လာနိုင်သည်။ ထိုကဲ့သို့ ဖြူစင်သောစိတ်နှလုံးမှ မွန်မြတ်သောအတွေးအခေါ်၊ အပြောအဆိုနှင့် အပြုအမူများ ထွက်ပေါ်စေနိုင်သည်။ (လုကာ ၆:၄၅) ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်၏စံနမူနာတို့အပေါ်အခြေပြုကာ ကျွန်ုပ်တို့သည် ဘုရားသခင်ရေးရာအရည်အသွေးကို တည်ဆောက်နိုင်သည်။ ထို့ပြင် မျက်မှောက်ခေတ် ဘုရားသခင်အား တည်ကြည်စွာဝတ်ပြုကြသူများထံမှ မြောက်မြားစွာအမှန်သင်ယူနိုင်ပါသည်။
တမန်တော်ပေါလုက သူ၏စာဖတ်သူများအား မွန်မြတ်သောအကျင့်နှင့် အခြားချီးမွမ်းဖွယ်ရာများကို “ဆက်လက်ဆင်ခြင်သုံးသပ်” ရန်တိုက်တွန်းခဲ့သည်။ ဤသို့ပြုခြင်းဖြင့် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ အမှန်ခံစားရမည်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၈၊ ၉၊ ကဘ) ယေဟောဝါ၏အကူအညီနှင့် မွန်မြတ်သောအကျင့်ကိုပြုစုပျိုးထောင်မှုတွင် ကျွန်ုပ်တို့အောင်မြင်နိုင်မည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဆင်ခြင်သုံးသပ်ခြင်းကို သင့်ကျမ်းစာလေ့လာမှု၏ ကဏ္ဍတစ်ရပ်ဖြစ်စေပါ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုခရစ်ကိုတုပခြင်းဖြင့် ဘုရားသခင်ရေးရာအရည်အသွေးများကိုတည်ဆောက်ပါ