“နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ”
ဘဝအတ္ထုပ္ပတ္တိ
“နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ”
ဟဲရ်ဘက် ဂျဲန်နစ်ဇ် ပြောပြသည်
“တီမာဆိပ်ကမ်းမြို့ကနေ ဂါနာမှာရှိတဲ့ ကင်းမျှော်စင်အသင်းရဲ့ဌာနခွဲရုံးကို ကျွန်တော်ပြန်လာချိန်မှာ မြို့ထဲကိုကားကြုံလိုက်ချင်နေတဲ့ လူငယ်တစ်ဦးကို ကားရပ်ပြီး ခေါ်တင်ခဲ့ပါတယ်။ သက်သေခံဖို့အခွင့်ကောင်းကို ကျွန်တော်အရယူခဲ့တယ်။ ကောင်းစွာသက်သေခံခဲ့တယ်လို့ ကျွန်တော်ထင်ခဲ့တာ! ဒါပေမဲ့ အဲဒီလူငယ်ဟာ သူသွားချင်တဲ့နေရာလည်းရောက်ရော ကားပေါ်ကခုန်ဆင်းပြီး သုတ်ခြေတင်ပြေးသွားခဲ့တယ်။”
ဖော်ပြပါအဖြစ်အပျက်ဟာ ကျွန်တော့်ဘဝမှာ မဖြစ်စဖူးတဲ့အရာ ဖြစ်နေတယ်ဆိုတာကိုပြတဲ့ သဲလွန်စတစ်ခုဖြစ်တယ်။ ဘာဖြစ်ခဲ့တယ်ဆိုတာကိုမပြောပြခင် ကနေဒါပြည်သားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ဟာ ဂါနာကိုဘယ်လိုရောက်လာတယ်ဆိုတာကို ပြောပြပါရစေ။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရဲ့မြောက်ဘက် ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလလယ်ကဖြစ်တယ်။ ကျွန်တော်တို့ဟာ အိမ်သစ်တစ်လုံးရေရရှိဖို့အတွက် ရေခဲဖုံးနေတဲ့မြေအောက်လွှာကို ပေပေါင်းများစွာ တူးပြီးရုံရှိသေးတယ်။ ချမ်းအေးပြီးမောပန်းနေတဲ့ ကျွန်တော်တို့အလုပ်သမားအုပ်စုဟာ သစ်တိုသစ်စမီးဖိုနားမှာ တိုးဝှေ့ပူးကပ်ပြီး ထရပ်ကား လာအခေါ်ကိုစောင့်နေကြတယ်။ ရုတ်တရက် အလုပ်သမားတွေထဲကတစ်ယောက်ဖြစ်တဲ့ အာနိုးလော်တန်က “စစ်တိုက်ခြင်းနှင့် စစ်တိုက်ခြင်းသတင်းများ၊” “ဤလောက၏အဆုံး၊” နဲ့ကျွန်တော်လုံးဝအကျွမ်းတဝင်မရှိတဲ့ တခြားစကားအသုံးအနှုန်းတွေကို စပြီးပြောနေတယ်။ အားလုံး ချက်ချင်းပဲ စကားပြောရပ်သွားကြပြီး အရှက်ခွဲကြကာ တချို့ဆိုရင် သူ့ကိုရန်မူတဲ့အထိပြုခဲ့ကြတယ်။ ကျွန်တော်မှတ်မိနေသေးတယ်၊ ‘အဲဒီလူဟာ အတော့်ကိုသတ္တိရှိတယ်! ဘယ်သူမှနားမထောင်ချင်ပေမဲ့ သူဆက်ပြောတယ်။’ ဒါပေမဲ့ သူပြောခဲ့တဲ့အရာတွေဟာ ကျွန်တော့်ဆီမှာ စွဲကျန်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ်အနည်းငယ်လောက်မှာဖြစ်ပြီး ကျွန်တော့်မိသားစုရဲ့ ဘိုးစဉ်ဘောင်ဆက်ဘာသာဖြစ်ခဲ့တဲ့ ခရစ်တော်၏ညီတော်များဘာသာမှာ အဲဒီလိုအကြောင်းအရာမျိုးကို ကျွန်တော်တစ်ခါမှမကြားခဲ့ဖူးဘူး။ အာရုံစူးစိုက်နားထောင်ခဲ့ပြီး သူ့ရဲ့ရှင်းပြချက်တွေက ကျွန်တော့်ကို ညှို့ယူသွားတယ်။
မကြာခင်ပဲ အချက်အလက်တွေကိုပိုသိနိုင်ဖို့ အာနိုးဆီကိုချဉ်းကပ်ခဲ့တယ်။ နောက်ကြောင်းကိုပြန်ကြည့်လိုက်ရင် ၁၉ နှစ်အရွယ် အ
တွေ့အကြုံနည်းပါးတဲ့ကျွန်တော့်အပေါ်မှာ သူနဲ့ သူ့ဇနီးဂျီးန်တို့ ဘယ်လောက်သည်းခံပြီး ကြင်နာမှုပြခဲ့ကြတယ်ဆိုတာကို နားလည်လာတယ်။ သူတို့အိမ်မှာ သူတို့နဲ့အတူဆွေးနွေးဖို့အတွက် အသိမပေး၊ မဖိတ်ခေါ်ဘဲနဲ့ မကြာခဏသွားခဲ့တယ်။ သူတို့ဟာ ကျွန်တော့်ကို လမ်းမှန်ပေါ်တင်ပေးပြီး ငယ်ရွယ်တဲ့ကျွန်တော့်စိတ်ထဲမှာ ရစ်ဝဲနေတဲ့စံနှုန်းတွေနဲ့ ကိုယ်ကျင့်တရားတွေရဲ့ ကွဲပြားခြားနားမှုကို ခွဲခြားတတ်ဖို့ကူညီပေးခဲ့တယ်။ လမ်းဘေးမီးဖိုကနေ အစပြုခဲ့တဲ့အတွေ့အကြုံပြီးနောက် ဆယ်လအကြာ ၁၉၅၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်မှာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ကျွန်တော်နှစ်ခြင်းခံခဲ့ပြီး ယခုတိုရွန်တိုမြို့ထဲမှာပါသွားတဲ့ နော့သ်ယောက်မှာရှိတဲ့ ဝေ့လ်လိုးဒေးလ်အသင်းတော်နဲ့ ပူးပေါင်းခဲ့တယ်။ဝတ်ပြုသူချင်းတို့နှင့်အတူ တိုးတက်နေခြင်း
အသစ်တွေ့လာတဲ့ယုံကြည်ခြင်းကို လိုက်လျှောက်ဖို့ဆုံးဖြတ်ထားတာကို အဖေသိတဲ့အခါ အိမ်တွင်းအခြေအနေဟာ ပိုပြီးတင်းမာလာခဲ့တယ်။ မကြာသေးခင်က အဖေဟာ အရက်မူးနေတဲ့ယာဉ်မောင်းတစ်ယောက်ကြောင့် ခေါင်းချင်းဆိုင်တိုက်မိတဲ့အမှုမှာ ဒဏ်ရာရခဲ့ပြီးနောက် ဆက်ဆံရတာသိပ်ခက်တယ်။ ကျွန်တော့်ညီနှစ်ယောက်၊ ညီမနှစ်ယောက်နဲ့အမေရဲ့ဘဝဟာ ခက်ခဲကျပ်တည်းခဲ့တယ်။ ကျမ်းစာအမှန်တရားနဲ့ပတ်သက်တဲ့ တင်းမာမှုတွေ ပြင်းထန်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော့်မိဘတွေနဲ့ စိတ်ဝမ်းမကွဲစေဖို့နဲ့ ကျွန်တော်ကိုယ်တိုင် “[အမှန်] တရားလမ်း” မှာတည်မြဲနိုင်ဖို့ အိမ်ကထွက်သွားတာဟာ အမြော်အမြင်ရှိရာရောက်တယ်လို့ထင်တယ်။—၂ ပေတရု ၂:၂။
၁၉၅၁ ခုနှစ်ရဲ့နွေရာသီအကုန်ပိုင်းမှာ အဲလ်ဘာတာပြည်နယ် ခိုးလ်မန်မှာရှိတဲ့ အသင်းတော်ငယ်တစ်ခုမှာ အခြေချခဲ့ပါတယ်။ အဲ့ဒီအသင်းတော်မှာ လူငယ်နှစ်ယောက်ဖြစ်တဲ့ ရော့စ်ဟန့်တ်နဲ့ ကိသ်ရော်ဘင်တို့ဟာ မှန်မှန်ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်လူထုရှေ့ဟောပြောခြင်းမှာ အလုပ်များနေကြတယ်။ သူတို့က ကျွန်တော့်ကို အဲဒီစေတနာ့ဝန်ထမ်းအမှုဆောင်ခြင်းနဲ့ပတ်သက်ပြီး လမ်းပြကူညီပေးခဲ့ကြတယ်။ ၁၉၅၂ ခုနှစ် မတ်လ ၁ ရက်မှာ မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာ ကျွန်တော်ပါဝင်ခဲ့တယ်။
ကျွန်တော်ရခဲ့တဲ့ အားပေးထောက်မမှုတွေကို တန်ဖိုးထားမြတ်နိုးမှုနဲ့အတူ သတိရမိတယ်။ ကျွန်တော်မှာ သင်ယူစရာတွေအများကြီးရှိပြီး ဒီအရာက ကျွန်တော်ရဲ့ပဏာမစမ်းသပ်ရာနေရာဖြစ်ခဲ့တယ်။ အဲလ်ဘာတာပြည်နယ် လက်သ်ဘရစ်ခ်ျအသင်းတော်နဲ့အတူ ရှေ့ဆောင်လုပ်ငန်းမှာ တစ်နှစ်လောက်ပါဝင်ပြီးနောက် မမျှော်လင့်ဘဲ နယ်လှည့်ကြီးကြပ်မှူးအဖြစ်အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ နယူးဘရူးစ်ဝစ်ပြည်နယ်၊ မော်န်တန်ကနေ ကွိဘက်ပြည်နယ်၊ ဂက်စ်ပေအထိ ကနေဒါနိုင်ငံအရှေ့ဘက်ကမ်းခြေတစ်လျှောက် ပျံ့နှံ့တည်ရှိနေတဲ့ ယေဟောဝါသက်သေများရဲ့ အသင်းတော်တွေမှာ အမှုဆောင်ဖို့ဖြစ်တယ်။
အသက် ၂၄ နှစ်ပဲရှိသေးပြီး အမှန်တရားမှာလူသစ်သာဖြစ်၊ အထူးသဖြင့် ကျွန်တော်အမှုဆောင်ရမယ့်နေရာက ရင့်ကျက်တဲ့သက်သေခံတွေ့နဲ့နှိုင်းယှဉ်လိုက်ရင် အရည်အချင်းမပြည့်မီဘူးလို့ခံစားခဲ့ရတယ်။ နောက်ပိုင်းလပေါင်းများစွာအတွင်းမှာ စိတ်ရင်းမှန်နဲ့ကြိုးစားအားထုတ်ခဲ့တယ်။ အဲဒီနောက် နောက်ထပ်အံ့အားသင့်စရာဖြစ်ပျက်ခဲ့ပြန်တယ်။
ဂိလဒ်ကျောင်းနှင့် ဂိုးလ်ကို့စ်သို့
၁၉၅၅ ခုနှစ် စက်တင်ဘာမှာ နယူးယောက်၊ ဆောက်သ်လန်စင်းမှာရှိတဲ့ ကင်းမျှော်စင်သမ္မာကျမ်းစာ ဂိလဒ်ကျောင်းရဲ့ ၂၆ ကြိမ်မြောက်သင်တန်းကို တခြားကျောင်းသားတစ်ရာလောက်နဲ့အတူပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ငါးလကြာ အပြင်းအထန်လေ့ကျင့်ပေးမှုနဲ့ လေ့လာမှုဟာ ကျွန်တော်အမှန်လိုအပ်နေတဲ့အရာတွေဖြစ်တယ်။ ကျွန်တော်ရဲ့စိတ်အားထက်သန်မှုဟာ အရမ်းကိုလှုံ့ဆော်မှုပေးတဲ့ အဲဒီအုပ်စုနဲ့ အတူနေရာကနေ ခိုင်မာခဲ့တယ်။ အဲဒီအချိန်အတောအတွင်း ဒီနေ့ထိတိုင် ကျွန်တော့်ဘဝကိုပြည့်စုံစေတဲ့ တခြားတိုးတက်ဖြစ်ပေါ်မှုတစ်ခုရှိခဲ့တယ်။
ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် လေ့ကျင့်ပေးနေတဲ့ကျောင်းသားတွေထဲက အိုက်လီန်စတာ့ဘ် ဆိုတဲ့ညီမငယ်တစ်ယောက်ရှိတယ်။ အိုက်လီန်ဟာ တည်ငြိမ်တယ်၊ ဣန္ဒြေရှိတယ်၊ လက်တွေ့ကျလုပ်ကိုင်နိုင်တယ်၊ ကျိုးနွံမှုရှိပြီး ရွှင်ပျတဲ့သဘောရှိသူဖြစ်တယ်။ သူ့ကိုလက်ထပ်ဖို့ အဆီအငေါ်မတည့်ဖွင့်ပြောတုန်းက ကျွန်တော် ခပ်လန့်လန့်ပဲ။ ဒါပေမဲ့ သူ,မငြင်းပယ်ခဲ့ဘူး! အပြန်အလှန်သဘောတူညီမှုရပြီးချိန်မှာ အိုက်လီန်က ခရစ်ယာန်သာသနာပြုဖို့တာဝန်ကျတဲ့ ကော့စ်တာရီကာကို သွားရမှာဖြစ်ပြီး ကျွန်တော်ကတော့ အနောက်အာဖရိကရဲ့ ဂိုးလ်ကို့စ် (ယခုဂါနာ) ကိုသွားရမှာဖြစ်တယ်။
၁၉၅၆ ခုနှစ် မေလရဲ့ တစ်ခုသောနံနက်ခင်းမှာ နယူးယောက်၊ ဘရွတ်ကလင်က ညီအစ်ကိုနေသန်နောရ်ရဲ့ ဆယ်ထပ်ကရုံးခန်းကို ကျွန်တော်ရောက်သွားခဲ့တယ်။ သူဟာ အဲဒီတုန်းက ကင်းမျှော်စင်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တယ်။ ဂိုးလ်ကို့စ်၊ တိုဂိုလန်း (ယခု တိုဂို)၊ အိုင်ဗရီကို့စ် (ယခု ကုတ်ဒ်အဗွား)၊ အထက်ဗော်လ်တာ (ယခု ဘာကီနာဖာဆို) နဲ့ဂမ်ဘီယာနိုင်ငံတွေမှာ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ဖို့အတွက် ဌာနခွဲအမှုထမ်းတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။
ညီအစ်ကိုနောရ်ရဲ့စကားတွေဟာ မနေ့တစ်နေ့ကပြောခဲ့သလိုပဲ မှတ်မိနေတယ်။ “တာဝန်တွေကို ချက်ချင်းလွှဲယူဖို့မလိုဘူး၊ အချိန်ယူပါ၊ အဲဒီက အတွေ့အကြုံရှိတဲ့ညီအစ်ကိုတွေဆီကနေ သင်ယူပါ။ အဲဒီနောက် အသင့်ဖြစ်ပြီလို့ယူမှတ်တဲ့အခါ ဌာနခွဲအမှုထမ်းအဖြစ် စပြီးအမှုဆောင်သင့်တယ်။ . . . ဒါက ခင်ဗျားကိုခန့်အပ်တဲ့စာဖြစ်တယ်။ ခင်ဗျားရောက်သွားပြီး ခုနစ်ရက်ကြာတဲ့အခါ တာဝန်တွေကိုထမ်းဆောင်သင့်တယ်။”
‘ခုနစ်ရက်ပဲ၊’ ကျွန်တော်သုံးသပ်ကြည့်တယ်။ ‘“အချိန်ယူပါ” ဆိုတဲ့သူ့ရဲ့အကြံပေးချက်ကကော။’ အံ့အားသင့်စွာနဲ့ အဲဒီတွေ့ဆုံပြောဆိုရာကနေ ပြန်လာခဲ့တယ်။
နောက်ပိုင်းရက်အနည်းငယ်ဟာ လျင်မြန်စွာပဲကုန်လွန်ခဲ့တယ်။
သိပ်မကြာခင်မှာပဲ အသင်းမရဲ့ဘရွတ်ကလင်ရုံးတွေကိုဖြတ်ကျော်ပြီး အိစ်ရေဗာမြစ်ရိုးတစ်လျှောက်ရွက်လွှင့်တဲ့ ကုန်တင်သင်္ဘောကုန်းပတ်လက်ရန်းနားမှာရပ်နေရင်း ဂိုးလ်ကို့စ်သို့ ၂၁ ရက်ကြာ အဏ္ဏဝါပြင်ခရီးကို စနှင်ခဲ့တယ်။အိုက်လီန်နဲ့ကျွန်တော်ဟာ လေကြောင်းကနေစာအများကြီးရေးခဲ့ကြတယ်။ ၁၉၅၈ ခုနှစ်မှာ ကျွန်တော်တို့ပြန်ဆုံကြပြီး အဲဒီနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှာ လက်ထပ်ခဲ့ကြတယ်။ အရမ်းကောင်းမွန်တဲ့အိမ်ထောင်ဖက်အတွက် ယေဟောဝါကို ကျေးဇူးမတင်ဘဲမနေဘူး။
ခရစ်ယာန်သာသနာပြု လုပ်ဖော်ဆောင်ဖက်တွေ၊ အသင်းမဌာနခွဲရုံးက အာဖရိကန်ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ၁၉ နှစ်ကြာ အမှုဆောင်ခဲ့ရတဲ့အခွင့်ထူးကို ကျွန်တော်အရမ်းလေးမြတ်တယ်။ အဲ့ဒီအချိန်အတွင်းမှာ ဗေသလမိသားစုဟာ လက်တစ်ဆုပ်စာလေးကနေ ၂၅ ယောက်လောက်အထိ တိုးများလာခဲ့တယ်။ အဲဒါက ကျွန်တော်တို့အတွက် စိန်ခေါ်ချက်တွေ၊ အတွေ့အကြုံစုံအောင်ရတဲ့ အကျိုးဖြစ်ထွန်းတဲ့နေ့ရက်တွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောပြမယ်။ ကျွန်တော့်အတွက် အထူးစိန်ခေါ်ချက်တစ်ခုဖြစ်တဲ့ ပူအိုက်စွတ်စိုတဲ့ရာသီဥတုကို တွေ့ကြုံခဲ့ရတယ်။ ကျွန်တော်ဟာအမြဲလို ချွေးထွက်နေတတ်တယ်၊ အမြဲလိုစေးထန်းထန်းဖြစ်နေပြီး တစ်ခါတလေဒေါသထွက်နေပုံရတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဂါနာမှာရှိတဲ့ကျွန်တော်တို့ရဲ့အရေအတွက်ဟာ ၁၉၅၆ ခုနှစ်မှာဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၆,၀၀၀ ကျော်ကနေ ၁၉၇၅ ခုနှစ်မှာ ၂၁,၀၀၀ အထိတိုးများလာတဲ့အတွက် အမှုဆောင်ရတာ တကယ့်ကိုရွှင်လန်းမှုတစ်ရပ်ဖြစ်ခဲ့တယ်။ ဒါ့အပြင် အခုအဲဒီမှာ လှုပ်ရှားတဲ့သက်သေခံ ၆၀,၀၀၀ ကျော်ကိုတွေ့ရခြင်းက နှစ်ဆသောဝမ်းမြောက်ရွှင်လန်းမှုကိုဖြစ်စေပါတယ်။
ကျွန်ုပ်တို့မျှော်လင့်မထားခဲ့တဲ့ “မနက်ဖြန်”
၁၉၇၀ ပြည့်နှစ်လောက်မှာ ရောဂါအမည်တပ်ဖို့အရမ်းခက်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ကို ကျွန်တော်စတင်ခံစားခဲ့ရတယ်။ ဆေးဘက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုအားလုံးပြုလုပ်ခဲ့ပြီး “ကျန်းမာရေးကောင်းတယ်” လို့ပဲအဖြေထွက်တယ်။ ဒါဆိုရင် ဘာကြောင့်မို့ ကျွန်တော်အမြဲလို အလွန့်အလွန်ကျန်းမာရေးမကောင်း၊ မောဟိုက်ပြီး အိပ်လို့မရဖြစ်ရတာလဲ။ အဖြစ်အပျက်နှစ်ခုက အဖြေရစေပြီး အဲဒါတွေက အံ့သြထိတ်လန့်ဖွယ်ဖြစ်စေတယ်။ ယာကုပ်ရေးသားခဲ့တဲ့အတိုင်း– “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။”—ယာကုပ် ၄:၁၄။
ပထမသဲလွန်စကတော့ မြို့ထဲကိုကားကြုံလိုက်စီးခွင့်ပြုပြီး ကျွန်တော်သက်သေခံခဲ့တဲ့ လူငယ်နဲ့တွေ့ခဲ့တုန်းကဖြစ်တယ်။ ကျွန်တော်ဟာ မနားတမ်းစကားတွေပြောတယ်၊ စကားပြောတာပိုမြန်လာပြီး ကြာလာလေ ပိုထန်လာလေဖြစ်နေတယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။ အဲဒီလူငယ်သွားမယ့်နေရာကိုလည်းရောက်ရော သူဟာ ကားပေါ်ကဆင်းပြီး သုတ်ခြေတင်ပြေးသွားတဲ့အခါ ကျွန်တော်အံ့သြခဲ့မိတယ်။ ဂါနာလူမျိုးအများစုဟာ သဘာဝအားဖြင့် ဣန္ဒြေရှိတယ်၊ စိတ်တည်ငြိမ်တဲ့လူမျိုးဖြစ်ပြီး အလွယ်တကူစိတ်အနှောင့်အယှက်မဖြစ်တတ်ကြဘူး။ သူ့ရဲ့တုံ့ပြန်ပုံက ဒီအရပ်ဓလေ့စရိုက်နဲ့မကိုက်ညီဘူး။ ကျွန်တော်ထိုင်ပြီး ဆင်ခြင်သုံးသပ်ကြည့်တယ်။ ကျွန်တော့်မှာပြဿနာရှိနေပြီလို့ နားလည်လိုက်တယ်။ ဘာလဲဆိုတာကိုတော့ တိတိကျကျမသိဘူး။ ဒါပေမဲ့ ကျွန်တော်မှာပြဿနာရှိနေတာတော့ သေချာတယ်။
ဒုတိယက အသေးစိတ်ခန္ဓာပိုင်းဆန်းစစ်တဲ့ ဆွေးနွေးနှီးနှောမှုတစ်ခုအပြီးမှာ အိုက်လီန်က– “ကောင်းပြီ၊ ဒီပြဿနာက ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာဖြစ်မယ်။” ဒါကြောင့် ကျွန်တော်ရဲ့ရောဂါလက္ခဏာအားလုံးကို သေချာရေးသားပြီး စိတ်ရောဂါကုဆရာဝန် တစ်ယောက်ဆီကိုသွားလိုက်တယ်။ ကျွန်တော့်ရဲ့စာရင်းကိုဖတ်ပြလိုက်တဲ့အခါ သူက ဒီလိုတုံ့ပြန်ဖြေကြားတယ်– “ဒါဟာရောဂါဆန်းပဲ။ ခင်ဗျားက စိတ်ရွစိတ်ကျစိတ်လွှတ်ရောဂါ ခံစားနေရတာဖြစ်တယ်။”
ကျွန်တော်အံ့အားသင့်လွန်းလို့ မှင်တက်မိသွားပါတယ်! နောက်နှစ်အနည်းငယ်အထိ လွတ်မြောက်ဖို့ကြိုးစားအားထုတ်ပေမဲ့ အဆက်မပြတ်ဆုတ်ယုတ်ကျဆင်းခဲ့တယ်။ ဖြေရှင်းနည်းကို ကျွန်တော်ဆက်ပြီးရှာဖွေနေခဲ့တယ်။ ဒါပေမဲ့ ဘာလုပ်ရမယ်ဆိုတာကို ဘယ်သူမှ သေချာမသိခဲ့ကြဘူး။ စိတ်ပျက်အားလျော့စရာကောင်းတဲ့ ကြိုးပမ်းအားထုတ်မှုတစ်ခုပါပဲ!
ဘဝအလုပ်အကိုင်အနေနဲ့ အချိန်ပြည့်အမှုဆောင်ခြင်းအခွင့်ထူးကို စွဲမြဲစွာဆုပ်ကိုင်ထားဖို့ အမြဲအာရုံစိုက်ကြပြီး လုပ်ဆောင်စရာတွေယာကုပ် ၄:၁၅) ဒါပေမဲ့ အဲဒီလိုမဖြစ်ခဲ့ပါဘူး။ တကယ်တမ်းရင်ဆိုင်ခဲ့ရတာက ဂါနာနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေကိုထားပြီး ၁၉၇၅ ခုနှစ်ဇွန်လမှာ ကနေဒါကိုပြန်ဖို့စီစဉ်ခဲ့ရတယ်။
လည်း အများကြီးရှိပါတယ်။ နှလုံးအကြွင်းမဲ့စိတ်အားထက်သန်စွာ အကြိမ်ကြိမ်ဆုတောင်းခဲ့တယ်– “ယေဟောဝါ၊ ကိုယ်တော်အလိုတော်ရှိ၍၊ ‘ငါတို့သည်လည်း အသက်ရှင်လျှင် ဤသို့ပြုကြကုန်အံ့။’” (ကိုယ်တော့်လူမျိုးမှတစ်ဆင့် ထောက်မမှုကိုယေဟောဝါပေးသနား
မကြာခင်မှာပဲ ကျွန်တော်ဟာ မရှိမဖြစ်လိုအပ်သူမဟုတ်ဘူး၊ ကျွန်တော့်ပြဿနာကလည်း တစ်ယောက်တည်းခံစားရတာမဟုတ်ဘူးဆိုတာကို သဘောပေါက်လာခဲ့တယ်။ ၁ ပေတရု ၅:၉ မှာပါတဲ့စကားတွေဟာ ကျွန်တော့်အတွက်အဓိပ္ပာယ်ရှိလာခဲ့တယ်– “လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟု [သိမှတ်] လော့။” အဲဒါကိုသဘောပေါက်ခဲ့ခြင်းကြောင့် ဒီလိုကြေကွဲဖွယ်ပြောင်းလဲမှုဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့နှစ်ယောက်ကို ယေဟောဝါဘယ်လိုထောက်မခဲ့တယ်ဆိုတာကို စတင်သိမြင်လာတယ်။ နှစ်သက်ကျေနပ်ဖွယ်ကောင်းစွာ ‘ညီအစ်ကိုများ’ ဟာအမျိုးမျိုးအဖုံဖုံသောနည်းတွေအားဖြင့် ကျွန်တော်တို့ကိုထောက်မကူညီနေပါလား!
ကျွန်တော်တို့မှာ ဥစ္စာပစ္စည်းများများစားစားမရှိပေမဲ့လည်း ယေဟောဝါ ကျွန်တော်တို့ကိုစွန့်မထားပါဘူး။ ဂါနာမှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကို ရုပ်ပစ္စည်းနဲ့တခြားနည်းတွေအားဖြင့် ကျွန်တော်တို့ကိုထောက်ပံ့ကူညီဖို့ ကိုယ်တော်လှုံ့ဆော်ပေးခဲ့တယ်။ အလွန့်အလွန် ဝမ်းနည်းဝမ်းသာခြင်းတွေနဲ့အတူ ကျွန်တော်တို့အလွန်ချစ်ခင်မြတ်နိုးလာသူအားလုံးကိုထားခဲ့ပြီး မျှော်လင့်မထားတဲ့ “မနက်ဖြန်” ကိုကိုင်တွယ်ဖြေရှင်းရမည့်အလှည့်ပဲ။
လပေါင်းများစွာအတွင်းမှာ ကျွန်တော်တို့လိုအပ်ရာတွေကို ရက်ရောစွာထောက်မပေးတဲ့ အိုက်လီန်ရဲ့အစ်မ လီနိုရ်နဲ့သူ့ခင်ပွန်း အဲလ်ဗင် ဖရီးဇင်တို့ရဲ့ ကြင်နာမှုပြည့်ဝတဲ့အိမ်မှာနေခဲ့ကြတယ်။ နာမည်ကြီးတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်က ယုံကြည်စိတ်ချစွာနဲ့– “ခြောက်လအတွင်းမှာ ခင်ဗျားထူထူထောင်ထောင်ဖြစ်လာလိမ့်မယ်” လို့ကြိုတင်ခန့်မှန်းခဲ့တယ်။ ကျွန်တော် စိတ်အေးအေးထားဖို့ပြောခဲ့တာ ဖြစ်ကောင်းဖြစ်ပေမဲ့ အဲဒီကြိုတင်ခန့်မှန်းချက်က ခြောက်လကျော်ပြီးတာတောင် ဖြစ်မလာခဲ့ပါဘူး။ ယနေ့အထိ ဒွိပိုစွန်းစိတ်ဝေဒနာလို့ အခု ယဉ်ယဉ်ကျေးကျေးခေါ်တဲ့ ဝေဒနာကို တိုက်လှန်နေရတယ်။ ထောက်ထားစာနာမှုပါတဲ့အမည်ဖြစ်ပေမဲ့လည်း ဒီရောဂါကိုခံစားရသူတွေ ကောင်းကောင်းသိတဲ့အတိုင်း ကြင်နာမှုပါတဲ့သူ့အမည်က ဒီရောဂါရဲ့အပြင်းအထန်ဖိစီးမှုလက္ခဏာတွေကနေ ဘယ်လိုမှမသက်သာသွားစေပါဘူး။
အဲဒီအချိန်လောက်မှာ ညီအစ်ကိုနောရ်ဟာ ရောဂါဖိစီးမှုခံနေရပြီး နောက်ဆုံး ၁၉၇၇ ခုနှစ်ဇွန်လမှာ ကွယ်လွန်သွားခဲ့တယ်။ အဲ့လိုဖြစ်နေတာတောင် ကျွန်တော့်ဆီကို နှစ်သိမ့်မှုနဲ့အကြံပြုစကားတွေပါတဲ့ အားပေးစာအရှည်ကြီးတွေကိုရေးဖို့ အချိန်ယူ၊ ခွန်အားစိုက်ထုတ်ခဲ့သေးတယ်။ အဲဒီစာတွေကို ကျွန်တော်အမြတ်တနိုးသိမ်းထားဆဲပါ။ သူ့ရဲ့စကားတွေက အဆက်မပြတ်ပေါ်လာနေတဲ့ ရှုံးနိမ့်လစ်ဟင်းမှုနဲ့ပတ်သက်ပြီး အလွန်အကျွံခံစားနေရတာတွေကို များစွာသက်သာစေပါတယ်။
၁၉၇၅ ခုနှစ်ကုန်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အဖိုးထိုက်လှတဲ့ အချိန်ပြည့်အမှုဆောင်ခြင်းအခွင့်ထူးတွေကို စွန့်လွှတ်ခဲ့ရပြီး ကျွန်တော့်ကျန်းမာရေးထူထူထောင်ထောင်ဖြစ်လာဖို့ အာရုံစိုက်ခဲ့တယ်။ သာမန်နေရောင်ခြည်က ကျွန်တော့်မျက်စိကို စူးစေတယ်။ ရုတ်တရက်ပေါ်လာတဲ့ စူးရှတဲ့အသံတွေက ရိုင်ဖယ်သေနတ်ပစ်သလိုမျိုး ပဲ့တင်ပြန်တယ်။ ရှုပ်ယှက်ခတ်နေတဲ့လူအုပ်တွေက ကျွန်တော့်ကိုမခံမရပ်နိုင်အောင်ဖိစီးမှုဖြစ်စေခဲ့တယ်။ ခရစ်ယာန်စည်းဝေးတွေတက်ရောက်ဖို့လေးတောင် တကယ့်ကိုရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးရာပေါင်းသင်းမှုရဲ့တန်ဖိုးကို ကျွန်တော်အကြွင်းမဲ့ယုံကြည်တယ်။ ကျော်လွှားနိုင်ဖို့ လူအားလုံးနေရာယူပြီးနောက်မှ ဘုရားသခင့်နိုင်ငံတော်ခန်းမထဲကိုဝင်ပြီး အစီအစဉ်အဆုံး သူတို့လှုပ်လှုပ်ရွရွမဖြစ်ခင်မှာ ထွက်ခွာလေ့ရှိတယ်။
လူအများရှေ့အမှုဆောင်ခြင်းမှာပါဝင်ရတာက ကြီးမားတဲ့စိန်ခေါ်ချက်နောက်တစ်ခုဖြစ်တယ်။ တစ်ခါတလေမှာ အိမ်တစ်အိမ်ကိုရောက်ပြီးတာတောင် တံခါးခေါင်းလောင်းနှိပ်နိုင်လောက်အောင် ကျွန်တော့်မှာအင်အားမရှိတော့ဘူး။ ဒါပေမဲ့ လက်မလျှော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့အမှုဆောင်ခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင်အတွက်ရော လိုလိုလားလားလက်ခံသူ ဘယ်သူမဆိုအတွက်ပါ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်သိထားတယ်။ (၁ တိမောသေ ၄:၁၆) ခဏအကြာမှာ ကျွန်တော့်ရဲ့စိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်ကာ နောက်တံခါးတစ်ခုကိုသွားပြီး တစ်ခါကြိုးစားပြန်တယ်။ အမှုဆောင်ခြင်းမှာ ဆက်လက်ပါဝင်ခြင်းကြောင့် အတော်အတန်ဝိညာဉ်ရေးရာကျန်းမာမှုကို ဆက်ထိန်းသိမ်းထားပြီး အဲဒါက ကျော်လွှားနိုင်စွမ်းတိုးပွားစေခဲ့တယ်။
ဒွိပိုစွန်းစိတ်ဝေဒနာဟာ နာတာရှည်ဖြစ်တတ်တာကြောင့် ဒီရောဂါဟာ လက်ရှိအစီအစဉ်စနစ်အတွင်း ကျွန်တော့်အသက်တာမှာအမြဲဖြစ်နေလိမ့်မယ်လို့ ကျွန်တော်သဘောပေါက်လာခဲ့တယ်။ ၁၉၈၁ ခုနှစ်မှာ အထူးကောင်းမွန်တဲ့အခန်းဆက်ဆောင်းပါးတွေ နိုးလော့!မှာပါလာခဲ့တယ်။ * အဲဒါတွေအားဖြင့် ဒီဖျားနာခြင်းရဲ့သဘောသဘာဝကို ပိုပြီးစတင်သဘောပေါက်ခဲ့ပြီး အဲဒါကိုကိုင်တွယ်ဖြေရှင်းဖို့အတွက် ထိရောက်ပြီးစနစ်ကျတဲ့နည်းလမ်းတွေကို ပိုသိရှိလာခဲ့တယ်။
အောင်မြင်ကျော်လွှားရန်သင်ယူခြင်း
ဒါတွေအားလုံးမှာ ကျွန်တော့်ဇနီးဘက်က ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ အပြောင်းအလဲလုပ်ပေးမှုမရှိရင် ဖြစ်လာမှာမဟုတ်ပါဘူး။ ထပ်တူအခြေအနေမျိုးမှာ သင်ဟာပြုစုစောင့်ရှောက်ရသူတစ်ဦးဖြစ်မယ်ဆိုရင် သူ့ရဲ့ ဒီတွေ့ရှိရှုမြင်ချက်ကို သဘောပေါက်ပါလိမ့်မယ်–
“စိတ်ဝေဒနာရှင်တစ်ဦးဟာ ဥပဓိရုပ် ရုတ်ခြည်းပြောင်းလဲသွားတတ်တယ်။ အချိန်အနည်းငယ်အတွင်းမှာ ဝေဒနာခံစားရသူဟာ ဆန်းသစ်တဲ့အကြံအစည်တွေ၊ အကြံဉာဏ်တွေနဲ့ တက်ကြွစွာအားပေးစကားပြောနေရာကနေ ပင်ပန်းနွမ်းနယ်၊ အပျက်သဘောဝင်ပြီး ဒေါသထွက်လာတဲ့အထိတောင် ပြောင်းလဲသွားနိုင်တယ်။ ရောဂါတစ်ခုအဖြစ် အသိအမှတ်မပြုဘူးဆိုရင် ပြုစုပေးသူဟာ ဒေါသထွက်မှု၊ စိတ်ရှုပ်ထွေးမှုတို့ရဲ့တခြားခံစားချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရှင်းရှင်းပြောရရင် အကြံအစည်တွေကို အလျင်အမြန်ပြောင်းလဲဖို့လိုပြီး စိတ်ဓာတ်ကျဆင်းမှု ဒါမှမဟုတ် ငြင်းဆန်မှုကိုဦးတည်တဲ့ခံစားချက်တွေကို ကိုယ်တိုင်တွန်းလှန်ရတယ်။”
ကျွန်တော့်အတွက်တော့ သာမန်ထက်ထူးကဲစွာခံစားရတဲ့အခါ စိုးရိမ်လာတယ်။ “စိတ်ကြွရွခြင်း” ပြီးရင် သုန်မှုန်ပြီး “စိတ်ကျခြင်း” ဖြစ်လာတော့မယ်ဆိုတာ အလိုလိုသိတယ်။ ကျွန်တော့်ကိစ္စမှာတော့ “စိတ်ကျခြင်း” ဟာ “စိတ်ကြွရွခြင်း” ထက်ပိုကောင်းတယ်၊ အကြောင်းကတော့ စိတ်ကျခြင်းက ကျွန်တော့်ကိုရက်အတော်ကြာ မလှုပ်မရှားဖြစ်နေစေလေ့ရှိတော့ မသင့်လျော်တဲ့ဘယ်အရာမှာမဆို မပါဝင်မိစေဘူးပေါ့။ စိတ်ကြွလာတဲ့အခါ သတိပေးခြင်းနဲ့ စိတ်ညှိုးငယ်မှုလွှမ်းမိုးတဲ့အခါ နှစ်သိမ့်အားပေးမှုတွေပြုခြင်းအားဖြင့် အိုက်လီန်က အကြီးအကျယ်ထောက်ကူပေးရတယ်။
ရောဂါအရမ်းထတဲ့အခါမှာ အရာခပ်သိမ်းကိုပစ်ပယ်ပြီး ကိုယ့်စိတ်ကူးပေါက်ရာ ထလုပ်ခြင်းဟာ တကယ့်အန္တရာယ်ပါပဲ။ စိတ်ကျလာတဲ့အခါမှာ တစ်ယောက်တည်းနေနိုင်ပြီး တက်ကြွလွန်းချိန်အတွင်းမှာဆို အခြားသူတွေရဲ့ခံစားချက်တွေနဲ့ တုံ့ပြန်မှုတွေကို မသိဘဲဖြစ်နေနိုင်ပါတယ်။ တစ်ချိန်က မိမိရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာပြဿနာရဲ့လက္ခဏာကို ကျွန်တော်လက်ခံဖို့ခက်ခဲခဲ့တယ်။ ပျက်ပြားသွားတဲ့ကြံရွယ်ချက်တစ်ခု၊ ဒါမှမဟုတ် အခြားတစ်ယောက်ယောက်ကဲ့သို့သော ပြင်ပအရာတစ်ခုခုကြောင့် ဒီပြဿနာတက်တာဆိုတဲ့အတွေးနဲ့ လုံးပန်းနေရတယ်။ မကြာခဏ ကိုယ့်ကိုယ်ကို သတိပေးခဲ့ရတယ်၊ ‘ငါ့ပတ်ဝန်းကျင်မှာ ဘာမှမပြောင်းလဲသွားပါဘူး။ ပြဿနာက အတွင်းကဖြစ်တယ်၊ အပြင်ကမဟုတ်ဘူး။’ တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့တွေးခေါ်ပုံတွေ ပြောင်းသွားပါတယ်။
နှစ်တွေတစ်လျှောက် ကျွန်တော့်အခြေအနေနဲ့စပ်လျဉ်းပြီး ကျွန်တော်တို့ကိုယ်တိုင်ရော တခြားသူတွေကိုပါ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသားပြောဖို့ ကျွန်တော်တို့နှစ်ယောက်စလုံး သင်ယူခဲ့ရတယ်။ အပြုသဘောထားကိုထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြပြီး ကျွန်တော်တို့ရဲ့အသက်တာကို ရောဂါကလွှမ်းမိုးသွားဖို့ ခွင့်မပြုကြဘူး။
သာ၍ကောင်းသော “မနက်ဖြန်”
စိတ်အားထက်သန်စွာဆုတောင်းပြီး ကြိုးစားအားထုတ်မှုတွေကြောင့် ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ကောင်းချီးမင်္ဂလာနဲ့ ထောက်မမှုတွေကနေ အကျိုးကျေးဇူးခံစားခဲ့ရတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး အခုအသက်အရွယ်ကြီးရင့်နေကြပြီ။ အတော်အတန် ဆေးဘက်ဆိုင်ရာကြပ်မတ်မှုကို ခံယူနေရဆဲ၊ ဆေးဝါးကို မပြတ်မှီဝဲနေရဆဲဖြစ်ပြီး ကျွန်တော့်ရဲ့ကျန်းမာရေးဟာ အတော်လေးထူထူထောင်ထောင်ရှိနေပါတယ်။ ကျွန်တော်တို့ရရှိနိုင်တဲ့ ဘယ်အမှုဆောင်ခြင်းအခွင့်ထူးကိုမဆို လေးမြတ်တယ်။ အသင်းတော်အကြီးအကဲအဖြစ် ကျွန်တော်ဆက်အမှုထမ်းနေတယ်။ ယုံကြည်ခြင်းရှိအခြားသူတွေကို ထောက်မကူညီနိုင်ဖို့ ကျွန်တော်တို့အမြဲကြိုးစားတယ်။
မှန်ပါတယ်၊ ယာကုပ် ၄:၁၄ မှာပြောထားတဲ့အတိုင်း– “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။” ဒီအစီအစဉ်စနစ် ဆက်တည်ရှိနေသ၍တော့ ဒီဝေဒနာလည်း ဆက်ရှိနေဦးမှာပဲ။ ဒါပေမဲ့ ယာကုပ် ၁:၁၂ ကစကားတွေဟာလည်း မှန်ကန်ပါတယ်– “စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ကတိထားတော်မူသောအသက်သရဖူကိုရလိမ့်မည်။” ကျွန်တော်တို့အားလုံး ယနေ့အချိန်မှာ ခိုင်မြဲစွာရပ်တည်နိုင်ပြီး မနက်ဖြန်အတွက် ယေဟောဝါကတိထားတော်မူတဲ့ ကောင်းချီးတွေကို ခံစားနိုင်ပါစေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 35 သြဂုတ် ၈၊ ၁၉၈၁ ခုနှစ်နိုးလော့! (လိပ်) မှ “ဘဝကို သင်အောင်မြင်နိုင်၊” စက်တင်ဘာ ၈၊ ၁၉၈၁ ခုနှစ် (လိပ်) မှ “စိတ်ဓာတ်ကျခြင်းကို သင်တွန်းလှန်နိုင်ပုံ၊” နှင့် အောက်တိုဘာ ၂၂၊ ၁၉၈၁ ခုနှစ် (လိပ်) မှ “အကြီးအကျယ်စိတ်ဓာတ်ကျခြင်းကို တိုက်လှန်ခြင်း” ဆောင်းပါးများကိုရှု။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အနုပညာအခန်းတွင် တစ်ကိုယ်တည်းနေခြင်း
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီး အိုက်လီန်နှင့်အတူ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
၁၉၆၃ ခုနှစ်ဂါနာမြို့တော်၊ တီမာတွင်ကျင်းပသည့် “ထာဝရသတင်းကောင်း” အစည်းအဝေး