မျက်မြင်မရဘုရားသခင်ထံ သင်နီးကပ်လာနိုင်သလော
မျက်မြင်မရဘုရားသခင်ထံ သင်နီးကပ်လာနိုင်သလော
‘ကျွန်တော်မမြင်နိုင်တဲ့သူတစ်ယောက်ယောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဘယ်လိုရနိုင်မလဲ’ ဟုသင်မေးပေမည်။ ယင်းသည် ခြေမြစ်သောမေးခွန်းဖြစ်ပုံရှိသည်။ သို့သော် သုံးသပ်ကြည့်ပါ–
ချစ်ခင်မှုတိုးပွားရန်နှင့် ဆက်ဆံရေးတည်မြဲရန် မျက်မြင်ရမှုသည် မည်မျှအရေးကြီးသနည်း။ မမြင်နိုင်သည့်အကြောင်းခြင်းရာများသည်လည်း မပိုမသာလျှင်ပင် ထပ်တူထပ်မျှအရေးကြီးသည်မဟုတ်လော။ ဧကန်အမှန်ပင်! ထိုအကြောင်းကြောင့် လူအချို့သည် မှန်မှန်စာရေးဆက်သွယ်ခြင်းအားဖြင့် အခြားသူများနှင့်ရင်းနှီးသောဆက်ဆံရေးကို ဖြစ်ပေါ်တိုးတက်စေခဲ့ကြသည်။ သူတို့၏စာများက နှစ်သက်သည့်အရာများ၊ မနှစ်သက်သည့်အရာများ၊ ပန်းတိုင်များ၊ ကိုယ်ကျင့်တရားများ၊ ပျော်ရွှင်ဖွယ်သဘောထားများနှင့် အခြားသူ၏ပင်ကိုစရိုက်များ သို့မဟုတ် စိတ်ဝင်စားဖွယ်ရာများကို စိတ်ရင်းအတိုင်းသိရှိစေသည်။
အခြားသူတစ်ဦးနှင့် ရင်းနှီးသောဆက်ဆံရေးရရှိရန် မျက်မြင်ရခြင်းသည်ပဓာနမကျကြောင်း မျက်မမြင်သူများကလည်း သက်သေထင်ရှားပြသည်။ မျက်မမြင်မောင်နှံစုံဖြစ်သည့် အက်ဒဝဒ်နှင့် ဂဝဲန်းတို့၏နမူနာကို သုံးသပ်ကြည့်ပါ။ * အက်ဒဝဒ်သည် မျက်မမြင်ကျောင်း၌ အကြီးတန်းအတန်းဖော် ဂဝဲန်းနှင့်ဆုံခဲ့သည်။ ဂဝဲန်း၏အရည်အချင်းများ အထူးသဖြင့် အပြောအဆိုနှင့်အကျင့်အကြံတို့တွင် ရိုးသားပြီး အလုပ်တွင်ထားရှိသော အထူးကောင်းမွန်သောသဘောထားကို သူသဘောကျခဲ့သည်။ တစ်ဖန် ဂဝဲန်းကလည်း အက်ဒဝဒ်ကိုစွဲလမ်းခဲ့ကြောင်း သူ၏စကားများဖြင့် ဤသို့ဖော်ပြသည်– “ကျွန်မဘဝကိုပြုစုပျိုးထောင်ဖို့ အရေးကြီးတယ်လို့ယူမှတ်ရတဲ့ အရည်အချင်းအားလုံးကို သူပြခဲ့တယ်။” မေတ္တာမျှသွားကြပြီး သုံးနှစ်အကြာတွင် သူတို့လက်ထပ်လိုက်ကြသည်။
“တခြားသူတစ်ယောက်နဲ့ ဆက်ဆံရေးကိုတည်ဆောက်ရာမှာ အတူနေကြတဲ့အခါ မျက်စိမမြင်ခြင်းဟာ အမှန်တကယ်ဘာမျှမထူးခြားသွားစေပါဘူး။ တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ပေမဲ့ ခံစားချက်တွေကတော့ ကာဆီးမနေပါဘူး။” ယခု ၅၇ နှစ်ကြာပြီးနောက်တွင်ပင် နှစ်နှစ်ကာကာချစ်နေကြဆဲပင်။ သူတို့၏အံ့ဖွယ်ဆက်ဆံရေးလျှို့ဝှက်ချက် အနည်းဆုံးလေးချက်ပါဝင်ပတ်သက်ကြောင်း ရှင်းပြသည်– (၁) အခြားသူ၏အရည်အချင်းများကိုဂရုပြုခြင်း၊ (၂) ထိုအရည်အချင်းများကို စဉ်းစားတွေးတောကာ ဆွဲဆောင်ခံရခြင်း၊ (၃) ဆက်သွယ်မှုကောင်းကိုထိန်းသိမ်းခြင်းနှင့် (၄) အတူတကွလုပ်ဆောင်ခြင်းတို့ဖြစ်သည်။
မိတ်ဆွေအချင်းချင်းဖြစ်စေ၊ အိမ်ထောင်သည်မောင်နှံစုံများ သို့မဟုတ် ပို၍အရေးပါသည့် လူသားများနှင့်ဘုရားသခင်စပ်ကြားတွင်ဖြစ်စေ မည်သည့်ဆက်ဆံရေးကောင်းရရှိရေးအတွက်မဆို ထိုလေးချက်သည်အရေးပါသည်။ နောက်ဆောင်းပါးတွင် ယင်းအချက်များကို လက်တွေ့ကျင့်သုံးခြင်းက ဘုရားသခင်ကို ကျွန်ုပ်တို့မမြင်နိုင်သည့်တိုင် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရရှိစေရန် ကူညီပေးနိုင်ပုံကို တွေ့ရမည်ဖြစ်သည်။ *
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 နာမည်များကိုပြောင်းထားသည်။
^ အပိုဒ်၊ 6 ဘုရားသခင်နှင့်ဆက်ဆံရေးသည် လူသားများအချင်းချင်းဆက်ဆံရေးနှင့်မတူဘဲ ကိုယ်တော်တည်ရှိခြင်းကိုယုံကြည်ခြင်းအပေါ်အခြေခံသည်။ (ဟေဗြဲ ၁၁:၆) ဘုရားသခင်၌ ခိုင်မာသောယုံကြည်ခြင်းတည်ဆောက်ခြင်းနှင့်ပတ်သက်သော အသေးစိတ်ဆွေးနွေးချက်ကို နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည့် သင့်အား ဂရုစိုက်စောင့်ရှောက်သော ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ်ကိုကျေးဇူးပြု၍ရှု။